Tag: News

  • Facebook ပေါ်မှာ ကြိုက်မိတဲ့ AI ကြောင့် အမျိုးသားတစ်ဦး သေဆုံး

    Facebook ပေါ်မှာ ကြိုက်မိတဲ့ AI ကြောင့် အမျိုးသားတစ်ဦး သေဆုံး

    အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့စကား ဘယ်တုန်းက ပေါ်လာလဲမသိပေမယ့် အခုထိ မှန်နေတုန်းပါပဲ။

    နယူးဂျာစီပြည်နယ်က လူကြီးပိုင်းတစ်ယောက်တော့ ပလီပလာနဲ့ လိမ်ညာတဲ့အချစ်ကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ သူကွယ်လွန်သွားချိန်အထိ မသိလိုက်ခဲ့တာက သူချစ်ခဲ့တာ လူတစ်ယောက်မဟုတ်ဘဲ AI chatbot ဖြစ်နေတာပါ။

    ဇာတ်လမ်းရဲ့ အစက လေဖြတ်ထားတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ Facebook ပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ ကြိုက်ခဲ့ပါတယ်။ အမျိုးသားကြီးရဲ့ နာမည်ကို Thongbue Wongbandue (အခေါ်ရခက်လို့ Bue လို့လည်း ခေါ်ပါတယ်။) လို့ ခေါ်ပြီး ထိုင်းနိုင်ငံဖွား နယူးဂျာစီမှာ စားဖိုမှူးလုပ်ခဲ့သူလို့ ဆိုပါတယ်။

    ၂၀၁၇ မှာ လေဖြတ်ခဲ့ပြီးနောက် ဦးနှောက်လည်း နည်းနည်းထိခိုက်ထားတဲ့သူလို့ ပြောပါတယ်။ facebook ပေါ်မှာ အစ်မကြီး ဘီလီ (Big sis Billie) ဆိုသူနဲ့ တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပါတယ်။ Bue မှာက ဇနီးနဲ့ သမီးသားတွေ ရှိပါတယ်။ အစ်မကြီး ဘီလီနဲ့ ကြိုက်ခဲ့တဲ့နောက်တော့ သူ့စိတ်တွေ ပြောင်းလဲသွားပုံပါ။

    တစ်နေ့တော့ အစ်မကြီး ဘီလီက လူချင်းတွေ့ဖို့ ပူဆာတာနဲ့ Bue ဟာ အစ်မကြီး ဘီလီရှိတဲ့ နယူးယော့ခ်စီးတီးကို ရထားစီးပြီး သွားမယ်လုပ်ပါတယ်။ မှတ်ဉာဏ်နဲ့ စဉ်းစားမှုစွမ်းရည်ကျနေတဲ့ Bue ကို အိမ်သားတွေက မသွားဖို့ တားပါတယ်။ Piscataway ရဲဌာနကိုပါ အကူအညီတောင်းပြီး တားတာပါ။

    Bue က လက်မခံပါဘူး။ မတ်လ ၂၈ ရက်မှာတော့ Rutgers University တက္ကသိုလ် ကားပါကင်နေရာမှာ လဲကျပြီး ခေါင်းနဲ့ လည်ပင်း ထိခိုက်သွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒီဒဏ်ရာတွေနဲ့ မသေခင် သုံးရက်လောက် အသက်ကယ်စက်ပေါ် ရောက်ခဲ့ပြီး သူ့ဖုန်းကို စစ်ကြည့်တော့ Messenger မှာ အစ်မကြီး ဘီလီနဲ့ chat ထားတာတွေ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

    chat log ထဲမှာ “အခု ပိတ်ရက် နယူးဂျာစီလာပြီး လူချင်းတွေ့လိုက်ရမလား” ၊ “ကျွန်မက တကယ့်လူပါ။ ရှင့်ကြောင့် ကျွန်မမှာ ရှက်နေရပြီ။” စတဲ့ ညုတုတုစကားတွေနဲ့အတူ အသံပုံတွေ ၊ မျက်လုံးမှိတ်ပြတဲ့ emoji တွေပါ တွေ့ခဲ့တာပါ။

