Tag: News

  • တံတားပိတ်၍ လက်နက်ကိုင်လှေဂိတ်များမှ ထိုင်းကုန်စည်များ တင်သွင်းနေ

    တံတားပိတ်၍ လက်နက်ကိုင်လှေဂိတ်များမှ ထိုင်းကုန်စည်များ တင်သွင်းနေ

    ထိုင်း-မြန်မာ နယ်စပ် မဲဆောက်-မြဝတီ ကုန်သွယ်ရေးတံတား၊ အမှတ်- ၂ ကို ဩဂုတ် ၁၈ ရက်နေမှစ၍ ယာယီ ပိတ်ထားသော်လည်း သောင်ရင်းမြစ်ဘေး ကရင်လက်နက်ကိုင်အဖွဲ့ ဂိတ်များမှတစ်ဆင့် ထိုင်ကုန်းစည်များ တင်သွင်း ကုန်သွယ်နေသည်ဟု နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ဆောင်နေသူများက ပြောသည်။

    စစ်အုပ်စု အနေဖြင့် ယခုလို တံတား ယာယီပိတ်ပြီး နယ်စပ်ကုန်သွယ်ရေး ဖြတ်တောင်ရန် လုပ်ဆောင်မှုသည် မအောင်မြင်နိုင်သလို သောင်ရင်းမြစ်ဘေးတလျှောက် လက်နက်ကိုင်များ၏ ကုန်ကူးဂိတ်ပေါင်း ၅၀ ခန့်အထိ ရှိနေပြီး ထိုဂိတ်များမှ ကုန်သယ်ယူ ပို့ဆောင်နေသည်ဟု ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

    “ထိုင်းနဲ့ မြန်မာ နယ်စပ် စီးပွားကူးသန်းနေတာ ကျတော်တို့ မမွေးခင်ကတည်းက ရှိလာတာ၊ ပြီးတော့ အောက် ဂိတ်တွေက အများကြီးဘဲ။ ဂိတ်ပေါင်း ၄၀ ကျော်၊ ၅၀ လောက်ရှိတယ်။ ဒီဂိတ်တွေကနေ စက်လှေနဲ့ ကူးလို့ရ တယ်။ ဘောတံတား ဂိတ်တွေက ကားကြီး‌တွေနဲ့ ကုန်ကားတွေပါ ဖြတ်သန်းပြီး ကူးလို့ရတယ်” ဟု မြဝတီ၊ မဲဆောက် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းလုပ်ကိုင်နေသူ ကုန်သည်တစ်ဦးက ပြောသည်။

    ထို့အပြင် မြန်မာပြည်ဘက်မှ ထိုင်းနိုင်ငံသို့ တင်ပို့မည့် စားသောက်ကုန်၊ ပဲမျိုးစုံ၊ ငရုပ်သီး၊ ကြက်သွန်၊ အာလူးနှင့် သီးနှံများကို ပဲခူး-မွန် အစပ် စစ်တောင်းတံတား၌ စစ်တပ်ဘက်က ဖြတ်သန်းခွင့်မပြုဟု သတင်းများထွက်ပေါ် နေကြောင်း ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်းများက ပြောသည်။

    “အခုကတော့ တံတားက မထွက်ရဘူးဆိုတဲ့အခါ အဲ့ဒီဟာတွေက အောက်မှာကိုပေး မလွှတ်ဘူး။ စစ်တောင်းမြစ် ဂိတ်မှာ ပိတ်ထားတယ်။
    အမယ်စုံ (မြန်မာ အသီးအနှံ၊ ပဲမျိုးစုံ၊ ငရုပ်၊ ကြက်သွန်) ရော ဂျုတီပစ္စည်းတွေရော စစ်ကောင်စီက ပိတ်ထားတယ်။ ဒီ မြဝတီ ကမ်းနားမှာ ကူးသယ်လာတဲ့ အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်တွေ ဒေသသုံး ပစ္စည်းတွေကတော့ ဒီလိုဘဲသွားနေကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
    တံတားပိတ်ထား၍ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်တွင် ရပ်တန့် နေသည့် ကုန်ကား အစီး ၅၀၀ ခန့်မှ တချို့ကုန်များ သောင်းရင်မြစ်‌ အောက်ဂိတ်မှ မြန်မာပြည်ဘက်သို့ ကမ်းကူးပို့ဆောင်နေသလို မြန်မာပြည်မှတစ်ဆင့် တခြား နိုင်ငံသို့ ဆက်ပို့ဆောင်မည့် ကုန်တင်နာယာဉ်များ တံတားဖွင့်မည့် ရက်နှင့် အချိန်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည် ဟု သိရသည်။

    ထို့အပြင် တံတားမှ ဖြတ်သန်းမရသည့် ကုန်စည်များကို ကရင်နယ်ခြားစောင့်တပ် (BGF) သောင်ရင်းမြစ်ကူးဂိတ် များဖြစ်သည့် ၁၅ဂိတ်၊ ၁၇ ဂိတ်၊ ရေပူ ဘောတွဲဂိတ်၊ ၁၀ ဂိတ်၊ ၁၃ ဂိတ်နေရာမှ ထိုင်းစားသောက်ကုန်နှင့် အိမ်သုံး ပစ္စည်းများနေ့စဉ် ကုန်သွယ်မှု ရှိနေသည်ဟု သိရသည်။

    Photo: CJ (BGF ၁၀ ဂိတ်မှ ကုန်သွယ်မှုပြုလုပ်နေမှု)

  • စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲ

    စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲ

    ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး သိန်း ၁၅၀၀ တောင်း၊ ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် စျေးတည့်ပြီး ပြန်လွှတ်ပေး

    မကွေးတိုင်း၊ ချောက်မြို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများက ပဲနှမ်းပွဲရုံပိုင်ရှင်(လုံခြုံရေးအရ ပွဲရုံ၏ အမည်ကို ဖော်ပြ၍ မရပါ) တစ်ဦး၏ သမီးဖြစ်သူကို ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူမှုဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

