Tag: News

  • မော်ချီး လေကြောင်းတိုက်ခိုက်မှု ၅ နှစ်အရွယ် ကလေးအပါ၂၃ ဦး အလောင်းတွေ့၊ ၂ ဦး ပျောက်ဆုံး

    မော်ချီး လေကြောင်းတိုက်ခိုက်မှု ၅ နှစ်အရွယ် ကလေးအပါ၂၃ ဦး အလောင်းတွေ့၊ ၂ ဦး ပျောက်ဆုံး

    ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးမြို့တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ငါးနှစ်အရွယ် ကလေးအပါအဝင် အမျိုးသမီး ငါးဦး၊ အမျိုးသား ၁၄ ဦး၊ ကျား၊ မ ခွဲမရသူ လေးဦး စုစုပေါင်း ၂၃ ဦး ရုပ်အလောင်းတွေ့ရှိပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ထံမှ သိရသည်။

    “တချို့လူတွေကလည်း ပျောက်နေသေးတယ်။ (တွေ့ရှိသည့်အလောင်း) သင်္ဂြိုလ်တာကတော့ သင်္ဂြိုလ်လိုက်ပြီးပြီ။ မနေ့တည်းက သင်္ဂြိုလ်ဖို့ ပြင်ကြတာပေါ့နော်။ အကြာကြီးလည်းထားလို့မကောင်းဘူးဆိုတော့။ တချို့ ပိုင်ရှင်မရှိတဲ့သူတွေက ကျေးရွာအုပ်ချုပ်ရေးပိုင်းက သင်္ဂြိုလ်ပေးလိုက်ကြတယ်” ဟု IEC အတွင်းရေးမှူး(၂) ဦးဗညားခွန်အောင်က ပြောသည်။

    မော်ချီးဒေသရှိ လူစည်ကားရာ (၁၆) ကုန်းရပ်ကွက်ကို ယမန်နေ့ (ဩဂုတ် ၁၇ ရက်) မွန်းတည့်ချိန်တွင် လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရခြင်းဖြစ်သည်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် မဇွန်ပွင့်ဖြူ (အသက် ၅ နှစ်) ၊ မောင်မိုးသက်မောင် (အသက် ၁၂ နှစ်) ၊ ဦးကြည် (အသက် ၆၁ နှစ်) တို့အပါဝင် မအိနန္ဒာစိုး၊ ဖောရှီနာ၊ မခင်ချိုဝင်း၊ မဂျူးဒစ်ညှိ၊ စောနွေး၊ စောစေးပွဲဝါး၊ စောအယ်သယု၊ စောရန်ရှင်၊ စောဟေဘွတ်၊ စောသောမှူး၊ ဦးကျော်ကင်း၊ သီဟအောင်၊ ကိုနန်းဝင်း၊​ကိုမင်းမင်း၊ မောင်မာတေးအို၊ မောင်မီရယ် နှင့် ကျား၊မ အမည် ခွဲခြားမရသည့် ရုပ်အလောင်း လေးလောင်း တွေ့ရှိခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

    ယမန်နေ့ နံနက်ပိုင်းတွင်လည်း မော်ချီးဒေသ၊ လိုခါးလိုကျေးရွာရှိ ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သဖြင့် ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရကာ ဆေးရုံအဆောက်အဦလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

    တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မော်ချီးဒေသကို စစ်ကော်မရှင်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိရာ ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုသည် လူသေဆုံးမှု အများဆုံး လေကြောင်းတိုက်ခိုက်မှုဖြစ်သည်။

