စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းအားဖြင့် ခရိုနီသူဌေးတွေဟာ သူတို့ရဲ့ အင်ပါယာကို ချဲ့ထွင်နေတာ ဖြစ်သလို အင်အား တည်ဆောက်နေကြတာလည်း ဖြစ်ပါတယ်။ နောင်တချိန်မှာ ဒီအင်အားက သူတို့အတွက် လွတ်လမ်း ဖြစ်လာနိုင်တယ်လို့ တွက်ဆထားတာ ကြောင့်ပါ။
တော်လဲသံကြီးနဲ့အတူ ပြိုကျသွားတဲ့ တိုက်တာ အဆောက်အဦးတွေ၊ ထက်ပိုင်းပြတ်သွားတဲ့ ပုထိုးကျောင်းကန်တွေနဲ့ ဟိုး မြေကြီးအောက်ထဲမှာ ရုန်းရင်းဆန်ခတ် ကွယ်လွန်သွားရှာတဲ့ မိသားစုဝင်တွေ။ ဒါတွေဟာ မန္တလေးမြို့သမိုင်းမှာ အရက်စက်ဆုံးအဖြစ် မှတ်တမ်းတင်ခဲ့တဲ့ မတ်လ ၂၈ ရက် ငလျင်ဘေးရဲ့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပါတယ်။
စစ်ကိုင်းငလျင်ကြောင့် လူဦးရေ ၄,၀၀၀ ကျော် သေဆုံးခဲ့ရသလို နေအိမ် အဆောက်အအုံ ၅၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း ခြောက်သိန်းကျော်ကို တိုက်ရိုက် ထိခိုက်ခဲ့ပါတယ်။ မျက်စိနဲ့ မြင်ရတဲ့ အဆောက်အဦးတွေဟာ ပျက်စီး၊ပြိုကျကုန်သလို လူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေးနဲ့ စီးပွားရေးဟာလည်း အကြီးအကျယ် ဖျက်ဆီး ခံလိုက်ရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ငလျင်ဘေးတုံပြန့်ကူညီမှုတွေကို စစ်အုပ်စုက အလုံးစုံ ထိန်းချုပ်ထားတာနဲ့အတူ စစ်တပ်နဲ့ ပလဲနံသင့်သူတွေ၊ အကျိုးစီးပွားရှာသူတွေနဲ့ အမြတ်ထုတ်လိုသူ အစီအရီပေါ်ထွက်လာကြပြီး ဒါတွေကို မဟန့်တား နိုင်ခဲ့တဲ့နောက် ပြည်သူတွေမှာ ထိခိုက်ဆုံးရှုံးမှု ပိုကြီးထွားခဲ့ရပါတယ်။
ငလျင်ဘေးသင့် ပြည်သူတွေဟာ ရက် ၁၀၀ ကျော် ကြာတဲ့အချိန်မှာတော့ အလုပ်အကိုင်အခွင့်အလမ်း၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ရေးနဲ့ စီးပွားရေးလုပ်ငန်းငယ်တွေ ပျောက်ပျက်သွားတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UN OCHA Myanmar ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီရက် ၁၀၀ ကျော်အတွင်း လူဦးရေ တစ်သန်းကပဲ အကူအညီရရှိခဲ့ပြီး လူပေါင်း ၆ ဒဿမ ၃ သန်းဟာ အရေးပေါ် အကူအညီ လိုအပ်နေဆဲလို့ ထုတ်ပြန်ချက်မှာ ဆိုပါတယ်။ လူ ၂၇,၀၀၀ ကျော်ဟာ နေထိုင်ဖို့ ယာယီ အဆောက်အအုံတွေကို အကူအညီ ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအရေအတွက်ဟာ အမှန်တကယ် လိုအပ်တဲ့ ပမာဏရဲ့ ငါးရာခိုင်နှုန်းအောက်ကိုသာ ထောက်ပံ့ထားတယ်လို့ UNOCHA