Tag: News

  • ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ် ပြန်သိမ်းပိုက်

    ကနေဒီတောင်ကို ချင်းတော်လှန်ရေးတပ် ပြန်သိမ်းပိုက်

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က တီးတိန်-ကလေး လမ်းပိုင်းမှာရှိတဲ့ ကနေဒီတောင်တပ်စခန်း နေရာကို နိုဝင်ဘာ ၁၈ ရက် မနေ့က ချင်းတော်လှန်ရေးတပ်က ပြန်လည်သိမ်းယူလိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းကစပြီး တီးတိန်းမြို့ကနေ စစ်ကြောင်းတကြောင်း၊ စစ်ကိုင်းတိုင်း ကလေးမြို့ကနေ တကြောင်း စုစုပေါင်း စစ်ကြောင်းနှစ်ကြောင်းနဲ့ တီးတိန်-ကလေး လမ်းပိုင်းကို နှစ်ဖက်ညှပ်ပြီး စစ်ကြောင်းထိုးလာပြီးနောက် တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ကနေဒီတောင်နဲ့ သိုင်းငင်းစခန်းတွေကို လက်လွှတ်ခဲ့ရတာပါ။

    ဒါပေမဲ့ ကနေဒီတောင်စခန်းကို မနေ့ကပဲ ချင်းတော်လှန်ရေးတပ်တွေက ပြန်လည် တိုက်ခိုက်သိမ်းယူခဲ့ပြီး လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ PDF Zoland က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    အမြင့်ပေ ၈,၀၀၀ ကျော်ရှိတဲ့ ကနေဒီတောင်ကုန်းဟာ စစ်ရေးအရသာမက စီးပွားရေး၊ ကူးသန်းသွားလာရေး စတဲ့ ဘက်ပေါင်းစုံအတွက် ဗျူဟာမြောက် အရေးပါပြီး တီးတိန်-ကလေး လမ်းတလျှောက်ကို အပေါ်စီးကနေ မြင်နေရသလို ဖလမ်းမြို့ကိုပါ လှမ်းမြင်ရလောက်တဲ့အထိ အမြင့်မှာ တည်ရှိနေတဲ့ ပထထဝီမြေ အနေအထားက အဓိကထူးခြားချက် ဖြစ်တယ်လို့ ဆိုပါတယ်။

    ကနေဒီတောင်ကို တော်လှန်ရေးတပ်တွေ သိမ်းယူပြီးနောက် ဒီနေ့မှာလည်း သိုင်းငင်းရွာ တဝိုက်မှာလည်း ကလေးဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ချင်းပြည်နယ် မြောက်ပိုင်းက လက်လွှတ်ခဲ့တဲ့နယ်မြေတွေ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက အပြင်းအထန် စစ်ရေးလှုပ်ရှားလာတယ်လို့ SOW လက်နက်ထုတ်လုပ်ရေးတာဝန်ခံ ဗိုလ်လရောင်က ပြောပါတယ်။

    “ချင်းမြောက်ပိုင်းကို နည်းလမ်းပေါင်းစုံနဲ့ကို စစ်ကြောင်းထိုးနေတာပဲ။ နေရာပေါင်းစုံက စစ်ကြောင်းတွေခွဲပြီး ထိုးနေတာ။ ဒီနေ့မှာလည်း သိုင်းငင်းတဝိုက်မှာ တိုက်ပွဲပြင်းထန်နေတယ်။ ကလေးဘက်ကနေ စစ်ကြောင်းထိုးလာနဲ့ စစ်ကြောင်းကို ဟန့်တားတိုက်ခိုက်နေတယ်။ သူတို့ စစ်ကြောင်းထိုးတဲ့ပုံစံက ချင်းမြောက်တခုလုံးက လက်လွှတ်ခဲ့တဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်ပြီး ရွေးကောက်ပွဲ လုပ်နိုင်အောင်ပါ။”