    ပြီးခဲသည့် ဇူလိုင် ၉ ရက် (ဝါဆိုလပြည့်) ည ၇ နာရီခွဲအချိန်တွင်လည်း မော်ချီးမြို့နယ် လိုလော်ထီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် မိသားစုတခုတည်းမှ အသက် နှစ်နှစ် နှင့် ရှစ်နှစ်အရွယ် မိန်းကလေးနှစ်ဦး၊ ၂၈ နှစ်အရွယ် နှင့် ၅၀ အရွယ် အမျိုးသမီး နှစ်ဦး နှင့် ၂၈ နှစ်အရွယ် အမျိုးသား တဦး စုစုပေါင်း မိသားစုဝင် ငါးဦး သေဆုံးကာ အခြား ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    စစ်ကော်မရှင်တပ်သည် ကရင်နီပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု နေ့စဉ်နီးပါး လုပ်ဆောင်နေပြီး ပြီးခဲ့သည့် ဇူလိုင်လတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် သုံးဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ရကြောင်း စစ်ဘေးရှောင်များကို အကူညီပေးနေသည့် CTER-Karenni အဖွဲ့က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

    Photo: မော်ချီးဒေသတွင် ဩဂုတ် ၁၇ ရက်နေ့၌ လေကြောင်းတိုက်ခိုက်မှုကြောင့်ထိခိုက်၊ သေဆုံး၊ ပျက်စီးမှုများ (CJ)

  • စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်း သန္ဓေတပ်သားများ ဖြစ်လာစေရေး  စည်းရုံးသိမ်းသွင်းလာ

    စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်း သန္ဓေတပ်သားများ ဖြစ်လာစေရေး စည်းရုံးသိမ်းသွင်းလာ

    စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်း သန္ဓေတပ်သားများ ဖြစ်လာစေရေး စည်းရုံးသိမ်းသွင်းလာပြီး ၁၀ တန်းအောင်နှင့်ဘွဲ့ရများကို ရာထူးအဆင့်တိုးမြှင့်ပေးခြင်းနှင့် ဗိုလ်လောင်းသင်တန်းတက်ခွင့်ပေးမည်ဟု စစ်တပ်က မက်လုံးပေး

    အကြမ်းဖက်စစ်တပ်က ၂ နှစ်သာ တာဝန်ထမ်းဆောင်ရမည့် စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်းသန္ဓေတပ်သားများဖြစ် လာစေရေး မက်လုံးပေး စည်းရုံးသိမ်းသွင်းလာကြောင်း စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ၂၀၂၄ ခုနှစ် မေလမှစတင်၍ လစဉ်ဖွင့်လှစ်ခဲ့သော စစ်မှုထမ်းအပတ်စဉ် သင်တန်းများမှာ အပတ်စဉ် ၁၆ အထိရှိလာချိန် အကြမ်းဖက်စစ်တပ်အတွင်း စစ်မှုထမ်းတပ်သားသစ်များကို အမြဲတမ်း သန္ဓေတပ်သားများအဖြစ် မက်လုံးပေး စည်းရုံးသိမ်း သွင်းလာကြောင်း၊ စစ်တပ်အတွင်း လက်ရှိ ဘွဲ့ရ စစ်မှုထမ်းတပ်သားများကို ဒုတပ်ကြပ်အဆင့်သို့ ချက်ချင်း ရာထူးတိုးပေးရန်၊ ၁၀ တန်းအောင် စစ်မှုထမ်းတပ်သားများကို စစ်မှုထမ်းသက် ၂ နှစ် ပြည့်ပြီးသည်နှင့် စစ်တက္က သိုလ် လျှောက်ခွင့်ပေးမည်ဆိုသော မက်လုံးများ ပေးလာကြောင်း၊ ဘွဲ့ရ စစ်မှုထမ်းတပ်သားများကိုလည်း အလုပ်သင်ဗိုလ်လောင်းသင်တန်း တက်ခွင့်ပေးမည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။

