Tag: News

  • မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ ကျော်အနက် ၁၀၀ ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို

    မံစီမြို့သိမ်းတိုက်ပွဲမှထွက်ပြေးသည့် စစ်ကောင်စီတပ်အင်အား ၃၀၀ ကျော်အနက် ၁၀၀ ကျော်သာ ဗန်းမော်သို့ ပူးပေါင်းနိုင်ဟုဆို

    ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွား၍ KIAပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ဇန်နဝါရီ ၈ရက်တွင် စစ်ကောင်စီ၏ မံစီမြို့အခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ(၃၁၉)၊ ခမရ(၆၀၁)နှင့် အမတ(၃၅၂)တို့ကို KIA/KPDFနှင့် ABSDF ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၀၀ ကျော်မှာ မံစီမှ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

    အဆိုပါ ထွက်ပြေးသည့် စစ်ကောင်စီတပ်များအား KIA ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ ဇန်နဝါရီ ၉ရက်မှ ဇန်နဝါရီ ၁၂ရက်အတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ခန့် တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ဟု သတင်းရင်းမြစ်က ပြောသည်။

    “ ၁၀၀ကျော် ဗန်းမော်သို့ ဝင်ရောက်သွားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    ပြီးခဲ့သည့် ရက်ပိုင်းကလည်း မံစီမြို့မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး အထိနာခဲ့သည့် ရုပ်သံမှတ်တမ်းကို ကချင်သတင်းရင်းမြစ်တို့က ဖော်ပြခဲ့ရာ ရုပ်အလောင်းများ၊ စစ်ကောင်စီတပ် ၏ လက်နက်ခဲယမ်းများစွာ သိမ်းရထားသည်ကို တွေ့ရသည်။

    မံစီမြို့သိမ်းတိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ကျောင်းသားတပ် ABSDFကလည်း မံစီမြို့သိမ်း ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်ခဲ့ရာ “ မံစီမြို့သိမ်း တိုက်ပွဲတွင် ထိခိုက်ကျဆုံးသွားသော ရဲဘော်များအား တပ်ဦးနှင့် တပ်မတော်မှ မှတ်တမ်းတင်ဂုဏ်ပြုတပ်ပါသည်” ဟု ရေးသားခဲ့သည်။

    အဆိုပါ ရုပ်သံတွင် ABSDF တပ်ဖွဲ့ဝင်များ၏ စစ်ရေးလှုပ်ရှားမှု ၊ တိုက်ပွဲအတွင်း လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်တိုက်ခိုက်နေမှုများ၊ မံစီမြို့ရှိ စစ်ကောင်စီတပ်များ သိမ်းပိုက်ပြီးနောက် ရဲဘော်၊ရဲမေများ အောင်ပွဲခံနေမှု မြင်ကွင်းများကို ဖော်ပြထားသည်။

    KIA ပူးပေါင်းတပ်သည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် မံစီနှင့် ဗန်းမော်မြို့ကို တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တစ်လကျော်အကြာတွင် မံစီမြို့ရှိ စစ်ကောင်စီလက်ကျန်တပ်စခန်းအားလုံး သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိတွင်လည်း ဗန်းမော်မြို့ရှိ စစ်ကောင်စီ၏ လက်ကျန် ပင်မတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည်။

    (မံစီမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော ကျောင်းသားတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – ABSDF)

  • တောင်သာ အထက (၁)တပ်စွဲထားတဲ့ စစ်တပ်ကို PDF ​တွေတိုက်ခိုက်

    တောင်သာ အထက (၁)တပ်စွဲထားတဲ့ စစ်တပ်ကို PDF ​တွေတိုက်ခိုက်

    တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးက ​ပြောပါတယ်။

    ဇန်နဝါရီလ (၁၃)ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ တောင်သာမြို့၊ အထက ၁ ကျောင်းထဲကိုတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ဝင်​ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။

    “အမြင်က ၈ ယောက် ၁၀ ယောက်လောက်သေတယ်။ ဒဏ်ရာရတွေလည်းရှိတယ်။ သူတို့အလစ် အငိုက်တိုက်ခံရတာ”လို့မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှူးကပြောပါတယ်။