    နိုဝင်ဘာ ၁၇ ရက်ကလည်း ဖလမ်းမြို့ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးတပ်‌တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်း အများအပြားနဲ့ စစ်သုံ့ပန်းတချို့ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

    ချင်းပြည်နယ် ဟားခါး၊ တီးတိန်နဲ့ စစ်ကိုင်းတိုင်း ကလေးကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းနဲ့ ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီအတွက် ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ခံလိုက်ရတာပါ။

    စစ်ကောင်စီက ဖလမ်းမြို့ အပါအဝင် အချက်အချာကျတဲ့ လမ်းပိုင်းတွေကို ပြန်ထိန်းချုပ်ဖို့ စစ်အင်အား အလုံးအရင်းကို အသုံးပြုပြီး စစ်ကြောင်းထိုးနေကာ လေကြောင်းတိုက်ခိုက်မှုလည်း ခပ်စိပ်စိပ် လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

  • BGF ဟာ စစ်တပ်အကာအကွယ်နဲ့ ရာဇဝတ်လုပ်ငန်းတွေလုပ်ကိုင်ခဲ့တာဖြစ်လို့ အဓိကတရားခံဟာ စစ်တပ်ဟု NUG ပြော

    BGF ဟာ စစ်တပ်အကာအကွယ်နဲ့ ရာဇဝတ်လုပ်ငန်းတွေလုပ်ကိုင်ခဲ့တာဖြစ်လို့ အဓိကတရားခံဟာ စစ်တပ်ဟု NUG ပြော

    KK Park အွန်လိုင်းငွေကြေးလိမ်လည်မှုစင်တာကို အယောင်ပြဖြိုခွင်းပေမယ့် အခြားနေရာ ၂ခုမှာ ပြောင်းရွှေ့လည်ပတ်ဖို့ စီစဉ်နေဟုဆို

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)တွေဟာ ရာဇဝတ်လုပ်ငန်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့အကာအကွယ်နဲ့ ပြန်လည်လုပ်ကိုင်ခဲ့တဲ့အတွက် လက်ရှိအကျပ်အတည်းတွေရဲ့ အဓိကတရားခံဟာ စစ်တပ်သာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

    ဒီကနေ့ နိုဝင်ဘာ ၁၉ရက်မှာပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဦးနေဘုန်းလတ်က အခုလို ပြောကြားခဲ့တာပါ။

    “နိုင်ငံတကာက ဆိုက်ဘာလိမ်လည်မှုတွေကို နှိမ်နှင်းဖို့ကြိုးစားလာတာကြောင့် အကြမ်းဖက်စစ်တပ်ဟာ KK park လို ငွေကြေးလိမ်လည်မှုစင်တာကို အယောင်ပြဖြိုခွင်းပြခဲ့ပြီး ကရင်ပြည်နယ်ရဲ့ အခြားနေရာ ၂ နေရာကို ပြောင်းရွှေ့ကာ ငွေကြေးလိမ်လည်မှုစင်တာတွေကို ပြန်လည်လည်ပတ်နိုင်ဖို့ စီစဥ်နေတာတွေကိုလည်း ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရအနေနဲ့အထူးသတိထား စောင့်ကြည့်လျက်ရှိပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောကြားပါတယ်။

    ဒါ့အပြင် ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က မြန်မာပြည်တွင်းနဲ့ ပြည်ပရှိ လိမ်လည်ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးတရားစွဲဆိုရန် လုပ်ဆောင်တာ၊ အမေရိကန်နိုင်ငံက United States Scam Center Strike Force ဖွဲ့စည်းပြီး ဆိုက်ဘာလိမ်လည်မှုလုပ်ငန်း တွေကို နှိမ်နှင်းဖို့ ဆောင်ရွက်တာ၊ ရာဇ၀တ်အဖွဲ့အစည်းတွေကို စီးပွါးရေးဆိုင်ရာ ပိတ်ဆို့အရေးယူတာ၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့အတွက် ဘဏ္ဍာရေးဌာနက ကြေညာခဲ့တာစတဲ့ လုပ်ဆောင်မှုတွေအပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေ နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အားလုံးရဲ့ ကြိုးပမ်းလုပ်ဆောင်မှုတွေကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်း NUG က ဖော်ပြပါတယ်။