    “စစ်မှုထမ်းတပ်သားတွေထဲမှာ ဘွဲ့ရတွေရှိရင် ချက်ချင်း ဒုတပ်ကြပ်အဆင့်အထိ တိုးပေးမယ်။ ဘွဲ့ရတွေ အလုပ်သင်ဗိုလ်လောင်းသင်တန်းခေါ်ရင် လျှောက်ထားခွင့်၊ ၁၀ တန်းအောင်တွေဆိုရင် စစ်တက္ကသိုလ် လျှောက်ထားခွင့်ပေးမယ်။ အဲဒါတွေက လျှောက်တာနဲ့ တစ်ခါတည်း တန်းခေါ်မှာ စာမေးပွဲတွေ ဘာတွေ ဖြေစရာမလိုတော့ဘူး။ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့က ထောက်ခံချက်ပေးရုံနဲ့ ဗိုလ်လောင်း သင်တန်းတက်ခွင့်ပေးမယ်လို့ ပြောတယ်။ အခြေခံပညာ အထက်တန်းနဲ့ အလယ်တန်းအောင်တွေကိုလည်း ပညာသည် တပ်ကြပ်ကြီး၊ တပ်ကြပ်ကြီးစာရေး ဖြစ်ခွင့်ရှိမယ်။ အဲဒါမျိုးတွေ မက်လုံး ပေးလာတယ်” ဟု စစ်တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ထို့ပြင် အခြေခံပညာအဆင့်သာ ရှိသော စစ်မှုထမ်းတပ်သားသစ်များကိုလည်း ရေတပ်နှင့်လေတပ်တို့သို့ ပညာသည်စစ်သည်များအဖြစ် ပြောင်းရွှေ့ခွင့် ရရှိမည်ဆိုသော မက်လုံးများ ပေးလာကြောင်း၊ စစ်မှုထမ်းသက် ၂ နှစ် ပြည့်ပြီးသည်နှင့် ဆက် လက်၍ တာဝန်ထမ်းဆောင်မည့် စစ်သည်များအနေဖြင့် လစာနှင့်စစ်မှုထမ်းသက် အကျိုးခံစားခွင့်၊ နေအိမ်လိုင်းခန်း၊ အခမဲ့ ဆေးကုသခွင့် အပါအဝင် ခံစားခွင့်များ ရရှိမည်ဟု ဟောပြောပွဲများ ကျင်းပ မက်လုံးပေးလာကြောင်း သိရှိရသည်။

    “စစ်မှုထမ်းသက် ၂ နှစ်ပြည့်ပြီးရင်တောင် ထွက်ခွင့်ပေးပါ့မလားပဲ။ တပ်ထဲမှာတော့ စစ်မှုဆက်ထမ်းရင် ရရှိမယ့် ခံစားခွင့်နဲ့ အကျိုးအမြတ်တွေ အများကြီးရမယ်ဆိုတာမျိုး ဟောပြော အသိပေးလာတယ်။ ဘွဲ့ရနဲ့ ၁၀ တန်းအောင်တွေက ဗိုလ်လောင်း သင်တန်းကို လျှောက်တာနဲ့ တစ်ခါတည်း အရွေးချယ်ခံရမယ်ပြောတယ်။ ဘာစာမေးပွဲမှ ဖြေစရာမလိုဘဲ ဗိုလ်လောင်းသင်တန်း တက်ရမယ်။ ကျန်တဲ့ အခြေခံပညာအဆင့် စစ်မှုထမ်းတပ်သားတွေလည်း တက်လမ်းတွေ အများကြီးရှိတယ်။ တပ်ကြပ်ကြီးစာရေးဘ၀နဲ့ နိုင်ငံခြား စစ်သံရုံးတွေ အထိ ရောက်ခွင့်ရှိမယ်လို့ ပြောတယ်” ဟု စစ်မှုထမ်းအပတ်စဉ် ၁၃ မှ စစ်မှုထမ်းတပ်သားတစ် ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး ယမန်နှစ် မေလမှစတင် ၍ စစ်မှုထမ်းသင်တန်းများကို စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

  • စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး  တိုက် ပွဲဖြစ်

    စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်

    စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ယမန်နေ့ညပိုင်း ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက် ပွဲဖြစ်

    စစ်ကိုင်းမြို့ပေါ် မဟာခိုနန်းကျောင်းတိုက် ကျည်ဆန်များ ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး ဒဏ်ရာရ

