Tag: News

  • ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရသည့် သတင်းမဟုတ်မှန်ဟုဆို

    ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရသည့် သတင်းမဟုတ်မှန်ဟုဆို

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရဘူးဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်တဲ့အကြောင်း PPP တာဝန်ရှိသူနဲ့ နီးစပ်သူက ပြောပါတယ်။

    “အဲဒီသတင်းတွေက ကောလာဟလတွေဖြစ်နေတာတဲ့။ ဒေါ်သက်သက်ခိုင်အတွက် ရန်ကုန် တိုင်းကော်မရှင်ရုံးမှာတောင် ကိုယ်စားလှယ်လောင်း ကတ်ပြားထုတ်ပြီးပါပြီလို့ ပြောတယ်။ အဲဒါ သတင်းအမှားပါတဲ့”လို့ အဲဒီ နီးစပ်သူက ပြောပါတယ်။

    ဒေါ်သက်သက်ခိုင်အနေနဲ့ ကိုယ်စားလှယ်လောင်းအရည်အချင်းပျက်ယွင်းတဲ့အတွက် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်မရဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက လူမှုကွန်ရက်မှာ ပျံ့နေခဲ့တာဖြစ်ပါတယ်။

    PPP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင်ဟာ ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ တို့ပါဝင်တဲ့ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှာ FPTP (နိုင်သူအကုန်ယူ) စနစ်နဲ့ ဝင်ပြိုင်မယ်လို့ သိရပါတယ်။

    ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကနဦးကြေညာတဲ့ အမတ်လောင်း စာရင်းမှာ ဒေါ်သက်သက်ခိုင်နာမည်ပါဝင်ခဲ့ပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အပြီးသတ် ထုတ်ပြန်ချက်မှာ ပါမလာတော့တာ ဖြစ်ပါတယ်။

    NLD ရဲ့ အမတ်ဟောင်း ဒေါက်တာသက်သက်ခိုင်ဟာ သီးခြားပါတီထောင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဝင်ခဲ့ပေမဲ့ ရှုံးနိမ့်ခဲ့တယ်။

    ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက ခန့်အပ်တဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးတာဝန်တွေကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    UEC က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ဒေါက်တာသက်သက်ခိုင် မပါဝင်ဟု သတင်းထွက်

    အဆိုပါ သတင်းမှာ သတင်းအမှားဟု ပါတီတာဝန်ရှိသူတစ်ဦး ငြင်းဆို

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည့် ရွေးကောက်ပွဲယှဉ်ပြိုင်ခွင့်ရ ကိုယ်စားလှယ်လောင်းစာရင်းတွင် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင် မပါဝင်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

    သို့သော်လည်း အဆိုပါ သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ၏ တာဝန်ရှိသူတစ်ဦးက ငြင်းဆိုသည်။

    “UEC က ကျွန်မတို့ကို ကတ်တွေတောင် ထုတ်ပေးပြီးသွားပါပြီ။ ထွက်ပေါ်နေတဲ့ သတင်းတွေကလည်း သတင်းအမှားတွေပါ။ နာမည်စာရင်းလည်း မကျန်ပါဘူး။ သူ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ သွားကြည့်လို့ ရပါတယ်။ သတင်းအမှားတွေပါ” ဟု ပါတီ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ဒေါ်သက်သက်ခိုင်သည် နိုင်သူအကုန်ယူ စနစ်ဖြင့် ကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတားဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကြီး ခြောက်ခုတွင် ပါဝင်သည်။

    ထို့ပြင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း ၆၇၂ ဦး တင်သွင်းထားခြင်းဖြစ်သည်။

    မည်သည့်အကြောင်းကြောင်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခွင့် မရသည်ကို ထုတ်ပြန်ခြင်း မရှိသော်လည်း ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းသည့်အတွက် ဒေါက်တာသက်သက်ခိုင်အနေဖြင့် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် မရကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အမတ်လောင်း စာရင်းတွင် ၎င်း၏ နာမည် မပါဝင်လာခြင်းဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြထားသည်။

