Tag: News

  • ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

    ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

    ပခုက္ကူခရိုင်အတွင်း စစ်ရေးဖော်ဆောင်မှုများအတွက် အညာမြေတပ်ပေါင်းစု Drone Team ဖွဲ့စည်း

    မကွေးတိုင်း၊ ပခုက္ကူခရိုင်အခြေစိုက် အညာမြေတပ်ပေါင်းစုက နည်းပညာရှင် လူငယ်တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အညာမြေတပ်ပေါင်းစု Drone Team ကို ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒီနေ့ (စက်တင်ဘာလ ၂ရက်) မှာ ထုတ်ပြန်လာပါတယ်။

    အကြမ်းဖက်စစ်ကော်မရှင်ကို အရှိန်အဟုန်မြင့် ပြောင်းလဲနေတဲ့ နည်းပညာတွေ အသုံးပြုပြီး ဝေဟင်ကနေ တိုက်ခိုက်နိုင်ဖို့ အပါအဝင် ရည်ရွယ်ချက် ၅ခုနဲ့ ဖွဲ့စည်းခဲ့တဲ့ အညာမြေတပ်ပေါင်းစု Drone Team ဟာ လက်ရှိမှာ တိုက်ပွဲတွေဖော်ဆောင်နေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

    အညာ​မြေတပ်ပေါင်းစု Drone ဖွဲ့စည်းရတာနဲ့ပတ်သက်လို့ တပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “ပထမဆုံးအချက်ကတော့ အခုချိန်က နည်းပညာကို အားပြုလာတဲ့ စစ်ပွဲအသွင်ဆောင်လာပါတယ်။ ဒီတော့ နည်းပညာတွေကို ကျနော်တို့ရဲဘော်တွေက ကောင်းကောင်းအသုံးချပြီး တော်လှန်ရေးကို အသာစီးယူနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ နောက်နံပါတ်၂အချက်ကတော့ လေကြောင်းရန်ကြောက်နေရတဲ့ ပြည်သူတွေကို နည်းနည်းပဲ စိတ်လုံခြုံမှုပေးနိုင် ပေးနိုင် ကျနော်တို့က တံတိုင်းသဖွယ် မားမားရပ်ပေးမယ်ပေါ့။ နောက်တတိယအချက်ကတော့ ရန်သူရဲ့ စခန်းတွေကို မြေပြင်ကနေ ချဉ်းကပ်ဖို့ ခက်တဲ့စခန်းတွေမှာ ဒရုန်းနဲ့ စစ်ဆင်မယ်။ စတုတ္ထအချက်က နည်းပညာကျွမ်းတဲ့ရဲဘော်တွေကို သူတို့ဝါသနာအတိုင်း တော်လှန်ရေးမှာ ပိုမိုပါဝင်လာနိုင်အောင် လှုံ့ဆော်ပေးတာပါ။ နောက်ဆုံးပဉ္စမအချက်ကတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ပိုပြီး ညီညွတ်ခိုင်မာဖို့ကို ရည်ရွယ်ပါတယ်။” လို့ ​ပြောပါတယ်။

    MUGDF ၊ ဇာမဏီတပ်ဖွဲ့၊ သစ္စာ‌ဒေါင်းနီတပ်ဖွဲ့၊ James bond တပ်ဖွဲ့နဲ့ ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့တွေ ပါဝင်တဲ့ အညာမြေတပ်ပေါင်းစုဟာ ပခုက္ကူခရိုင်အတွင်းက မြိုင်၊ ပေါက်နဲ့ ပခုက္ကူမြို့နယ်တွေမှာ အဓိကလှုပ်ရှားနေတဲ့ ဒေသကာကွယ်ရေးတပ်ပေါင်းစုတစ်ခုလည်း ဖြစ်ပါတယ်။

    “ကျနော်တို့ဘက်မှာ ဒရုန်း Team ဆိုပြီး သေသေချာချာဖွဲ့စည်းတာ နည်းပါတယ်။ ကျနော်တို့အတွက် အဓိက အခက်အခဲကတော့ ‌ရန်ပုံငွေပါပဲ။ ကျနော်တို့မှာ လုပ်နိုင်စွမ်းတွေရှိပေမယ့် ရန်ပုံငွေအခက်အခက်ကြောင့် ထင်သလောက်မလုပ်ရပါဘူး။ လူငယ်ပညာတတ်တွေ၊ တက်ကြွတဲ့လူငယ်အရင်းအမြစ်တွေရှိတယ်။ ဦးဆောင်လမ်းပြနိုင်တဲ့ ခေါင်းဆောင်တွေရှိပေမယ့် ရန်ပုံငွေအခက်အခဲကြောင့် ထင်သလောက် မလုပ်နိုင်ပါဘူး။ ငွေကြေးပိုင်းက ကျနော်တို့အတွက်တော့ အဓိက အဟန့်အတားပါ။ “လို့ အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ပြောပါတယ်။