    “ဒီလုပ်ဆောင်မှုတွေအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၊ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ အနေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ချိတ်ဆက်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ အသင့်ရှိကြောင်းနဲ့ နိုင်ငံတကာရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အထောက်အကူပေး သွားမှာဖြစ်ကြောင်း အထူးအလေးပေး ပြောကြားလိုပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

    ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် NUG လက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည်မြှင့်တင် ပေးနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

    မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာမှုတွေကို အခွင့်ကောင်းယူပြီး ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေက ငွေကြေးအခွင့်အလမ်းများစွာနဲ့ အလုပ်အကိုင်အတုတွေ ခေါ်ယူနေမှုအပေါ် သတိပြုကြဖို့ ပြည်သူတွေ၊ အထူးသဖြင့် လူငယ်၊လူလတ်ပိုင်းတွေကိုလည်း သတိပေးခဲ့ပါတယ်။

    အွန်လိုင်းလိမ်လည်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး တိုက်ဖျက်ဖို့အမေရိကန်အပါအဝင် နိုင်ငံတကာက ပိုမိုအာရုံစိုက်လာတဲ့ အခြေအနေမှာ စစ်ကောင်စီကလည်း KK Parkအပါအဝင် သူ့ရဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ နယ်မြေထဲမှာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ နှိမ်နင်းနေသယောင် ဟန်ပြ စစ်ဆင်ရေးတွေ အခုလပိုင်းမှာ ပိုပြုလုပ်လျက်ရှိပါတယ်။

    (ရွှေကုက္ကိုက ကျားဖြန့်ဂိုဏ်းတွေကို BGFနဲ့ စစ်တပ်တို့ ဝင်ရောက်စီးနင်းနေစဉ်။KK Park က အဆောက်အဦးဖောက်ခွဲမှုကို အောက်တိုဘာ ၂၅ ရက် ညပိုင်းမှာ တွေ့ရစဦ်။ ဓာတ်ပုံ – The Reporters၊ Getty Images)

  • မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်ရေး နှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှာ ငြိမ်းချမ်းရေးယူ ထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များကြောင့်ဟု မင်းအောင်လှိုင်နှင့်ဇော်မင်းထွန်းက တစ်လေသံတည်း အပြစ်ဖို့

    မြန်မာနိုင်ငံတွင် တရားမဝင်ကုန်သွယ်ရေး နှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှာ ငြိမ်းချမ်းရေးယူ ထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များကြောင့်ဟု မင်းအောင်လှိုင်နှင့်ဇော်မင်းထွန်းက တစ်လေသံတည်း အပြစ်ဖို့

    မြန်မာနိုင်ငံတွင် နယ်စပ်ဂိတ်များ ပိတ်ထားရမှု၊ တရားမဝင်ကုန်သွယ်ရေးများ ကြီးထွားလာမှုနှင့် ကျားဖြန့်ငွေလိမ်လုပ်ငန်းများမှာ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နယ်ခြားစောင့်တပ်များကြောင့်ဟု မင်းအောင်လှိုင်နှင့်ဇော်မင်းထွန်းက တစ်လေသံတည်း အပြစ်ဖို့ ပြောဆိုလိုက်ကြသည်။

    နိုဝင်ဘာလ ၁၆ ရက်နေ့ မော်လမြိုင်ခရီးစဉ်တွင် အကြမ်းဖက် မင်းအောင်လှိုင်က မြနမာနိုင်ငံတွင် တရားမဝင် ကုန်သွယ်ရေးများ ဆောင်ရွက်နေသူများမှာ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရား မဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း အပြစ်တင်ပြောဆိုခဲ့သည်။

