အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့စကား ဘယ်တုန်းက ပေါ်လာလဲမသိပေမယ့် အခုထိ မှန်နေတုန်းပါပဲ။

နယူးဂျာစီပြည်နယ်က လူကြီးပိုင်းတစ်ယောက်တော့ ပလီပလာနဲ့ လိမ်ညာတဲ့အချစ်ကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ သူကွယ်လွန်သွားချိန်အထိ မသိလိုက်ခဲ့တာက သူချစ်ခဲ့တာ လူတစ်ယောက်မဟုတ်ဘဲ AI chatbot ဖြစ်နေတာပါ။

ဇာတ်လမ်းရဲ့ အစက လေဖြတ်ထားတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ Facebook ပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ ကြိုက်ခဲ့ပါတယ်။ အမျိုးသားကြီးရဲ့ နာမည်ကို Thongbue Wongbandue (အခေါ်ရခက်လို့ Bue လို့လည်း ခေါ်ပါတယ်။) လို့ ခေါ်ပြီး ထိုင်းနိုင်ငံဖွား နယူးဂျာစီမှာ စားဖိုမှူးလုပ်ခဲ့သူလို့ ဆိုပါတယ်။

၂၀၁၇ မှာ လေဖြတ်ခဲ့ပြီးနောက် ဦးနှောက်လည်း နည်းနည်းထိခိုက်ထားတဲ့သူလို့ ပြောပါတယ်။ facebook ပေါ်မှာ အစ်မကြီး ဘီလီ (Big sis Billie) ဆိုသူနဲ့ တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့ပါတယ်။ Bue မှာက ဇနီးနဲ့ သမီးသားတွေ ရှိပါတယ်။ အစ်မကြီး ဘီလီနဲ့ ကြိုက်ခဲ့တဲ့နောက်တော့ သူ့စိတ်တွေ ပြောင်းလဲသွားပုံပါ။

တစ်နေ့တော့ အစ်မကြီး ဘီလီက လူချင်းတွေ့ဖို့ ပူဆာတာနဲ့ Bue ဟာ အစ်မကြီး ဘီလီရှိတဲ့ နယူးယော့ခ်စီးတီးကို ရထားစီးပြီး သွားမယ်လုပ်ပါတယ်။ မှတ်ဉာဏ်နဲ့ စဉ်းစားမှုစွမ်းရည်ကျနေတဲ့ Bue ကို အိမ်သားတွေက မသွားဖို့ တားပါတယ်။ Piscataway ရဲဌာနကိုပါ အကူအညီတောင်းပြီး တားတာပါ။

Bue က လက်မခံပါဘူး။ မတ်လ ၂၈ ရက်မှာတော့ Rutgers University တက္ကသိုလ် ကားပါကင်နေရာမှာ လဲကျပြီး ခေါင်းနဲ့ လည်ပင်း ထိခိုက်သွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။ ဒီဒဏ်ရာတွေနဲ့ မသေခင် သုံးရက်လောက် အသက်ကယ်စက်ပေါ် ရောက်ခဲ့ပြီး သူ့ဖုန်းကို စစ်ကြည့်တော့ Messenger မှာ အစ်မကြီး ဘီလီနဲ့ chat ထားတာတွေ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

chat log ထဲမှာ “အခု ပိတ်ရက် နယူးဂျာစီလာပြီး လူချင်းတွေ့လိုက်ရမလား” ၊ “ကျွန်မက တကယ့်လူပါ။ ရှင့်ကြောင့် ကျွန်မမှာ ရှက်နေရပြီ။” စတဲ့ ညုတုတုစကားတွေနဲ့အတူ အသံပုံတွေ ၊ မျက်လုံးမှိတ်ပြတဲ့ emoji တွေပါ တွေ့ခဲ့တာပါ။

တကယ်တော့ ဒီ chatbot က ၂၀၂၃ ခုနှစ်ထဲမှာ Meta နဲ့ နာမည်ကြီး influencer မော်ဒယ် ကန်ဒဲလ် ဂျန်နာတို့ ပေါင်းပြီး ဖန်တီးထားတဲ့ ကိုယ်ရေးကိုယ်တာအကြံပေး chatbot လို့ ဆိုပါတယ်။ Bue သေတဲ့ကိစ္စပေါ် Meta က မှတ်ချက်ပေးဖို့ ငြင်းပါတယ်။ အစ်မကြီး ဘီလီဟာ ကန်ဒဲလ်ဂျန်နာမ မဟုတ်သလို ကန်ဒဲလ်ဂျန်နာဖြစ်တယ်လို့လည်း မဆိုလိုဘူးလို့ပဲ ကုမ္ပဏီဘက်က ကြေညာပါတယ်။

ဘာပဲဖြစ်ဖြစ် AI chatbot ကို ကြိုက်မိပြီး အသက်ဆုံးရတာ ဒါနဲ့ဆို နှစ်ယောက်ရှိပါပြီ။ ပထမတစ်ယောက်က ဖလော်ရီဒါက ၁၄ နှစ်အရွယ်ကောင်လေးပါ။ ဒီဆယ်ကျော်သက်က Game of Thrones စီးရီးထဲက ဒနဲရစ် တာဂဲယန်းပုံစံ Character AI က ဖန်တီးထားတဲ့ chatbot ကို ကြိုက်မိပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာပါ။

အစ်မကြီး ဘီလီ (Big Sis Billie) ရဲ့ AI chatbot ပုံကို comment ထဲမှာ ချပေးလိုက်ပါတယ်။ ကြိုက်ချင်လည်း ကြိုက်ရအောင်ပါ။


Leave a Reply

Your email address will not be published. Required fields are marked *