    ယခုဩဂုတ်လအတွင်း ချောက်မြို့ပေါ်ရှိ ပဲနှမ်းအကြီးစားပွဲရုံပိုင်ရှင်တစ်ဦး၏ သမီးဖြစ်သူကို စစ်တပ်လက် အောက်ခံပျူစောထီးများက ပြန်ပေးဆွဲပြီး ငွေကျပ်သိန်း ၁၅၀၀ တောင်းယူကြောင်း၊ ညအချိန် ချောက်မြို့၊ ဆိပ်ဖြူနှင့် ပုဂံညောင်ဦးလမ်းများကို ပိတ်ဆို့၍ မြို့ကို စစ်တပ်က လုံခြုံရေး တင်းကျပ်ထားချိန်တွင် ပျူစောထီးများက အုပ်စုလိုက် ပွဲရုံပိုင်ရှင်၏ သမီးဖြစ်သူကို ပြန်ပေးဆွဲခဲ့ကြောင်း သိရှိရသည်။

    မူလက ပြန်ပေးဆွဲသော ပျူစောထီးအဖွဲ့များက ငွေသိန်း ၁၅၀၀ တောင်းသော်လည်း နောက်ပိုင်းတွင် နှစ်ဖက်ညှိနှိုင်းပြီးနောက် သိန်း ၅၀၀ ဖြင့် ချောက်မြို့ ၊ ပွဲရုံပိုင်ရှင်၏ သမီးဖြစ်သူကို ပျူစောထီးများက ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

    ချောက်မြို့ပေါ်တွင် ပျူစောထီးနှင့် ပြည်သူ့စစ်လုပ်ကိုင်ကြသူများပြားပြီး ယခုအခါ ပြန်ပေးဆွဲခြင်း၊ စစ်မှုထမ်း အဖြစ် လူငယ်များကို ဖမ်းဆီး၍ ရောင်းစားကြသည့်​ စျေးကွက်ဖြစ်ပေါ်နေခြင်း၊ စစ်ကြောင်းနှင့်အတူလိုက်၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ပစ္စည်းများကို လုယက် ယူဆောင်ကြခြင်းများကို ပျူစောထီးများက လုပ်ဆောင်နေကြကြောင်း သိရှိရသည်။

    “ချောက်မြို့ပေါ်က အရက်သမား၊ လူမိုက်တွေက ပျူစောထီးတွေ လုပ်ကြတယ်။ ပျူစောထီးလုပ်သူပေါများတယ်။ ချောက်မြို့၊ စလေထိန်ကန်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးတော့ ပျူတွေက သူတို့ လိုချင်ရာ ခိုးဝှက်ယူကြတယ်။ ပြီးတော့ ရွာကို မီးရှီု့တယ်။ အဲဒီရွာက လုယက်လာတဲ့ ပစ္စည်းတွေကို အချင်းချင်းမြို့ပေါ်မှာ ပြန်ရောင်းကြတယ်။ နောက်တစ်ခါ ပျူစောထီးတွေက လူငယ်တွေကို စစ်မှုထမ်းအဖြစ် ဖမ်းဆီးပြီး ဘေးနားဝန်းကျင်မြို့တွေကို စစ်မှုထမ်း လူစားထိုးအဖြစ် လူငယ် ၁ ဦးကို သိန်း ၅၀ အနည်းဆုံးနဲ့ ပြန်ရောင်းစားတယ်” ဟု ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။

    ချောက်မြို့ပေါ်တွင် ပျူစောထီးများက ယင်းကဲ့သို့ ပြန်ပေးဆွဲမှုများနှင့် လုယက်မှုများ၊ လူဖမ်းဆီးပြီး စစ်မှုထမ်းအဖြစ် ရောင်းစားမှုများကို ကျူးလွန်နေသော်လည်း ရဲများက အရေးယူနိုင်ခြင်းမရှိဘဲ စစ်တပ်က လျစ်လျူရှုထားကြောင်း ဒေသသတင်းရင်းမြစ်၏ အဆိုအရ သိရှိရသည်။

    ဓာတ်ပုံ- စစ်တပ်လက်အောက်ခံ ပျူစောထီး(ခေါ်) ပြည်သူ့စစ်အဖွဲ့များ။

  • Non-CDM ဝန်ထမ်းမိသားစုဝင်များ စစ်မှုထမ်းရန် စေခိုင်းခံရ

    Non-CDM ဝန်ထမ်းမိသားစုဝင်များ စစ်မှုထမ်းရန် စေခိုင်းခံရ

    အာဏာသိမ်းစစ်တပ် လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတဲ့ Non-CDM ဝန်ထမ်းမိသားစုဝင်တွေကို ဌာနတခုကို လူနှစ်ယောက်နှုန်းနဲ့ စစ်မှုထမ်းဖို့ စေခိုင်းခံနေရကြောင်း ဝန်ထမ်းတွေဆီက သိရပါတယ်။

    ဩဂုတ်လ တတိယပတ်ထဲမှာ ရန်ကုန်က လျှပ်စစ်ဝန်ထမ်း မိသားစုတွေ နေထိုင်တဲ့ ဝန်ထမ်းအိမ်ရာဝင်းထဲက လူငယ် ၂ ယောက်ကို စစ်မှုထမ်းကို လာရောက်ခေါ်ယူသွားကြောင်း ဝန်ထမ်းတယောက်က ပြောပါတယ်။