    အညာမြေတပ်ပေါင်းစုရဲ့ ပထမဆုံးဒရုန်းမစ်ရှင်အဖြစ် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက် နေ့လယ်ပိုင်းက ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာမှာရှိတဲ့ အကြမ်းဖက်ပျူစောထီးစခန်းကို ဒရုန်းနဲ့သွားရောက်ဗုံးကြဲခဲ့ရာမှာ စစ်အုပ်စုဘက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါတယ်။

  • MSRF တပ်ဖွဲ့၏ ၃ နှစ်တာ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆၉ ဦးသေဆုံးခဲ့သော်လည်း လူသားအရင်းအမြစ်နှင့် လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေဆဲဟုဆို

    MSRF တပ်ဖွဲ့၏ ၃ နှစ်တာ စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆၉ ဦးသေဆုံးခဲ့သော်လည်း လူသားအရင်းအမြစ်နှင့် လက်နက်ခဲယမ်း လိုအပ်ချက်များ ရှိနေဆဲဟုဆို

    မွန်ပြည်တော်လှန်ရေးတပ်(MSRF) တပ်ဖွဲ့၏ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ကျရောက်သည့် သုံးနှစ်ပြည့် စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲအကြိမ်ရေ (၆၉) ကြိမ်ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကော်မရှင် တပ်ဖွဲ့ဝင် ၃၆၉ ဦးအထိသေဆုံးခဲ့ပြီ ဖြစ်ကြောင်း MSRF ထံမှ သိရသည်။

    MSRF သည် ယခု ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၃၁ ပွဲအထိဖော်ဆောင်ထားနိုင်ခဲ့ပြီး စစ်ဆင်ရေးအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၂၉ ဦးသေဆုံးကာ ၁၀၁ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိခြင်းများရှိကြောင်းလည်း သိရသည်။

    “အခုနှစ်ကပြောရရင် အရင်နှစ်တွေနဲ့ တော်တော်လေးကွာခြားသွားတယ်ပေါ့နော်။ စစ်ကောင်စီဘက် ကနေ လူငယ်ကိုလူငယ်အချင်းချင်းသတ်တဲ့ စစ်မှုထမ်းဥပဒေကနေပြီးတော့ အင်အားကိုထပ်ဖြည့် လာနိုင်တယ်။ ၂၀၂၅ မှာနိုင်ငံရေးထွက်ပေါက်ရဖို့အတွက်ကို လိမ်ညာရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ သူတို့အားသွန်ခွန်စိုက်ပြင်ဆင်နေတာမျိုးရှိတယ်ပေါ့နော်။ ဒီအတွက်ကြောင့်စစ်ရေးအရမှာလည်း ပြင်းထန်လာတာမျိုးရှိတယ်။ ကျွန်မတို့ကြံ့ကြံ့ခံပြီးတော့ ဆက်လက်ပြီးတော့ တိုက်ပွဲဝင်နေရဆဲ ဖြစ်ပါတယ်” ဟု MSRF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ မိတလညဏ် ကဧရာဝတီတိုင်းမ်ကို ပြောသည်။

    မွန်တော်လှန်ရေးတပ်ဖွဲ့ MSRF သည် မွန်ပြည်နှင့် မွန်လူမျိုးအခြေပြုတပ်များအနက် နွေဦးတော်လှန်ရေး ကာလတွင် ပထမဆုံးသေနတ်ပစ်ဖောက် ခဲ့သည့်တပ်ဖွဲ့တစ်ခုဖြစ်ပြီး မွန်ပြည်နယ်တောင်ပိုင်း၊ ခေါဇာမြို့မှ စတင်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး လက်ရှိတွင် မဟာမိတ်တပ်များနှင့်အတူ သံဖြူဇရပ်-ရေး-ထားဝယ် လမ်းမကြီး ကို ထိန်းချုပ်စိုးမိုးထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။

    မွန်ပြည်တော်လှန်ရေးတပ်သည် ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်နေ့တွင်ပင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမှတ်-၁ စစ်ဆင်ရေးနယ်မြေ နည်းဗျူဟာ(၃၃) နှင့် မဟာမိတ်ဆက်ဆံရေးမှ တဆင့်မြှင့်ကာ “ညီနောင်တပ်ဖွဲ့” အဖြစ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

