Tag: News

  • မိသားစုများ သဘောမတူ၍ မင်းပြားက LGBT စုံတွဲ တံတားပေါ်ကခုန်ချ အဆုံးစီရင်

    မိသားစုများ သဘောမတူ၍ မင်းပြားက LGBT စုံတွဲ တံတားပေါ်ကခုန်ချ အဆုံးစီရင်

    ရခိုင်ပြည်၊ မင်းပြားမြို့တွင် မိသားစုအသိုင်းအဝိုင်းမှ သဘောမတူ၍ အမျိုးသမီးချင်း ချစ်ခင်နှစ်သက်နေကြသည့် LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) စုံတွဲတစ်စွဲ တံတားပေါ်က ခုန်ချ အဆုံးစီရင်သွားကြောင်း သိရသည်။

    ဩဂုတ် ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် မင်းပြားမြို့မှ မြေပုံမြို့သို့အထွက်ရှိ ကြပ်စင်တံတားပေါ်မှ မြစ်ထဲသို့ ခုန်ကျ အဆုံးစီရင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

    LGBT စုံတွဲမှာ ပေါက်တောမြို့နယ် ယင်ရဲကန်ကျေးရွာမှ အဖ ဦးကျော်ဦးသာ၏ သမီး မယီယီသန်းနှင့် မင်းပြားမြို့ ဥက္ကာပျံရပ်ကွက်မှ အဖ ဦးငမဲလုံး၏ သမီး မခင်မိုးသန်း (Tom Boy) တို့ဖြစ်ကြသည်။

    မယီယီသန်းမှာ အသက် ၂၃ နှစ်အရွယ်ရှိပြီး မခင်မိုးသန်း (Tom Boy) မှာ အသက် ၂၂ နှစ်အရွယ်ဖြစ်ကြောင်းနှင့် ၎င်းတို့အား အာရက္ခတပ်တော် AA ရဲတပ်ဖွဲ့က ပျောက်ဆုံးနေမှုကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

    ၎င်းတို့နှစ်ဦးလုံးမှာ အသက်ရှင်လျက် ရှိမရှိကို တိတိကျကျမသိရသေးပေ။

    အခင်းဖြစ်ပွားရာနေရာ ကြပ်စင်တံတားပေါ်သို့ AA ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာတွင် LGBT စုံတွဲ၏ ရေးသားထားခဲ့သော စာစုမှတ်တမ်းများအား တွေ့ရှိရသည်ဟု ဒေသခံများက ပြောဆိုကြသည်။

    စာစုမှတ်တမ်းများမှာ “မနဲ့မောင် ဘဝအဆက်ဆက် ဆုံရပါစေ” ဟု တံတားပေါ်မှာ ရေးသားထားခဲ့ကြောင်း သိရသည်။

    မင်းပြား ဒေသခံ LGBT (လိင်စိတ်ခံယူမှုကွဲပြားသူ) တစ်ဦးက “ရခိုင် အသိုင်း အဝိုင်းတော်တော် များများက ဒါတွေကို လက်မခံကြဘူး။ ပိုဆိုးတာက မိသားစုအသိုင်းအဝိုင်းတွေမှာ ရှိတယ်ဆိုရင် ရှုံ့ချကြတယ်။ ကဲ့ရဲကြတယ်။ နှိပ်ကွက်ခံရတယ်။ လှောင်ပြောင်ခံရတယ်။ မိန်ကလေးဖြစ်ဖြစ် ယောကျ်ားလေးဖြစ်ဖြစ်ပေါ့ အပေါင်းအသင်းဆက်ဆံတာတို့ မလုပ်ကြဘူး။ ဒါတွေကို ပြောင်းလဲ ပေးဖို့ လိုတယ်။ ဒါတွေ လက်ခံနိုင်အောင် အသိုင်းအဝိုင်တွကလည်း တွန်းအားပေးဖို့ လက်ခံနိုင်အောင်လုပ်ဖို့ လိုပါတယ်”ဟုပြောသည်။

    ယင်းအပြင် ၎င်းတို့အား သဘောမတူကြသော မိသားစုအသိုင်းအဝိုင်းအတွက်လည်း လက်ရေးစာမူထားခဲ့ကြသည်ဟု သိရသည်။

