Author: Admin-501

  • ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)

    ကမ္မမြို့ဈေးထဲက ဆိုင်ခန်းတွေကိုဖောက်ပြီးပြန်လာတဲ့ စစ်သားတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ (ရုပ်သံ)

    မကွေးတိုင်း၊ ကမ္မမြို့ စည်ပင်သာယာဈေးက ဆိုင်ခန်းတွေကို ဖောက်ပြီးပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒီဇင်ဘာ၂၆ ရက်က ကမ္မမြို့ ရဲစခန်းအနီးမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုဆီက သိရပါတယ်။

    တပ်မ ၁၀၁ က အင်အား ၁၃၀ ခန့်ရှိတဲ့ စစ်သားတွေဟာ ဒီဇင်ဘာ၂၄ ရက်မှာ ကမ္မမြို့၊ ညောင်ဂျစ်ပင်ရွာကနေ စတင်စစ်ကြောင်းထိုးကာ ၂၆ ရက်မှာ ကမ္မမြိို့ပေါ်ကိုရောက်လာတာလို့ ဆိုပါတယ်။

    အဲဒီစစ်ကြောင်းဟာ ဒီဇင်ဘာ၂၆ ရက် မနက် ၇ နာရီခန့်မှာ ကမ္မမြို့ပေါ် စည်ပင်သာယာဈေးက ဈေးဆိုင်ခန်းတွေကိုဖောက်ပြီး ပစ္စည်းတွေကိုယူဆောင်သွားတာလို့ ဆိုပါတယ်။

    ဈေးဆိုင်ခန်းတွေကို ဖောက်ပြီး ကမ္မမြို့ရဲစခန်းကိုပြန်ချိန် မနက် ၈ နာရီခန့်မှာ ဒရုန်း ဗုံးသီး ၅၀ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုကိုမသိရသေးဘူးလို့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု တာဝန်ခံက ပြောပါတယ်။

    ဖောက်ထွင်းခံခဲ့ရတဲ့ ဈေးဆိုင်ခန်း ၈ ခန်းလောက်ရှိပြီး ငွေကျပ် ၁၀ သိန်းဖိုးလောက် ပါသွားတယ်လို့ဆိုပါတယ်။

    ဒီတိုက်ခိုက်မှုကိုတော့ ကမ္မဒေသ တော်လှန်ရေးတပ်ပေါင်းစု၊ Three Brothers Drone Force၊ Black Eagle Drone Force၊ ပေါက် ပကဖ Drone Team၊ BLY ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မြိုင် ပကဖ Drone အဖွဲ့ ၊ MGPDF(ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) ၊ မကွေးတိုင်း Drone Team ၊ မဟာမိတ် Drone အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ဒီဇင်ဘာ ၂၇ ရက် ဒီနေ့မနက်မှာ ကမ္မမြို့ပေါ်ရောက်နေတဲ့ ပခုက္ကူ တပ်မ ၁၀၁ က စစ်သားတွေဟာ ကမ္မမြို့အရှေ့ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

  • မင်းတပ်မြို့က စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့ မိသားစု‌ဝင်တွေကို ယောဒေသမှာ ဖမ်းမိ

    မင်းတပ်မြို့က စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့ မိသားစု‌ဝင်တွေကို ယောဒေသမှာ ဖမ်းမိ

    မင်းတပ်မြို့က စစ်ရှုံးပြီးထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့မိသားဝင်တွေကို မကွေးတိုင်း ယောဒေသမှာ ဖမ်းဆီးရမိထား တယ်လို့ ဗျူဟာအမှတ်(၈၁)ယောဗျူဟာ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေ သိမ်းပိုက်လိုက်တဲ့ မင်းတပ်မြို့ရှိ စစ်အုပ်စု ခြေလျင်တပ်ရင်း (ခလရ) ၂၇၄ က နေစစ်ရှုံးလို့ ထွက်ပြေးလာတဲ့ စစ်အုပ်စုနဲ့မိသားစုဝင် ၁၂ ယောက်ကို နယ်မြေချင်းထိစပ်နေတဲ့ ယောဒေသမှာ ဖမ်းဆီးရမိထားတာဖြစ်တယ်လို့ဆိုပါတယ်။