    “တိုက်ပွဲပေါင်း ၆၉ ပွဲဖော်ဆောင် နိုင်တဲ့အထဲမှာ အဓိကအရေးကြီးဆုံး အခက်အခဲကတော့ လက်နက်ခဲယမ်းလိုအပ်ချက်ကြီးမားတဲ့ပြသနာဖြစ်တယ်။ ဒုတိယ‌အနေနဲ့က လူသားအရင်းအမြစ် အခက်အခဲဖြစ်တယ်။ ကျွန်မတို့ မွန်လူငယ်တွေက တော်လှန်ရေးမှာ ထိုက်သင့်သလောက်ပါဝင်တယ် ဆိုကြပေမဲ့ တော်လှန်ရေးအရွေ့မှာ အားကောင်းကောင်းနဲ့တွန်းနိုင်ဖို့အတွက် အင်တိုက်အားတိုက် ပါဝင်တာမျိုးအားနည်းနေသေးတဲ့အတွက်ကြောင့် လူသားအရင်းမြစ်လိုအပ်ချက်အရ အခက်အခဲ တစ်ရပ် အဖြစ်ရှိနေပါသေးတယ်” ဟု မိတလညဏ်က ဆက်လက်ပြောကြားသည်။

    လက်ရှိတွင် ပြည်သူ့ကာကွယ်ရေး(PDF) တပ်ဖွဲ့များနှင့်အတူ စစ်ရေးတင်းမာနေသည့် တနင်္သာရီတိုင်း၊ ရေဖြူဒေသတွင် တိုက်ပွဲဖော်ဆောင်လျက်ရှိပြီး MSRF တပ်ဖွဲ့သည် ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့်အတူ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC) ကာကွယ်ရေးဌာနအောက်ရှိ လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြောင်း သိရသည်။

    MSRF နှင့် မဟာမိတ်တပ်ဖွဲ့များသည် စစ်ရေးတင်းမာနေသည့် ရေဖြူဒေသတွင် ပြီးခဲ့သည့် ဩဂုတ် ၁၉၊ ၂၀၊ ၂၂၊ ၂၃၊ ၂၄၊ ၂၅ ရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃၆ ဦးထက်မနည်းသေဆုံးကာ ခမရ-၄၀၉ တပ်ရင်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် အများအပြားထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ – MSRF

  • ဧရာဝတီမှနေ၍ ဂွအထိတက်သိမ်းမည်ဟု ကြွေးကြော်ကာ စစ်ကြောင်းထိုးနေသည့် ဒုတပ်ရင်းမှူးကိုယ့်မိုင်းကိုယ် ပြန်နင်းမိပြီးသေဆုံး

    ‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာတွင် ဒုတပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်အချို့ စစ်ကော်မရှင်က ထောင်ထားသည့်မိုင်းကို ပြန်နင်းမိပြီး ဒုတပ်ရင်မှူး သေဆုံးသွားကြောင်း သိရသည်။

    ‎ပြီးခဲ့သည့် ဩဂုတ်နောက်ဆုံးအပတ်တွင် ခလရ ၃၆ ကျုံပျော်တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး သက်နိုင်ထွန်းနှင့် တပ်ဖွဲ့ဝင်လေးဦးတို့ မိုင်းနင်းမိပြီး ဒုတပ်ရင်းမှူး သေဆုံးကာ ကျန်တပ်ဖွဲ့ဝင် လေဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    “ဒုတပ်ရင်းမှူးလုပ်သူက ခြေဖနောင့်ကနေ ပြတ်ထွက်ဒဏ်ရာနဲ့ သွေးထွက်လွန်ပြီး သေဆုံးသွားတယ်ပြောတယ်။ ဂွအထိတက်မှာလို့ ကြုံးဝါးထားတယ်လို့သိထားရတယ်ဗျ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ‎သဲဖြူကျေးရွာနှင့် ကျားခေါင်းကျေးရွာများဘက်သို့ စစ်ကြောင်းထိုးလာသည့် ဗိုလ်မှူးသက်နိုင်ထွန်းမှာ မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာကို အချိန်မီကုသနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒုတပ်ရင်းမှူးကို ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ် မဆရ ၄ကို ပို့ဆောင်ချိန်တွင် သွေးထွက်လွန်ပြီး သေဆုံးခဲ့ခြင်း ဖြစ်သည်။

    ‎ဒုတပ်ရင်းမှူးနှင့်အတူ အပြင်အထန်ဒဏ်ရာရရှိခဲ့သည့် တပ်ဖွဲ့ဝင် လေးဦးမှာ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီး သင်တန် းပေးပြီး ရှေ့တန်းပိုခံရသူများဖြစ်ကြောင်း သိရသည်။