    လက်ရေးစာ မှတ်တမ်းမှာ “မေမေ၊ ထွေးထွေး ငါဒီလမ်းကို ရွေးချယ်သွားတာဟာ ထွေးထွေး၊ မေမေတို့ကို မတွယ်တာလို့မဟုတ်ဘူးနော်။ အဲဒီအမနဲ့ငါ မခွဲနိုင်၊ ငါ့ကံကြမ္မာကို ငါ့ကို ရွေးချယ်ပိုင်ခွင့် ပေးလိုက်ကြတော့နော်။ အားလုံးအတွက်ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ်နော်။ ယောက်မကိုလည်း အရမ်းကျေးဇူးတင်တယ်။ အစစအရာရာကူညီပေးလို့ အားလုံးကျန်းမာရေးတွေကို ဂရုစိုက်ကြပါ” ဟု ရခိုင်ဘာသာစကားဖြင့် ရေးသားထားခဲ့သည်။

    အဆိုပါ လက်ရေးစာမူမှာ မခင်မိုးသန်း (Tom Boy) မှ ရေးသားထားခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း AA ရဲတပ်ဖွဲ့က ကောက်ချက်ချထားကြသည်။

    ထိုင်းနိုင်ငံအပါအဝင် ဥရောပ အနောက်တိုင်းနိုင်ငံတချို့မှာ လိင်တူလက်ထပ်ခြင်းကို ခွင့်ပြုထားခြင်း ရှိနေသော်လည်း မြန်မာနိုင်ငံမှာ တရားဥပဒေအရလည်း လိင်တူလက်ထပ်ခြင်းကို ပိတ်ပင်ထားဆဲ ဖြစ်သည်။

  • စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

    စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရ

    ပခုက္ကူ-ပေါက် လမ်းပိုင်းကို ၂ လကျော်ကြာ ရောက်ရှိနေသော စစ်တပ် ရိက္ခာပို့ စစ်ကြောင်း လမ်းတစ်လျောက် အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကား ၃ စီးထက်မနည်း ပျက်စီးကာ ထိခိုက်သေဆုံးသူများပြား

    (more…)

  • စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး မြို့အချို့ကို ပြန်သိမ်းနိုင်တာ ဘာကြောင့်လဲ

    စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး မြို့အချို့ကို ပြန်သိမ်းနိုင်တာ ဘာကြောင့်လဲ

    အာဏာသိမ်းမှု ၄ နှစ်ကျော်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက မြို့ပေါင်း ၁၀၃ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး အဲဒီထဲက ၈ မြို့ကို ပြန်လက်လွှတ်ထားရပါတယ်။

    တရုတ်ဖိအားကြောင့် လားရှိုးကို စစ်တပ်ဆီ ပြန်လွှဲပေးအပြီး အခုနောက်ဆုံး မိုးဗြဲ၊ နောင်ချိုနဲ့ သပိတ်ကျင်းမြို့တွေကို ထိုးစစ်ဆင်တာကြောင့် ဇူလိုင်လထဲမှာ ထပ်ပြီး လက်လွှတ်ခဲ့ရပြန်ပါတယ်။

    အဲဒီမြို့တွေကို ပြန်သိမ်းပြီးနောက်မှာ စစ်တပ်က မိုးကုတ်၊ ကျောက်မဲနဲ့ သီပေါမြို့တွေကို စစ်ရေးအရ ခြိမ်းခြောက်နေသလို ကချင်ပြည်နယ်ထဲက ဗန်းမော်၊ ဖားကန့်နဲ့ စစ်ကိုင်းတိုင်းထဲက ၁၀ မြို့နယ်ကို ဇူလိုင်လကုန်လောက်ကတည်းက ထိုးစစ်တွေ ပြုလုပ်လာပါတယ်။

    ဒါပေမဲ့ လေ့လာသုံးသပ်သူတွေကတော့ မြို့အနည်းအကျဉ်းကို တော်လှန်ရေးတပ်တွေလက်ထဲက ပြန်သိမ်းနိုင်ရုံနဲ့ စစ်တပ်က အနိုင်ရသွားတော့မယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလို့ ဆိုပါတယ်။

