Tag: News

  • အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့  ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

    အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

    စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန် ရေးတပ် တို့ ညီနောင်တပ်ဖွဲ့ များအဖြစ်ပူးပေါင်းဖွဲ့စည်း

    စစ်အာဏာရှင် ချုပ်ငြိမ်းရေး တိုက်ခိုက်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့ ပူးပေါင်း၍ ညီနောင်တပ်ဖွဲ့ အဖြစ်ဖွဲ့စည်းလိုက်ကြောင်း အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ပြောကြားသည်။

    နည်းဗျူဟာ ၃‌၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် စကခ ၁၉ ဒရုန်းစစ်ဆင်ရေးမှစ၍ မဟာမိတ်အဖြစ် ပူးပေါင်းပြီး အတူလက်တွဲတိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ မဟာမိတ်အဖြစ် ပူးပေါင်းဆောင်ရွက်ချိန်မှစတင်ပြီး ၂ နှစ် ကျော်ကာလအတွင်း စစ်ရေးဖော်ဆောင်မှုပေါင်း ၄၀ ခန့်နှင့် ရန်သူစစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲပေါင်း ၆ ကြိမ်ထက်မနည်း ဖော်ဆောင်နိုင်ခဲ့ကြောင်း သိရှိရသည်။

    “ယခင်၂၀၂၃ကတည်းကမဟာမိတ်ဖွဲ့ထားပါတယ်။ အခုကဒီထက်ပိုပြီး ကျစ်လစ်ခိုင်မာတဲ့ ညီနှောင်မဟာမိတ်အဖြစ် သေအတူရှင်အတူ သူ့အခက်အခဲ ကိုယ့်အခက်အခဲအတူတူရင်ဆိုင်ကျော်ဖြတ်ပြီး အာဏာရှင်ချုပ်ငြိမ်းသည်အထိ လက်တွဲတိုက်ပွဲဝင်ဖို့အတွက်ပါရည်ရွယ်ထားပါတယ်”ဟု အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ပြောဆိုသည်။

    စစ်ရေးဖော်ဆောင်မှုများ အတူတကွ ပြုလုပ်လာခဲ့ရာ ယခုအခါ ရဲဘော်ရဲဘက်များအချင်းချင်းကြားတွင် သွေးစည်းညီညွတ်မှု၊ အနစ်နာခံမှုနှင့် ယုံကြည်မှုများသည် ညီနောင်ပမာ ခိုင်မာပြီးဖြစ်၍ နည်းဗျူဟာ ၃၃ နှင့် မွန်ပြည်တော်လှန်ရေးတပ် (MSRF) တို့သည် “ညီနောင်တပ်ဖွဲ့”အဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ကျနော်တို့ဒေသဟာ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းအတွင်းစစ်ရေးလှုပ်ရှားနေတာဖြစ်တဲ့အပြင် ဒေသခံ မွန်ပြည်ကာကွယ်ရေးတပ် ထားဝယ်ဒေသခံတပ်တွေနဲ့ပါ ညီနောင်ပေါင်းစည်းပြီးသွားမှသာ တော်လှန်ရေးအောင်မြင်မှာဖြစ်တယ်။ ဒါ့အပြင် ကျန်တဲ့ညီနှောင်ဒေသခံတွေကိုလည်း ဒီထက်ပိုပြီးယုံကြည်မှုတည်ဆောက်ပြီး လက်တွဲဖို့ လိုအပ်ပြီလို့ပြောချင်ပါတယ်ဗျ”ဟု အထူးတိုင်းစစ်ဌာန ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး ရဲဘော် စောဒါးကို က ပြောကြားသည်။

  • ဗန်းမော်မှာ တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံး

    ကချင်ပြည်နယ် ဗန်းမော်မြို့မှာမှာ ဩဂုတ်လ ၂၅ ရက်က စစ်ကောင်စီတပ်နဲ့ ကချင်တပ် KIA ပူးပေါင်းတပ်ဖွဲ့တို့ တနေကုန်နီးပါး တိုက်ပွဲပြန်လည်ပြင်းထန်ပြီး စစ်ကောင်စီဘက်က ၅၀ ကျော် သေဆုံးကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

    “လေယာဉ်ကွင်း တခြမ်း ကျန်သေးတာ။ အဲဒီမှာ စစ်ကောင်စီတွေ အရင် ထိုးစစ်ဆင်လာတာကြောင့် ကေအိုင်အေနဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ တန်ပြန်ခုခံတိုက်ခိုက်တာ။ စစ်ကောင်စီတွေ ၅၀ ကျော်လောက် သေတယ်။ ၅၄ ယောက်လို့ ပြောတယ်။ မသေသေးတဲ့ ကောင်တွေလည်း ပါတယ် ပြောတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့အပတ်ကလည်း ကေအိုင်အေနဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ ရှိရာ နေရာတွေဘက်ကို စစ်ကောက်စီဘက်က ၁၅ ဦး ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။