    ကွန်ဒိုအိမ်ရာစီမံကိန်းများကြောင့် ငွေကျပ်ဘီလျံ ၁၀၀ ကျော် အကြွေးတင်နေသည့်အတွက် ဒေါ်သက်သက်ခိုင်မှာ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရကြောင်း သတင်းအချို့တွင် ဖော်ပြထားသော်လည်း အဆိုပါ အကြွေးများ ကျေသည်မှာ ကြာပြီဖြစ်ကြောင်း PPP ပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    “အခု အွန်လိုင်းမှာ ပြောနေကြတဲ့ အကြွေးတွေက ကျေတာ ကြာလှပြီ။” ဟုလည်း အထက်ပါ ပါတီတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ယခုကဲ့သို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ သက်သက်ခိုင် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း စာရင်းတွင် မပါဝင်ကြောင်း သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ ဆက်သွယ်မေးမြန်းနေသော်လည်း လတ်တလောတွင် ဆက်သွယ်မှုမရရှိသေးပေ။

    ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က သူမအ​နေနဲ့ ရွေးကောက်ပွဲ ဝင်ပြိုင်ခွင့်ရပြီးဟုဆို

    အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မရရှိဘူး ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

    ဒေါ်သက်သက်ခိုင် အနေနဲ့ ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းတဲ့အတွက် ရွေးကောက်ပွဲ ယှဥ်ပြိုင်ခွင့်မရဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

    ဒါနဲ့ပတ်သက်လို့ PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က “ကျမ အနေဖြင့် လာမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မှာ နိုင်သူအကုန်ယူစနစ် (FPTP) စနစ်မှာ ဝင်ရောက် ယှဥ်ပြိုင်ဖို့ UEC ထံမှ တရားဝင် ခွင့်ပြုချက် ရရှိပြီဖြစ်ပါတယ်ရှင်” လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ အသိပေး ရေးသားထားပါတယ်။

    ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် FPTP မဲဆန္ဒနယ် အမှတ် (၂) မှာ ဗဟန်း၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ လှိုင်၊ မရမ်းကုန်းနဲ့ မြောက်ဥက္ကလာပ စတဲ့ မြို့နယ် ရှစ်မြို့နယ်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

    ခုလို ​​ကောလာဟလသတင်းထွက်ပတ်သက်လို့ PPP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဖြစ်သူ ဦးစောဟန်အေးက “ဘာမှ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် ပုံကြီးချဲ့နေကြတာလည်း ဖြစ်မှာပေါ့။ သတင်းဆိုတာကတော့ ဒီလိုပဲ ကောလာဟလတွေကတော့ ထွက်မှာပဲ။ နိုင်ငံရေးသမား ဆိုတာ ထုံးစံအတိုင်း တိုက်ခိုက်မှုတွေကတော့ ရှိမှာပဲလက်ရှိ ထွက်နေတဲ့သတင်းက ဒါက တိုက်ခိုက်တဲ့ သဘောလည်း ပါပါတယ်။ “လို့ ပြောပါတယ်။

    အခုလို တိုက်ခိုက်ခံရတာမျိုးဟာ ရွေးကောက်ပွဲ နီးလာတဲ့အခါတိုင်း နိုင်ငံရေးသမားတွေ ကြုံလေ့ကြုံထရှိတဲ့ ကိစ္စရပ်ဖြစ်ပြီး ရွေးကောက်ပွဲကြီး ပြီးသွားတဲ့အခါကျရင်လည်း တိုက်ခိုက်မှုတွေက ဆက်ပြီး ရှိနေနိုင်သေးတယ်လို့ သူက ပြောပါတယ်။

    ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ကနဦးကြေညာတဲ့ အမတ်လောင်း စာရင်းမှာ ဒေါ်သက်သက်ခိုင်နာမည် ပါဝင်ခဲ့ပေမယ့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ အပြီးသတ် ထုတ်ပြန်ချက်မှာ ပါဝင်မလာတာ ဖြစ်တယ်လို့ သိရပါတယ်။