    “ကျနော်တို့ ဖမ်းမိတာကတော့ ယောနယ်ထဲမှာပဲပေါ့နော်။ မင်းတပ်ကနေပြီးတော့မှ ဆင်းလာလို့ရှိရင် ယောနယ် ထဲ ရောက်တာဆိုတော့။ ဖမ်းမိတာက ကျနော်တို့ ၂၄ ရက်နဲ့ ၂၅ ရက်မှာပေါ့။ ၂၄ ရက်နေ့မှာ ကျနော်တို့ ၁၀ ယောက် ဖမ်းမိတယ်။ ၂၅ ရက်နေ့မှာ ၂ ယောက်ဖမ်းမိတယ် ။ တပ်မိသားစုဝင်တွေအပါအဝင်တွေပေါ့” လို့ ဗျူဟာအမှတ် (၈၁) ယောဗျူ ဟာ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုတပ်သားတွေဟာ တပ်ကြပ်အဆင့် ၊ ဒုတပ်ကြပ်အဆင့် ၊ တပ်သားအဆင့် တပ်ဖွဲ့ဝင်တွေ ဖြစ်ပြီး ဖမ်းဆီးရမိချိန် လက်နက်ခဲယမ်းတွေ မပါရှိဘဲ တစ်ကိုယ်ရည် အသုံးအဆောင်တွေနဲ့ အတူသာ ဖမ်းဆီးရမိခဲ့ တယ် လို့ ဆိုပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုစစ်သားတွေနဲ့မိသားစုဝင်တွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဗျူဟာ အမှတ်(၈၁)ယောဗျူဟာ က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    မင်းတပ်မြို့ကို ချင်းညီနောင်နဲ့မဟာမိတ်တပ်တွေက ချင်းညီနောင်စစ်‌ဆင်ရေးအဖြစ်(Operation CB)အဖြစ် မြို့ သိမ်း တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၁ ရက်မှာ မင်းတပ်မြို့ကို သိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။

    ဖမ်းဆီးရမိတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တွေကို တွေ့ရစဉ်/ ဓာတ်ပုံ- အမှတ်(၈၁)ယောဗျူဟာ

  • တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်းမှုဖြင့် စုပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီစခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေ

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်များ ပူးပေါင်း စစ်ဆင်ရေးများ အကောင်အထည်ဖော်နိုင်လာပြီး စစ်ကောင်စီ၏ စခန်းကြီးများကို သိမ်းပိုက်နိုင်သည်အထိ အောင်မြင်မှုများ ရရှိနေကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF)မှ ရဲဘော်နိုဝယ်က ပြောဆိုသည်။

    တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးများ အကောင်အထည်ဖော်လာနိုင်ရာ အောင်မြင်မှုများရရှိလာကြောင်း၊ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုများသည် စစ်ရေးပိုင်းတွင် ပိုမိုထိရောက်လာပြီး စစ်ကောင်စီကို အထိနာစေကြောင်း၊ အထူးသဖြင့် မကြာသေးမီက တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို သိမ်းပိုက်ရရှိမှုမှာ ထင်သာမြင်သာရှိကြောင်း ၎င်းက ရှင်းပြသည်။

    “တော်လှန်ရေးအားကောင်းတဲ့အခြားဒေသများနည်းတူ တနင်္သာရီဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာလည်း အရင်ကထက် ပိုမိုအချိတ် အဆက်မိလာပြီး စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်လာနိုင်ကြတယ်လို့ မြင်ပါတယ်။ TPLF အနေနဲ့ အမျိုးသား တန်းတူရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးစံနှုန်းဆိုင်ရာ မူဝါဒနဲ့ ရည်မှန်းချက်တွေ တူညီမှုရှိတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ အင်အားစုတွေနဲ့ ညီညွတ်ရေးမှုကို လက်တွေ့ကျင့်သုံးပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ဆိုသည်။

    ထားဝယ်ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) အနေဖြင့် လွတ်မြောက်သည့် ထားဝယ်ဒေသပေါ်ပေါက်ရေး တွန်းအားပေးဆောင်ရွက်နေကြောင်း၊ တနင်္သာရီတွင် မှီတင်းနေထိုင်သည့် လူမျိုးစုများ၊ ပြည်သူလူထုများ၊ တန်းတူရည်တူရှိရှိ ပါဝင်ဆွေးနွေးဆုံးဖြတ်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်ထောင်တခုအဖြစ် ပြန်လည်တည်ထောင်ဖွဲ့စည်းရမည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