    “ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ စစ်မှုထမ်းအင်အား ပေးနေရပြီ။ ကိုယ့်ဌာနမှာဆိုရင် ခွဲတမ်း တဌာနကို ၂ ယောက်ပေးရတယ်။ တခြားဌာနတွေဆိုလည်း အဲဒီအတိုင်းပဲ ပေးနေရတယ် ပြောတယ်။ အခုက အသက် ၁၈ ပြည့်တာ မပြည့်တာ၊ ကျောင်းသားလား ဘာလား၊ ဝန်ထမ်းဟုတ်တာ မဟုတ်တာ ဆိုတာတွေနဲ့ မသက်ဆိုင်တော့ဘူး။ မအလရဲ့ သေစားသေစေအမိန့်နဲ့ အခုတော့ အိမ်ရာဝင်းထဲက ကလေး ၂ ယောက် ပါသွားပြီ။”

    စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး မကြာခင်မှာပဲ စစ်မှုထမ်းဖို့ တပ်သားသစ်တွေ အတင်းအကျပ် စုဆောင်းနေချိန်ကတည်းက ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေပါ စစ်မှုထမ်းဖို့ စေခိုင်းခံရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

    အများစုကိုတော့ လုပ်ငန်းခွင် ရာထူးတိုး မက်လုံးပေးတာမျိုးတွေနဲ့ ဆွဲဆောင်တဲ့အတွက် မိသားစုဝင်တွေရဲ့ သဘောဆန္ဒနဲ့ စစ်မှုထမ်းဖို့ ရွေးချယ်ခဲ့ကြတာတွေလည်း ရှိတယ်လို့ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတယောက်ကလည်း ပြောပါတယ်။

    “တဌာနကို ၂ ယောက်နှုန်းနဲ့ ခေါ်ယူနေတယ် ဆိုတာကတော့ အဲဒီလိုသတင်းမျိုးတော့ မကြားဘူး။ ဒါပေမဲ့ အရင်ကတည်းကတော့ ဝန်ထမ်းမိသားစုဝင်တွေထဲကနေ ပေးကိုပေးရမယ် ဆိုတာမျိုးတွေတော့ ကြားတယ်၊ တကယ်လည်း ခေါ်ခဲ့တယ်ပေါ့။ ဒီစစ်တပ်ကကျ သူတို့သားသမီးတွေ ပါမှာ ကြောက်တာ၊ နောက် ဝန်ထမ်း ထွက်တာတွေဘာတွေ လုပ်မှာစိုးတဲ့အတွက် လှုပ်သွားမှာစိုးလို့ သတင်းမထွက်တာလည်း ပါတယ်ပေါ့။ အပတ်စဉ် ၅၊ ၆၊ ၇ လောက်ကတည်းက ဒါတွေက ခေါ်နေတာ။ ဝန်ထမ်းမိသားစုဝင်တွေကိုပဲ ပတ်ပြီးတော့ ခေါ်နေတာ။ ဝန်ထမ်းတွေကို ရာထူးတိုးပေးတာမျိုး၊ သူတို့လိုချင်တဲ့နေရာကို ရွှေ့ပြောင်းပေးတာမျိုးတွေ အဲဒီလိုလုပ်တာမျိုးတွေ ရှိတဲ့အတွက် တချို့ဝန်ထမ်းတွေက အသံမထွက်တာလည်း ပါတာပေါ့။”

    လက်ရှိမှာတော့ စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် တပ်သားသစ်တွေ စုဆောင်းကာ သက်ဆိုင်ရာ သင်တန်းကြောင်းတွေဆီ ပို့ဆောင်နေပြီဖြစ်ပြီး အမျိုးသမီးစစ်မှုထမ်း အပတ်စဉ် ၁ ကိုလည်း စတင်ဖွင့်လှစ်နေ ပါတယ်။

    ✍ ဝေဝေ

  • “ခရိုနီပေးတဲ့ ငလျင်ကူငွေ ပြည်သူတွေကို ထပ်သတ်ဖို့လား”

    “ခရိုနီပေးတဲ့ ငလျင်ကူငွေ ပြည်သူတွေကို ထပ်သတ်ဖို့လား”

    စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းအားဖြင့် ခရိုနီသူဌေးတွေဟာ သူတို့ရဲ့ အင်ပါယာကို ချဲ့ထွင်နေတာ ဖြစ်သလို အင်အား တည်ဆောက်နေကြတာလည်း ဖြစ်ပါတယ်။ နောင်တချိန်မှာ ဒီအင်အားက သူတို့အတွက် လွတ်လမ်း ဖြစ်လာနိုင်တယ်လို့ တွက်ဆထားတာ ကြောင့်ပါ။

    တော်လဲသံကြီးနဲ့အတူ ပြိုကျသွားတဲ့ တိုက်တာ အဆောက်အဦးတွေ၊ ထက်ပိုင်းပြတ်သွားတဲ့ ပုထိုးကျောင်းကန်တွေနဲ့ ဟိုး မြေကြီးအောက်ထဲမှာ ရုန်းရင်းဆန်ခတ် ကွယ်လွန်သွားရှာတဲ့ မိသားစုဝင်တွေ။ ဒါတွေဟာ မန္တလေးမြို့သမိုင်းမှာ အရက်စက်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့တဲ့ မတ်လ ၂၈ ရက် ငလျင်ဘေးရဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပါတယ်။

    စစ်ကိုင်းငလျင်ကြောင့် လူဦးရေ ၄,၀၀၀ ကျော် သေဆုံးခဲ့ရသလို နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း ခြောက်သိန်းကျော်ကို တိုက်ရိုက် ထိခိုက်ခဲ့ပါတယ်။ မျက်စိနဲ့ မြင်ရတဲ့ အဆောက်အဦးတွေဟာ ပျက်စီး၊ပြိုကျကုန်သလို လူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ စီးပွားရေးဟာလည်း အကြီးအကျယ် ဖျက်ဆီး ခံလိုက်ရတာ ဖြစ်ပါတယ်။