    International Crisis Group မှ ရစ်ချတ်ဟော်ဆီက “ ဒီမြို့ ၃ မြို့ ပြန်သိမ်းနိုင်တာနဲ့ စစ်မြေပြင်မှာ လုံးဝပြောင်းလဲသွားမယ်လို့တော့ မယူဆသင့်ပါဘူး။ ဒီမြို့ ၃ မြို့ ပြန်သိမ်းနိုင်တာနဲ့ စစ်တပ်က နိုင်တော့မယ်လို့လည်း မတွေးသင့်ပါဘူး။ မြန်မာစစ်တပ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မြေပြင်မှာ အကျပ်အတည်းတွေ ရင်ဆိုင်နေရတာပါ။ ရခိုင်၊ အညာဒေသ၊ စသဖြင့်ပေါ့လေ။ ဒါကြောင့် လုံးဝအလှည့်အပြောင်းဖြစ်သွားပြီလို့ မပြောနိုင်သေးပါဘူး။ မြန်မာစစ်တပ်က သူတို့မှာ အခွင့်အလမ်းတွေ ပိုရှိလာတယ်လို့ ခံစားလာရတာတော့ အမှန်ပါ” လို့ ပြောပါတယ်။

    ၁၀၂၇ စစ်ဆင်ရေးတွေနဲ့ တစ်လေးလုံး စစ်ဆင်ရေးတွေကစလို့ တိုက်ပွဲတွေမှာ အဆင့်မြင့် အရာရှိတွေပါ စစ်သုံ့ပန်းအဖြစ် အဖမ်းခံခဲ့ရပြီး မြို့တွေ ဆက်တိုက် လက်လွှတ်ခဲ့ရတဲ့ စစ်တပ်က ဘာလို့ ထိုးစစ်တွေ ပြန်လုပ်ပြီး မြို့တချို့ကို ပြန်သိမ်းနိုင်တာပါလဲ။

    စစ်မှုထမ်းဆင့်ခေါ်ပြီး အင်အားပြန်ဖြည့်တာ၊ လေကြောင်းပစ်ကူ အလွန်အကျွံသုံးတာ စတဲ့ အကြောင်းအရင်းတချို့ ရှိပေမဲ့ အဲဒီအထဲက အကြောင်းအရင်းတခုကတော့ ယူကရိန်းနဲ့ ဒရုန်းစစ်ပွဲ ဆင်နွှဲနေတဲ့ ရုရှားနဲ့ ကမ္ဘာ့ဒရုန်းထုတ်လုပ်ရေးမှာ ထိပ်တန်းရောက်နေတဲ့ တရုတ်တို့က စစ်တပ်ကို ပံ့ပိုးပေးတာကြောင့်လို့ တော်လှန်ရေးသမားတွေနဲ့ လေ့လာသူတွေက ပြောပါတယ်။

    သိပ်မကြာခင်က စစ်တပ်ရဲ့ ထိုးစစ်ကို ရင်ဆိုင်ခုခံခဲ့ရတဲ့ သပိတ်ကျင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တယောက်ကလည်း လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ခဲယမ်း အခက်အခဲတွေကြောင့် မြို့ကို ဆက်မထိန်းနိုင်ခဲ့တာလို့ ပြောပါတယ်။

    “ခဲယမ်းထုတ်တဲ့ စက်ရုံတွေ ကျနော်တို့မှာမှ မရှိတာ။ ရန်သူက အများကြီးသုံးနိုင်တာပေါ့ဗျာ။ သူတို့မှာ စက်ရုံတွေရှိတာကို။ သူတို့ ၃ ပေါက်လောက်ပစ်ရင် ကျနော်တို့က တပေါက်လောက်ပေါ့။ တပေါက်လောက်ပစ်ဖို့အရာကို တော်တော်စဉ်းစားရတာဗျ အဲဒါမျိုး။ အဓိက ပစ်အားကောင်းကောင်း မသုံးနိုင်တာပေါ့။ စစ်ပွဲတပွဲက ပစ်အားသုံးနိုင်တဲ့ကောင် နိုင်တာပဲဗျ။ လူထုထောက်ခံမှုကတော့ ရရှိနေပြီးသားပါပဲ၊ သို့သော် ၄ နှစ်ကျော် ၅ နှစ်နီးပါး ဖြစ်လာတော့ သူတို့လည်း အရင်ကဗျာ သိန်းကို ၁,၀၀၀ လောက်ရှိတဲ့သူက ဒီအချိန်မှာ ၅၀၀ လောက်ပဲ ရှိတော့မှာဗျ။ အဲသဘောဗျ။ အဲလိုဆိုတော့ ကြာတော့ သူတို့ ပင်ပန်းကြပြီဗျာ၊ အဲဒီအပိုင်းတွေလည်း ပါတာပေါ့။”