    ရန်ကုန်တိုင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစောထက်လင်းဦးကတော့ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ စာရင်းမှာ နာမည် မပါတာနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး အယူခံ ဝင်ရမှာ ဖြစ်ပြီး လက်ရှိမှာတော့ သတ်မှတ်ရက် ကျော်လွန်သွားပြီ ဖြစ်တယ်လို့ ပြောပါတယ်။

    “ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၇ ရက်နေ့ နောက်ဆုံး ကန့်ကွက်လွှာတင်ရတာပါ။ ရွေးကောက်ပွဲ နည်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ကန့်သတ်ချက်တွေနဲ့ ညှိစွန်းမယ် ဆိုရင်တော့ cancel ဖြစ်မှာပေါ့။ အခုချိန် အယူခံဝင်မယ် ဆိုရင်လည်း မရတော့ပါဘူး။ စက်တင်ဘာ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး အယူခံ ဝင်လို့ရတာလေ။ အခုကတော့ ရက်တွေလည်း ကျော်ကုန်ပြီ။ ကျွန်တော်တို့က ပြီးလို့ ကြေတောင် ကြေညာပြီးသွားပြီလေ” လို့ ပြောပါတယ်။

    လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၀၊ ပုဒ်မ ၁၅၂၊ ပုဒ်မ ၁၆၉ တို့နဲ့ အဲဒီ ပုဒ်မတွေက ဆင်းသက်တဲ့ လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ ပါ အရည်အချင်းတွေနဲ့ ပြည့်စုံသူ ဖြစ်ရမယ်လို့ သိရပါတယ်။

    ဒါအပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၁ နဲ့ အဲဒီပုဒ်မက ဆင်းသက်တဲ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၀ ပါ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းသူ မဖြစ်ဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

    ဒါအပြင် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ (ဃ) အရ လွှတ်တော် ကိုယ်စားလှယ်လောင်း တယောက်ဟာ နိုင်ငံတော်နဲ့ ပုဂ္ဂလိကကို မသင့်လျော်တဲ့ ပေးရန်တာဝန်တွေ ကင်းရှင်းသူဖြစ်ဖို့လည်း လိုအပ်ပြီး အထူးသတိပြုဖို့လည်း လိုအပ်တယ်လို့ သိရပါတယ်။

    လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာနဲ့အတူ လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုယ်တိုင်က နိုင်ငံတော်နဲ့ ပုဂ္ဂလိကကို မသင့်လျော်တဲ့ ပေးရန်တာဝန်တွေ ကင်းရှင်းသူဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံချက် ပူးတွဲ တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။

    လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်ချိန်မှာ အဲဒီ ပုဒ်မနဲ့ ငြိစွန်းကြောင်း ကန့်ကွက်ခံရပြီး မှန်ကန်ပါက လွှတ်တော် ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

    လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီးမှ အဲဒီပုဒ်မနဲ့ ငြိစွန်းကြောင်း တိုင်ကြားခံရပါကလည်း ရွေးကောက်ပွဲ ခုံအဖွဲ့ဖြင့် စစ်ဆေးချိန်မှာ မှန်ကန်ကြောင်း ပေါ်ပေါက်ပါက လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် ရှိမှာမဟုတ်ဘူးလို့ သိရပါတယ်။

  • ငွေသိန်းထောင်ချီ လာဘ်စားမှုဖြင့် ရပခတိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ဖမ်းဆီးစစ်ဆေး

    ငွေသိန်းထောင်ချီ လာဘ်စားမှုဖြင့် ရပခတိုင်းမှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ဖမ်းဆီးစစ်ဆေး

    ရပခတိုင်းမှူးဖြစ်တာ ရက် ၁၀၀ မပြည့်သေးတဲ့ ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ငွေကျပ်သိန်းပေါင်း ထောင်ချီ လာဘ်စားမှုနဲ့ အောက်တိုဘာ ၂၀ ရက်မှာ စစ်ကောင်စီက ဖမ်းဆီးပြီး အဂတိပုဒ်မနဲ့ စစ်ဆေးနေတယ်လို့ နေပြည်တော်သတင်းရင်းမြစ်ဆီက သိရပါတယ်။