    မန္တလေးမှ စစ်ကားများနှင့် စစ်ကူများ စစ်ကိုင်းဘက်သို့ ညတွင်းချင်း ပေးပို့

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့ပေါ်မှ ပြည်သူများက ပြောဆိုသည်။

    ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းမြို့၊အနောက်ပိုင်း ငါးထပ်ကြီး၊ ဘုရားဖြူနှင့် ရပ်ကွက်များတွင် စစ် တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မြို့ပေါ်မှ ပြည်သူများ တိုက်ပွဲ ဖြစ်ပွားသံများကို အတိုင်းသားကြားခဲ့ရကြောင်း၊ စစ်ကိုင်းမြို့ပေါ်မှ ဘုန်း ကြီးကျောင်းတချို့တွင် လက်နက်ကြီးနှင့်လက်နက်ငယ်များ ကျရောက်ခဲ့ပြီး ကိုရင်ငယ်တစ်ပါး မစိုးရိမ်ရဒဏ်ရာ ထိခိုက်ခဲ့​ကြောင်း သိရှိရသည်။

    “တိုက်ပွဲဖြစ်တာက ည ၈ နာရီဝန်းကျင်လောက်မှာ ဖြစ်တာ။ စစ်ကိုင်းမြို့ပေါ် ဘုရားဖြူထဲမှာ တပ်စွဲထားတဲ့ စစ်စခန်းကို ဝင်တိုက်တာ၊ စခန်းနားက ရပ်ကွက်တွေထဲပါ တိုက်ပွဲတွေနဲ့ အပြန်အလှန် ပစ်ခတ်ကြတယ်။ ည ၉ နာရီဝန်းကျင်လောက်မှာတော့ ပြန်ငြိမ်သွားတယ်။ ညတိုက်ပွဲဖြစ်တဲ့အချိန် အသံတွေ ဆူညံနေတာကို စစ်ကိုင်းမြို့က ပြည်သူတွေအားလုံး ကြားလိုက်ရတယ်” ဟု စစ်ကိုင်းမြို့ပေါ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

    စစ်ကိုင်းမြို့ပေါ် မဟာခိုနန်း ပရိယတ္တိစာသင်တိုက်တွင် ယမန်နေ့ည ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကျောင်းတိုက်အတွင်း ကျည်ဆန်ထိမှန်ခဲ့ပြီး ကိုရင်ငယ် ၁ ပါး နားထင် ပွတ်ရှ ဒဏ်ရာရရှိသွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကိုရင်ငယ်များနှင့်စာသင်သားများ ကြောက်လန့်တကြား ဖြစ်ခဲ့ရကြောင်း မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်နှင့်စာချ တာဝန်ခံ ဦးမာနိတာလင်္ကာရာဘိဝံသက လူမှုကွန်ရက်မှတစ်ဆင့် တိုက်ပွဲဖြစ်ပွားမှုကို အသိပေးထားသည်။

    “ပဋ္ဌာန်းစာဝါ ချနေရင်းနဲ့ ကြောက်စိတ် မပေါ်မိပေမယ့် ကလေးတွေ အော်ပြေးတော့ လိုက်ပြေးရပါတယ်၊ ၃ လက္မ စတီးစကွဲယား ပိုက် ထုတ်ချင်းပေါက်တယ်၊ ၁၂ ပေအကျယ် အခန်းရဲ့ ဟိုဘက်ဒီဘက်ပြတင်းပေါက် ထုတ်ချင်းပေါက်တယ်၊ ကံကောင်းတာက ကိုရင်ကြီး တစ်ပါး နားထင် ပွတ်ရှ ထိသွားတာလေးကလွဲလို့ သံဃာအားလုံး အထိအပါး မရှိတာပါ” ဟု မဟာခိုနန်း ပရိယတ္တိစာသင်တိုက်၏ ပဓာနနာယကဆရာတော်နှင့်စာချ တာဝန်ခံ ဦးမာနိတာလင်္ကာရာဘိဝံသက ပြောဆိုထားသည်။

