တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးက ပြောပါတယ်။
ဇန်နဝါရီလ (၁၃)ရက် နေ့လည် ၁၂ နာရီ ၁၅ မိနစ်မှာ တောင်သာမြို့၊ အထက ၁ ကျောင်းထဲကိုတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
“အမြင်က ၈ ယောက် ၁၀ ယောက်လောက်သေတယ်။ ဒဏ်ရာရတွေလည်းရှိတယ်။ သူတို့အလစ် အငိုက်တိုက်ခံရတာ”လို့မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းမှူးကပြောပါတယ်။
သေဆုံးတဲ့အထဲ နာမည်ကြီးတပ်ကြပ်ကြီးအောင်မင်းဆိုသူလည်းပါတယ်လို့သိရပါတယ်။
အထက(၁)မှာ စစ်သား ၄၀ ကျော်လောက် တပ်စွဲထားတာဖြစ်ပြီး အဲဒီကနေတဆင့်ထွေအုပ်၊ မြို့ဝင်ဂိတ်တွေနဲ့ ဘဏ်တွေကိုလုံခြုံရေးပေးထားတာလို့သိရပါတယ်။
တော်လှန်ရေးတပ်တွေဝင်တိုက်စဥ် တခြားနေရာတွေကို စစ်သားတွေက လုံခြုံရေးဖြန့်ပေးထားတာမို့ ကျောင်းအတွင်းမှာ၂၁ ယောက်လောက်သာရှိပြီး တိုက်ခိုက်ခံရစဥ် ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ် လို့သူကဆက်ပြောပါတယ်။
စစ်တပ်ကိုတိုက်ခိုက်ပြီး စစ်ကောင်စီအလံကိုဖြုတ်ချပြီး PDF ခရိုင်တပ်ရင်း(၃) ရဲ့အလံကိုလွှင့်ခဲ့သလို မြို့တွင်းကစစ်ကောင်စီဂိတ်တွေအားလုံးကိုလည်းဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ တပ်ရင်းမှူးကပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ RPG ကိုပါအသုံးပြုတိုက်ခိုက်ခဲ့တာမို့ စစ်ကောင်စီလက်နက်တွေအပျက်အစီး ရှိခဲ့ပြီး MA-1 တလက်နဲ့ ကျည်ဘောက်၊ ကျည်တချို့ကို သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။
(စစ်တပ်ထံမှ PDF တွေ သိမ်းဆည်းရရှိခဲ့တဲ့သေနတ်နဲ့ကျည်ဘောက်။ ဓါတ်ပုံ-မြင်းခြံခရိုင်အမှတ်(၃) တပ်ရင်း ။)
Leave a Reply