    ‎ဧရာဝတီကိုသိမ်းပြီးရင် ဆုံးရှုံးထားသည့် ဂွအထိတက်သိမ်းမည်ဟု ကြုံးဝါးထားပြီး ဒုတပ်ရင်းမှူးသည် သာပေါင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးတက်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ သေဆုံးသူ ဒုတပ်ရင်းမှူးအလောင်းကို ပုသိမ်မြို့ ရွှေမြင်တင်သုဿာန်တွင် ယနေ့ စက်တင်ဘာ ၂ရက်နေ့၌ မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

    ပုံစာ-တိုက်ပွဲတွင် သေဆုံးသွားသည် စစ်ကော်ရှင်တပ်မှ အရာရှိ ၁ ဦး၏ နာရေးပြင်ဆင် ထားမှု(ပုံဟောင်း)

  • တနိုင်းတွင် ပျောက်ဆုံးနေသည့် ဆယ်တန်းကျောင်းသားကို သေဆုံးလျက်ပြန်တွေ့

    ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်မှာ ၃ ရက်ကြာ ပျောက်ဆုံးနေတဲ့ ဆယ်တန်းကျောင်းသားကို သေဆုံးလျက် ပြန်လည်တွေ့ရှိရတယ်လို့ ဒေသခံကူညီကယ်ဆယ်ရေး အဖွဲ့ဆီက သိရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်က သူငယ်ချင်းတွေ နဲ့အတူ ဘောလုံးကန်ဖို့ ထွက်သွားခဲ့ပြီး ပျောက်ဆုံးခဲ့တဲ့ ကျောင်းသားကို စက်တင်ဘာ ၂ ရက် မနက်က တနိုင်းမြို့ တနိုင်းချောင်း၊ တံတားအနီး စက်လှေတွေရဲ့အောက်မှာ သေဆုံးနေတာကို တွေ့ရှိတာလို့ ဆိုပါတယ်။

    ဖြစ်စဉ်ကို သိရှိတဲ့ ကူညီပေးသူ တယောက်က “ဒဏ်ရာ လုံးဝမတွေ့ရှိဘဲ သေဆုံးနေတဲ့ အလောင်းကိုတွေ့ရှိတာ။ ဒီနေ့ မနက်ပိုင်းကတွေ့တာပါ။ တာဝန်ရှိသူတွေဘက်တော့ ရေနစ် သေဆုံးတာလို့ ကနဦး ကောက်ချက်ချထားတယ်။ သားပျောက်လို့ မိဘတွေက သက်ဆိုင်ရာမှာ လူပျောက် ကြေညာခဲ့သေးတယ်” လို့ ပြောပါတယ်။

    သေဆုံးသူ ဆယ်တန်း ကျောင်းသားဟာ အသက် ၁၆ နှစ်ခန့်အရွယ် မောင်ဆင်ဝါးနော် တိုင်းရင်းသားဖြစ်ပြီး ရုပ်အလောင်းကို လူမှုကူညီရေးအသင်းတွေက မိသားစုတွေဆီ သယ်ယူပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။

  • မုဒုံတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ပျူစောထီး မောင်မျိုး ပစ်ခတ်ခံရပြီး သေဆုံး

    မုဒုံတွင် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ ပျူစောထီး မောင်မျိုး ပစ်ခတ်ခံရပြီး သေဆုံး

    မွန်ပြည်နယ် ၊ မုဒုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မောင်မျိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မုဒုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

    ယမန်နေ့ စက်တင်ဘာလ ၁ ရက် ည ၇ နာရီ ၁၀ မိနစ်က မုဒုံမြို့နယ်၊ လမ္မကြီး -မော်လမြိုင် -သံဖြူ ဇရပ်လမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ ပျူစောထီး မောင်မျိုးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။

    သေဆုံးသွားသော ပျူစောထီး မောင်မျိုးသည် အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက် ခံ စရဖ တပ်ထံ မမှန်သတင်းပေးခြင်း၊ စရဖ တပ်ဖွဲ့မှ စေခိုင်းမှုများကို လုပ်ကိုင်ပေးခြင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်ရာတွင် ပူး ပေါင်းပါဝင်ပေးခြင်းတို့ လုပ် ဆောင်လျက်ရှိသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ် ကြောင်း သိရှိရသည်။

    အဆိုပါ လုပ်ဆောင်မှုကို မော်လမြိုင်ခရိုင်စစ်ဆင်ရေးအဖွဲ့ နှင့် ပူပေါင်း ၁၀/ စစ်ဆင်ရေးအဖွဲ့ တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။

    ဓာတ်ပုံ- စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တစ်ဦး ပစ်ခတ်ခံရစဉ်။ (ပုံအဟောင်းအသုံးပြုထားပါသည်။)