Tag: News

  • BGF ခေါင်းဆောင် စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် သက်သေအထောက် အထားလုံလောက်ပြီ

    BGF ခေါင်းဆောင် စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် သက်သေအထောက် အထားလုံလောက်ပြီ

    စစ်ကောင်စီ လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် သက်သေအထောက် အထားလုံလောက်ပြီး ထိုင်းအထူးစုံစမ်းစစ်ဆေးရေး DSI ၏အတည်ပြုဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ တင်ပြ

    အကြမ်းဖက်စစ်ကောင်စီလ က်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူနှင့် အပေါင်းအပါများကို ဖမ်း၀ရမ်းထုတ်ရန် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI ၏ အတည်ပြုဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ ယနေ့ တင်ပြလိုက်ကြောင်း ထိုင်းသတင်းဌာန Khaosod English က သတင်းဖော်ပြသည်။

    ယနေ့ မတ်လ ၃ ရက်နေ့တွင် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာနက စောချစ်သူနှင့်အပေါင်းအပါများကို ဖမ်း၀ရမ်းရန် အတည်ပြုထားသည့် ဆုံးဖြတ်ချက်ကို ရှေ့နေချုပ်ရုံးသို့ တင်ပြလိုက်ခြင်းဖြစ်ပြီး အဆိုပါ ဖမ်း၀ရမ်းသည် လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းနှင့်နိုင်ငံတကာ လူကုန်ကူးမှုများနှင့်ပတ်သက်၍ ဆက်စပ်နေကြောင်း သိရှိရသည်။

    ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန၏ လူမှုကုန်ကူးမှု တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒုတိယရဲမှူးကြီး Siriwit Kasemsuap က လက်ရှိ ရရှိထားသော သက်သေအထောက်အထားများမှာ စောချစ်သူနှင့် အပေါင်းအပါများကို ဖမ်း ၀ရမ်းထုတ်ရန် လုံလောက်ကြောင်း ထုတ်ဖော်ပြောဆိုသည်။ သို့ရာတွင် အသေး စိတ်အချက်အလက်များနှင့်ပတ်သက်၍ ရှေ့နေချုပ်ရုံးက စိစစ်နေချိန်တွင် လျှို့ဝှက်ထားကြောင်း သိရှိရသည်။

    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေက္ကိုလ်တွင် ကျားဖြန့်ငွေလိမ်လည်ဂိုဏ်းများကို အကာအကွယ်ပေးထားသော စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ မုတ်သုန်နှင့် စောတင်ဝင်းတို့ကို ထိုင်း DSI ဖမ်း၀ရမ်းထုတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

  • ဧရာဝတီတိုက်ပွဲအတွင်း ဒဏ်ရာရရှိလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံး

    ဧရာဝတီတိုက်ပွဲအတွင်း ဒဏ်ရာရရှိလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံး

    ဧရာဝတီတိုက်ပွဲအတွင်း ဒဏ်ရာရရှိလာသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံး၍ လုံခြုံရေးအများအပြားဖြင့် မီးသဂြိုဟ်

    ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ် အနောက်တောင် တိုင်း စစ်ဌာနချုပ်ရှိ မဆရ ၄ တွင် ရှေ့တန်းမှ ဒဏ်ရာပြင်း ထန်၍ ဆေးကုသမှုခံယူနေသည့် စစ်ကောင်စီ၏ ဗျူဟာမှူးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

    ယနေ့ မတ် ၃ ရက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် သေဆုံးသည့် ဗျူဟာမှူး၏ အလောင်းကို ပုသိမ်၊ ရွှေမြင်တင်မီးသဂြိုဟ်စက်သို့ သယ်ဆောင်လာပြီး မီးသဂြိုဟ်ခဲ့ကြောင်း သိရသည်။

    နာရေးသို့ စစ်ကောင်စီ စစ်ကားများ၊ မီနီဘတ်စ်များ၊ အိမ်စီးကားများအပါအဝင် လုံခြုံရေးယူထားသည့် ကားစုစုပေါင်း ၃၆ စီးဖြင့် ရွှေမြင်တင်သုဿာန်တွင် လာရောက် ပြုလုပ်သွားခြင်းဖြစ်ကြောင်း သတင်းအထူးတပ်ဖွဲ့ ပုသိမ်ထံမှ သိရသည်။