    တရားမဝင်ကုန်စည်တွေကို ငွေကြေးသိန်းပေါင်းထောင်ချီရယူကာ လွှတ်ပေးခဲ့တဲ့ကိစ္စနဲ့ တိုင်ကြားခံရပြီးနောက် ကထစမှုး ၂ ဒုဗိုလ်ချုပ်ကြီး ဇော်မင်းလတ်နဲ့အဖွဲ့က ဖမ်းဆီးခဲ့ပြီး အောက်တိုဘာ ၂၂ ရက်မှာ အဂတိပုဒ်မနဲ့ အမှုဖွင့်စစ်ဆေးနေတာလို့ နေပြည်တော် သတင်းရင်းမြစ်က ပြောပါတယ်။

    “တရားမဝင်ကုန်စည်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ အများကြီးပါတယ်။ ငွေမရလို့ ဖမ်းတဲ့သူတွေထဲမှာ အကြီးအကဲတွေနဲ့ ပိုင်တဲ့သူတွေပါလို့ အတိုင်ခံရတာ။ ဖမ်းတာကလည်း ကစထမှူးကိုယ်တိုင် ဆင်းဖမ်းတာ။ အခု အဂတိပုဒ်မနဲ့စစ်နေတယ်။ သူ့ နေရာကို တပ်မ ၈၈ က တပ်မမှူးကို ခန့်လိုက်တယ်။”

    ပြီးခဲ့တဲ့ သြဂုတ် ၂၁ ရက်က ဗိုလ်ချုပ်ဇော်မင်းလတ်ကို ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးပြီးနောက် ဗထူးတပ်မြို့ (ကြည်း) တိုက်ခိုက်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ်နိုင်ဇော်ဦးကို ရပခတိုင်းမှူးအဖြစ် ခန့်ခဲ့တာပါ။

    ဗိုလ်ချုပ်ကြီးရဲဝင်းဦး မှတ်ချက်နဲ့ ဗိုလ်မှူးချုပ် နိုင်ဇော်ဦးမှာ တောင်ကြီးအခြေစိုက်အရှေပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာပြီးနောက် ငွေကြေးရယူကာ တရားမဝင်ကုန်စည်တွေကို လွှတ်ပေးတဲ့သတင်းတွေက နေပြည်တော်အထိပေါက်ခဲ့တယ်လို့ ရပခနဲ့ နီးစပ်သတင်းရင်းမြစ်က ပြောပါတယ်။

    “တိုင်းမှူးဖြစ်တာတောင် မကြာသေးဘူး အသံတွေအရမ်းထွက်နေလို့ ဒုချုပ်က သတိပေးသေးတယ်။ အလုပ်သင်ဗိုလ်ကနေ စရဖ ချုပ်မှတ်ချက်နဲ့ တိုင်းမှူးဖြစ်လာတာဆိုတော့ ထီမထင်သဘောနဲ့ ဆက်လုပ်တာ။ သူရဲ့ PSO မကောင်းတာလည်းပါတယ်။ အခုတော့ တိုင်းမှူးကလည်းပြုတ် ထောင်လည်းကျမယ့် အခြေအနေအထိရောက်သွားတယ်။”

    လတ်တလောမှာ တပ်မ ၈၈ တပ်မမှူး ဗိုလ်မှူးချုပ်ကျော်နိုင်ဦးကို အရှေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အဖြစ် အောက်တိုဘာလ ၂၃ ရက်မှာ စစ်ခေါင်းဆောင်က ခန့်လိုက်တယ်လို့ ရပခ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အရှေပိုင်းတိုင်းစစ်ဌာနချုပ်မှာ တိုင်းမှူး ၅ ယောက်အထိ ပြောင်းလဲခဲ့ပြီး အဆိုပါတိုင်းမှူးတွေကတော့ ဗိုလ်ချုပ် မျိုးမင်းထွန်း၊ ဗိုလ်ချုပ်လှမိုး၊ ဗိုလ်ချုပ်ဇော်မင်းလတ်၊ ဗိုလ်မှူးချုပ် နိုင်ဇော်ဦးနဲ့ ဗိုလ်မှူးချုပ် ကျော်နိုင်ဦးတို့ ဖြစ်ပါတယ်။

  • ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ဖြတ်ချခိုင်းတဲ့ ဘုန်းကြီး

    ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ဖြတ်ချခိုင်းတဲ့ ဘုန်းကြီး

    ၅ တန်းကျောင်းသူကို အဓမ္မပြုကျင့်ပြီး ကိုယ်ဝန်ဖြတ်ချခိုင်းတဲ့ ဘုန်းကြီးကို လူဝတ်လဲကာ ပထမအကြိမ် ရုံးထုတ်

    ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ ၅ တန်းကျောင်းသူ ကလေးငယ်တစ်ဦးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ပြီး ကိုယ်ဝန် ၅ လ ရှိချိန်မှာ ဖြတ်ချခိုင်းခဲ့တဲ့ ဘုန်းကြီးကို လူဝတ်လဲကာ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    မြောင်းမြမြို့၊ ဘုရားငုတ်တိုရှမ်းစုကျေးရွာရှိ ငွေဟင်္သာတောရကျောင်းမှ အသက် (၅၆) နှစ်၊ ဝါတော် (၁၅) ဝါရှိ ရဟန်းဘွဲ့ ဦးဥတ္တမ၊ လူအမည် ဦးအေးလွင်ဆိုသူ ဘုန်းကြီးတစ်ပါးက ကျောင်းတိုက်မှာ မှီခိုနေထိုင်နေရသူ ၅ တန်းကျောင်းသူကို အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    ကလေးငယ်ကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူ ဘုန်းကြီးဟာ ကလေးငယ် ကိုယ်ဝန်ရှိလာချိန်တွင် တရားစခန်းပွဲများ သွားရောက်မည်ဟုဆိုကာ ကျေးရွာကနေ ကလေးငယ်နဲ့ မိသားစုကိုပါ ခေါ်ဆောင်သွားပြီး ချင်းကုန်းကျေးရွာရှိ အရပ်လက်သည်ကို ခေါ်ယူကာ ကိုယ်ဝန်ဖျက်ချစေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    “ဖားအံကို ဘုန်းကြီးက ထွက်ပြေးသွားတာမှာ ရဲစခန်းအချင်းချင်း ချိတ်ဆက်ပြီးတော့ ဖမ်းမိတာ၊ အင်္ဂါနေ့က ပထမဆုံးရုံးထုတ်တယ်၊ လူဝတ်လဲခိုင်းပြီးသွားပြီ” လို့ အဲဒီအကြောင်းကို သိရှိထားသူ ဒေသခံတစ်ဦးက ပြောပါတယ်။

    နစ်နာသူကလေးငယ်ဟာ ကျန်းမာရေးထိခိုက်ခဲ့တာကြောင့် မြောင်းမြပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေးပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    ဒါ့အပြင် တရားမဝင်ကိုယ်ဝန်ဖြတ်ချပေးခဲ့သူ အရပ်လက်သည်အမျိုးသမီးကိုလည်း မြောင်းမြရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    “ကလေးကို တိုင်းရှေ့နေအဖွဲ့ကလည်း အခမဲ့လိုက်ပြီး ကူညီနေတယ်၊ လူမှုရေးအဖွဲ့တွေနဲ့ ကျောင်းက ဆရာ၊ ဆရာမတွေကလည်း ကူညီပေးနေပါတယ်” လို့ အဲဒီအကြောင်းကို သိရှိထားသူ မြောင်းမြဒေသခံက ပြောပါတယ်။

    လက်ရှိမှာ ကလေးငယ်နဲ့ မိသားစုဝင်တွေကို ကလေးငယ် တက်ရောက်ပညာသင်ကြားနေတဲ့ စာသင်ကျောင်းမှ ဆရာ၊ ဆရာမတွေက ကူညီစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

    ပုံစာ – ကျူးလွန်သူလို့ စွပ်စွဲခံရသူ ဦးဥတ္တမ (ခေါ်) ဦးအေးလွင်ကို မြင်ရပုံ

  • သက်သက်ခိုင်  လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ

    သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ

    မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်ကာ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိသည့် သက်သက်ခိုင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရ

    ရန်ကုန်မြို့တွင် မအောင်မြင်သော 68 Residence အိမ်ရာစီမံကိန်းကြောင့် ငွေကျပ် ဘီလီယံ ၁၀၀ ကျော်အကြွေးတင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ သက်သက်ခိုင်မှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရကြောင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ကမ္ဘာအေးဘုရားလမ်းနှင့်ဆရာစံလမ်းထောင့်ရှိ 68 Residence အိမ်ရာစီမံကိန်းကို သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘဏ်ထံမှ ငွေကျပ် ဘီလီယံ ၁၀၀ ကျော် ချေးငှားခဲ့ကြောင်း၊ သို့ရာတွင် 68 Residence အိမ်ရာစီမံကိန်းမှာ အချိန်မီ ပြီးစီးခြင်းမရှိခြင်း၊ အခန်းအပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင် ကမ္ဘောဇဘဏ်မှ ချေးယူထားသော ငွေကျပ် ဘီလီယံ ၁၀၀ ကျော်မှာလည်း ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိကြောင်း သိရှိရသည်။

    “လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်မှာ လူမွဲအဖြစ် သက်ဆိုင်ရာ တရားရုံး၏ ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့် မရသေးသူ ဆိုတာ ပါတယ်။ အဲဒီတော့ ဒေါ်သက်သက်ခိုင်ကိစ္စက လူမွဲတော့ မကြေညာခံရသေးသော်လည်း အကြွေးပြန်မဆပ်နိုင်လို့ တရားတဘောင် ဖြစ်နေတဲ့သဘောတော့ရှိတယ်။ ဆိုတော့ အရည်အချင်းသတ်မှတ်ချက်နဲ့ကတော့ ငြိတယ်လို့ ပြောလို့ရသလို မငြိသေးဘူးလို့လည်း ပြောလို့ရတယ်။ ဒါပေမယ့် အကြွေးမဆပ်နိုင်တာမို့လို့ လူမွဲအဖြစ် ကြေညာခံရတာမျိုးလည်းရှိလာနိုင်တယ။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ကနေ ပယ်ဖျက်ခြင်း၊ မပယ်ဖျက်ခြင်းကတော့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ဆင်ခြင်တုံတရားအပေါ်မှာပဲ မူတည်ပါတယ်” ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက သုံးသပ်ပြောဆိုသည်။

    ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းနှင့်ကမ္ဘာအေးဘုရားလမ်းရှိ မြေတစ်ဧကပေါ်တွင် တည်ဆောက်ခဲ့သော ၂၇ ထပ်အမြင့်ရှိ 68 Residence အဆင့်မြင့်ကွန်ဒိုကို United GP Development ကုမ္ပဏီက တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး သက်သက်ခိုင်နှင့်အောင်ကျော်ဝင်းမှာ အဆိုပါကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့်ဒါရိုက်တာများဖြစ်ကြသည်။

    ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ဥက္ကဋ္ဌ သက်သက်ခိုင်မှာ လာမည့် စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်လွှာတင်သွင်းခဲ့ပြီး ၎င်း၏ မဲဆန္ဒနယ်တွင် ဗဟန်း၊ ကမာရွတ်၊ အလုံ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း မြောက်ဥက္ကလာပမြို့နယ်တို့ပါဝင်သည်။

    သက်သက်ခိုင်၏ ပါတီမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

    သက်သက်ခိုင်သည် ၂၀၁၅ ခုနှစ်တွင် NLD ပါတီ၏ ဒဂုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် NLD ပါတီမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ရှေ့ဆောင်ပါတီ ထူထောင်ခဲ့ ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီမှာ အမတ်နေရာ တစ်ခုမှ အနိုင်မရရှိဘဲ ခွက်ခွက်လန်အောင် ရှုံးနိမ်ခဲ့သည်။