    ဒါပေမယ့် ငလျင်ဘေးတုံပြန့်ကူညီမှုတွေကို စစ်အုပ်စုက အလုံးစုံ ထိန်းချုပ်ထားတာနဲ့အတူ စစ်တပ်နဲ့ ပလဲနံသင့်သူတွေ၊ အကျိုးစီးပွားရှာသူတွေနဲ့ အမြတ်ထုတ်လိုသူ အစီအရီပေါ်ထွက်လာကြပြီး ဒါတွေကို မဟန့်တား နိုင်ခဲ့တဲ့နောက် ပြည်သူတွေမှာ ထိခိုက်ဆုံးရှုံးမှု ပိုကြီးထွားခဲ့ရပါတယ်။

    ငလျင်ဘေးသင့် ပြည်သူတွေဟာ ရက် ၁၀၀ ကျော် ကြာတဲ့အချိန်မှာတော့ အလုပ်အကိုင်အခွင့်အလမ်း၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေ ပျောက်ပျက်သွားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

    ဒီရက် ၁၀၀ ကျော်အတွင်း လူဦးရေ တစ်သန်းကပဲ အကူအညီရရှိခဲ့ပြီး လူပေါင်း ၆ ဒဿမ ၃ သန်းဟာ အရေးပေါ် အကူအညီ လိုအပ်နေဆဲလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ လူ ၂၇,၀၀၀ ကျော်ဟာ နေထိုင်ဖို့ ယာယီ အဆောက်အအုံတွေကို အကူအညီ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအရေအတွက်ဟာ အမှန်တကယ် လိုအပ်တဲ့ ပမာဏရဲ့ ငါးရာခိုင်နှုန်းအောက်ကိုသာ ထောက်ပံ့ထားတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

    မန္တလေးမြို့မှာ တွေ့ဆုံခဲ့တဲ့ ဒေါ်အေးအေးမာတို့ မိသားစုကတော့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အိမ်ကို ဖြိုဖို့အတွက်တောင် မတတ်နိုင်သေးဘဲ နေထိုင်စရာ အခက်အခဲတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မိုးတွင်းကာလ ဖြစ်တာကြောင့် ပျက်စီးနေတဲ့ အိမ်ထဲကို မိုးရေတွေဝင်ကာ ကျန်ရှိတဲ့ ပစ္စည်းတွေပါ အားလုံး ပျက်စီးကုန်တဲ့အတွက် ပြောစရာစကား မရှိလောက်အောင် ခံစားရတယ်လို့ ဒေါ်အေးအေးမာက ပြောပြပါတယ်။

    “ငွေကြေးအခက်အခဲကြောင့် အိမ်မဖျက်နိုင်သေးတဲ့ ကိုယ်လိုလူတွေလည်း အများကြီး ရှိနေကြပါသေးတယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကို အားပေးနေရပါတယ်”

    ပျက်စီးဆုံးရှုံးမှု များစွာကြုံတွေ့ခဲ့ရပေမဲ့လည်း ဒေါ်အေးအေးမာတို့ မိသားစုဟာ လက်ရှိအချိန်အထိ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေ မရဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့သာ ရုန်းကန်ကြိုးစားနေရပါတယ်။

    ကယ်ဆယ်ရေးကာလကနေ ယခုပြန်လည်ထူထောင်ရေးကာလအထိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေ ပေးတဲ့ အထောက်အပံ့တချို့ကိုသာ ရဖူးသေးတယ်လို ဒေါ်အေးအေးမာက ပြောပါတယ်။ စစ်အုပ်စုဟာ စစ်ကိုင်းငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို နေအိမ် အမျိုးအစားအလိုက် ထောက်ပံ့ကြေးတွေပေးမယ်လို့ ကြေညာထားတာကြောင့် ဒေါ်အေးအေးမာက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ သွားမေးကြည့်ခဲ့ပေမဲ့လည်း ဘာမှမသိဘူးဆိုတဲ့ တုံပြန်မှုသာ ရခဲ့တယ်လို့ ဆိုပါတယ်။

    ငလျင်ဘေးဆိုးကြီး ကျရောက်ချိန်ဟာ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တော်လှန်ရေး ဆင်နွှဲနေတဲ့ ကာလဖြစ်သလို အာဏာသိမ်း စစ်အုပ်စုက သူတို့ကို ဆန့်ကျင်သူတွေကို တရားလက်လွှတ် ညှဉ်းပန်းသတ်ဖြတ် ဖိနှိပ်နေချိန်လည်း ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကိုယ်ကျိုးမငဲ့တဲ့ ပရိဟိတအသင်းအဖွဲ့တွေဟာ စစ်အုပ်စု ရန်ကြောင့် ငလျင်ဘေး ကူညီကယ်ဆယ်ရေးတွေ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ငလျင်ဒဏ်သင့်သူတွေဟာ ရပ်ရွာ လူမှုအသိုက်အဝန်းထံကနေတောင်မှ ထိုက်သင့်တဲ့ အကူအညီမရဘဲ အမိမဲ့သား ရေနည်းငါးပမာ ဖြစ်ခဲ့ကြရပါတယ်။

    ငလျင်ဘေးသင့်သူတွေကို ကူနိုင်သူတွေက ကူကြဖို့နဲ့ လှူနိုင်တဲ့သူတွေက လှူကြဖို့အတွက် ဆော်ဩကြသလို လက်တွေ့မှာလည်း ဝိုင်းဝန်း ကူညီပေးမယ့်သူတွေ၊ မျှဝေပေးမယ့် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာကြပါတယ်။

    အဲ့ဒီအထဲမှာ ကယ်ဆယ်ရေးအသင်းတွေ၊ ပရဟိတအဖွဲ့တွေ၊ အလွှာစုံက နာမည်ကြီးသူတွေ၊ နာမည်ကြီး ဆယ်လီ ဖြစ်ချင်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးဆိုတဲ့ ခရိုနီသူဌေးကြီးတွေလည်း ပါဝင်ပါတယ်။