    “သာပေါင်းတိုက်ပွဲကနေ ဒဏ်ရာရလို့ ပုသိမ်မဆရမှာ ဆေးကုသပေးနေတဲ့ ဗျူဟာမှူးသေသွားတာလို့ ပြောတယ်။ လုံခြုံရေးအပြည့်ယူပြီး သဂြိုဟ်တယ်။ သတင်းဖုံးဖိထားချင်ပေမယ့် ဗျူဟာမှူးအဆင့်ဆိုတော့ နာရေးကို ဒီလောက်တော့လုပ်ပေးရပုံပေါ်တယ်။ နေ့တိုင်းလိုလို နတခထဲ လူနာတွေပို့နေတာ တွေ့ရတယ်”ဟု ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မှစ၍ သာပေါင်း မြို့နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး AA နှင့် ပူး ပေါင်းတပ်များက ကမွန်းချဉ်ကုန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာနေရာသို့ သာပေါင်း မြို့မှ ဖောကားလေးစီးပါ စစ်အင်အားအပြည့်ပို့ဆောင်ခဲ့ပြီး စက်တပ်လေထီးများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ကာ အပြင်းအထန်ခုခံခဲ့ရကြောင်း သိရသည်။

    တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို သာပေါင်းနှင့် ပုသိမ်မြို့တို့သို့ ခေါ်ဆောင်လာပြီး ဆေးကုသခြင်း၊ မီးသဂြိုဟ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

    စစ်ကောင်စီနာရေးအခမ်းအနားမြင်ကွင်းတစ်ခု (ပုံဟောင်း)

  • ရမခတိုင်းမှူးဗိုလ်ချုပ်မြင့်​ကျော်ထွန်းနှင့်ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

    ရမခတိုင်းမှူးဗိုလ်ချုပ်မြင့်​ကျော်ထွန်းနှင့်ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး ၃ ဦးကို စစ်ကောင်စီဖမ်းဆီး

    အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)တိုင်းမှူး ဗိုလ်ချုပ်မြင့်​ကျော်ထွန်းနှင့် ဗိုလ်မှူးကြီး၊ ဒုဗိုလ်မှူးကြီး သုံးဦးသည် ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်နေသည်ဟု တရုတ်အစိုးရ၏ သတင်းပေးပို့မှုဖြင့် စစ်​ကောင်စီကဖမ်းဆီးပြီး ​နေပြည်​တော်တွင် စစ်​ဆေး​နေ​ကြောင်း သိရသည်။

    ဗိုလ်ချုပ်မြင့်​ကျော်ထွန်း၊ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ထွန်းနိုင်စိုး၊ တန့်ယန်းအ​ခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်၊ မိုင်းရယ်စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမြတ်​မော်​အောင်တို့ကို ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး ဖမ်းဆီးခြင်းဖြစ်​ကြောင်း CDM ဗိုလ်ကြီး ဇင်​​ယော်က ပြောသည်။

    “သတင်းရင်းမြစ်​တွေ​ပြောကြားချက်အရ တရုတ်နိုင်ငံက​နေ စာရင်း​ပေးပြီး​တော့ အတိအကျဖမ်းတယ်လို့ သတင်းရရှိပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်​​​ယော်က ဆိုသည်။

    စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်တဦးကလည်း ဗိုလ်ချုပ်မြင့်​ကျော်ထွန်းအပါအအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ကောင်စီတပ်အရာရှိလေးဦးကို ဖေဖော်ဝါရီ ၂၁ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်းဆင်းပွဲ၌ ဖမ်းဆီးသွားခြင်းဟု ပြောသည်။

    အဆိုပါ ဗိုလ်လောင်းသင်တန်းဆင်းပွဲသို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်ရောက်ခဲ့သည်။ ထို့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တို့မှတိုင်းမှူးများလည်းတက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ၂၂ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးစစ်‌ဆေးနေသည်ဆိုသည့် အခြေအနေကို သီးခြားအတည်ပြုချက်မရရှိသေးပေ။ စစ်​ကောင်စီကလည်းသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