    “ဖတ်စာအုပ်အတိုင်း အရိုးစွဲလာခဲ့တဲ့ ထားဝယ်၊ မြိတ်၊ ကော့သောင်း ၃ ခရိုင် ၊ မြို့နယ် ၁၀ ခုဟာ တနင်္သာရီ ဖြစ်တယ်… ဆိုတာကို သမိုင်းထဲမှာပဲ ထားခဲ့ကြပါ ။ ရိုးသားမှု ၊ ညီညွတ်မှု နဲ့ ဉာဏ်ပညာအမျှော်အမြင်ကို အခြေခံတဲ့ တနင်္သာရီရဲ့ အနာဂါတ်အိမ်မက် – Tanintharyi Vision ကို စုပေါင်းတည်ဆောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။ တနင်္သာရီရဲ့ အနာဂါတ်ကို တနင်္သာရီ ပြည်သူတွေ ကိုယ်တိုင် ဆုံးဖြတ် ပုံဖော်ထုဆစ်နိုင်တယ် ဆိုတာကို ကျနော်တို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်” သူက ဆက်လက်ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၇ ရက်နေ့ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်များက စုပေါင်း၍ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ရေကန်တောင်၌ တပ်စွဲထားသော အကြမ်းဖက်စစ် ကောင်စီ၏ မိုက်ခရိုဝေ့ခ် (Microwave) တပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ အဆိုပါ စခန်းသိမ်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနတပ်ရင်း၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ရေဖြူ(ပကဖ)နှင့် သာဂရစစ်ကြောင်း တို့နှင့်အတူ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

    ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) မှ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်နိုဝယ်က “ ကံပေါက်ဒေသ၊ ရေကန်တောင်ပေါ်မှာရှိတဲ့ Microwave စခန်းဟာ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ယခင်စစ်ဆင်ရေးများနည်းတူ မဟာမိတ်အဖွဲ့တွေနဲ့ စစ်ဆင်ရေးအစီအစဉ်တွေကို စနစ်တကျ ကြိုတင်ရေးဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ အားလုံးစုပေါင်းတိုက်လို့ အောင်မြင်မှုရရှိတာဖြစ်ပါတယ်။ Microwave စခန်းသိမ်းပွဲမှာ စစ်ကောင်စီဖက်က အရာရှိ ၁ ဦးအပါအဝင် စုစုပေါင်း ၆ ယောက်သေဆုံးခဲ့ပြီး အရှင်တစ်ဦး ဖမ်းဆီးရမိခဲ့ပါတယ်။ MA-11 ၃ လက်နဲ့ ကပစ 5.56 ကျည် ၅၇၈ တောင့် ၊ 60-MM ကွန်မန်ဒိုစိန်ပြောင်း ၁ လက်နဲ့ 60-MM ကျည် ၁၁ တောင့် ၊ 40-MM ကျည် ၃၆ တောင့် ၊ ရှေ့ထွက်မိုင်း -လိပ်ခုံး ၃ လုံးနဲ့ ကျည်ဘောက်တွေအပြင် စစ်ကောင်စီတပ်သားတွေရဲ့ ဖုန်းတွေနဲ့ ကွန်ပျူတာ ၁ လုံးတို့ကိုလည်း သိမ်း ဆည်းရမိခဲ့ပါတယ်”ဟု သူက ပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်းတွင် မြို့ဧရိယာမှလွဲ၍ ကျေးလက်ဒေသများကို နယ်မြေစိုးမိုးနိုင်မှုမရှိတော့ဘဲ စစ်ကြောင်းထိုးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို ယခင်ထက်ပိုမို လုပ်ဆောင်လာကြောင်း သိရှိရသည်။

  • ကလေးငယ်ကို အဓမ္မကျင့်တဲ့ အမျိုးသား ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    ကလေးငယ်ကို အဓမ္မကျင့်တဲ့ အမျိုးသား ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    မေမြို့မှာ ကလေးငယ်ကို အဓမ္မကျင့်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ရပ်ကွက်က ဖမ်းဆီး ရိုက်နှက်ရာ လက်လွန် သေဆုံး