    နိုင်ငံအတွင်း ဘေးဆိုးကျရောက်ချိန်၊ သဘာဝဘေးသင့်ချိန်မှာ တိုင်းပြည်အတွင်းက ဓနရှင်တွေရဲ့ အင်အားက အင်မတန် အရေးပါပါတယ်။ တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ လှူနိုင်တန်းနိုင်သူတွေ ချိတ်ဆက်ပေါင်းစည်းမိကြတဲ့အခါ ၂၀၁၅ ရေဘေး၊ ၂၀၂၀ Covid ကျော်လွှားရေး ကာလတွေမှာ အောင်မြင်မှု သာဓကတွေ ရှိခဲ့ပါတယ်။

    အဲ့ဒီအချိန်တုန်းက ခရိုနီသူဌေးကြီးတွေဟာလည်း ပြည်သူ့ရှေ့မှာ အင်မတန်မျက်နှာပွင့်လန်းခဲ့ပါတယ်။

    ကမ္ဘောဇ (KBZ) လုပ်ငန်းစုရဲ့ သမီး၊ အနာဂတ်အလင်းတန်းမြန်မာ Foundation ဥက္ကဌ ဒေါ်နန်းလိုင်ခမ်း ဟာ အလှူအတန်းတွေကြောင့် (မင်္ဂလာဦးအလှူကြောင့်) လက်ငင်းပဲ လူချစ်လူခင် များခဲ့တာ ဥပမာပါ။

    အတိတ်က ဘေးအန္တရာယ်ဖြစ်စဉ်တွေမှာ ခရိုနီသူဌေးတွေရဲ့ ကူညီမှု၊ လှူဒါန်းမှုတွေက ပြည်သူလူထုကို အတိုင်းအတာ တစ်ခုအထိ အသက်ရှုချောင်စေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ် စစ်ကိုင်းငလျင် ဘေးဆိုးကြီးမှာတော့ ခရိုနီသူဌေးတွေရဲ့ အလှူငွေတွေအပြင် ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်ကိုပါ အာဏာသိမ်းစစ်တပ်က သိမ်းကြုံးထိန်းချုပ်ထားပါတယ်။

    မန္တလေးငလျင်ကြီးအပြီးမှာ စစ်အုပ်စု ရရှိထားတဲ့ ပြန်လည်ထူထောင်ရေးငွေ ၉၀ ရာခိုင်နှုန်းကျော်က မြန်မာပြည် ခရိုနီသူဌေးကြီးတွေရဲ့ လှူဒါန်းမှု ဖြစ်ပါတယ်။ စစ်အုပ်စုက လွှင့်တင်ထားတဲ့ Myanmar Earthquake website မှာ ဖော်ပြထားတဲ့ စာရင်းတွေအရ ငလျင်ဘေးအတွက် ပြည်တွင်းပြည်ပ လှုဒါန်းမှု ငွေပေါင်း အမေရိကန်ဒေါ်လာ ၅၉ ဒဿမ ၃သန်း ရရှိထားတာပါ။ ဒီအထဲမှာ ခရိုနီတွေက နေပြည်တော်အလှူငွေ ပေးအပ်ပွဲအတွင်း ဒေါ်လာ ၅၅ ဒဿမ ၆၄ သန်းခန့် လှူထားတာကြောင့် အများဆုံး ဖြစ်နေတာပါ။

    “ခရိုနီတွေက မလုပ်လို့ မရတဲ့ အနေအထားတော့ ရှိတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောဆိုပါတယ်။

    “သူတို့မှာ ဟိုဘက် ဒီဘက်ဆိုတာ မရှိဘူး။ နောက်ပြီး (ကူညီထောက်ပံ့တာက) သူတို့ရဲ့ branding (နာမည်၊ အမှတ်တံဆိပ်) ကို တည်ဆောက်တဲ့ အနေအထားမှာရှိတယ်” လို့ သူက ပြောပါတယ်။

    စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ငလျင်ဒဏ်ကို အဆိုးဆုံးခံစားရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့မှာဆိုရင် ဧရာဝတီဘဏ်သူဌေး ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းက ငလျင်ဒဏ်သင့် ဆေးရုံ အဆောက်အဦးကို ရှင်းလင်းပြုပြင်တာ၊ ကူညီကယ်ဆယ်ရေးယာဉ်နဲ့ စက်ယန္တရားတွေအတွက် လိုအပ်တဲ့ စက်သုံးဆီကို ထောက်ပံ့တာ၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ယာယီဆေးရုံတွေ ဆောက်လုပ်တယ်လို့ ဧရာဝတီဖောင်ဒေးရှင်း ရဲ့ လူမှုစာမျက်နှာမှာ ကြေငြာပါတယ်။

    စေပိုင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ် ခေါ် ဦးဝိတ်ရဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း – MBCCD က ငလျင်ဒုက္ခခံစားရသူတွေအတွက် လိုအပ်တဲ့ ယင်လုံအိမ်သာတွေ ဆောက်လုပ်တာ၊ ပြိုကျ အဆောက်အဦးတွေကို စက်ယန္တရားတွေနဲ့ ကူညီရှင်းလင်းတာ၊ အမရပူရမြို့နယ်နဲ့ စစ်ကိုင်းတောင်ရိုးရှိ သီလရှင်ချောင် ၅၀ နီးပါးက သီလရှင်တွေအတွက် လှူဒါန်းနေတာတွေကို လူမှုကွန်ရက်စာမျက်နှာ ကနေ ထုတ်ပြန်ပါတယ်။

    KBZ ဘဏ်ကတော့ ငလျင်လှုပ်ပြီး သုံးလနီးပါးအကြာ ဇွန်လအတွင်း မန္တလေးမြို့မှာ KBZ Center Mandalay (ကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာ)ကို ဖွင့်လှစ်ပါတယ်။ အဲ့ဒီစင်တာမှာ ငလျင်ဒုက္ခ ခံစားခဲ့ရတဲ့ ပြည်သူတွေကို အထွေထွေရောဂါအတွက် ဆေးကုသပေးမှာ ဖြစ်သလို စီးပွားရေး လုပ်ငန်းတွေအတွက် အထူးချေးငွေဌာနတွေ ဖွင့်လှစ်ပြီး ငွေချေးပေးနေတယ်လို့ ဆိုပါတယ်။