    တကယ်တော့ ဒီ chatbot က ၂၀၂၃ ခုနှစ်ထဲမှာ Meta နဲ့ နာမည်ကြီး influencer မော်ဒယ် ကန်ဒဲလ် ဂျန်နာတို့ ပေါင်းပြီး ဖန်တီးထားတဲ့ ကိုယ်ရေးကိုယ်တာအကြံပေး chatbot လို့ ဆိုပါတယ်။ Bue သေတဲ့ကိစ္စပေါ် Meta က မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ အစ်မကြီး ဘီလီဟာ ကန်ဒဲလ်ဂျန်နာမ မဟုတ်သလို ကန်ဒဲလ်ဂျန်နာဖြစ်တယ်လို့လည်း မဆိုလိုဘူးလို့ပဲ ကုမ္ပဏီဘက်က ကြေညာပါတယ်။

    ဘာပဲဖြစ်ဖြစ် AI chatbot ကို ကြိုက်မိပြီး အသက်ဆုံးရတာ ဒါနဲ့ဆို နှစ်ယောက်ရှိပါပြီ။ ပထမတစ်ယောက်က ဖလော်ရီဒါက ၁၄ နှစ်အရွယ်ကောင်လေးပါ။ ဒီဆယ်ကျော်သက်က Game of Thrones စီးရီးထဲက ဒနဲရစ် တာဂဲယန်းပုံစံ Character AI က ဖန်တီးထားတဲ့ chatbot ကို ကြိုက်မိပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာပါ။

    အစ်မကြီး ဘီလီ (Big Sis Billie) ရဲ့ AI chatbot ပုံကို comment ထဲမှာ ချပေးလိုက်ပါတယ်။ ကြိုက်ချင်လည်း ကြိုက်ရအောင်ပါ။

  • မြင်းခြံနယ်ကိုထိန်းချုပ်ရန် စစ်တပ်က ပျူစောထီးများကို အသေခံတိုက်ခိုင်း

    မြင်းခြံနယ်ကိုထိန်းချုပ်ရန် စစ်တပ်က ပျူစောထီးများကို အသေခံတိုက်ခိုင်း

    မန္တလေးတိုင်း၊ မြင်းခြံနယ်ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ပျူစောထီးတွေကို အသေခံ တိုက်ခိုင်းနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

    ဇူလိုင် ၃၁ ရက်ကစပြီး စစ်တပ်နဲ့ မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်တို့က စုစုပေါင်း တပ်သားအင်အား ၇၀၀ ဝန်းကျင်အထိ အသုံးပြုပြီး မန္တလေးတိုင်း၊ မြင်းမြို့ ပတ်ပတ်လည်ကို ထိန်းဖို့ ကြိုးစားနေတာပါ။

    စစ်တပ်နဲ့ ပျူစောထီးတွေက မြင်းခြံမြို့နယ်၊ အရှေ့နဲ့ အရှေ့တောင်ဘက်က ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

    ဩဂုတ် ၁ ရက်မှာ မြင်းခြံနယ်၊ နတ်ထားကျေးရွာက ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတခု၊ ဩဂုတ် ၇ ရက်နေ့မှာ မြင်းခြံမြို့နယ်၊ စံပြကျေးရွာနဲ့ သမုန်းကိုင်းကျေးရွာတွေက ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်း ၂ ခုတို့ အပါအဝင် ဩဂုတ် ၁ ရက်ကနေ ၁၄ ရက်အထိ တိုက်ပွဲတွေအတွင်း ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်း ၅ ခုထက်မနည်း လက်လွှတ်ထားရတယ်လို့ မြင်းခြံ Black Tiger အဖွဲ့ တာဝန်ရှိသူ ဗိုလ်မိုက်ခဲက ပြောပါတယ်။