    မန္တလေးတိုင်း၊ မေမြို့၊ ပွဲကောက်ကျေးရွာမှာ ဒီဇင်ဘာလ ၂၄ရက် ညနေပိုင်းက အသက် ခုနှစ်နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ အသက် ၆၀ အရွယ် အမျိုးသားကို ရပ်ကွက်က ဝိုင်းဖမ်းဆီးပြီး ရိုက်နှက်ရာက လက်လွန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။

    ဒီဇင်ဘာလ ၂၄ရက် ညနေ ၆ နာရီခွဲဝန်းကျင်အချိန် မေမြို့ ပွဲကောက်ကျေးရွာ ရေတံခွန်အနီးမှာ အမျိုးသားတစ်ဦး သေဆုံးကြောင်း ဖုန်းဆက် အကြောင်းကြားလို့ အလောင်းကို သယ်ယူကာ မေမြို့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ဆိုပါတယ်။

    “ပြင်ဦးလွင်မြို့ ပွဲကောက်ကျေးရွာ ရေတံခွန်အနီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအား အသက် ၆ဝ အရွယ် အမျိုးသား တစ်ဦးမှ အဓမ္မ ပြုကျင့်ပါသဖြင့် ပြည်သူများမှ ဝိုင်းရိုက်မိရာမှ သေဆုံးသွားပါသဖြင့် ဖုန်းဆက် အကြောင်းကြားရာ အသင်းမှ DeadBody (အလောင်း) တင်ယာဥ်ဖြင့် သွားရောက် ခေါ်ဆောင်ပြီး ပြည်သူ့ ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ပြသ၍ မော်ကျူရီသို့ ပို့ဆောင်ပေးခဲ့ပါသည်” လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်းက ဖော်ပြပါတယ်။

    စစ်အာဏာသိမ်းပြီးနောက် မေမြို့ အပါအဝင် မန္တလေးတိုင်းအတွင်း ဖြစ်ပွားတဲ့ မှုခင်းဖြစ်စဉ်တွေကို စစ်အုပ်စုက အလေးထား ကိုင်တွယ် ဖြေရှင်းတာ မရှိတော့ဘဲ ငွေရနိုင်တဲ့ မှုခင်းဖြစ်စဉ်တွေကိုသာ ဦးစားပေး ကိုင်တွယ် ဖြေရှင်းတော့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

  • ဖရဲသီး တို့၏ စွန့်လွှတ်စွန့်စားမှု

    ဖရဲသီး တို့၏ စွန့်လွှတ်စွန့်စားမှု

    တချိန်က ကျောက်ဆိုင် ကျောက်သား ကြီး အလား ခိုင်မာ တောင့်တင်းလှပေသည်ဟု ယူဆခံထားရသော မြန်မာ စစ်တပ်သည် ယခုအခါ အတွင်း လှိုက်စား မှု များ ဖြင့် ချိနဲ့ ယိမ်းယိုင်လာနေပြီ ဖြစ်သည်။

    “ဖရဲသီး” ဟု ခေါ်ကြသည့် စစ်တပ်တွင်း စပိုင်များ၏ ကွန်ယက်သည် ကြီးမား ကျယ်ပြန့်လာနေသည်။ ထိုသို့ ကျယ်ပြန့်လာခြင်းမှာလည်း လူထု ကို ရန်သူ သဖွယ် ပြုမူ နေမှု များ ကြောင့် စစ်တပ် အတွင်း ဂုဏ်သိက္ခာ ဟူ၍မရှိတော့ပဲ ကျင့်ဝတ်၊ စာရိတ္တများများ ပျက်ပြား လာနေမှု ကို လက်မခံနိုင် ဟု ယူဆလာနေခြင်း၊ မိမိတို့ ဆက်၍ ရှင်သန် ရပ်တည် သွားလိုသည့် စိတ်ရင်း နှင့် နိုင်ငံရေး အရ အတွက်အချက်များ အစရှိသည် တို့ က လှုံ့ဆော်လာခြင်း ကြောင့် ဖြစ်သည်။ ၎င်းတို့၏ အခန်းကဏ္ဍ သည် မြန်မာတို့၏ ဒီမိုကရေစီ အရေး လှုပ်ရှားမှု တွင် ထိ‌ရောက်မှု ရှိသည့် တော်လှန်ရေး အသွင်သစ် ကို ဖေါ်ဆောင်လာခဲ့သည်ဟု အစချီကာ အိန္ဒိယ ရှိ The Statesman သတင်းစာကြီး ၏ အယ်ဒီတာ အာဘော်တွင် “Myanmar Fracture” ခေါင်းစဉ် ဖြင့် ခရစ်စမတ်နေ့က ယခုလို ရေးသား ဖေါ်ပြလာခဲ့သည်။

