Tag: News

  • ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ

    ငဖဲတွင် စစ်ကောင်စီထွေအုပ်ရုံးနှင့် ရဲစခန်း တိုက်ခိုက်ခံရ

    မကွေးတိုင်း၊ ငဖဲမြို့ စစ်ကောင်စီ ထွေအုပ်ရုံးနှင့် ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များက ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

    ထိုတိုက်ခိုက်မှုကြောင့် ငဖဲမြို့နယ်ရှိ စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေးမှူးရုံး နှင့် ငဖဲမြို့နယ်ရဲစခန်းတို့အတွင်း ပေါက်ကွဲမှုများကြားခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။

    သို့သော် စစ်ကောင်စီလက်အောက်ခံတပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကိုမူ မသိရသေးကြောင်းလည်း ၎င်းတို့ကပြောသည်။

    “မိုင်းကွဲသံလား၊ လက်နက်ကြီးပစ်သံလားမသိဘူး။ မနက်အစောကြီးမှာ အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဒီလိုမျိုးတခါမှ မကြားဖူးဘူးဆိုတော့လန့်သွားတာပေါ့”ဟုဒေသခံတစ်ဦးကပြောသည်။

    ထိုတိုက်ခိုက်မှုသည် PDF များကဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ရေးသားနေကြပြီး ထွေအုပ်ရုံးအတွင်း ပေါက်ကွဲမှုကြောင့် မြို့နယ် ဒုဦးစီးမှုးအဆောင်ထဲနားကို ကျရောက်ပေါက်ကွဲခဲ့သည်ဟုလည်းဆိုသည်။

    ရဲစခန်းအတွင်းကျရောက်သည့် ဗုံးသီးမှာမပေါက်ကွဲကြောင်းလဲ စစ်ကောင်စီဘက်ကဝါဒဖြန့်ထားသည်။

    အဆိုပါတိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်က ငဖဲမြို့နယ်အတွင်း အင်အားဖြည့်တင်းနေသည်ဟုလည်း ဒေသခံများကပြောသည်။

  • ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

    မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ တပ်မ ၁၀၁ နှင့် ခလရ ၂၅၁၊ ၂၅၂ တပ်ရင်းများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း COBRA ONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ်-၁၀၁ ခြေမြန်တပ်မဌာနချုပ် အပါအဝင် လက်အောက်ခံ တပ်ရင်းများဖြစ်သော ခလရ ၂၅၁နှင့် ခလရ ၂၅၂ တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ယင်း တိုက်ခိုက်မှု အတွင်း ရော့ကတ်များသည် အကြမ်းဖက် စစ်တပ် တပ်ဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    “တပ်မ ၁၀၁ နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ၂၅၁တပ်ရယ် ၂၅၂ တပ် တွေကို တာဝေးပစ် rocket ၈ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ပစ်လွှတ်လိုက်တဲ့ rocket အားလုံး ရန်သူ့တပ်တွင်း ကျရောက်ပေါက်ကွဲခဲ့တယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ ဆက်လက်ဆုံစမ်းနေဆဲဖြစ်ပါတယ်” ဟု COBRA ONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထိုသို့ တိုက်ခိုက်ရခြင်းသည် ပခုက္ကူမြို့ပေါ်၌ အတင်းအဓမ္မ ပေါ်တာဆွဲပြီး တပ်သားသစ်စုဆောင်းခြင်းနှင့် ပခုက္ကူ တပ်မ ၁၀၁ တပ်က ပခုက္ကူမြို့နယ် အနောက်ခြမ်းရှိ ထန်းတပင်ကျေးရွာနှင့် ရေလာကြီးကျေးရွာများကို အင်အား အလုံး အရင်းဖြင့် စစ်ကြောင်းထိုးမီးရှို့ နေခြင်းများကြောင့် ပြန်လည် တိုက်ခိုက်ခြင်းဖြစ်ကြောင်း COBRA ONE အဖွဲ့မှ တာဝန်ရှိသူ ရှင်းပြသည်။