    လက်ရှိ၌ ဗိုလ်ချုပ်မြင့်​ကျော်ထွန်း​နေရာတွင် ပြင်ဦးလွင်၊ တပ်မ​တော်နည်းပညာတက္ကသိုလ် ​ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အေးမင်းဦးကို အစားထိုးထားကြောင်းသိရပြီး ကျန်သုံးဦး​နေရာနှင့် ပတ်သက်၍ စုံစမ်း​နေဆဲဖြစ်​ကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    “ဒီ​​လေး​ယောက်ကိုလည်း စစ်​ကြောမှာပဲ။ စစ်​ကြောရင် သူတို့က ဖော်ထုတ်မှာပဲ။ ထပ်​ဖော်မှာ​ပေါ့။ ဘယ်သူ​တွေလည်း ပါ​သေးတယ်ဆိုပြီး​တော့ ​သေ​ဖော်ညှိမှာ​ပေါ့။ အဲ့ဒီ​တော့ ကျွန်​တော်တို့ကရှမ်း​လေးရှမ်းလို့​ခေါ်တယ်​ပေါ့​နော်။ ရပခ အ​ရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရလခ အ​ရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရမခ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်နဲ့ တြိဂံ​ဒေသတိုင်းစစ်ဌာနချုပ်​တွေမှာ တာဝန်ထမ်း​တောင်​ခဲ့ဖူးတဲ့ အရာရှိကြီး​တွေ​တော်​တော်များများလည်း ​နောက်ဆက်တွဲအဖြစ်ပါလာနိုင်​ချေရှိပါတယ်”ဟု ၎င်းက သုံးသပ်သည်။

    လားရှိုးမြို့အ​ခြေစိုက် အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ​တော် (MNDAA)က ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင်သိမ်းပိုက်ခဲ့စဉ် တိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကိုဖမ်းဆီးခဲ့သည်။ စစ်ကောင်စီက မိုင်းရယ်မြို့တွင် ရမခကို ပြန်ဖွဲ့ခဲ့ပြီး ဗိုလ်ချုပ်မြင့်​ကျော်ထွန်းကို တိုင်းမှူးခန့်ခဲ့သည်။ ၎င်းသည် ရမခတိုင်းမှူးအဖြစ် ခြောက်လခန့်သာတာဝန်ထမ်းဆောင်ရပြီး ဖမ်းဆီးခံရခြင်းဟု စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်ကပြောသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျားဖြန့်လုပ်ငန်းများကို MNDAAပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၂၀၂၃ အောက်တိုဘာလ ၂၇ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေး မြို့သိမ်းတိုက်ပွဲများနှင့်အတူ နှိမ့်နင်းခဲ့သည်။ MNDAAက လောက်ကိုင်မြို့ကို တိုက်ခိုက်သိမ်းယူစဉ် ကျားဖြန့်လုပ်ငန်းများနှင့်ပတ်သက်၍ ကိုးကန့်​ဒေသဦးစီးအဖွဲ့ဥက္ကဌ​ဟောင်း ပယ်​ဆောက်ချိန်အပါအဝင် ၁၀ဦးကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲတွင် စစ်​ကောင်စီက တရုတ်အစိုးရထံ လွှဲ​​ပြောင်းပေးခဲ့ဖူးသည်။

    လက်ရှိရှမ်း​မြောက်တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများဆက်လက်ရှိ​နေဆဲဖြစ်ပြီး မိုင်းရယ်၊တန့်ယန်းအပါအဝင် ပတ်ဝန်းကျင်မြို့နယ်များ၌ ပုံစံမျိုးစုံဖြင့် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ပြီးခဲ့သည့် ​ဖေ​ဖော်ဝါရီလ ၅ရက်​နေ့မှ ၇ရက်​နေ့အတွင်း မိုင်းရယ်မြို့နယ်တွင် အွန်လိုင်း​လောင်းကစားနှင့် ​ငွေ​ကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်သူ ၈၀ ​ကျော်ကို ဖမ်းမိခဲ့​ကြောင်း စစ်​ကောင်စီက ထုတ်ပြန်ခဲ့သည်။