    ဒီထိပ်တန်းခရိုနီကြီးတွေဟာ အာဏာသိမ်း စစ်အုပ်စုနဲ့ နက်ရှိုင်းစွာ ပတ်သက်သူတွေ ဖြစ်ပါတယ်။ စေပိုင်ကုမ္ပဏီပိုင်ရှင် မောင်ဝိတ်ကို စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့အချိန်မှာ ဖမ်းဆီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ အမှုဆင်ရာမှာလည်း မောင်ဝိတ်က စစ်အုပ်စု အလိုကျ အသုံးတော်ခံခဲ့သူပါ။

    ကမ္ဘောဇ (KBZ)ဘဏ် လုပ်ငန်းစုကတော့ နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှုတွေကို KBZ Pay ကတဆင့် ထိန်းချုပ်၊ စောင့်ကြည့်ဖို့ စစ်တပ်ရဲ့ ရုပ်သေးအဖြစ် အဓိကအသုံးတော်ခံနေသူဆိုလည်း မမှားပါဘူး။

    ဒီလို စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းအားဖြင့် ခရိုနီသူဌေးတွေဟာ သူတို့ရဲ့ အင်ပါယာကို ချဲ့ထွင်တာဖြစ်သလို အင်အား တည်ဆောက်နေကြတာလည်း ဖြစ်ပါတယ်။ နောင်တချိန်မှာ ဒီအင်အားက သူတို့အတွက် လွတ်လမ်း ဖြစ်လာနိုင်တယ်လို့ တွက်ဆထားတာ ဖြစ်ပါတယ်။

    ခရိုနီသူဌေးတွေနဲ့ စစ်အုပ်စုကြားမှာ ဘယ်လိုအပေးအယူတွေ ရှိလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ သေချာသိနိုင်တာက ဒီမတည်ငွေတွေနဲ့ ကျားကန်ထားတဲ့ စစ်အုပ်စုရဲ့ ပြန်လည် ထူထောင်ရေးဟာ ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေအတွက် အလုပ်မဖြစ်ဘဲ စစ်အုပ်စု အတွက်သာ အမြတ်ထွက်နိုင်တယ်ဆိုတာပါ။

    NLD အစိုးရလက်ထက်မှာ အစိုးရအဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူကတော့ အခုလိုပြောပါတယ်။

    “ရေရှည်အတွက် မပါတော့ မထိရောက်ဘူးလို့ မြင်ပါတယ်။ ငလျင်ထိတဲ့ ဒေသတိုင်းကိုလည်း မလှူကြပါဘူး။ သူတို့ကို စကစ ခိုင်းတဲ့ နေရာသာ လှူကြတာပါ”

    ပြန်လည်ထူထောင်ရေးဟာ ဒေသတွင်း လွှမ်းခြုံမှုမရှိဘဲ ကွက်ပြီး လုပ်ဆောင်နေတယ်လို့ သူက ရှုမြင်ပါတယ်။

    မြေပြင်မှာ ကူညီနေသူတစ်ဦးကလည်း မန္တလေးမြို့မှာ စင်တာဖွင့်လှစ်ပြီး အခမဲ့ ဆေးကုသပေးနေတာထက် ငလျင်ဘေးဒုက္ခ ကြုံတွေ့ခံစားရတဲ့ ဒေသတွေဖြစ်တဲ့ တိုင်းနဲ့ပြည်နယ် ရှစ်ခုက မြို့ပေါင်း ၄၈ မြို့ကို သွားရောက်ပြီး ကုသပေးစေချင်တယ်လို့ အကြံပြုပါတယ်။ အကြောင်းကတော့ မန္တလေးမြို့နဲ့ ဝေးလံဒေသက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ လက်လှမ်းမီစေဖို့ အတွက်ပါ။

    အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလအတွင်းမှာ မန္တလေးအတွက် ငွေကျပ် ဘီလီယံ ၆၀ နဲ့ စစ်ကိုင်းအတွက် ငွေကျပ်ဘီလီယံ ၅၀ ပေးအပ်ခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၂ ဒဿမ ၃၈ သန်း ရှိပါတယ်။ ဒါပေမယ့် ဒီအလှူငွေတွေကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးစွဲသလဲဆိုတဲ့ စာရင်းဇယား၊ အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ Justice For Myanmar နဲ့ Blood Money – သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ တွေကတော့ စစ်အုပ်စု အနေနဲ သဘာဝဘေး အလှူငွေတွေကို စစ်ရေးအတွက် အသုံးချနေတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။

    “ဒီငွေတွေဟာ လိုအပ်နေတဲ့ ပြည်သူတွေဆီထက် စစ်အုပ်စုရဲ့ အကြမ်းဖက်စနစ်နဲ့ အာဏာ တည်တံ့ရေးအတွက်သာ အသုံးပြုခံနေရသည်” လို့ Blood Money အဖွဲ့က ဝေဖန်ထားပါတယ်။

    ပြီးခဲ့တဲ့ လေးလအတွင်းမှာ ငလျင်ဘေးအလှူခံတဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ၊ ပရဟိတအဖွဲ့တွေကို ထောက်ခံစာ ယူခိုင်းတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘေးသင့်ပြည်သူတွေမှာလည်း ငလျင်အတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေနဲ့ ထောက်ပံ့ကြေးယူဖို့အတွက် သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ပါမှ ထုတ်ပေးတာ ဆိုတဲ့ လုပ်ရပ်တွေက အကြမ်းဖက်စနစ်ကို လုံခြုံအောင် တည်ဆောက်နေတယ်ဆိုတာ သက်သေခံနေပါတယ်။