    စစ်တပ်မှာ ဒီလိုအားသာချက်တွေ ရှိနေပေမဲ့ တော်လှန်ရေးတခုလုံးကို လဲပြိုသွားအောင် တိုက်နိုင်တဲ့ အနေအထားမျိုး မဟုတ်သေးသလို အားနည်းချက်တွေလည်း ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

    အမိန့်ပေးကွပ်ကဲမှု အားကောင်းကောင်းနဲ့ ထိုးစစ်တိုင်းမှာ ငွေကြေးကုန်ကျခံပြီး သာမန်စစ်ပွဲတွေကအစ လေကြောင်းအားပြုနိုင်တဲ့ အားသာချက်တွေ ရှိနေပေမဲ့ စစ်တပ်ကို အနိုင်ယူနိုင်မယ့် အခြေအနေတွေ ရှိနေတုန်းပဲလို့ CDM ဗိုလ်မှူးနောင်ရိုးက မှတ်ချက်ပြုပါတယ်။

    အဲဒီလို အနိုင်ယူနိုင်ဖို့အတွက် တော်လှန်ရေးဘက်တော်သားတွေ အချင်းချင်း ညီညွတ်ရေးနဲ့ တပ်ပေါင်းစုပုံစံ ဆောင်ရွက်မှုက အရေးကြီးတယ်လို့ သူကဆိုပါတယ်။

    “တော်လှန်ရေး အဆက်ဆက်မှာလည်း ဒါ အဓိကလိုအပ်ချက် ဖြစ်မယ်။ ဒီနေ့လည်း ဒီလိုအပ်ချက် စိန်ခေါ်မှုကို ရင်ဆိုင်နေရဆဲပဲလို့ ပြောရမယ်ထင်ပါတယ်။ အဲကျတော့ တကယ့် အခရာကျတဲ့ တော်လှန်ရေးဦးဆောင်အဖွဲ့၊ အစုအဖွဲ့အသီးသီးပေါ့နော် NUG အပါအဝင် တော်လှန်ရေး ERO အဖွဲ့အသီးသီးမှာတော့ ခိုင်မာတဲ့ နိုင်ငံရေး ဘုံရပ်တည်ချက်နဲ့ စစ်ရေးတပ်ပေါင်းစု ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှု ဒါက အဓိကအရေးကြီးတဲ့အချက်တခု ဖြစ်တယ်လို့ ကျနော်တို့ ပြောချင်တယ်ပေါ့နော်။ တော်လှန်ရေးမှာ အလိုအပ်ဆုံးနဲ့ အမြန်ဆုံး ဖော်ဆောင်သင့်တဲ့ အကြောင်းအရာလို့ အခြေခံအကြောင်းရင်းတချက် ဖြစ်တယ်လို့ ပြောချင်ပါတယ်။”

    တော်လှန်ရေးအင်အားစုတွေ စည်းလုံးရေး၊ တပ်ပေါင်းစု တည်ဆောက်ရေးဟာ ဗိုလ်မှူးနောင်ရိုး တင်မကဘဲ တော်လှန်ရေးလိုလားသူတွေကြား အပြောများတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ပူးပေါင်းဆောင်ရွက်ဖို့ ဘာတွေက အခက်အခဲ ဖြစ်နေပါသလဲ။

    96 Soldiers အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်ကတော့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆေးနွေးနေကြပေမဲ့ နယ်မြေမတူညီမှုတွေ၊ တပ်ပုံစံမတူညီမှုတွေ ရှိနေတဲ့အတွက် အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။

    “အဖွဲ့အစည်းတွေ များစွာရှိမယ်ဆိုရင် အဲဒီရှိနေတဲ့ အဖွဲ့အစည်းတွေ များစွာ၊ အကုန်လို့ပြောရင်တော့ ခက်တာပေါ့ဗျာ၊ စုနိုင်တဲ့အင်အားတွေ စုပြီးတော့ လုပ်ဖို့လိုတယ်။ တဖွဲ့တည်းနဲ့ ဘယ်လိုမှ ဒီတော်လှန်ရေး မပြီးဘူး။ ဒီစစ်အာဏာရှင်ကို ကျနော်တို့ ရင်ဆိုင်ဖို့ခက်တယ်။ အခုဆို ၅ နှစ်နီးပါး ရောက်လာပြီ ဆိုတဲ့အချိန်မှာ ကျနော်တို့ ဒီ ခိုင်မာတဲ့ စစ်ရေးပုံစံဖြစ်လာဖို့ တပ်တွေစုပြီး အလုပ်လုပ်ဖို့ လိုကို လိုအပ်ပါတယ်လို့။ အဲဒီအတွက်လည်း ကြိုးစားပြင်ဆင်နေတာမျိုးတွေလည်း ရှိပါတယ်။”