    ပုံအညွှန်း – ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းက တန့်ယန်းမြို့ဒေသဖွံ့ဖြိုး​ရေးအစည်းအ​ဝေးသို့ တက်ရောက်လာသည့် ဗိုလ်မှူးကြီးထွန်းတင်အား တွေ့ရစဥ်။ဗိုလ်မှူးကြီးထွန်းတင်နှင့်အတူ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)ဗိုလ်ချုပ်မြင့်​ကျော်ထွန်း၊ရမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးကြီးထွန်းနိုင်စိုး၊ မိုင်းရယ်စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးမြတ်​မော်​အောင်တို့ကို ကျားဖြန့်ငွေလိမ်လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေသည်။ (ဓါတ်ပုံ – MOI)

  • လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးငယ် ရိုက်နှက်၊ မီးရှို့ သတ်ခံရ

    လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက ၃ နှစ်အရွယ် ကလေးငယ် ရိုက်နှက်၊ မီးရှို့ သတ်ခံရ

    ကချင်ပြည်နယ်၊ လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်းက အသက် ၃ နှစ်အရွယ် ကလေးငယ်တယောက်ဟာ မတ် ၁ ရက်နေ့က မီးရှို့၊ ရိုက်နှက်၊ လှီးဖြတ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    သေဆုံးသွားတဲ့ ကလေးငယ်ဟာ လိုင်ဇာ ဝေကြိုင် စစ်ရှောင်စခန်း အကွက် ၂ မှာ နေထိုင်တဲ့ ဦးဆင်နန်‌ဇော်ဒန်နဲ့ ဒေါ်လထော်ကော့နန် တို့ရဲ့ သား၊ အသက် ၃ နှစ်အရွယ် မောင်ဆင်နန်ဒန်ခေါင်တူး ဖြစ်ပြီး မတ် ၁ ရက် မနက် ၈ နာရီလောက်မှာ ပျောက်ဆုံးသွားတာ ဖြစ်ပြီး ပြစ်မှုကျူးလွန်သူကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဒေသခံအမျိုးသမီးတယောက်က “သူတို့အိမ်နားက ကောင်လေးတယောက် ခေါ်သွားပြီး မီးရှို့၊ ရိုက်နှက်၊ ဓားနဲ့ လှီးထားတာတဲ့။ ဒဏ်ရာ တော်တော်ပြင်းထန်သွားတယ်။ ကလေးကို မီးရှို့၊ လှီးသတ်တဲ့ အဲဒီကောင်လေးက စိတ်မနှံ့ဘူးတဲ့။ တောထဲက ယာတဲမှာ” လို့ ပြောပါတယ်။

    စိတ်မနှံ့တာကြောင့် သူ့ကို ဒီအတိုင်းလွှတ်ထားရင် စိတ်ထပ်ဖောက်လာပြီး တခြားကလေးတွေကိုလည်း အဲဒီလိုလုပ်လာမှာကို စိုးရိမ်နေရတယ်လို့ သူက ပြောပါတယ်။

    ကျူးလွန်သူဟာ တောထဲက ယာတဲမှာ ကလေးကို အရက်နဲ့လောင်းပြီး ဆံပင်ကို မီးရှို့၊ ရိုက်နှက်၊ ဓားနဲ့လှီးထားခဲ့ပြီးတော့ အိမ်မှာ အေးအေးဆေး‌ဆေး ပြန်လာနေတာလို့ နောက်ထပ် အမျိုးသမီးတယောက်ကလည်း ပြောပါတယ်။

    “ကလေးပျောက်တယ်ဆိုပြီး သူများ လိုက်ရှာနေကြတော့ သူက ဓာတ်ဆီကို ဘူးထဲထည့်ပြီး တောဘက် ထွက်သွားတာတွေ့လို့ သူ့နောက်လိုက်သွားကြတာမှာ ကလေးကို သွားတွေ့တာ။ ခြေထောက်တဖက်လည်း ကျိုးသွားတယ်။”