    “နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှု အားနည်းလာသဖြင့် အချို့သော နယ်စပ်ဂိတ်များကို ပိတ်ထားရကြောင်း၊ အချို့သော ဝန်ထမ်းများ၊ ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု မရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုး စီးပွားအတွက် တရားမဝင်ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းဖြင့် နယ်စပ်ဒေသရှိ လက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်နိုင်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်က အပြစ်တင်သွားသည်။

    အလားတူ ယနေ့ ထုတ်ပြန်သော စစ်တပ်၏ ဝါဒဖြန့် သတင်းစားများတွင် ကျားဖြန့် လုပ်ငန်းများနှင့်ပတ်သက်၍ EAOs ၊ KNU ၊ KNLA နှင့် NCA လက်မှတ်ရေးထိုးထားသော တချို့သော EAOs များ၊ နယ်ခြားစောင့်တပ်များက ပါဝင်လျက်ရှိကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက အပြစ်ဖို့သည်။

    “၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ မြ၀တီမြို့နဲ့ အလှမ်းကွာဝေးတဲ့ ခုနက နယ်မြေတွေမှာ တိုင်းရင်းသားလက်နက်ကိုင် EAOs ၊ KNU ၊ KNLA အဖွဲ့ပြီးရင် NCA စာချုပ်လက်မှတ်ရေးထိုးထားတဲ့ တချို့သော EAO အဖွဲ့တွေ ပြီးရင် နယ်ခြားစောင့်တပ်ဖွဲ့ အမည်ခံတပ်ဖွဲ့တွေ ဝင်ရောက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အဲဒီလူတွေကိုပဲ ချည်းကပ်ပြီးတော့ ကိုယ်ကျိုးရှာ စီးပွားရေးသမားတွေကတော့ အဲဒီလူတွေနဲ့ဆက်စပ်ပြီးတော့ ဒီလုပ်ငန်းတွေ(ကျားဖြန့်) ကို လုပ်ဆောင်နေတာဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။

    ရွှေက္ကိုလ်မြို့သစ်မှာ Myanmar Yatai International Holding Group ၊ ကျောက်ခတ်နယ်မြေတွင် Chongkhaed Garde Resort ကုမ္ပဏီတို့က ပါဝင်ပတ်သက်နေကြောင်း အကြမ်းဖက် ဇော်မင်းထွန်းကပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာနေသော တိုင်းပြည် မတည်ငြိမ်မှုများအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွင် အဓိက တာဝန်ရှိကြောင်း ပြစ်တင်ပြောဆိုမှုများကို မကြာခဏ လုပ်ဆောင်လေ့ရှိသည်။

  • ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရတာကြောင့် တီးတိန်မှာဆေးကုနေရ

    ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရတာကြောင့် တီးတိန်မှာဆေးကုနေရ

    ကနေဒီတောင်တိုက်ပွဲကို ဦးဆောင်နေတဲ့ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရတာကြောင့် တီးတိန်မှာဆေးကုနေရ

    ချင်းတပ်ဖွဲ့တွေ ကနေဒီတောင်ကုန်းကို ပြည်လည်သိမ်းပိုက်ပြီးနောက် တာဝါတိုင်ကုန်း စစ်အုပ်စုစခန်းကို ဆက်လက်ထိုးစစ်ဆင်

    ချင်းပြည်နယ်၊ တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်က စစ်အုပ်စုသိမ်းပိုက်ထားတဲ့ ကနေဒီတောင်ကုန်းကို တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့သလို စစ်အုပ်စုဘက်က တိုက်ပွဲမှာ ဦးဆောင်ကွပ်ကဲတဲ့ စစ်အုပ်စုခြေလျင်တပ်ရင်း ခလရ -၂၆၉ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းထန်ရကာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    စစ်အုပ်စုတပ်တွေက အောက်တိုဘာ ၂၉ ရက်နေ့ကတည်းက ကလေး – နတ်ချောင်း- ဝေဘူလမြို့ကနေ စစ်ကြောင်းတစ်ကြောင်း၊ တီးတိန်မြို့ပေါ်ကနေ စစ်ကြောင်းတစ်ကြောင်း ကလေးမြို့ ကလေး -တီးတိန်-လမ်းလမ်းမကြီးကနေ စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်းအား ၇၀၀ ခန့်ပါတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ ဝင်ရောက်နေတာ ဖြစ်ပါတယ်။