    သေဆုံးတဲ့အထဲ နာမည်ကြီးတပ်ကြပ်ကြီးအောင်မင်းဆိုသူလည်းပါတယ်လို့သိရပါတယ်။

    အထက(၁)မှာ စစ်သား ၄၀​ ကျော်လောက် တပ်စွဲထားတာဖြစ်ပြီး အဲဒီကနေတဆင့်ထွေအုပ်၊ မြို့ဝင်ဂိတ်တွေနဲ့ ဘဏ်တွေကိုလုံခြုံရေးပေးထားတာလို့သိရပါတယ်။

    တော်လှန်ရေးတပ်တွေဝင်တိုက်စဥ် တခြားနေရာတွေကို စစ်သားတွေက လုံခြုံရေးဖြန့်ပေးထားတာမို့ ကျောင်းအတွင်းမှာ၂၁​ ယောက်လောက်သာရှိပြီး တိုက်ခိုက်ခံရစဥ် ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ် လို့သူကဆက်​ပြောပါတယ်။

    စစ်တပ်ကိုတိုက်ခိုက်ပြီး စစ်ကောင်စီအလံကိုဖြုတ်ချပြီး PDF ခရိုင်တပ်ရင်း(၃) ရဲ့အလံကိုလွှင့်ခဲ့သလို မြို့တွင်းကစစ်ကောင်စီဂိတ်တွေအားလုံးကိုလည်းဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ တပ်ရင်းမှူးကပြောပါတယ်။

    ဒီတိုက်ခိုက်မှုမှာ RPG ကိုပါအသုံးပြုတိုက်ခိုက်ခဲ့တာမို့ စစ်ကောင်စီလက်နက်တွေအပျက်အစီး ရှိခဲ့ပြီး MA-1 တလက်နဲ့ ကျည်ဘောက်၊ ကျည်တချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။

    (စစ်တပ်ထံမှ PDF​ တွေ သိမ်းဆည်းရရှိခဲ့တဲ့​သေနတ်နဲ့ကျည်​ဘောက်။ ဓါတ်ပုံ-မြင်းခြံခရိုင်အမှတ်(၃) တပ်ရင်း ။)

  • စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ

    စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေ

    ရခိုင်ပြည်၊ အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်သော်လည်း စစ်တွေကို အခြေပြု၍ နပခတိုင်းစစ်ဌာနချုပ် ယန္တရားနှင့် လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်နေကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ ရခိုင်ပြည်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီက စစ်တွေမြို့ပေါ်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အဖြစ် ရုံးနှင့် အင်္ဂါစဉ်များကို သတ်မှတ်၍ ယန္တရားနှင့် လုပ်ငန်းများ ပြန်လည် လည်ပတ်နေကြောင်း၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာလည်း စစ်တွေမြို့တွင်ပင် ရုံးထိုင်၍ နပခ လုပ်ငန်းစဉ်များကို အပြည့်အ၀ ဦးစီးလျက်ရှိကြောင်း၊ နပခရုံးအတွက် လိုအပ်သည့် စစ်ရာထူးများကိုလည်း ပြန်လည် ခန့်ထားပြီး ဗိုလ်မှူးကြီးတချို့ကို နေပြည်တော်က စေလွှတ်ထားကြောင်း သိရှိရသည်။

    “စစ်တွေမြို့မှာ နပခ ပြန်လည် အခြေတည်ထားပါတယ်။ လားရှိုး ရမခ ကျတော့ မိုင်းရယ်မှာ ရမခ ပြန်တည်သလိုပါပဲ။ အခု အမ်းမှာ နပခ ကျတော့ စစ်တွေမှာ ပြန်တည်ထားပါတယ်။ တိုင်းမှူးရော နေပြည်တော်က စေလွှတ်တဲ့ ဗိုလ်မှူးကြီးတွေလည်း အဲဒီမှာ ရုံးထိုင်ကွပ်ကဲနေပါတယ်။ လိုအပ်တဲ့ စစ်ရာထူး အင်္ဂါစဉ်တွေလည်း ပြန်လည် ခန့်အပ်ပြီး လုပ်ငန်းလည်ပတ်နေပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

    AA က နပခကို သိမ်းပိုက်စဉ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါ ဖမ်းဆီးခံရသော ဗိုလ်မှူးချုပ်များ၏ နေရာများတွင် နေပြည်တော်က ဗိုလ်မှူးကြီး တချို့ကို အစားထိုးခန့်အပ်ထားကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ လက်လွှတ်ဆုံးရှုံးထားရသော စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်များ၏ တပ်မမှူးများကိုလည်း အစားထိုးခန့်အပ်ပြီး စစ်တွေတွင် ရုံးထိုင်ခိုင်းထားကြောင်း သိရှိရသည်။