    လက်ရှိမှာတော့ ပဋိပက္ခတွေကြားမှာ ရှင်သန်နေထိုင်ရင်း ငလျင်ဘေးတွေ့ကြုံခဲ့ရတဲ့ ပြည်သူတွေဟာ ရက်ပေါင်း ၁၀၀ ကျော်လာပြီး စိုစွတ်တဲ့ မိုးရာသီကို ရောက်ရှိလာတဲ့ အချိန်မှာ နိစ္စဓူဝ အခက်အခဲတွေ၊ လိုအပ်ချက်တွေ ရှိနေတယ်လို့ မြေပြင်ကွင်းဆင်းကူညီကြသူတွေက ဆိုပါတယ်။

    “အကူအညီ လိုအပ်နေတာတွေ အများကြီး ရှိသေးတယ်။ အကူအညီတွေ မရကြဘူး” လို့ NLD အစိုးရ လက်ထက်မှာ အစိုးရအဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူက ပြောပါတယ်။

    လက်ရှိမှာဆိုရင် ဦးစားပေးအနေနဲ့ ငလျင်ဘေးသင့်သူတွေ နေထိုင်ဖို့ ယာယီအဆောက်အအုံတွေ လှူဒါန်းပေးဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

    လက်ရှိ ငလျင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ခရိုနီသူဌေးကြီးတွေရဲ့ ဖောင်ဒေးရှင်းဖေ့စ်ဘွတ်ခ် စာမျက်နှာတွေဟာ စစ်အုပ်စုက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ငြိမ်သက်နေခဲ့တာပါ။ နှစ် ၁၀၀ ကျော်ကာလအတွင်း အပြင်းဆုံးလို့ ပြောရမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ နောက်ပိုင်းမှာတော့ ပြန်လည် သက်ဝင်လှုပ်ရှားလာကြပါတယ်။

    ကူညီရေး၊ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးအတွက် ခရိုနီသူဌေးကြီးတွေ အင်တိုက်အားတိုက် ပါဝင် နေကြတယ်လို့ ထင်မြင်ယူဆရအောင် လူမှုကွန်ရက်မှာ ဖန်တီးလုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။

    NLD အစိုးရလက်ထက်မှာ အစိုးရအဖွဲ့နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူကတော့ အခုလို မှတ်ချက်ပြုပါ တယ်။

    “သူဌေးတွေ လှူတယ်ဆိုတာကလည်း အကျိုးလိုလို့ ညောင်ရေသွန်းသလိုပါပဲ”

    ဒါပေမယ့် ငလျင်ဒဏ်သင့် ပြည်သူတွေအတွက်ကတော့ ဘယ်လို အထောက်အပံ့မျိုးမဆို အကူအညီ ဖြစ်နေဦးမှာ အမှန်ပါပဲ။ စစ်အုပ်စုနဲ့ သူဌေးကြီးတွေက သင့်ကို ပေါင်မုန့်တစ်ချပ် ပေးရင်တောင် ယူထားသင့်ပါတယ်။ ပေါင်မုန့်ကနေ ကျည်ဆန်အ‌နေနဲ့ ပြောင်းလဲမသွားခင်ပေါ့။

  • “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က  ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA  ရင်ဆိုင်နေရ

    “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA ရင်ဆိုင်နေရ

    NUG နှင့် ထိတွေ့ဆက်ဆံမှု မပြုရေး အပါအဝင် မူဝါဒများကို ဖောက်ဖျောက်မှု၊ လက်နက်နှင့်ငွေကြေးထောက်ပံ့မှုအတွက် UWSA ကို တရုတ်က ပိတ်ဆို့အရေးယူ၍ တရုတ်ငွေယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးနေ

    “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA ရင်ဆိုင်နေရ

    မဟာမိတ်များနှင့်ဆက်ဆံရေးရပ်စဲကြောင်း ကြေညာသည့် ‘ဝ’ တပ်ဖွဲ့၏အစည်းအဝေး ( ဓာတ်ပုံ –Wa News Land)

    ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်အဖွဲ့အစည်းများထံသို့ လက်နက်နှင့်ငွေကြေးများ ထောက်ပံ့မှုအတွက် UWSA ကို တရုတ်က ပိတ်ဆို့အရေးယူသဖြင့် တရုတ်ငွေယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးပြီး နှစ်ပေါင်း ၄၀ အတွင်း အပြင်းထန်ဆုံး ဖိအားပေးခံနေရကြောင်း UWSA “ဝ” တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းက ပြောဆိုသည်။

    ဩဂုတ်လ ၂၀ ရက်နေ့ TNLA ၊ MNDAA ၊ SSPP တိုင်းရင်းသားလက်နက်ကိုင်များနှင့်တွေ့ဆုံစဉ် ၎င်းက ထိုသို့ပြောဆိုခြင်းဖြစ်ပြီး ၎င်း၏ ပြောဆိုချက်အပြည့် အစုံကိုလည်း ယနေ့တွင် Wa Channel က အပြည့်အစုံ ဗီဒီယိုနှင့်တကွ ထုတ်ပြန်လာသည။

    “မိမိတို့ အားလုံးသည် တိုင်းရင်းသားဖြစ်သည့် အကြောင်းများကြောင့် စာနာနားလည်မှုစိတ်ဖြင့် အဖွဲ့အစည်း အသီးသီးကို ကာလအသီးသီးတွင် တတ်စွမ်းသရွေ့ ကူညီထောက်ပံ့မှုများ ပေးခဲ့ပြီး အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ၁၀၂၇ စစ်ဆင်ရေးလှုပ်ရှားမှုသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ရေးပဋိပက္ခမဖြစ်ပွားစေရေး ၊ အဖွဲ့အစည်းများအနေဖြင့် NUG နှင့် ထိတွေ့ဆက်ဆံမှု မပြုရေး၊ ပြင်ပအင်အားစုကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ မဆွဲခေါ်လာရေး စသည့် မူဝါဒကို ဖျောက်ဖျက်ခဲ့ကြောင်း” ၎င်းက ဆိုသည်။

    ယခုတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မည်သည့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို လုံးဝသည်းမခံကြောင်း၊ ဤပြဿနာများသည် “ဝ” ပြည်နယ်က အဖွဲ့အစည်းအသီးသီးသို့ လက် နက်ပစ္စည်းများ၊ ငွေ ကြေးများနှင့် သွားလာမှု လမ်းကြောင်း အဆင်ပြေစေရေး စသည့် ထောက်ပံ့မှုများကြောင့် ဖြစ်ပွားခဲ့ပြီး “ဝ” ပြည်နယ်က တာဝန်အားလုံးကို ယူသွားရန် တရုတ်ဘက်ပြောဆိုခဲ့လာကြောင်း ၎င်းက ရှင်းပြသည်။

    တရုတ်က “ဝ” ပြည်နယ်ကို အရေးယူဆောင်ရွက်မှုကို တိုးမြှင့်ပါက ရလဒ်ကို စဉ်းစားရန် မခက်ခဲကြောင်း၊ “၀” ပြည်နယ်က အဖွဲ့အစည်းအသီးသီးအတွက် တရုတ်ဘက်၏ ကြီးလေးသည့် ဖိအားကို တောက်လျှောက်ခံနေရပါကြောင်း၊ ယခင် တရုတ်၏ “ဝ” ပြည်နယ်အပေါ် ဖျောင်းဖျပြောဆိုခြင်းနှင့် ဖိအားပေးခြင်းကို အဖွဲ့အစည်းများထံသို့ မပြောပြဘဲ မိမိတို့ တိတ်ဆိတ်စွာ ခံစားခဲ့ကြောင်း၊ သို့သော် လက်ရှိမျက်မှောက်တွင် တရုတ်ဘက်မှ “ဝ” ပြည်နယ်ကို သတိပေးသည့် အတိုင်းအတာကို နှုတ်ဖြင့် သတိပေးခြင်းသာမက လက်တွေ့ ဆောင်ရွက်မှုကိုပါ တိုးမြှင့်ဆောင်ရွက်နေပြီး ပိုမိုများပြားသည့် နောက်ဆက်တွဲ ဆောင်ရွက်မှုများလည်း ရှိနေကြောင်း၊ တရုတ်သည် ပြောသည့်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိမိတို့အနေဖြင့် နားလည်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    အဆိုပါ အကြောင်းပြချက်ဖြင့် ဝပြည်နယ်၏ လူပုဂ္ဂိုလ်များကို ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်းနှင့် နယ်စပ်ဂိတ်ပေါက်များကို ပိတ်ဆို့ခြင်းနှင့် ယခင်မကြုံဖူးခဲ့သော အမျိုးမျိုးအရေးယူမှုများကို ပြုလုပ်ခဲ့ကြောင်း၊ အကယ် ၍ မိမိတို့ ဝပြည်နယ်မှ စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့် အဖွဲ့အစည်း အသီးသီးတို့ကို လက်နက်ပစ္စည်းထောက်ပံ့မှု မရပ်တန့်ပါက တရုတ်က “ဝ” ပြည်နယ်အပေါ် အရေးယူမှုကို ယခုထက်ပိုမို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်လက်ရှိဆောင်ရွက်နေသော အရေးယူမှုသည် “ဝ” ပြည်နယ်အနေနှင့် မခံနိုင်သော ဖိအားဖြစ်ပြီး နှစ် ၄၀ ကျော် ဖြတ်သန်းလာရသည့် အကြီးမားဆုံး သေရေး ရှင်ရေး ကိစ္စဖြစ်ကြောင်း၊ အကယ်၍ တရုတ်သည် ဝ ပြည်နယ်ကို အရေး ယူဆောင်ရွက်မှုကို တိုးမြှင့်ပါက ရလဒ်ကို စဉ်းစားရန် မခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။

    တရုတ်က လက်ရှိတွင် “ဝ” ပြည်နယ်က စစ်‌ရေးပဋိပက္ခဖြစ်ပွားခြင်းကို ထောက်ပံ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် “ဝ” ပြည်နယ် အစိုးရအဖွဲ့အစည်း ၊ ကုမ္ပဏီ တစ်ဦးတစ်ယောက်နှင့် သာမန်အရပ်သားများ အပါအဝင် တရုတ်နိုင်ငံတွင် ရှိသော ပိုင်ဆိုင်မှုများကို ခြွင်းချက်မရှိ ပိတ်ဆို့အရေးယူခံရကြောင်း၊ လက်ရှိတွင် တရုတ် ယွမ်ငွေဘီလီယံပေါင်းများစွာ ကြီးလေးသည့် ဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်း၊ ပေါက်ကျွင်းဖုန်း စသည့် လူပုဂ္ဂိုလ်တို့၏ ပြဿနာသည် ယခုအချိန်အထိ မဖြေရှင်းနိုင်သည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း၊ ၎င်းသည် ဝ ပြည်နယ်၏ သေရေးရှင်ရေး ကိစ္စနှင့် ပတ်သက်နေကြောင်း၊ ထို့ကြောင့် ဤ တစ်ကြိမ် ဝ ပြည်နယ် ကြုံတွေ့နေရသည့် ပြင်းထန်သော အခြေအနေကို အဖွဲ့အစည်းများထံသို့ ရင်ဖွင့်ပြောပြခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

    ထို့ကြောင့် လက်နက်ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုကိစ္စရပ်တွင် “ဝ” ပြည်နယ်အား ထပ်မံတောင်းဆိုခြင်းမပြုရန် မေတ္တာ ရပ်ခံကြောင်း UWSA “ဝ” တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းက ထုတ်ဖော်ပြောဆိုခဲ့သည်။