    အဲဒီ တပ်‌ပေါင်းစုတည်ဆောက်ရေး ကိစ္စတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ဆီ မေးမြန်းဖို့ ဆက်သွယ်ပေမယ့် သတင်းရေးသားချိန်ထိ ပြန်ဖြေတာ မရှိခဲ့ပါဘူး။

    အာဏာသိမ်းကာလ ၄ နှစ်ကျော်လာချိန်မှာတော့ စစ်တပ်က ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် သူတို့လက်လွှတ်ထားရတဲ့ နယ်မြေတွေကို ထိုးစစ်ဆင်နေသလို ကြားဖြတ်အစိုးရဖွဲ့ပြီး တရားဝင်မှုနဲ့ နိုင်ငံအာဏာကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

    စစ်တပ်ရဲ့ ထိုးစစ်နဲ့ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဂယက်တွေကြောင့် နိုင်ငံတဝန်းက ပြည်သူတွေဟာ တစစနဲ့ ပိုပြီး ဆင်းရဲ ကျပ်တည်းလာနေပါတယ်။

    အဲဒီလို အခြေအနေတွေကနေ လွတ်မြောက်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်ဖို့ကိစ္စဟာ စစ်မြေပြင် လက်နက်ကိုင်တိုက်ပွဲတွေရဲ့ ရလဒ်သာမက တော်လှန်ရေးအင်အားစုတွေအကြားက ခိုင်မာကျစ်လျစ်တဲ့ နိုင်ငံရေး၊ စစ်ရေး ညီညွတ်မှုကို ဘယ်လောက်မြန်မြန် တည်နိုင်မလဲဆိုတဲ့အပေါ် မူတည်ကြောင်း နိုင်ငံရေးအကဲခတ်တွေက ပြောနေကြပါတယ်။

    စိုးသူအောင်

  • ရှမ်းမြောက်တွင် တရုတ်ပစ္စည်းများ စစ်ကောင်စီ ဖမ်းဆီးနေ

    ရှမ်းမြောက်တွင် တရုတ်ပစ္စည်းများ စစ်ကောင်စီ ဖမ်းဆီးနေ

    တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းမှန်သမျှကို စစ်ကောင်စီက မူဆယ်နှင့်လားရှိုးမြို့ကနေ ပိတ်ဆို့ဖမ်းဆီးပြီး လားရှိုးမြို့ရှိ ပုဂ္ဂလိကကုန်လှောင်ရုံများကိုလည်း စစ်ဆေးပိတ်သိမ်းခိုင်းနေကြောင်း အဆိုပါမြို့ခံများက ပြောသည်။

    “တရုတ်ကနေ ဝင်တာမှန်သမျှကို ဖမ်းနေတာ။ သိန္နီဘဘက်ကအဝင်ကားတွေရော၊ လားရှိုးကနေထွက်မယ့်ကားတွေကိုပါ အကုန်လုံးဖမ်းလာတာ။ ကုမ္ပဏီတွေကိုလည်း ဝင်စစ်ပြီး တချို့အပိတ်ခံရတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဧပြီက တရုတ်အစိုးရ၏ အကာအကွယ်ပေးမှုဖြင့် လာရှိုးမြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ရှမ်းမြောက်ကုန်သွယ်ရေးလမ်းကြောင်းကို လားရှိုးမြို့ကနေ၍ ဥပဒေမဲ့စစ်ဆေးမှုများ၊ ငွေကြေးတောင်းခံမှုများပြုလုပ်နေသော်လည်း တရုတ်ကုန်စည်များ တားမြစ်မှုကို ဩဂုတ် ၁၀ ရက်ကစတင် ပြုလုပ်လာခြင်းဟု သတင်းရရှိသည်။

    ” မူဆယ်မှာလည်း ဖမ်းတယ်။ တရားဝင်သယ်လို့မရသလို မှောင်ခိုသယ်တော့လည်းဖမ်းတယ်။ လူထုမှာက ဆုံးရှုံးမှုအရမ်းကြီးတယ်”ဟု မူဆယ်မြို့ခံကုန်သည်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင်က မြန်မာ-တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်မှတဆင့် တရားဝင်အခွန်ကောက်မည်ဟု မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ကြေညာပြီးနောက် စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းသို့သွားရောက်သည့် ကားများကို ဖမ်းဆီးမှုများရှိခဲ့သည်။