    စစ်တွေတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို ထိုကဲ့သို့ ပြန်လည် ဖွဲ့စည်းထားခြင်းမှာ ရခိုင်ပြည်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များကို ပြန်လည် သိမ်းပိုက်ပြီးပါက အသင့်ပြန်လည် လုပ်ငန်းနှင့် ယန္တရား လည်ပတ်နိုင်ရေးဖြစ်ကြောင်း သိရှိရသည်။

    ထို့ပြင် စစ်တွေမြို့ကို AA က တိုက်ခိုက်လာပါက ကာကွယ်နိုင်ရန်အတွက် ကြည်း ၊ရေ၊ လေ ပူးတွဲ စစ်ဆင်ရေး စီမံချက်များလည်း ရေးဆွဲထားပြီး စစ်အင်အားကိုလည်း ထောင်ချီ ဖြည့်တင်းထားကြောင်း သိရှိရသည်။

  • စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ကိုတင်အောင်ဝင်း ဆီဆိုင်မြို့ တိုက်ပွဲတွင် သေဆုံးသွားသော်လည်း စစ်တပ်က မိသားစုဝင်များကို အသိမပေး

    စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ကိုတင်အောင်ဝင်း ဆီဆိုင်မြို့ တိုက်ပွဲတွင် သေဆုံးသွားသော်လည်း စစ်တပ်က မိသားစုဝင်များကို အသိမပေး

    မရမ်းကုန်း သမိုင်းမြို့သစ် ၁ ရပ်ကွက်မှ တပ်သားသစ်အဖြစ် အတင်းအဓမ္မ စုဆောင်းခံရသော စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းဆင်း ကိုတင်အောင်ဝင်း ဆီဆိုင်မြို့ တိုက်ပွဲတွင် သေဆုံးသွားသော်လည်း စစ်တပ်က မိသားစုဝင်များကို အသိမပေး

    ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် သမိုင်းမြို့သစ် ၁ ရပ်ကွက်တွင် အကြမ်းဖက် စစ်တပ်၏ စစ်မှုထမ်း တပ်သားသစ် အဖြစ် အတင်းအဓမ္မ စုစောင်းခံရသော အပတ်စဉ် ၁ သင်တန်းဆင်း ကိုတင်အောင်ဝင်း ဆီဆိုင်မြို့ တိုက်ပွဲအတွင်း သေဆုံးသွားသော်လည်း စစ်တပ်က မိသားစုဝင်များ အသိမပေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များကပြောဆိုသည်။

    ၂၀၂၄ ခုနှစ် ဧပြီလပိုင်းတွင် မရမ်းကုန်းမြို့နယ် သမိုင်း ၁ ရပ်ကွက်၌ အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ အသက် ၃၂ နှစ် အရွယ် ကိုတင်အောင်ဝင်း ကို အုပ်ချုပ်ရေးနှင့် ပျူစောထီးများက နေအိမ်အတွင်း လာရောက် ဖမ်းဆီးသွားပြီး အတင်းအဓမ္မ စစ်တပ်ထဲ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ထိုသို့ အတင်း အဓမ္မ စစ်မှုထမ်း တပ်သားသစ် စုစောင်းခံရပြီးနောက် အကြမ်းဖက် စစ်တပ်က စစ်သင်တန်း ၃ လပေးပြီး ရှေ့တန်းကို ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း၊ ရှေ့တန်း စစ်မျက်နှာပြင်ကို ရောက်ရှိပြီးနောက် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဆီဆိုင်မြို့၌ ဖြစ်ပွားသော တိုက်ပွဲအတွင်း ကိုတင်အောင်ဝင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ရှေ့တန်း တိုက်ပွဲအတွင်း ကိုတင်အောင်ဝင်း သေဆုံးသွားသော်လည်း အကြမ်းဖက် စစ်တပ်က မိသားစုဝင်များ အသိမပေးကြောင်း၊ ကိုတင်အောင်ဝင်း၏ မိတ်ဆွေ ဖြစ်သူများက မိသားစုဝင်များကို ဆက်သွယ်ပြောမှသာ တိုက်ပွဲအတွင်း သေဆုံးသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း၊ ကိုတင်အောင်ဝင်းသည် ရှေ့တန်း တိုက်ပွဲတွင် သေဆုံးခဲ့သော်လည်း အကြမ်းဖက် စစ်တပ်က မိသားစုဝင်များကို မည်သည့် အကျိုးခံစားခွင့်မှ ပေးပို့ ထောက်ပံ့ခြင်းမရှိကြောင်း သိရသည်။