    စစ်ကြောင်းတွေ ဝင်ရောက်ပြီးနောက် စစ်အုပ်စုတပ်တွေက ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ ကနေဒီတောင်ကုန်းနဲ့ ဝေဘူလမြို့ကို တပတ်အကြာ ပြန်လည် ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

    စစ်အုပ်စုတပ်တွေ ထိန်းချုပ်ထားတဲ့ ကနေဒီတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်တွေက နိုဝင်ဘာလ ၁၇ ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သလို သိုင်းငင်းကျေးရွာနဲ့ တာဝါတိုင်ကုန်း စစ်အုပ်စုစခန်းကို ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ ချင်းညီနောင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “PDF -Zoland က ကနေဒီတောင်ကိုပြန်ရတယ်။ သိုင်းငင်းတာဝါတိုင်ကုန်းကို ထိုးစစ်ဆင်နေတယ်”

    တိုက်ပွဲအတွင်းမှာ အနောက်မြောက်တိုင်း(နခမ)တိုင်းမှူးအမိန့်နဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခြေလျင်တပ်ရင်း -ခလရ ၅၀ တပ်ကနေ ချင်းပြည်နယ်၊တီးတိန်မြို့ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ကာ ကနေဒီတောင်တိုက်ပွဲကို ဦးဆောင်ကွပ်ကဲနေတဲ့ ခလရ -၂၆၉ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ် ဒဏ်ရာအပြင်းရရှိခဲ့တာကြောင့် တီးတိန်မြို့ပေါ်က ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    “ကနေဒီတိုက်ပွဲမှာ ဒဏ်ရာရတာ။ မုံရွာ နမခ စစ်တိုင်းမှူးအမိန့်နဲ့ မကွေးကနေ ပြောင်းလာတာ ၊ ဗျူဟာမှူး ဗိုလ်မှူးလှမျိုးထွဋ်တဲ့ တီးတိန်ဆေးရုံကြီးမှာ ဆေးကုနေတယ်”

    ဒါ့အပြင် သိုင်းငင်းတာဝါတိုင်ကုန်းကို ထိုးစစ်ဆင်ချိန်မှာလည်း စစ်အုပ်စုတပ် ပစ်ခတ်မှုကြောင့် ချင်းအမျိုးသားတပ်ဦး(CNA/CNF)က ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    လက်ရှိအချိန်မှာ တော့ ကလေး-တီးတိန် -ဖလမ်းလမ်းကြီး တလျောက်နဲ့ ဖလမ်းမြို့ အနီးမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုတွေ တိုက်ပွဲ ပြင်းထန်နေပြီးတော့ စစ်အုပ်စုက လေကြောင်းနဲ့ အဆက်မပြတ်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဒါ့အပြင် ချင်းပြည်နယ် တီးတိန်နဲ့ ဖလမ်းမြို့နယ်တွေကို စစ်ကြောင်းသုံးကြောင်းနဲ့ သုံးပတ်နီးပါးအကြာ စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုတပ်တွေက နိုဝင်ဘာ ၁၈ ရက်မှာ ဖလမ်းမြို့နဲ့ ၁၄ မိုင်ခန့် အကွာကို စစ်ကြောင်းတွေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