    အာဏာသိမ်း စစ်တပ်သည် ယခုအခါ နိုင်ငံ၏ လေးပုံတပုံ ခန့်ကို သာ ပိုင်ပိုင် နိုင်နိုင် ထိန်းချုပ် ထားနိုင်တော့သည်။ စစ်မြေပြင် တွင် အရေးနိမ့်လာခဲ့မှု အတိုင်းအတာကို ထင်ဟပ်စေခဲ့သည်သာမက ၎င်းတို့အား နိုင်ငံကို အုပ်ချုပ် ပိုင်ခွင့် ရှိနေသည်ဟူ သော ယူဆထားမှု များ ပါ တနေ့တခြား ပျောက်ကွယ်လာခဲ့ရသည်။

    ထိုသို့ အရေးနိမ့်လာလေလေ လူထု ကို ကာကွယ်ရမည့်အစား ရန်သူလို ရက်ရက်စက်စက် ပြုကျင့်လာလေလေ ဖြစ်လာ၍ တပ်တွင်း တွင်း ၎င်းတို့အား ဆန့်ကျင်မှု များ တိုးပွားလာ‌ နေခြင်းလည်း ဖြစ်သည်။

    ဖရဲသီး များက လွန်စွာ အရေးပါသော ထောက်လှန်းရေး သတင်းများကို တော်လှန်ရေး အဖွဲ့များကို ပေးပို့ခဲ့ကြသည်။ ထို့အတွက် စစ်တပ်အား ခြုံခို တိုက်ခိုက်နိုင်ခြင်း၊ ၎င်းတို့ ထိုးစစ်ဆင်မည့် လမ်းကြောင်းကို ရှောင်ရှား နိုင်ခဲ့ခြင်း၊ စစ်ကောင်စီ၏ အကြံအစည်များ ပျက်ပြားအောင် လုပ် နိုင်ခဲ့ခြင်း အစရှိသည် တို့ကို မဟာဗျူဟာ ကျကျ လှုပ်ရှား နိုင်ခဲ့ကြသည်။

    ဖရဲသီးများ ကြောင့် တပ်ရွှေ့ပြောင်းမှု နှင့် စစ်ဆင်ရေး ကဲ့သို့ အရေးပါသော စစ်သတင်းများ အပြင်သို့ ပေါက်ကြားလာ၍ တော်လှန်ရေး အဖွဲ့များ အဖို့ စစ်တပ် ၏ အသာစီး ရနေမှု ကို စိန်ခေါ်လာနိုင်ပြီး နယ်မြေ စိုးမိုးမှု များ ရရှိလာခြင်း ဖြစ်သည်။

    ဖရဲသီး တို့ အဖို့လည်း ထိုသို့ အလွယ်တကူ လုပ်၍ မရ၊ ၎င်းတို့ တဦးချင်းစီ၏ အရဲကိုး၍ ဖိနှိပ်အုပ်ချုပ်‌ နေ‌‌ သော အာဏာရှင် စနစ် ကို အတွင်းမှ နေ၍ ပြောင်းလဲရမည့် ဟူသော ခံယူချက်ဖြင့် စွန့်စားရဲသော သတ္တိ ရှိနေသည်ကို မီးမောင်းထိုးပြနေခြင်း ဖြစ်သည်။