    “မရမ်းကုန်း သမိုင်းမြို့သစ် ၁ ရပ်ကွက်မှာ စစ်မှူထမ်း အမှတ်စဉ် ၁ က ပါသွားတဲ့ တင်အောင်ဝင်း (ခေါ်) အဖိုးကြီး ဆီဆိုင်မြို့ တိုက်ပွဲမှာကျသွားတာကိုအကြမ်းဖက် စစ်တပ်က မိသားစုဝင်တွေဆီကို အကြောင်း မကြားဘူး။ ၄ ရက်လောက်က တိုက်ပွဲမှာ ကျသွားတာလို့သိရတယ်။ သူ့မိတ်ဆွေတွေက သူတို့ မိသားစုကို အကြောင်းကြားမှ သိရတာ အကြမ်းဖက် စစ်တပ်က ဘာထောက်ပံ့ကြေး ညာထောက်ပံ့ကြေးမှလည်း မပေးနိုင်ဘူးတဲ့ စစ်မှူထမ်း အပတ်စဉ် ၁ အတွက် မဲပေါက်တယ်ဆိုပြီး လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် ဧပြီလပိုင်း လောက်က ပျူစောထီးတွေနဲ့ အုပ်ကြီးတွေက နေအိမ်ကို ရောက်လာပြီး အတင်း အဓမ္မ ဖမ်းခေါ်သွားတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်များကို ရှေ့တန်းစစ်မြေပြင်သို့ တောက်လျှောက် စေလွှတ်လျက်ရှိပြီး တိုက်ပွဲတွင် သေဆုံးသွားသည့်အခါ မိသားစုထံ အသိပေး အကြောင်းကြားခြင်းမရှိသည့်အပြင် သေဆုံး တပ်သားများအတွက် ကျန်ရစ်သူမိသားစုများထံသို့ ပေးအပ်ရမည့် ခံစားခွင့်များကိုလည်း ငြင်းပယ်နေကြောင်း သိရှိရသည်။

  • ၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း

    ၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း

    ၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။

    ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပြသဖို့ရှိနေတဲ့ Fight Delta Fight ရုပ်ရှင်ကို ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံ ၅နိုင်ငံမှာ ပြသခဲ့ပြီး သိန်း ၄၀၀ နီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။ ရရှိငွေအားလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာန (ဧရာဝတီ) တာဝန်ခံ ရဲဘော်ကောင်းကျော်ထံ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ဒါရိုက်တာ မင်းလက်ရာ ရိုက်ကူးထားပြီး မျက်နှာသစ် တော်လှန်လူငယ် အနုပညာရှင်တွေ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားကို ဧရာဝတီတိုင်းက တော်လှန်ရဲဘော်တွေကို ကူညီထောက်ပံ့ဖို့ ရည်ရွယ်ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

    တော်လှန်လူငယ်တွေအကြောင်း ဖြစ်ရပ်မှန်အကြောင်းအရာတွေနဲ့ ဆက်စပ်ရိုက်ကူးထားတဲ့ Fight Delta Fight ရုပ်ရှင်ဇာတ်ကားကို ၂၀၂၄ ခုနှစ်အတွင်း ကနေဒါ၊ ဂျမေကာ၊ ဩစတြေးလျ၊ စင်ကာပူနဲ့ ယူကေ တို့မှာ ပြသခဲ့တာ ဖြစ်ပါတယ်။

    “အဆိုပါ ရုပ်ရှင်ကားအတွက် အဘက်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်ပအသီးသီးမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ ​တော်လှန်ရေးအင်အားစုတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဆက်လက်ပြီး ၂၀၂၅အတွက် ကျန်ရှိသေးတဲ့နိုင်ငံတွေမှာ ပြသလို့ရရှိမယ့် အလှူငွေတွေကိုလည်း ဧရာဝတီတိုင်းစစ်ရေးအတွက် ဆက်လက်လှုဒါန်းသွားမှာ ဖြစ်ပါတယ်” လို့ Fight Delta Fight ရုပ်ရှင် ထုတ်လုပ်သူ ဦးချစ်က ပြောပါတယ်။