က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့မှာ တွေ့ဆုံခဲ့တဲ့ ဒေါ်အေးအေးမာတို့ မိသားစုကတော့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အိမ်ကို ဖြိုဖို့အတွက်တောင် မတတ်နိုင်သေးဘဲ နေထိုင်စရာ အခက်အခဲတွေ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ မိုးတွင်းကာလ ဖြစ်တာကြောင့် ပျက်စီးနေတဲ့ အိမ်ထဲကို မိုးရေတွေဝင်ကာ ကျန်ရှိတဲ့ ပစ္စည်းတွေပါ အားလုံး ပျက်စီးကုန်တဲ့အတွက် ပြောစရာစကား မရှိလောက်အောင် ခံစားရတယ်လို့ ဒေါ်အေးအေးမာက ပြောပြပါတယ်။
“ငွေကြေးအခက်အခဲကြောင့် အိမ်မဖျက်နိုင်သေးတဲ့ ကိုယ်လိုလူတွေလည်း အများကြီး ရှိနေကြပါသေးတယ်လို့ တွေးပြီး ကိုယ့်ကိုယ်ကို အားပေးနေရပါတယ်”
ပျက်စီးဆုံးရှုံးမှု များစွာကြုံတွေ့ခဲ့ရပေမဲ့လည်း ဒေါ်အေးအေးမာတို့ မိသားစုဟာ လက်ရှိအချိန်အထိ လုံလောက်တဲ့ ကူညီထောက်ပံ့မှုတွေ မရဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့သာ ရုန်းကန်ကြိုးစားနေရပါတယ်။
ကယ်ဆယ်ရေးကာလကနေ ယခုပြန်လည်ထူထောင်ရေးကာလအထိ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကနေ ပေးတဲ့ အထောက်အပံ့တချို့ကိုသာ ရဖူးသေးတယ်လို ဒေါ်အေးအေးမာက ပြောပါတယ်။ စစ်အုပ်စုဟာ စစ်ကိုင်းငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူတွေကို နေအိမ် အမျိုးအစားအလိုက် ထောက်ပံ့ကြေးတွေပေးမယ်လို့ ကြေညာထားတာကြောင့် ဒေါ်အေးအေးမာက ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ သွားမေးကြည့်ခဲ့ပေမဲ့လည်း ဘာမှမသိဘူးဆိုတဲ့ တုံပြန်မှုသာ ရခဲ့တယ်လို့ ဆိုပါတယ်။
ငလျင်ဘေးဆိုးကြီး ကျရောက်ချိန်ဟာ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး တော်လှန်ရေး ဆင်နွှဲနေတဲ့ ကာလဖြစ်သလို အာဏာသိမ်း စစ်အုပ်စုက သူတို့ကို ဆန့်ကျင်သူတွေကို တရားလက်လွှတ် ညှဉ်းပန်းသတ်ဖြတ် ဖိနှိပ်နေချိန်လည်း ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ ကိုယ်ကျိုးမငဲ့တဲ့ ပရိဟိတအသင်းအဖွဲ့တွေဟာ စစ်အုပ်စု ရန်ကြောင့် ငလျင်ဘေး ကူညီကယ်ဆယ်ရေးတွေ မလုပ်ဆောင်နိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ငလျင်ဒဏ်သင့်သူတွေဟာ ရပ်ရွာ လူမှုအသိုက်အဝန်းထံကနေတောင်မှ ထိုက်သင့်တဲ့ အကူအညီမရဘဲ အမိမဲ့သား ရေနည်းငါးပမာ ဖြစ်ခဲ့ကြရပါတယ်။
ငလျင်ဘေးသင့်သူတွေကို ကူနိုင်သူတွေက ကူကြဖို့နဲ့ လှူနိုင်တဲ့သူတွေက လှူကြဖို့အတွက် ဆော်ဩကြသလို လက်တွေ့မှာလည်း ဝိုင်းဝန်း ကူညီပေးမယ့်သူတွေ၊ မျှဝေပေးမယ့် အဖွဲ့အစည်းတွေလည်း ပေါ်ပေါက်လာကြပါတယ်။