    အဆိုပါ တိုက်ခိုက်မှုကို Burma Revolution Rangersတပ်ဖွဲ့ ၊ BA NYEIN GUERRILLA Force တပ်ဖွဲ့၊ TaTy pku pdf တပ်ဖွဲ့တို့နှင့်အတူ COBRA ONE Pakokku တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

  • ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေ

    ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေ

    ဂွမြို့တွင်း တိုက်ပွဲပြင်းထန်နေပြီး AA က ခမရ ၅၆၃ တိုက်ခိုက်ကာ ခမရ ၅၆၂ကို AAပိတ်ဆို့ထား

    ဂွမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး AA က ဂွမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၃ကို AA က ဝင်ရောက်တိုက်ခိုက်နေပြီး ကျန်ရှိသည့် ခမရ ၅၆၂ကိုလည်း ပိတ်ဆို့ထားပြီဖြစ်ကြောင်း သိရသည်။

    ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ဂွမြို့ လေယာဉ်ကွင်းဟောင်းနှင့် ကမ်းခြေဦးရပ်ကွက်တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး ခမရ ၅၆၃ တပ်ရင်းအတွင်း အဆောက်အဦးများလက်နက်ကြီးကျည်ထိမှန် ပျက်စီးမှုများရှိကြောင်း သိရသည်။

    “ခမရ ၅၆၃ထဲ မီးတွေလောင်နေပါတယ်။ ‌တပ်မိသားစုတွေတော့မရှိတော့ဘူး။ ရဟိုင်းကွင်းရွာတွေကို AA မရောက်ခင်ကတည်းက တပ်မိသားစုတွေကို စစ်တပ်က ငသိုင်းချောင်းဘက်ရွှေ့လိုက်တာ။ တိုက်ပွဲက ပိုပြင်းထန်လာတယ် စစ်တပ်ခံစစ်က အသုံးမဝင်ဘူး” ဟု ရခိုင်သတင်းရင်းမြစ်က ပြောသည်။

    စစ်ကောင်စီ၏ ခံစစ်ပြင်ဆင်ထားမှုမှာ မြို့အရှေ့ဘက်တွင်မဟုတ်ဘဲ ဧရာဝတီတိုင်းဘက်ကို စစ်ရေး မကူးစက်ရေး အဓိကပြင်ဆင်ထားသည့်အတွက် နှစ်ခုတည်းသာရှိသော တပ်ရင်းမှာ အလွယ်တကူ ကျသွားနိုင်ကြောင်း စစ်ရေးလေ့လာစောင့်ကြည်သူများက ဆိုသည်။

    စစ်ကောင်စီသည် ခံစစ်ကို တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့တွင်သာမက ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း မြို့နယ်တွင်ပါ အင်အားတိုးချဲ့ပြင်ဆင်ထားကြောင်း သိရသည်။

    စစ်ကောင်စီသည် ဧရာ၀တီတိုင်း ငသိုင်းချောင်းမှ စစ်ကူအင်အားရာချီပါနိုင်သည့် စစ်ကားအစီး ၂၀ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ရက်နေ့က ဂွရှိ တပ်ရင်း နှစ်ခုထံသို့ ပို့ဆောင်ခဲ့ကာ တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်ကိုလည်း ငသိုင်းချောင်းမြို့ ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဂွမြို့မရဲစခန်းအတွင်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များသည် မကျီးငူမှတစ်ဆင့် ဧရာဝတီတိုင်း သာပေါင်းမြို့သို့ စခန်းစွန့်ခွာကာ ထွက်ပြေးသွားကြောင်း သိရသည်။

    “စောစော အလံဖြူထောင်ရင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့ နှင့် စောစော တွေ့ဆုံရလိမ့်မယ်” ဟု ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ ညပိုင်းက ထုတ်ပြန်သည့် AA ၏ ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အသိပေးထားသည်။

  • ICJ တွင် တရားစွဲဆိုထားမှု တရားလို ဂမ်ဘီယာ ဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထား

    ICJ တွင် တရားစွဲဆိုထားမှု တရားလို ဂမ်ဘီယာ ဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထား

    မြန်မာ အပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် ICJ တွင် တရားစွဲဆိုထားမှု တရားလို ဂမ်ဘီယာ ဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထား

    တရားလိုနိုင်ငံဘက်မှ ရပ်တည်သော နိုင်ငံပေါင်း ၁၁ ခုရှိလာ

    မြန်မာအပေါ် ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုထားမှုတွင် တရားလိုဂမ်ဘီယာနိုင်ငံဘက်မှ ဘယ်လ်ဂျီယံနိုင်ငံက ပါဝင်ရန် လျှောက်ထားလာကြောင်း ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ICJ က တရားဝင်သတင်းထုတ်ပြန်သည်။

    ကမ္ဘာ့ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ တွင် မြန်မာနိုင်ငံကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲထားသော တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ရန် လျှောက်ထားသော နိုင်ငံပေါင်း ၁၁ ခု ရှိလာနေပြီဖြစ်ပြီး အဆိုပါနိုင်ငံများက တရားလိုဂမ်ဘီယာဘက်မှ ရပ်တည်ပါဝင်ရန် Article 63 အရ လျှောက်ထားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

    ICJ တရားရုံးတွင် တရားလို ဂမ်ဘီယာနိုင်ငံဘက်မှ ပါဝင်ခွင့်ပြုထားသော နိုင်ငံ ၈ ခု ရှိနေပြီဖြစ်ပြီး ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်၊ ဆလိုဗေးနီးယားနှင့် မော်လ်ဒိုက်တို့ဖြစ်ကြောင်း၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ၊ အိုင်ယာလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့ကလည်း ပါဝင်ရန် အသီးသီးလျှောက်ထားနေကြပြီဖြစ်ရာ စုစုပေါင်း မြန်မာကို ICJ တရားရုံးတွင် ဂမ်ဘီယာအပါအဝင် တရားစွဲဆိုထားသော ပြည်ပနိုင်ငံပေါင်း ၁၂ ခုရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

    မွတ်စလင်အများစုနေထိုင်သည့် အနောက်အာဖရိကနိုင်ငံဖြစ်သည့် ဂမ်ဘီယာက မြန်မာနိုင်ငံရှိ လူနည်းစုမွတ်စလင်အုပ်စုဖြစ်သည့် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲကာ ICJ တွင် မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

    မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၇၃၀,၀၀၀ ဦးကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မောင်းထုတ်ခဲ့သည့် ၂၀၁၇ ခုနှစ် စစ်ရေးလှုပ်ရှားမှုတွင် “လူမျိုးတုံးသတ်ဖြတ်မှု” ပါဝင်ကြောင်း ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်က ထုတ်ပြန်ကောက်ချက်ချထားသည်။

    မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ၏ တွေ့ရှိချက်များကို “ဘက်လိုက်မှုနှင့် ချို့ယွင်းချက်” အဖြစ် ငြင်းဆိုထားပြီး စစ်တပ်က ၎င်း၏ ဖြိုခွင်းမှုမှာ ရိုဟင်ဂျာ သူပုန်များကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

    ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တရားစွဲမှုအပေါ် မြန်မာ၏ကန့်ကွက်ချက်ကို ကမ္ဘာ့တရားရုံးက ပယ်ချခဲ့ပြီး အမှုကို ဆက်လက်ကြားနာစစ်ဆေးနေဆဲဖြစ်သည်။

    ဓာတ်ပုံ – ၂၀၂၂ ခုနှစ်၊ ICJ တရားရုံးတွင် တရားရင်ဆိုင်နေရသော စစ်ကောင်စီဘက်မှ ဝန်ကြီး ကိုကိုလှိုင်နှင့်အဖွဲ့။

  • ဝမ်းတွင်း၊ အောင်လံ၊ ရေနံချောင်းနှင့်ပြည်မြို့တို့တွင် ပေါ်တာဆွဲ မှုများ ဆက်တိုက်ဖြစ်ပွား

    ဝမ်းတွင်း၊ အောင်လံ၊ ရေနံချောင်းနှင့်ပြည်မြို့တို့တွင် ပေါ်တာဆွဲ မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး အိမ်ပေါ်တက် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်မှုများပါ ဖြစ်နေ

    မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ မကွေးတိုင်း၊ အောင်လံမြို့နယ်နှင့်ရေနံချောင်းမြို့နယ်၊ ပဲခူးတိုင်း၊ ပြည်မြို့တို့တွင် လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်း ပေါ်တာဆွဲမှုများရှိနေသည့်အပြင် အိမ်ပေါ်တက်၍ လူငယ်များကို စစ်တပ်က ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်မှုများပါ ဖြစ်ပွားနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးစံပြကျေးရွာတွင် စစ်တပ်က အသက် ၁၈ နှစ်မှ အသက် ၃၈ နှစ်အကြား အမျိုးသားလူငယ်များကို စစ်မှုထမ်းရန် တောင်းခံလာပြီး လူမပေးပါက အတင်းအကျပ် ဖမ်းဆီးမည်ဟုဆိုကာ ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ ဝမ်းတွင်းမြို့ပေါ်တွင်လည်း ပေါ်တာဆွဲမှုများ တောက်လျှောက်ဖြစ်ပွားနေပြီး စစ်မှုထမ်းဥပေဒအကြောင်းပြ၍ ငွေကြေးတောင်းခံမှုများပါ ဖြစ်ပွားနေကြောင်း သိရှိရသည်။

    “ဝမ်းတွင်းမြို့ပေါ်မှာ နေ့စဥ် ပေါ်တာဆွဲနေပြီးတော့ ကျေးရွာတွေမှာလည်း အိမ်ပေါ်အထိ ရိုက်နှက်ဖမ်းဆီးတာတွေဖြစ်နေတယ်။ ပြီးရင် ငွေကြေးတတ်နိုင်တဲ့သူတွေဆီကနေ လူပြန်ရွေးခ အနည်းဆုံး ငွေ ၁၀ သိန်းကနေ သိန်း ၆၀ အထိ တောင်းနေတာလည်းရှိတယ်။ ခင်ကြီးကျေးရွာမှာလည်း စစ်တပ်က စစ်မှုထမ်းအတွက် လူစာရင်းတောင်းတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးမှ လူအစား ပိုက်ဆံနဲ့ ညှိတယ်ဆိုပြီး တစ်အိမ်ကို လူငယ် တစ်ဦး ရှိရင် ၃သောင်းကျပ် ၊ ၂ ဦးရှိရင် ငွေ ၆ သောင်းကျပ်ကောက်တယ်။ အုပ်ချုပ်ရေးမှူး နှင့် စစ်တပ်ပေါင်းပြီး ရိုက်စားလုပ်နေတာ” ဟု ဝမ်းတွင်းဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်

    အလားတူ မကွေးတိုင်း အောင်လံမြို့နှင့် မြို့နယ်တစ်ခုလုံးတွင်လည်း ပေါ်တာဆွဲဖမ်းဆီးမှုများနှင့် ရပ်ကွက်ကျေးရွာများအတွင်းသို့ ဝင်ရောက်၍ တပ်သားသစ်စုဆောင်းရန် လူငယ်များကို ရှာဖွေ ဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း သိရှိရသည်။

    “အောင်လံမြို့ ပေါ်မှာ ပေါ်တာဆွဲတာက တော်တော်ဆိုးတယ်။ မနက် ၈ နာရီကနေ ၁၀ နာရီအတွင်းမှာ အောင်လံမြို့မှ မြောက်ဘက် မိုးကောင်းရွာ အထွက်နဲ့ ဘုရားတောင်ဗွေ ကျေးရွာအနီးမှာ ညှပ်ပီး ပေါ်တာဆွဲ ဖမ်းဆီးတယ်။ နံနက် ၁၀ နာရီထိုးမှာတော့ မြို့ထဲမှာ ပေါ်တာဆွဲတယ်။ မနက် ပိုင်း အောင်လံ မြို့ မြောက်ဘက် မိုးကောင်းရွာ အထွက်နဲ့ ဘုရားတောင် ဗွေ အနီးမှာ ပေါ်တာဆွဲတုန်းက လူငယ်တွေ ဆယ်ချီပြီးတော့ အဖမ်းခံရတယ်”ဟု အောင်လံဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