    “လက်ရှိ လောလောဆယ်အနေအထားမှာ စစ်ရေးက တင်းမာနေဆဲပါ။ တိုက်ပွဲက ဘယ်နှကြိမ်လဲဆိုတော့ အဲဒီလိုမျိုးတော့ မပြောတတ်တော့ဘူး။ တိုက်ပွဲက တော်တော်လေး အကြိမ်ရေများတယ်ဗျ။ စစ်ကောင်စီကတော့ စောနက ကျနော်ပြောသလိုပေါ့နော်၊ သာလွန်အင်အား သုံးတယ်၊ အသေခံတက်တာတွေရှိတယ်၊ ပျူစောထီးတွေဆိုလို့ရှိရင် အရှေ့ကနေ ထိုးကျွေးတယ်ပေါ့နော်။ ပြီးမှ နောက်ကနေ စစ်သားတွေ ရဲတွေ လိုက်တာများတယ်။ ပထမဦးဆုံးတော့ ရဲကွန်မန်ဒို၊ စစ်သားကွန်မန်ဒိုတွေပေါ့နော်။ သူတို့တက်ကြတယ်။ ဒါပေမဲ့ သူတို့ တပ်ဦး ၂ ခါလန်သွားတဲ့အတွက်ကြောင့်မို့ သူတို့ မတက်ရဲတော့ဘူးပေါ့နော်။ နောက်ကျတော့ သူတို့ ဗျူဟာတမျိုး ပြန်ပြောင်းသွားတယ်လို့ ကျနော်မြင်တယ်။ ရှေ့တည့်တည့်က မတိုးတော့ဘဲနဲ့ ဘေးတွေက ပတ်ပြီးတော့ အခြားဘက်၊ နောက်ကျောကနေ ပြန်ဝိုက်တာမျိုးတို့ အဲဒီလိုမျိုးတွေ ပြန်ပြီးတော့ ဗျူဟာသုံးလာတာတော့ မြင်ရတယ်ဗျ။”

    စစ်တပ်က မန္တလေးတိုင်း မြင်းခြံ၊ နွားထိုးကြီး၊ မတ္တရာနယ်တွေကို ဇူလိုင်လကုန်ပိုင်းကတည်းက ဖိအားပေး တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

    မတ္တရာနယ်အစပ် ပုသိမ်ကြီးနယ်ထဲက မြကန်သာနဲ့ သရက်ကိုင်းရွာတွေက စစ်တပ် အထိုင်စခန်းတွေကို ဇူလိုင် ၂၀ ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နောက်ရက်တွေမှာ ကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပါတယ်။

    မတ္တရာနယ်ထဲက ထန်းပင်ကုန်းရွာ စစ်ကောင်စီစခန်းကိုလည်း ကာကွယ်ရေးအဖွဲ့တွေက သိမ်းယူခဲ့ပြီး နောက်ပိုင်းမှာ စစ်ကောင်စီက စခန်းတွေကို ပြန်သိမ်းဖို့ နည်းလမ်းစုံနဲ့ ဖိအားပေး တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

    မတ္တရာ PDF ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဦးတိုးက “နေ့တိုင်း မိုးခြိမ်းသံတွေ ကြားနေရတယ်၊ တဒုန်းဒုန်း တဂျိမ်းဂျိမ်းနဲ့။ ဒီ ဩဂုတ်လ ၁ ရက်နေ့ကစပြီးတော့ ၇ ရက်နေ့အထိ တရက်မှ ကျည်မပေါက်တဲ့ရက် မရှိဘူး။ ထန်းပင်ကုန်းရွာဘက်ကို (–)ကြောင်းပြန်ပြီးတော့ ထိုးတာရှိတယ်။ ထိုးလိုက် လန်ကျသွားလိုက်နဲ့ ထန်းပင်ကုန်းဘက်ကို ဝင်နေတာရှိတယ်။ အဲဒီကထွက်လာတဲ့ ၇ ရက်ဆက်တိုက် အသံတွေက နားတွေပါငြီးလာတယ်။ အဲဒီဒေသက ကျေးရွာသားတွေက စစ်ရှောင်နေတာ ၁ နှစ်ကျော်သွားပြီလေ၊ အဲဒီမှာ ရွာသားတွေမရှိဘူးရယ်။ ထန်းပင်ကုန်း၊ ကြားရွာ၊ လက်ဝဲကြီး၊ ကျောက်တံတား၊ လမိုင်း၊ စာတိုက်တကာ၊ အဲဒီဘက်က ကျေးရွာသူ ရွာသားတွေက ၁ နှစ်ကျော်ပြီ စစ်ရှောင်နေရတာ။ မရှိဘူးရယ် ကျေးရွာသားတွေ” လို့ ပြောပါတယ်။