    ဗန်းမော်က တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်တွေထံ လက်နက်ပစ္စည်းတချို့ သိမ်းဆည်းရမိတာရှိပြီး လေယာဉ်ကွင်းနေရာ ထပ်မံသိမ်းရ၊ မရကိုတော့ မသိရဘူးလို့ သူက ဆက်ပြောပါတယ်။

    ရှေ့တန်းနဲ့ နီးစပ်တဲ့ အမျိုးသားတစ်ဦးကလည်း “မနေ့က ဗန်းမော် စကခ ၂၁ အနီးဝန်းကျင်ဘက်မှာလည်း တိုက်ပွဲ တော်တော်ပြင်းထန်တယ်။ တော်တော် အလုပ်တွင်တယ် ပြောတယ်။ စစ်ကောင်စီတွေ တော်တော်သေကြတယ်လို့ ပြောတယ်” လို့ ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ၁၀ ခေါက်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဗန်းမော်ဘက် တိုက်ပွဲပြင်းထန်နေချိန် တရုတ်ဘက်ကလည်း နယ်စပ်တလျှောက် လေယာဉ်ပျံဝဲနေတာရှိတယ်လို့ ဆိုပါတယ်။

  • တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တပခ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

    ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး ၄ လုံး ထိမှန်ပေါက်ကွဲခဲ့ကြောင်း Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန် BWM အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF) ၊ သံတောင်မြောက်ပိုင်း အထူးဒေသ ဖိုက်တာ ဆားခဲအဖွဲ့နှင့် KNLA တပ်မဟာ ၂ တပ်ရင်း ၅ တို့က အကြမ်းဖက် စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို BWM Mission 45 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုအတွင်း ရှော့တိုက်ဒုံး ၄ လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

    အကြမ်းဖက်စစ်တပ်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်သည် ကရင်ပြည်နယ်၊ ကရင်နီပြည်၊ ရှမ်းတောင်ရှိ တောင်လှန်ရေးအင်အားစုများကို နည်းမျိုးစုံဖြင့် နှိမ်နင်းနေသော စစ်တပ်၏ အားထားရသည့် စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်တပ်အနေဖြင့် မိမိ၏ စစ်တိုင်းစစ်ဌာနချုပ်ကိုပင် ကာကွယ်နိုင်စွမ်းမရှိသည့် အချက်ကိုလည်း ပေါ်လွင်စေကြောင်း အဆိုပါအဖွဲ့က ဆိုသည်။

    “တပ်ရင်းတပ်ဖွဲ့ ကြီးတွေ ရင်ဆိုင်တိုက်ပွဲတွေ ဆင်နွဲနေချိန်မှာ ကျနော်တို့ အဖွဲ့တွေကလည်း မရရတဲ့ နည်းနဲ့ စစ်ကောင်စီ အရှိုက် ထိစေမယ့် စစ်ရေး ပစ်မှတ် အကြီးတွေ ကို ဆက်လက်တိုက်ခိုက်သွားမယ် ပဲ ပြောချင်ပါတယ်” ဟု Brave Warriors for Myanmar (BWM) မှ တာဝန်ရှိသူက ပြောဆိုသည်။

    ယမန်နေ့ တစ်ရက်တည်းတွင်ပင် BWM နှင့်မဟာမိတ်တပ်ဖွဲ့များက ကရင်ပြည်နယ်၊ သံတောင်ကြီးရှိ စစ်တပ်၏ ဘုရင့်နောင် တိုက်ခိုက်ရေးသင်တန်းကျောင်းကိုလည်း ရှော့တိုက်ဒုံး ၉ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    စစ်တပ်၏ ဘုရင့်နောင် တိုက်ခိုက်ရေး သင်တန်းကျောင်းတွင် စစ်အရာရှိ ၄၀ဝ ကျော် သင်တန်းတက်ရောက်နေကြောင်း သတင်းရရှိထားသည့်အတွက် သင်တန်းချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထို့ပြင် ဘုရင့်နောင် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်းသည် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ စစ်အုပ်စု၏ အဓိကဒေါက်တိုင်များဖြစ်သော တပ်စုမှူး၊ တပ်ခွဲမှူးနှင့် တပ်ရင်းမှူး သင်တန်းများကို အဓိကပေးသည့် တိုက်ခိုက်ရေး သင်တန်းကျောင်း ဖြစ်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုထားသည်။

  • မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    စစ်တပ်က မြန်မာအီလက်ထရောနစ်မဲပေးစက်များ တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထား

    အကြမ်းဖက်စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ အတွ က် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို အရှိန်အဟုန်မြှင့် တိုးမြှင့်ထုတ်လုပ်နေပြီး မဲပေးစက်များ၏ လုံခြုံရေး၊ လည်ပတ်စနစ်များနှင့် နည်းပညာများကို စစ်တပ်က အဓိက ထိန်းချုပ်ထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    စစ်ကောင်စီက ရွေးကောက်ပွဲတစ်ခုလုံးအတွက် အီလက်ထရောနစ် မဲပေးစက် အရေအတွက် ၅ သောင်း ခွဲ နီးပါး ထုတ်လုပ်လျက်ရှိပြီး အရေအတွက်တိုးမြှင့်ထုတ်လုပ်ရန်လည်း စီစဉ်နေကြောင်း၊ မဲပေးစက်များ၏ နည်းပညာနှင့် လုံခြုံရေးစနစ်များကို စစ်တပ်က အဓိက ထိန်းချုပ် ထုတ်လုပ်နေကြောင်း၊ မဲပေးစက်များကိုလည်း စစ်တပ်က အဓိက ထုတ်လုပ်ပေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

    “မဲရုံတစ်ရုံမှာ မဲပေးစက် ၂ လုံးကနေ ၃ လုံး ထားမယ်။ ပျက်သွားလို့ရှိရင် အမြန်အစားထိုးလို့ရအောင် မဲပေးစက် ၂ လုံးအနည်း ဆုံးထားဖို့ရှိတယ်။ အခုလက်ရှိ ညွှန်ကြားချက်အရ သိရတာက မဲပေးစက် ၅ သောင်း ခွဲနီးပါး ထုတ်လုပ်မယ်။ အရေအတွက်ပြည့်မီသွားရင်လည်း ထပ်တိုးထုတ်မယ်။ မဲပေးစက်တွေကို တပ်က ထုတ်ပေးတယ်။ ရွေးကောက်ပွဲကော်မရှင်က စာရင်းနဲ့ လာထုတ်တယ်၊ လက်ခံထားတယ်။ အီလက်ထရောနစ် မဲပေးစက် တွေ ထုတ်လုပ်ရေးတွေအပြင် စက်ရဲ့ နည်းပညာ၊ လည်ပတ်စနစ်နဲ့ လုံခြုံရေးစနစ်တွေကိုတော့ တပ်ကပဲ လျှို့ဝှက် ထိန်းသိမ်းထားတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်ရန် ကြံရွယ်နေသည့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာ အီလက်ထရောနစ်မဲပေးစက်မှာ မဲပေးထားသည့် မဲရလဒ်များကို ချက်ချင်းဆိုသလို အပြောင်းအလဲလုပ်နိုင်ကြောင်း မဲပေးစက်အသုံးပြုမှု သင်တန်းတက်ရောက်ခဲ့သူများ၏ ပြောဆိုချက်များဖြင့် သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

    အကြမ်းဖက်စစ်ကောင်စီက လက်ရှိ စတင်ဖွင့်လှစ်နေသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များတွင် မဲရုံမှူး၊ထိန်းကျောင်းမည့် နယ်မြေခံ ရပ်/ကျေး ရွေး ကောက်ပွဲတာဝန်ခံတို့က မဲရလဒ်ကို လိုအပ်သလို အပြောင်းအလဲ လုပ်နိုင်ကြောင်း သိရှိရသည်။

    စစ်ကောင်စီက ထုတ်လုပ်နေသော မြန်မာအီလက်ထရွန်နစ် မဲပေးစက် (MEVM) စနစ်တွင် အစိတ် အပိုင်း သုံးခုဖြင့် ဖွဲ့ စည်းတည် ဆောက်ထားပြီး ဆန္ဒပြုစက် (Ballot Unit-BU)၊ ထိန်းချုပ်စက် (Control Unit -CU) နှင့် မဲပေးချက်ဖော်ပြသည့်စက် (Verification Unit -VU) တို့ဖြစ်ပြီး မဲပေးရာတွင် မဲဆန္ဒ ရှင်က မဲလက်မှတ်အသုံးပြုရန်မလိုဘဲ ဆန္ဒပြုစက်တွင် မိမိနှစ်သက်ရာ လွှတ်တော်ကိုယ်စား လှယ်ကို ခလုတ်ကိုနှိပ်ကာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ မဲပေးထားချက် မှန်/မမှန်ကို မဲပေးချက်ဖော်ပြသည့် စက်မှထွက်ပေါ်လာသည့် မဲစက္ကူဖြတ်ပိုင်းတွင် ချက်ချင်းကြည့်ရှုနိုင်မည်ဟု စစ်ကောင်စီက ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက NLD ပါတီ အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်ကာ ၎င်းကိုယ်တိုင်စီစဉ်သည့် ရွေး ကောက်ပွဲကို ယခုနှစ်ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ကျင်းပရန် စီစဉ်လျက်ရှိသည်။

  • ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး

    ထူးကြီးမြို့၌ မဲပေးစက်စမ်းသပ်ပွဲမလာသူများကို ဒဏ်ငွေရိုက်၊ ကြံ့ခိုင်ရေးပါတီကို မဲပေးရန် ဖိအားပေး

    ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့မှာ အီလတ်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်မဲပေးပွဲကို မလာတဲ့ အရပ်သားတွေကို ဒဏ်ငွေရိုက်နေသလို ကြံ့ခိုင်ရေးပါတီကို မဲထည့်ဖို့ ဖိအားပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ထူးကြီးခန်းမမှာ သြဂုတ် ၂၄ ရက် ၉ နာရီက စတင်ပြုလုပ်တဲ့ အီလတ်ထရောနစ် မဲပေးစက်လက်တွေ့စမ်းသပ် မဲပေးတာကို လာရောက်ကြည့်ရှုဖို့ ပျက်ကွက်တဲ့ အရပ်သားတွေကို အုပ်ချုပ်ရေးမှူးက တယောက် ကျပ် ၁၅,၀၀၀ ဒဏ်ငွေရိုက်နေတာလို့ ဆိုပါတယ်။

    ဒေသခံ တယောက်က “အုပ်ချုပ်ရေးမှူးက ဖိအားပေးခေါ်တာ မလာတဲ့သူတွေ ဒဏ်ငွေဆိုပြီး တောင်းယူတာ။ ဘယ်အလုပ်လုပ် ဖိအား ပေးလုပ်တာ။ အုပ်ချုပ်ရေးမှူးတွေကို လုပ်ခွင့်ပေးထားတော့ ပြောစရာကိုမရှိတော့တာ။ အုပ်ချုပ်ရေးမှူးတွေထဲမှာ ရာဇာထွန်းက အဆိုးဆုံး” လို့ ပြောပါတယ်။

    အဲ့ဒီ မဲပေးစက် လက်တွေ့ စမ်းသပ်မဲပေးပွဲမှာ အုပ်ချုပ်ရေးမှူးတွေက မဲပေးစက်အလုပ်လုပ်ပုံကို ရှင်းပြကာ စမ်းသပ်မဲပေးခိုင်းတာအပြင် ကြံ့ခိုင်ရေးပါတီတခု တည်းကိုသာ မဲထည့်ဖို့နဲ့ မဖြစ်မနေမဲသွားပေးဖို့ ဖိအားပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။

    အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “တအိမ် တယောက်ခေါ်တာ၊ မလာတဲ့အိမ်တွေကို ဆယ်အိမ်မှူးနဲ့ ရာအိမ်မှူးက စာရင်းယူပြီး တခါးတည်းဒဏ်ငွေရိုက်တာ။ ကြောက်တော့ ပေးကြတာပေါ့။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက အကြောက်တရားနဲ့ အုပ်ချုပ်ပြီး ကြံ့ခိုင်ရေးပါတီအတွက် မဲခိုးမယ်ဖို့လုပ်နေတာ” လို့ ပြောပါတယ်။

    အဲ့ဒီ လက်တွေ့စမ်းသပ် မဲပေးပွဲကို မလာတဲ့ အရပ်သား အယောက် ၁၀၀ ထက်မနည်း ဒဏ်ရိုက်ခံရကာ ငွေကျပ် ၁၅,၀၀၀ ပေးရပြီး ဒဏ်ငွေတွေကို ရပ်အကျိုးရွာအကျိုး သုံးသွားမယ်ဆိုပြီး အုပ်ချုပ်ရေးမှူးတွေက ပြောဆိုတယ်လို့ ဆိုပါတယ်။

    လက်တွေ့စမ်းသပ်မဲပေးခိုင်းခြင်းကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဦးဆောင်ကာ မဲရုံတရုံမှာ မဲပေးစက် ၃ ခုထားပြီး စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နဲ့ ရဲတွေက လုံခြုံရေးယူပေးခဲ့တာလို့ သိရပါတယ်။