    ထို့အတူ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင်လည်း လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှု ဆိုးရွားလွန်းသည့်အတွက် လူငယ်များအားလုံး ညအိပ်ချိန်များတွင် တောထဲ (သို့မဟုတ်) ယာထဲတွင် သွားရောက် ပုန်းအောင်း နေထိုင်ရကြောင်း၊ စစ်တပ်နှင့်ရဲများကလည်း ယာထဲတောထဲအထိ လိုက်လံ ဖမ်းဆီးနေကြောင်း သိရသည်။

    “မြို့ပေါ်မှာရော ရွာတွေမှာရော မြင်ရင် မြင်သလို လူငယ်တွေကို စစ်တပ်နဲ့ရဲက ဖမ်း​နေတာ။ ကြက်သွန်ခင်းရေဖျန်းနေတဲ့ လူငယ်လည်း ဖမ်းတာပဲ။ အလုပ်လျှောက်ဖို့ ရဲစခန်းကို ထောက်ခံစာ သွာလုပ်တဲ့ လူငယ်လည်း ပြန်မလွှတ်ဘဲ စစ်မှုထမ်းဖို့ အဖမ်းခံရတယ်။ ရေနံချောင်း မြို့မှာ အတော်ကို ဆိုးရွာနေပါတယ်။ စစ်တပ်နဲ့ရဲက အရပ်၀တ်နဲ့ ပတ်ပြီး ဖမ်းနေကြတာပ။ါ ကျေးရွာတွေနဲ့ လယ်ထဲ ကိုင်းထဲ သွားတဲ့ လူငယ်တွေကိုလိုက် ဖမ်းနေကြတာပါ။ အခု ဒီဇင်ဘာလ ၁၅ ရက်အတွင်း လူငယ်ပေါင်း ၁၀၀ ကျော် အဖမ်းခံထားရပါတယ်” ဟု ရေနံချောင်းမြို့နယ်၊ ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ထို့ပြင် ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့တွင်လည်း အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ ပေါ်တာဆွဲဖမ်းဆီးရေး အဖွဲ့ဖွဲ့ကာ ငွေကျပ် သိန်းရာချီ ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးများက စစ်တပ်နှင့်ပူးပေါင်း၍ စီးပွားဖြစ် ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။

    “ပြည်မြို့ မှော်ဇာအုပ်စု တောင်လုံးညိုရွာ အုပ်ချုပ်ရေးမှုးအေးထွန်း၊ မကျီးတိုက်ကျေးရွာမှ ဝင်းနိုင် ၊ ကုလားကန်ရွာမှ အေးမင်း ၊ မုဌောရွာမှ ဇော်အေး၊ ရွှေကြို့ပင်ရွာမှ အေးရွှေ ၊ မှုတ်ရှည်ရွာမှ သိန်းသန်းအောင် အဲ့ဒီအုပ်ချုပ်ရေးမှုးတွေနဲ့ ရာအိမ်မှုး၊ ဆယ်အိမ်မှုး စစ်ခွေး ရဲခွေးတွေ ပေါင်းပြီး ညတိုင်းလိုလို ပေါ်တာဆွဲနေပါတယ်။ ဖမ်းဆီးလို့ရတဲ့သူတွေဆီက ငွေညှစ်တယ်၊ သိန်းရာချီတောင်းတယ် သူတို့အချင်းချင်း Viber ဂရု ဖွဲ့ပြီး၊ လမ်းတွေပိတ်ပြီး ပေါ်တာဆွဲ ဖမ်းဆီးနေကြတာပါ။ နောက်ပြီး အိမ်တွေထဲအထိလိုက်ဆွဲပါတယ်” ဟု ပြည်မြို့မှ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် ၈ အတွက် တပ်သားသစ်စုဆောင်းမရသဖြင့် နိုင်ငံတစ်ဝန်း စစ်မှုထမ်းရန် ဖမ်းဆီးမှုများသည် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ညီညွတ်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။