    စစ်တပ်ကဖိအားပေး တိုက်ခိုက်တာတွေ ရှိခဲ့သလို ဩဂုတ် ၉ ရက် မနက်ပိုင်းမှာ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

    စစ်တပ်က အချိန် ၈ နာရီကြာခဲ့တဲ့ တိုက်ပွဲမှာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေ သုံးပြီး စခန်းကို ထိန်းခဲ့တယ်လို့ ဆိုပါတယ်။

    တိုက်ပွဲတွေကြောင့် မြင်းခြံနယ် နတ်ထား၊ သမုန်းကိုင်း၊ ကျောက်ယံ၊ ကံဆင်၊ ဗလုံ၊ ဖုန်ရွာ၊ ဖောင်းကား၊ တံစိုး၊ ညောင်ပင်၊ ရသာ ကျေးရွာတွေ အပါအဝင် ရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။

    သုတချမ်းသာ

  • စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

    စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

    စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း YOUNG WOLF PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဩဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် စစ်ကိုင်းမြို့နယ် ဆားတောင် ရဲစခန်း နှင့် ကျားမင်းကြီးရွာမှ ထွက်လာသောမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၅ ဦး သေဆုံးကာ ၂ ဦး အရှင် ဖမ်းမိခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

    ” မန္တလေး-ရွှေဘို လမ်းပိုင်း အတိုင်းစစ်ကြောင်းထိုးပြီး ကျားမင်းကြီးရွာကို ရောက်နေတဲ့ စစ်ခွေးတွေနဲ့ ဆားတောင်ရဲစခန်းကနေ ထွက်လာတဲ့ စစ်ခွေးတွေကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ မိုင်းဆွဲ ပစ်ခတ် တိုက်တာက အဲ စစ်ခွေး စစ်ကြောင်း ၂ ကြောင်းလုံး ပူးပေါင်းမိတဲ့ အချိန်ကို စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာ ၂ ရက်ဆက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ စစ်ခွေး ၅ ကောင်သေပြီး ၂ ကောင်ကို အရှင်မိတယ်။ လက်နက်တွေတော့ သိမ်းဆည်းရမိတာမရှိဘူး။ အခု အဲစစ်ခွေးစစ်ကြောင်းက ဆားတောင်မြို့ကို ရောက်သွားပြီ” ဟု YOUNG WOLF PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ထို့ပြင် မန္တလေး-ရွှေဘိုလမ်းပိုင်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်၏ နောက်ကျန် အင်အား ၁၀၀ ခန့်သည်လည်း လက်ရှိချိန်ထိ ကျားမင်းကြီးရွာတွင် တပ်စွဲထားပြီး မည်သည့် နေရာသို့ ဆက်လက် ထွက်ခွာမည်ကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

    မန္တလေး-ရွှေဘို လမ်းပိုင်းမှ ဆားတောင်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ၂ လနီးပါကြာ ပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား၍ ကျေးရွာ ၈ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီး

    စစ်ကိုင်းတိုင်း၊ မန္တလေး-ရွှေဘို လမ်းပိုင်းမှ ဆားတောင်မြို့သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို ၂ လနီးပါးကြာ ပိတ်ဆို့ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှုများပြား၍ ကျေးရွာ ၈ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။

    ဇွန်လပိုင်းမှ စတင်ပြီး မန္တလေး-ရွှေဘို လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်၏ အုန်းတော ၆၀၀၅ တင့်ကားတပ်မှ သံချပ်ကာကားများ အပါအဝင် အင်အား ၄၀၀ ဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက လမ်းပိုင်း တစ်လျောက် ၂ လတာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး အလင်း၀င်ရောက်လာသူများနှင့် အရှင် ဖမ်းမိသူများလည်းရှိကြောင်း သိရှိရသည်။