    ယနေ့နံနက်ပိုင်း စစ်တပ်က စစ်ကိုင်းမြို့ပေါ်တွင် လုံခြုံရေးတင်းကျပ်ထားပြီး စစ်ကိုင်းဘက်သို့ မန္တလေးဘက်မှ ယမန်နေ့ညပိုင်း စစ်ကားများနှင့် စစ်ကူများ ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ယမန်နေ့ညပိုင်း စစ်ကိုင်းမြို့ပေါ် တိုက်ပွဲကြောင့် မဟာခိုနန်းကျောင်းတိုက်တွင် ကျည်ထိမှန်ထားသည့် အခြေအနေ။

  • မော်ချီးကို ဗုံးထပ်ကြဲသဖြင့် ကလေးငယ် ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံး

    မော်ချီးကို ဗုံးထပ်ကြဲသဖြင့် ကလေးငယ် ၅ ဦး အပါအဝင် ၂၂ ဦး သေဆုံး

    ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးဒေသကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲတာကြောင့် ကလေးငယ် ၅ ယောက်အပါအဝင် အရပ်သားပြည်သူ ၂၂ ယောက် သေဆုံးပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

    သြဂုတ် ၁၇ ရက် ဒီမနက် ၇ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ ယောက် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံပျက်စီးခဲ့ရသလို နေ့လယ် ၁၂ နာရီကျော်မှာ ဗုံးထပ်ကြဲတာကြောင့် ပြည်သူ ၂၂ ယောက် ထိခိုက်သေဆုံးခဲ့ရပါတယ်။

    ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ၂ ဦးဗညားက “လူအသေအပျောက်က တော်တော်များတယ်။ နောက်ထပ်ရလာတဲ့စာရင်းအရ အားလုံးပေါင်း ၂၂ ဦး ဖြစ်သွားတာပေါ့ သေဆုံးစာရင်းက။ ထိခိုက်ဒဏ်ရာရတာက ၁၇ ဦးထက်မနည်းဘူး။ အိမ်ခြေကတော့ ၄၊ ၅၊ ၁၀ လုံး ပျက်တယ်” လို့ ပြောပါတယ်။

    တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ တရက်တည်းမှာ လေကြောင်းကနေ ဗုံး ၂ ကြိမ်ကြဲတာကြောင့် ထိခိုက်သေဆုံးမှုများသလို အိုးအိမ်နဲ့ ဆေးရုံတွေလည်း ထိခိုက်ပျက်စီးခဲ့ရတာပါ။

    ဦးဗညားက “အခုက အလုပ်ဆင်းချိန်မဟုတ်တော့ လူတွေအိမ်မှာ နားနားနေနေ နေကြတာပေါ့နော်။ အဲဒီနေရာကလည်း လူနေထူထပ်တော့ အားလုံးတပြိုင်နက်တည်း ထိသွားတာမျိုးပေါ့” လို့ ပြောပါတယ်။

    စစ်တပ်က မော်ချီးဒေသကို အခုတခေါက်အပါအဝင် လေကြောင်းကနေ ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲချတိုက်ခိုက်တာကြောင့် ပြည်သူ အယောက် ၅၀ ကျော်သေဆုံးပြီး အယောက် ၈ဝ ကျော် ထိခိုက်ဒဏ်ရာရသလို နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့ မနက် ၉ နာရီကျော်မှာလည်း ဖားဆောင်းမြို့နဲ့ ခဲမဖြူရွာတဝိုက်ကို Y 12 လေယာဉ်နဲ့ ဗုံး အလုံး ၅၀ ကြဲချခဲ့လို့ စာသင်ကြားနေတဲ့ ကလေးငယ် ၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

    စစ်တပ်ဟာ ကရင်နီပြည်နယ်က မော်ချီး၊ ဖားဆောင်းနဲ့ ဒီးမော့ဆိုအနောက်ခြမ်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို သြဂုတ်လထဲမှာ ဆက်တိုက်ပြုလုပ်နေပါတယ်။