    ညနေ ၃ နာရီကျော်လောက်မှာ ပြန်တွေ့တာဖြစ်ပြီး တွေ့တဲ့အချိန်မှာ ကလေးက အသက်ရှိသေးပေမဲ့ ဒဏ်ရာတွေက ပြင်းထန်တယ်လို့ နောက်ထပ်ဒေသခံတယောက်က ပြောပါတယ်။

    “ဆေးရုံပို့ပြီး ကုသခဲ့ပေမဲ့ က‌လေးရဲ့အသက်ကို မကယ်နိုင်တော့ဘူး။ သေဆုံးသွားတယ်။ မနက် ၈ နာရီကတည်းက ပျောက်သွားတာ၊ ညနေ ၃ နာရီလောက်မှ ပြန်တွေ့တော့ သွေးထွက်လွန်ပြီလေ။”

    ဖေဖော်ဝါရီ ၂၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း လိုင်ဇာအနီး ဂျဲယန် စစ်ရှောင်စခန်းက ပျောက်ဆုံးသွားတဲ့ မိန်းကလေးငယ် ၃ ယောက်လည်း သတ်ဖြတ်ခံခဲ့ရပြီး ဖေဖော်ဝါရီ ၂၅ ရက်နေ့ည နဲ့ ၂၆ ရက်နေ့ မနက်အစောပိုင်း အလောင်းတွေကို ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

  • လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်

    လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်

    လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်နိုင်ဟု KNU သတင်းရင်း မြစ်ပြော

    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိစစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (မတ်လ ၂ ရက်) ညပိုင်း၌ အပြီး သတ်သိမ်းပိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

    ထိုင်း – မြန်မာနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNU ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ ရက်မြောက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    စခန်းကိုသိမ်းလိုက်ပြီးနောက် ယနေ့ ည ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးလိုက်နိုင် သည်ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ” အခြေအနေက ထောက်ကြည့်တော့ သေချာတော့ သေချာပြီတဲ့။ အခုတော့ ရှင်းနေတုန်း။ ရန်သူ တချို့တော့ သေတယ်။တ ချို့တော့ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့သူကျတော့ လိုက်လံပြီး ရှင်းလင်းတာပေါ့”ဟု KNU သတင်းရင်းမြစ်ကလည်း ယနေ့ မတ်လ ၂ ရက် ညပိုင်း၌ ပြောသည်။

    လက်နက်ရရှိမှု၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ ရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပြောပြသည်။

    တိုက်ပွဲစတင်ချိန်ကတည်းက စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့၍ ဒေသခံများလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။

    ယခု KNU ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက် လိုက်သည့် စစ်ကောင်စီတပ်စခန်းနေရာ မီးလောင်နေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း လူမှုကွန်ရက်၌ ညပိုင်း၌ ဖော်ပြမှု အချို့တွေ့ရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၇)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု နည်းခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ကာ KNU ဗဟို ဌာနချုပ်ဟောင်း မာနယ်ပလော ဌာနချုပ်နယ်မြေ အပါအဝင်စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

    နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ကြောင့် ထိုင်းစစ်တပ်သည် နယ်စပ်တလျောက်၌ လုံခြုံရေး တိုးမြှင့်ချထားပြီး အသင့်အနေအထားဖြင့် အခြေအနေ အနီးကပ် စောင့်ကြည့်နေသည်ကို ထိုင်းစစ်ဘက် လူမှုကွန်ရက်များတွင် ဖော်ပြထားကြသည်။

    (ထိုင်း – မြန်မာနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းမီးလောင်နေသည်ကို တွေ့ရစဉ်နှင့် ထိုင်းစစ်တပ်က မြန်မာနယ်စပ်တွင်တိုက်ပွဲ ဖြစ်​နေသည့်ကို ​စောင့်ကြည့်​နေမှု ။ ဓာတ်ပုံ – CJ ၊ วันนี้ที่แม่สอด อ.แม่สอด/FB)