အဲ့ဒီအထဲမှာ ကယ်ဆယ်ရေးအသင်းတွေ၊ ပရဟိတအဖွဲ့တွေ၊ အလွှာစုံက နာမည်ကြီးသူတွေ၊ နာမည်ကြီး ဆယ်လီ ဖြစ်ချင်သူတွေနဲ့ မြန်မာနိုင်ငံရဲ့ အချမ်းသာဆုံးဆိုတဲ့ ခရိုနီသူဌေးကြီးတွေလည်း ပါဝင်ပါတယ်။
နိုင်ငံအတွင်း ဘေးဆိုးကျရောက်ချိန်၊ သဘာဝဘေးသင့်ချိန်မှာ တိုင်းပြည်အတွင်းက ဓနရှင်တွေရဲ့ အင်အားက အင်မတန် အရေးပါပါတယ်။ တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ လှူနိုင်တန်းနိုင်သူတွေ ချိတ်ဆက်ပေါင်းစည်းမိကြတဲ့အခါ ၂၀၁၅ ရေဘေး၊ ၂၀၂၀ Covid ကျော်လွှားရေး ကာလတွေမှာ အောင်မြင်မှု သာဓကတွေ ရှိခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းက ခရိုနီသူဌေးကြီးတွေဟာလည်း ပြည်သူ့ရှေ့မှာ အင်မတန်မျက်နှာပွင့်လန်းခဲ့ပါတယ်။

ကမ္ဘောဇ (KBZ) လုပ်ငန်းစုရဲ့ သမီး၊ အနာဂတ်အလင်းတန်းမြန်မာ Foundation ဥက္ကဌ ဒေါ်နန်းလိုင်ခမ်း ဟာ အလှူအတန်းတွေကြောင့် (မင်္ဂလာဦးအလှူကြောင့်) လက်ငင်းပဲ လူချစ်လူခင် များခဲ့တာ ဥပမာပါ။
အတိတ်က ဘေးအန္တရာယ်ဖြစ်စဉ်တွေမှာ ခရိုနီသူဌေးတွေရဲ့ ကူညီမှု၊ လှူဒါန်းမှုတွေက ပြည်သူလူထုကို အတိုင်းအတာ တစ်ခုအထိ အသက်ရှုချောင်စေခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၅ ခုနှစ် စစ်ကိုင်းငလျင် ဘေးဆိုးကြီးမှာတော့ ခရိုနီသူဌေးတွေရဲ့ အလှူငွေတွေအပြင် ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်ကိုပါ အာဏာသိမ်းစစ်တပ်က သိမ်းကြုံးထိန်းချုပ်ထားပါတယ်။
မန္တလေးငလျင်ကြီးအပြီးမှာ စစ်အုပ်စု ရရှိထားတဲ့ ပြန်လည်ထူထောင်ရေးငွေ ၉၀ ရာခိုင်နှုန်းကျော်က မြန်မာပြည် ခရိုနီသူဌေးကြီးတွေရဲ့ လှူဒါန်းမှု ဖြစ်ပါတယ်။ စစ်အုပ်စုက လွှင့်တင်ထားတဲ့ Myanmar Earthquake website မှာ ဖော်ပြထားတဲ့ စာရင်းတွေအရ ငလျင်ဘေးအတွက် ပြည်တွင်းပြည်ပ လှုဒါန်းမှု ငွေပေါင်း အမေရိကန်ဒေါ်လာ ၅၉ ဒဿမ ၃သန်း ရရှိထားတာပါ။ ဒီအထဲမှာ ခရိုနီတွေက နေပြည်တော်အလှူငွေ ပေးအပ်ပွဲအတွင်း ဒေါ်လာ ၅၅ ဒဿမ ၆၄ သန်းခန့် လှူထားတာကြောင့် အများဆုံး ဖြစ်နေတာပါ။
“ခရိုနီတွေက မလုပ်လို့ မရတဲ့ အနေအထားတော့ ရှိတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ် ပြောဆိုပါတယ်။
“သူတို့မှာ ဟိုဘက် ဒီဘက်ဆိုတာ မရှိဘူး။ နောက်ပြီး (ကူညီထောက်ပံ့တာက) သူတို့ရဲ့ branding (နာမည်၊ အမှတ်တံဆိပ်) ကို တည်ဆောက်တဲ့ အနေအထားမှာရှိတယ်” လို့ သူက ပြောပါတယ်။