    သက်သက်ခိုင်မှာ ၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၂၃ ဩဂုတ် ၃ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ် ခံရကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဝန်ကြီးရာထူးတာဝန်များမှ အနားပေးခံခဲ့ရသည်။

  • ကျောက်မဲတွင် လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်

    ကျောက်မဲတွင် လေကြောင်းဗုံးကြဲမှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်

    ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကော်ပေါင်ကျေးရွာကို တိုက်ပွဲမရှိဘဲ စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ကိုရင်ငါးပါးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

    ယမန်နေ့( အောက်တိုဘာ ၂၄ ရက် )ညနေ ၄ နာရီခန့်တွင် လေကြောင်းမှ ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းပေါ် ကျရောက်ပြီး သက်တော် ၇၀ ဝါတော် ၅၀ ရှိသည့် ကျောင်းထိုင်ဆရာတော် အရှင်ကျန္တာပျံလွန်တော်မူခဲ့ရကြောင်း TNLA က ထုတ်ပြန်ထားသည်။

    ထို့အပြင် ကိုရင်များဖြစ်သည့် သက်တော် ၁၈ နှစ်အရွယ် အရှင်အိုက်ကျန်၊ သက်တော် ၁၇ နှစ်အရွယ် အရှင်ကုမ္မရ၊ သက်တော် ၁၄ နှစ်အရွယ် အရှင်ဩရသ၊ သက်တော် ၁၃ နှစ်အရွယ် အရှင်ဝိရိယ၊ သက်တော် ၁၃ နှစ်အရွယ် အရှင်စန္ဒိ တို့အပြင် အသက် လေးနှစ်အရွယ် မောင်အိုက်တင် နှင့် ဦးကျန်ဒိ (၉၆ နှစ်) တို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ ကျောင်းဆောင် နှင့် နေအိမ်နှစ်လုံး ထိမှန်ပျက်ဆီးခဲ့ကြောင်း သိရသည်။

    ကော်ပေါင်ကျေးရွာသည် ကျောက်မဲမြို့နယ်နှင့် မိုင်းလုံမြို့နယ်ကြားတွင် တည်ရှိပြီး၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ကျောက်မဲမြို့နယ်တွင် ပါဝင်သော်လည်း လက်ရှိ ထိုနေရာတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အုပ်ချုပ်မှုအောက်တွင် ရှိသောကြောင့် TNLA က မိုင်းလုံမြို့နယ်တွင် ထည့်သွင်းထားသည်။

    “ကော်ပေါင်က အမှန်တော့ ကျောက်မဲမြို့ထဲပါတယ်ပေါ့နော်။ ဒါပေမယ့် TNLA က သူတို့အုပ်ချုပ်ရေးနယ်မြေ မိုင်းလုံမြို့နယ်ထဲကို ထည့်ထားတာပါ။ တိုက်ပွဲတွေကတော့ မရှိပါဘူး” ဟု သတင်းရင်းမြစ်က ပြောသည်။

    ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အောက်တိုဘာ ၁ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် သီပေါ ဘက်သို့ ဆက်လက်စစ်ကြောင်းထိုးကာ သီပေါမြို့ကို အောက်တိုဘာ၁၆ ရက်နေ့တွင် စစ်ကော်မရှင်တပ်က ထပ်မံထိန်းချုပ်နိုင်ခဲ့သည်။

    စစ်ကော်မရှင်သည် ၎င်းတို့လက်လွှတ်ထားသည့် နေရာများကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လေ့ရှိသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့မှ ၂၄ ရက်နေ့တွင်း TNLA ထိန်းချုပ်ထားသည့် မြို့ ကိုးခုတွင် လေကြောင်းဗုံးကြဲမှု ၃၆ ကြိမ် လုပ်ဆောင်ခဲ့ပြီး ကလေးငယ် ၁၀ ဦးအပါအဝင် ဒေသခံပြည်သူ ၄၇ ဦး သေဆုံးကာ သံဃာနှစ်ပါး အပါအဝင် ၆၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA ၏ ယနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဓါတ်ပုံ- ကော်ပေါင်ကျေးရွာတွင် အောက်တိုဘာ ၂၄ ရက် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများ။ (TNLA)