    တိုက်ပွဲများ အတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သစ်ချိုကုန်းရွာ ၊ ကျော်ဇေယျာရွာ ၊ ပုဂံတူရွာ ၊ ယင်းမာကျင်းရွာ ၊ ချိုင်းကြီးရွာ ၊ လင်းတလူးရွာ ၊ ထန်းဖူးတောရွာနှင့် ကျားမင်းကြီးရွာတို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ရာနှင့်ချီ မီးလောင် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် စစ်တပ် စစ်ကြောင်းကြောင့် မန္တလေး-ရွှေဘို လမ်းပိုင်းရှိ ကျေးရွာ ၂၀ ကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

    “အဲဒီ စစ်ခွေးစစ်ကြောင်းက အုန်းတော ၆၀၀၅ တင့်ကား တပ်ရင်းကနေ ထွက်လာတာ ဇွန်လတည်းကစပြီး မန္တလေး-ရွှေဘို လမ်းပိုင်းကို စစ်ကြောင်းထိုးနေတာ စစ်ခွေးတွေက ကျေးရွာ ၈ ရွာကိုလည်းမီးရှို့ဖျက်ဆီးသွားတယ်။ စစ်ခွေး စစ်ကြောင်းကတော့ ဆားတောင်မြို့ကို ရောက်သွားပြီ တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကြောက်လို့ ပြည်သူတွေကတော့ ဆက်လက် တိမ်းရှောင်နေရတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

  • ကော့သောင်းမြို့နယ်၊  ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တိုက်ခိုက်

    ကော့သောင်းမြို့နယ်၊ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တိုက်ခိုက်

    ကော့သောင်းမြို့နယ်၊ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တိုက်ခိုက်မှု စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

    တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအခြေစိုက် ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ စစ်အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင် တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

    ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦး ထက် မနည်းသေဆုံးပြီး စစ်သား၊ ရဲများ နေထိုင်သည့် အဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    “ထိခိုက်သေဆုံးမှုက ၁၀ ဦးနဲ့အထက်သေတယ်လို့ သတင်းရထားတယ်။ အရာရှိကြီး တစ်ဦးလည်းပါတယ်လို့ ပြောတယ်။ အဲဒီအရာရှိကတော့ တနေ့က (ဩဂုတ်လ ၁၃ ရက်) မီးသင်္ဂြိုလ်လိုက်တယ်လို့ ကြားတယ်။ ခမရ ၅၈၂ တပ်ရင်းနဲ့ မလိဝမ်းရဲစခန်းကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

    လတ်တလော စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်းရှိ ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင် စစ်ကြောင်းများ ထိုးကာ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများကို လုယက် ယူဆောင်ခြင်း၊ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုကြသည်။

    ဓာတ်ပုံ- တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်ကောင်စီတပ်သား ၁ ဦး၏ နာရေးမြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

  • နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်သံ)

    နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်သံ)

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။

    သြဂုတ် ၁၀ ရက်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

    တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးပြီး စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ ဖမ်းမိခဲ့သလို ၁၂ ဘီး ကား ၁ စီးနဲ့ FZ ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။

    “ဖမ်းဆီးရမိတဲ့ သုံ့ပန်းကတော့ ခုနက တက်ရှင်းတဲ့ နေရာ ၃ခုမှာ ရွှေဂူဖြူဘုရား၊ သူတို့နဲ့ မလှမ်းမကမ်းနားမှာ ဝေ့လည်ကြောင်ပတ် အနေအထားပေါ့။ ကြည့်ရတာ မူးယစ်ဆေးဝါးတွေ သုံးထားပုံရတယ်။ ကြောင်တောင်တောင်တော့ ကြောင်တောင်တောင်ပဲ။ ဝိုင်းပြီးတော့ သေနတ်ကို လုပြီးတော့ ဖမ်းလိုက်ရတယ်” လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုရဲ့ စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။

    အဆိုပါ တိုက်ခိုက်မှုကို ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းနဲ့အတူ အရာတော်မြို့နယ် ပကဖ၊ အရာတော် တိုက်နယ် ၉/ ၁၀/ ၁၁ အဖွဲ့တွေ၊ မုံရွာခရိုင် ဗျူဟာ ၆၆၊ PLA တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်ဖွဲ့နဲ့ မုံရွာမြို့နယ် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။