    ချင်းပြည်နယ်မှာတော့ ချင်း တော်လှန်ရေးတပ်တွေက ဖလမ်းမြို့အပါအဝင်မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ်ထားပါတယ်။လက်ရှိအချိန်မှာတော့ ဟားခါး၊ထန်တလန်၊တီးတိန် ၊ခိုင်ကမ်း မြို့ နဲ့တော်လှန်ရေးအင်အားစု သိမ်းပိုက်ထားတဲ့ ‌ဝေဘူလမြို့အပါအဝင် မြို့ငါးမြို့ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်ထားပါတယ်။

  • နမခတိုင်းမှူးနှင့် တပ်မ-၃၃ ဒုတပ်မမှူးကို အချုပ်ချစစ်ဆေးနေ

    နမခတိုင်းမှူးနှင့် တပ်မ-၃၃ ဒုတပ်မမှူးကို အချုပ်ချစစ်ဆေးနေ

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးအား အကျယ်ချုပ်ဖြင့် ခုံရုံးဖွဲ့စစ်ဆေးနေသည့်အပြင် တပ်မ-၃၃ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးကိုလည်း အချုပ်ချစစ်ဆေးနေကြောင်း စစ်တပ် CDM သတင်းအရင်းအမြစ်က ပြောသည်။

    ၎င်းတို့နှစ်ဦး အချုပ်ချစစ်ဆေးခံရသည့် အကြောင်းရင်းများအနက် ဟုမ္မလင်းဒေသ ရွှေလုပ်ကွက်များထံ ကန့်သတ်ကုန် ပစ္စည်းများအား လာဘ်ငွေရယူပြီး တင်သွင်းခွင့်ပေးခြင်းနှင့် စစ်ဆေးရေးဂိတ်များတွင် ကုန်ကားများထံမှ ပိုက်ဆံရယူကာ ဖြတ်သန်းခွင့်ပေးခြင်းများ ပါဝင်ကြောင်း သိရသည်။

    နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးသည် အလုပ်သင်ဗိုလ်သင်တန်း (တေဇ- ၂၆)မှဖြစ်ပြီး တပ်မ ၁၁ လောက်ကိုင်ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ ကျောက်မဲ အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်တို့တွင် တပ်မမှူးတာဝန်ယူခဲ့ကာ ၂၀၂၄ သြဂုတ် ၃ ရက်၌ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်များ အရှေ့မြောက်တိုင်းစစ်ဌာ နချုပ်(ရမခ) အခြေစိုက်ရာ လားရှိုးကို သိမ်းပိုက်စဉ် တိုင်းမှူး ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ နှင့်အတူ အရာရှိ၊ စစ်သည် ၄,၀၀၀ ကျော် လက်နက်ချအညံ့ခံမှုအတွင်း ပါဝင်ခဲ့သူလည်း ဖြစ်သည်။

    MNDAA က ပြန်လွှတ်ပေးခဲ့ပြီးနောက် အရေးယူမခံရဘဲ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ အမှတ်(၁၃) တပ်မတော် တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တကက-၁၃) ကျောင်းအုပ်ကြီးဖြစ်လာသလို ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်တွင် တိုင်းမှူးအဖြစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။

    စစ်ကိုင်းမြို့နယ်အခြေစိုက် တပ်မ-၃၃ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇင်မျိုးဦးသည် ပြီးခဲ့သည့် မတ်လအတွင်း၌ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသတိုက်ပွဲတွင် ဒဏ်ရာရခဲ့ဖူးကာ ၎င်း၏လက်ကိုင်ဖုန်းအား တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့သည်။

    ယင်းလက်ကိုင်ဖုန်းအတွင်းမှ ရှမ်းနီပြည်သူ့စစ် (SNA)တပ်ဖွဲ့ထံ လက်နက်ငယ် ၁၅၀ ကျော်၊ လက်နက်ကြီး ၁၂ လက်နှင့် ခဲယမ်းကျည် သောင်းနှင့်ချီကာ သယ်ဆောင်ပေးခဲ့သည့် အချက်အလက်များ တွေ့ရှိခဲ့ရကြောင်း တော်လှန်ရေးတပ်များက ပြောထားသည်။

    ပုံစာ – နမခတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး (ပုံဟောင်း)