    ထို့အပြင် ကိုးကန့်တပ်မတော်(MNDAA)ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စီးပွားရေးအကောက်ခွန်များ ပြန်လည်ကောက်ခံခြင်းဆိုင်ရာ ကြေညာချက်ကို သြဂုတ် ၈ရက်ကထုတ်ပြန်ခဲ့ပြီး အခွန်ကောက်ခံမည်ဟု ကြေညာခဲ့သည်။ ၎င်းတို့မှလွဲ၍မည်သည့်အဖွဲ့မှ ကောက်ခံခြင်းမပြုရန်လည်း ထုတ်ပြန်ခဲ့သည်။

    တရုတ်နိုင်ငံနှင့် ကုန်သွယ်ရာတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် အများဆုံးကုန်သွယ်နိုင်ရေး စစ်ကောင်စီက ကြိုးပမ်းနေသည်ဟု ကုန်သည်အချို့က ပြောသည်။

    မိုင်းလားနယ်စပ်ကို မိုင်းလားလက်နက်ကိုင်အဖွဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA)က ထိန်းချုပ်ထားပြီး စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက ကျိုင်းတုံမြို့တွင် အခြေချ၍ အခွန်ကောက်နေသည်။

    ရှမ်းပြည်နယ်များပိုင်းတွင်မူ လားရှိုးနှင့် မူဆယ်မြို့ပေါ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှမ်းမြောက်တခွင်လုံးမှာ တော်လှန်ရေးအင်အားစုများ လက်ထဲတွင်ရှိနေသည်။

    လားရှိုးမြို့မှ မူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်သို့ သွားသည့် ပြည်ထောင်စုလမ်းအတိုင်းဆိုပါက လားရှိူး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မူဆယ်မြို့တို့ကိုဖြတ်သွားသည်။

    လားရှိုးမြို့ပေါ်ကို စစ်ကောင်စီက ထိန်းထားပြီး လားရှိုး-သိန္နီကြားနှင့် သိန္နီမြို့ပေါ်ကို MNDAAက ထိန်းချုပ်ထားသည်။

    ကွတ်ခိုင် -နမ့်ဖက်ကာမြို့တို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တအာင်းတပ်မတော်(TNLA)က ထိန်းချုပ်ထားပြီး မူဆယ်မြို့ပေါ်ကို စစ်ကောင်စီနှင့်ပြည်သူ့စစ်များက ထိန်းချုပ်ထားသည်။

    မူဆယ်မြို့နယ်အတွင်း (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် တုံခမ်ရွာလမ်းမှတဆင့် သွားရသည့် ကျင်စန်းကျော့ဂိတ်ကို မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားသည်။

    စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းမှနယ်စပ်ကုန်သွယ်ရေးကို ကန့်သတ်နေသလို အခြားမြို့နယ်များသို့သွားရောက်သည့် ကုန်စည်များကိုလည်း တားမြစ်မှုများရှိနေသည်။ ထို့အပြင် တစ်သျှူး၊ သွားတိုက်ဆေးအပါအဝင် လူသုံးကုန်ပစ္စည်း၃၅မျိုးကို ပြည်ပမှတင်သွင်းခွင့် ပိတ်ပင်ထားသည်။

    မြန်မာသည် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ခုကျော်ရှိပြီး အများအပြားကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်ထားသည်။

    ထိုအခြေအနေတွင်စစ်ကောင်စီကကုန်သွယ်ရေးကဏ္ဍမှတစ်ဆင့် တော်လှန်ရေးအင်အားစုများထံငွေကြေးများစီးဆင်းနေသည်ဟု ခေါင်းစဉ်တပ်ကာ တရားမဝင် ကုန်သွယ်မှုများကို ပြင်းပြင်းထန်ထန် နှိမ့်နင်းမည်ဟု ကြေညာထားသည်။

    တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီကိုဖွဲ့စည်းထားပြီး စစ်ကောင်စီဒုတိယခေါင်းဆောင်ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဥက္ကဋ္ဌအဖြစ် နေရာယူထားသည်။

    (မူဆယ်မြို့ရှိ တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်ကို တွေ့ရစဉ်။ဓာတ်ပုံ – EPA)