စစ်ကိုင်းပြတ်ရွေ့ကြောကြောင့် ငလျင်ဒဏ်ကို အဆိုးဆုံးခံစားရတဲ့ စစ်ကိုင်းနဲ့ မန္တလေးမြို့မှာဆိုရင် ဧရာဝတီဘဏ်သူဌေး ဦးဇော်ဇော်ရဲ့ ဧရာဝတီဖောင်ဒေးရှင်းက ငလျင်ဒဏ်သင့် ဆေးရုံ အဆောက်အဦးကို ရှင်းလင်းပြုပြင်တာ၊ ကူညီကယ်ဆယ်ရေးယာဉ်နဲ့ စက်ယန္တရားတွေအတွက် လိုအပ်တဲ့ စက်သုံးဆီကို ထောက်ပံ့တာ၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာ ယာယီဆေးရုံတွေ ဆောက်လုပ်တယ်လို့ ဧရာဝတီဖောင်ဒေးရှင်း ရဲ့ လူမှုစာမျက်နှာမှာ ကြေငြာပါတယ်။
စေပိုင် ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ် ခေါ် ဦးဝိတ်ရဲ့ အမရပူရမြို့ပြဖွံ့ဖြိုးရေး စီမံကိန်း – MBCCD က ငလျင်ဒုက္ခခံစားရသူတွေအတွက် လိုအပ်တဲ့ ယင်လုံအိမ်သာတွေ ဆောက်လုပ်တာ၊ ပြိုကျ အဆောက်အဦးတွေကို စက်ယန္တရားတွေနဲ့ ကူညီရှင်းလင်းတာ၊ အမရပူရမြို့နယ်နဲ့ စစ်ကိုင်းတောင်ရိုးရှိ သီလရှင်ချောင် ၅၀ နီးပါးက သီလရှင်တွေအတွက် လှူဒါန်းနေတာတွေကို လူမှုကွန်ရက်စာမျက်နှာ ကနေ ထုတ်ပြန်ပါတယ်။
KBZ ဘဏ်ကတော့ ငလျင်လှုပ်ပြီး သုံးလနီးပါးအကြာ ဇွန်လအတွင်း မန္တလေးမြို့မှာ KBZ Center Mandalay (ကယ်ဆယ်ကူညီထောက်ပံ့ရေးစင်တာ)ကို ဖွင့်လှစ်ပါတယ်။ အဲ့ဒီစင်တာမှာ ငလျင်ဒုက္ခ ခံစားခဲ့ရတဲ့ ပြည်သူတွေကို အထွေထွေရောဂါအတွက် ဆေးကုသပေးမှာ ဖြစ်သလို စီးပွားရေး လုပ်ငန်းတွေအတွက် အထူးချေးငွေဌာနတွေ ဖွင့်လှစ်ပြီး ငွေချေးပေးနေတယ်လို့ ဆိုပါတယ်။
ဒီထိပ်တန်းခရိုနီကြီးတွေဟာ အာဏာသိမ်း စစ်အုပ်စုနဲ့ နက်ရှိုင်းစွာ ပတ်သက်သူတွေ ဖြစ်ပါတယ်။ စေပိုင်ကုမ္ပဏီပိုင်ရှင် မောင်ဝိတ်ကို စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့အချိန်မှာ ဖမ်းဆီးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ အမှုဆင်ရာမှာလည်း မောင်ဝိတ်က စစ်အုပ်စု အလိုကျ အသုံးတော်ခံခဲ့သူပါ။
ကမ္ဘောဇ (KBZ)ဘဏ် လုပ်ငန်းစုကတော့ နိုင်ငံအတွင်း ငွေကြေးစီးဆင်းမှုတွေကို KBZ Pay ကတဆင့် ထိန်းချုပ်၊ စောင့်ကြည့်ဖို့ စစ်တပ်ရဲ့ ရုပ်သေးအဖြစ် အဓိကအသုံးတော်ခံနေသူဆိုလည်း မမှားပါဘူး။
ဒီလို စစ်အုပ်စုနဲ့ ပူးပေါင်းခြင်းအားဖြင့် ခရိုနီသူဌေးတွေဟာ သူတို့ရဲ့ အင်ပါယာကို ချဲ့ထွင်တာဖြစ်သလို အင်အား တည်ဆောက်နေကြတာလည်း ဖြစ်ပါတယ်။ နောင်တချိန်မှာ ဒီအင်အားက သူတို့အတွက် လွတ်လမ်း ဖြစ်လာနိုင်တယ်လို့ တွက်ဆထားတာ ဖြစ်ပါတယ်။