    ၎င်းတို့၏ စွမ်းဆောင်ချက်များကြောင့် တော်လှန်ရေး ၏ အရွေ့ သည် အချင်းချင်း ညှိနှိုင်းပြီး ထိထိ‌ ရောက်ရောက် လှုပ်ရှားနိုင်ခဲ့သဖြင့် နယ်မြေ အမြောက်အမြား သိမ်းယူ နိုင်ခဲ့သော ရလဒ် ကောင်းများ ထွက်ပေါ်လာခဲ့ရသည်။

    ၎င်းတို့ စွန့်စားဆောင်ရွက် ခဲ့မှုသည် နဲနဲနောနော မဟုတ်၊ မိသားစု များ အပေါ် အန္တရာယ်ကျရောက်လာနိုင်သည်ကို သိသိကြီး နှင့် လုပ်ခဲ့ကြရခြင်း ဖြစ်သည်။ မိသွားပါက ရက်ရက်စက်စက် လက်တုန့်ပြန် ခံကြရမည် ဖြစ်သည်။

    ထိုသို့သော အခြေအနေများ ရှိနေသည့်ကြား မှ စွန့်စား ရဲသည်ကို ကြည့်မည်ဆိုက စစ်တပ် အတွင်း မည်မျှ အထိ အက်ကြောင်းထလာနေသည်ကို သိသာ ထင်ရှားစွာ တွေ့မြင်နိုင်မည် ဖြစ်သည်။ စစ်ခေါင်းဆောင်များလည်း တပ်တွင်း ညီညွတ်ရေး ကို ထိမ်းသိမ်းထား နိုင်စွမ်း မရှိတော့သည့် အဖြစ်လည်း ပေါ်လွင်ထင်ရှားလာခဲ့ရသည်။

    စစ်သား အများအပြားသည် အလုပ်အကိုင် အတည်တကျ နှင့် ဂုဏ်သိက္ခာ ရှိသည့် အလုပ်မျိုးဟု ယူဆ၍ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ယခု အခါ တွင်တော့ ၎င်းတို့ ၏ ရန်သူများသည် ပြည်သူများ သာ ဖြစ်နေသည် ဆိုသည့် ထိတ်လန့် တုန်လှုပ် ဖွယ် အနေအထား နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာခဲ့ကြရသည်။

    ထိုသို့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ပျက်ယွင်းလာခဲ့မှု ကြောင့် တော်လှန်ရေး အတွက် အတွင်းသတင်းပေး များ ထွက်ပေါ်လာအောင် ဖွင့်ပေးလိုက်သလို ဖြစ်သွားခဲ့ရပြီး ၎င်းတို့၏ စစ်‌ဆင်ရေးများ မအောင်မမြင် ဖြစ်လာခဲ့ရသည်။

    စစ်တပ်သည် မြို့ကြီးပြကြီးများ၊ စီးပွားရေး အခြေခံ အဆောက်အအုံများ၊ ဝင်ငွေရရာ ရကြောင်းများကို ဆက်၍ ထိန်းချုပ်ထားနိုင်ဆဲပင် ဖြစ်သည်။ ထိုသို့ အနေအထား များ ရရှိထားသော်လည်း လူထု အပေါ် ရက်စက်စွာ ဖိနှိပ်အုပ်ချုပ်မှ ဖြစ်မည် ဟု မူကို စွဲ ကိုင်ထားဆဲ ဖြစ်၍ တပ်တွင်း ညီညွတ်‌ ရေး ကို ထိမ်းသိမ်း နိုင်‌ ရေး တွင် အခက်အခဲ များ နှင့် ဆက်၍ ရင်ဆိုင်နေရသည်။

    ၎င်းတို့အဖို့ အတိုက်အခံ များ ထိန်းချုပ်ထားသော နယ်မြေ များအား လေကြောင်း နှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက် နိုင်မှု တွင် ပြတ်ပြတ်သားသား အသာရနေဆဲပင် ဖြစ်သည်။ ထို့အပြင် တော်လှန်ရေး အင်အားစုများ အကြားလည်း အကွဲအပြဲများ ရှိနေပြန်၍ မဟာဗျူဟာ ပိုင်း နှင့် ရည်မှန်းချက် ပိုင်းတွင် စုစည်း တည်ဆောက်၍ မရ ဖြစ်နေသည်။