ခရိုနီသူဌေးတွေနဲ့ စစ်အုပ်စုကြားမှာ ဘယ်လိုအပေးအယူတွေ ရှိလဲဆိုတာ အတိအကျ မသိနိုင်ပါဘူး။ ဒါပေမဲ့ သေချာသိနိုင်တာက ဒီမတည်ငွေတွေနဲ့ ကျားကန်ထားတဲ့ စစ်အုပ်စုရဲ့ ပြန်လည် ထူထောင်ရေးဟာ ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေအတွက် အလုပ်မဖြစ်ဘဲ စစ်အုပ်စု အတွက်သာ အမြတ်ထွက်နိုင်တယ်ဆိုတာပါ။
NLD အစိုးရလက်ထက်မှာ အစိုးရအဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူကတော့ အခုလိုပြောပါတယ်။
“ရေရှည်အတွက် မပါတော့ မထိရောက်ဘူးလို့ မြင်ပါတယ်။ ငလျင်ထိတဲ့ ဒေသတိုင်းကိုလည်း မလှူကြပါဘူး။ သူတို့ကို စကစ ခိုင်းတဲ့ နေရာသာ လှူကြတာပါ”
ပြန်လည်ထူထောင်ရေးဟာ ဒေသတွင်း လွှမ်းခြုံမှုမရှိဘဲ ကွက်ပြီး လုပ်ဆောင်နေတယ်လို့ သူက ရှုမြင်ပါတယ်။
မြေပြင်မှာ ကူညီနေသူတစ်ဦးကလည်း မန္တလေးမြို့မှာ စင်တာဖွင့်လှစ်ပြီး အခမဲ့ ဆေးကုသပေးနေတာထက် ငလျင်ဘေးဒုက္ခ ကြုံတွေ့ခံစားရတဲ့ ဒေသတွေဖြစ်တဲ့ တိုင်းနဲ့ပြည်နယ် ရှစ်ခုက မြို့ပေါင်း ၄၈ မြို့ကို သွားရောက်ပြီး ကုသပေးစေချင်တယ်လို့ အကြံပြုပါတယ်။ အကြောင်းကတော့ မန္တလေးမြို့နဲ့ ဝေးလံဒေသက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေ လက်လှမ်းမီစေဖို့ အတွက်ပါ။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီလအတွင်းမှာ မန္တလေးအတွက် ငွေကျပ် ဘီလီယံ ၆၀ နဲ့ စစ်ကိုင်းအတွက် ငွေကျပ်ဘီလီယံ ၅၀ ပေးအပ်ခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅၂ ဒဿမ ၃၈ သန်း ရှိပါတယ်။ ဒါပေမယ့် ဒီအလှူငွေတွေကို ဘယ်နေရာတွေမှာ ဘယ်လိုသုံးစွဲသလဲဆိုတဲ့ စာရင်းဇယား၊ အချက်အလက်တွေကို ထုတ်ပြန်ခြင်း မရှိပါဘူး။
စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မှတ်တမ်းတင်နေတဲ့ Justice For Myanmar နဲ့ Blood Money – သွေးစွန်းငွေ ဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့ တွေကတော့ စစ်အုပ်စု အနေနဲ သဘာဝဘေး အလှူငွေတွေကို စစ်ရေးအတွက် အသုံးချနေတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ဝေဖန်ပါတယ်။
“ဒီငွေတွေဟာ လိုအပ်နေတဲ့ ပြည်သူတွေဆီထက် စစ်အုပ်စုရဲ့ အကြမ်းဖက်စနစ်နဲ့ အာဏာ တည်တံ့ရေးအတွက်သာ အသုံးပြုခံနေရသည်” လို့ Blood Money အဖွဲ့က ဝေဖန်ထားပါတယ်။
ပြီးခဲ့တဲ့ လေးလအတွင်းမှာ ငလျင်ဘေးအလှူခံတဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ၊ ပရဟိတအဖွဲ့တွေကို ထောက်ခံစာ ယူခိုင်းတာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် ဘေးသင့်ပြည်သူတွေမှာလည်း ငလျင်အတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေနဲ့ ထောက်ပံ့ကြေးယူဖို့အတွက် သန်းခေါင်စာရင်းနဲ့ မှတ်ပုံတင်ပါမှ ထုတ်ပေးတာ ဆိုတဲ့ လုပ်ရပ်တွေက အကြမ်းဖက်စနစ်ကို လုံခြုံအောင် တည်ဆောက်နေတယ်ဆိုတာ သက်သေခံနေပါတယ်။

လက်ရှိမှာတော့ ပဋိပက္ခတွေကြားမှာ ရှင်သန်နေထိုင်ရင်း ငလျင်ဘေးတွေ့ကြုံခဲ့ရတဲ့ ပြည်သူတွေဟာ ရက်ပေါင်း ၁၀၀ ကျော်လာပြီး စိုစွတ်တဲ့ မိုးရာသီကို ရောက်ရှိလာတဲ့ အချိန်မှာ နိစ္စဓူဝ အခက်အခဲတွေ၊ လိုအပ်ချက်တွေ ရှိနေတယ်လို့ မြေပြင်ကွင်းဆင်းကူညီကြသူတွေက ဆိုပါတယ်။
“အကူအညီ လိုအပ်နေတာတွေ အများကြီး ရှိသေးတယ်။ အကူအညီတွေ မရကြဘူး” လို့ NLD အစိုးရ လက်ထက်မှာ အစိုးရအဖွဲ့နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူက ပြောပါတယ်။
လက်ရှိမှာဆိုရင် ဦးစားပေးအနေနဲ့ ငလျင်ဘေးသင့်သူတွေ နေထိုင်ဖို့ ယာယီအဆောက်အအုံတွေ လှူဒါန်းပေးဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ငလျင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူ ခရိုနီသူဌေးကြီးတွေရဲ့ ဖောင်ဒေးရှင်းဖေ့စ်ဘွတ်ခ် စာမျက်နှာတွေဟာ စစ်အုပ်စုက အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာ ငြိမ်သက်နေခဲ့တာပါ။ နှစ် ၁၀၀ ကျော်ကာလအတွင်း အပြင်းဆုံးလို့ ပြောရမယ့် စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်တဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ နောက်ပိုင်းမှာတော့ ပြန်လည် သက်ဝင်လှုပ်ရှားလာကြပါတယ်။
ကူညီရေး၊ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးအတွက် ခရိုနီသူဌေးကြီးတွေ အင်တိုက်အားတိုက် ပါဝင် နေကြတယ်လို့ ထင်မြင်ယူဆရအောင် လူမှုကွန်ရက်မှာ ဖန်တီးလုပ်ဆောင်နေကြတာကို တွေ့ရပါတယ်။
NLD အစိုးရလက်ထက်မှာ အစိုးရအဖွဲ့နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူကတော့ အခုလို မှတ်ချက်ပြုပါ တယ်။
“သူဌေးတွေ လှူတယ်ဆိုတာကလည်း အကျိုးလိုလို့ ညောင်ရေသွန်းသလိုပါပဲ”
ဒါပေမယ့် ငလျင်ဒဏ်သင့် ပြည်သူတွေအတွက်ကတော့ ဘယ်လို အထောက်အပံ့မျိုးမဆို အကူအညီ ဖြစ်နေဦးမှာ အမှန်ပါပဲ။ စစ်အုပ်စုနဲ့ သူဌေးကြီးတွေက သင့်ကို ပေါင်မုန့်တစ်ချပ် ပေးရင်တောင် ယူထားသင့်ပါတယ်။ ပေါင်မုန့်ကနေ ကျည်ဆန်အနေနဲ့ ပြောင်းလဲမသွားခင်ပေါ့။


Leave a Reply