    သို့သော်လည်း ဖရဲသီးများ ရှိ‌နေခြင်းကပင် အာဏာကို အကြောက်တရား နှင့် ခြိမ်းခြောက်မှု များ ဖြင့် ရာသက်ပန် ဆုပ်ကိုင်ထား၍ မဖြစ်နိုင်ဟုသော အချက်သည် ပေါ်လွင် ထင်ရှားသွားခဲ့သည်။ လက်ရှိတွင်ပင် ၎င်းတို့ ထိန်းချုပ်ထားနိုင်မှု လက်လွှတ်ပေးလာရခြင်းကပင် လက်ရှိ ပုံစံ အတိုင်း ရေရှည် မခံတော့ ဆိုသည်ကို ပြဆိုနေပေသည်။

    တဖက်တွင် ဒီမိုကရေစီ အင်အားစုများသည်လည်း အားပျော့သွားသည်ဟူ၍ မရှိဘဲ တဖြေးဖြေး နှင့်အချင်းချင်း ပိုမို စည်းလုံးလာ‌ ‌နေပြီး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်လာကြကာ ကြံ့ကြံခံနိုင်လာကြသည်။

    တော်လှန်ရေး ဆက်လက် ဖြစ်ပွား နေသည်နှင့် အမျှ ဖရဲသီးများ၏ အခန်းကဏ္ဍသည် တော်လှန်ရေး အဆုံးသတ် နိုင်ရေး အတွက် ရလဒ်ကောင်းများ ထွက်ပေါ်လာအောင် အရေးပါလာမည် ဖြစ်သည်။

    အာဏာရှင် တို့၏ ရက်စက်စွာ ဖိနှိပ် အုပ်ချုပ်နေသည့် ယန္တရားကြီး အတွင်းမှာပင် သတ္တိပြောင်မြောက်စွာ ဆောင်ရွက်နေမှုကပင် စစ်တပ် အတွင်းဆန့်ကျင်သူများ ထွက်ပေါ်လာနိုင်သည့် အလားအလာ ရှိနေခြင်းပင် ဖြစ်သည်။

    ၎င်းတို့၏ စွန့်လွှတ် အနစ်နာ ခံမှုသည် တရားမျှတမှု နှင့် ဒီမိုကရေစီသည် အဆုံးတွင် အောင်ပွဲခံရမည်ဟု မျှော်လင့်ချက်များ ရှင်သန်လာခဲ့ရသည်။

    စစ်တပ်သည် အာဏာကို လက်ရှိတွင် ဆုပ်ကိုင်ထား နိုင်ဆဲ ဖြစ်သော်လည်း တပ်တွင်း တွင် အကွဲအပြဲများ ဖြစ်လာနေခြင်းကပင် ၎င်းတို့ ‌ဆုပ်ကိုင်ထားနိုင်မှု ပြေလျော့လာနေသည် ကို ပြဆိုနေပေသည်ဟု ရေးသားထားသည်။

    လက်ရှိ စစ်ရေး သတင်းများတွင် KIA နဲ့ တော်လှန်ရေးပူးပေါင်း တပ်များသည် ဒီဇင်ဘာ ၄ ရက်နေ့မှ စ၍ စစ်မျက်နှာ ခုနစ်ခုနှင့် ဗန်းမော်၊ မံစီဒေသကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ရာ ယခုအခါကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် မံစီမြို့ကြား ရှိ မြို့စောင့်တပ် ခြေမြန်တပ်ရင်းများ ဖြစ်သည့် ခမရ ၃၁၉ ၊ ခမရ ၆၀၁ နဲ့ အမြှောက်တပ်ရင်း (အမတ ၅၂၃) တပ် များ သည် တိုက်ပွဲအတွင်း အလံဖြူထောင် လက်နက်ချသူ များ ရှိလာ‌ နေသည်ဟု ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အတည်ပြု ပြောဆိုခဲ့သည်။

    If you are neutral in situations of injustice, you have chosen the side of the oppressor.

    (တရားမျှတ မှု ကင်းမဲ့နေသည့် အခြေအနေ တွင် သင်သည် ကြားနေမည် ဆိုက ဖိနှိပ်အုပ်ချုပ်သူများ ဖက်က ရပ်တည်လိုက်ခြင်းပင် ဖြစ်သည်။)

    Desmond Tutu

    ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ ‌အောင်ရမည်!!!

    ✍Hla Soewai