Author: Admin-501

  • ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို  KIA နှင့်ပူး​ပေါင်းတပ် ဆက်လက်သိမ်းပိုက်

    ဗန်းမော်လေယာဉ်ကွင်း နှင့် စရဖရုံးကို KIA နှင့်ပူး​ပေါင်းတပ် ဆက်လက်သိမ်းပိုက်

    ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေဆဲဖြစ်ပြီး လေယာဉ်ကွင်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးအား သိမ်းပိုက်နေရာယူထားကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့(ဇန်နဝါရီ ၂၇ရက်) ညပိုင်း၌ ပြောကြားသည်။

    KIA နှင့် ပူး​ပေါင်းတပ်ကဇန်နဝါရီ ၂၅ရက် ညနေပိုင်းတွင်အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)အနီးရှိ အမှတ်(၆၀၀၇) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်ပြီးနောက် စကခ -၂၁ အနီးရှိ အမြောက်တပ်၊ လေယာဉ်ကွင်းနေရာများ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာများကို ဆက်လက်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

    “လေယာဉ်ကွင်းကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားပြီလို့ တော့ ပြောကြတယ်။ ရှေ့တန်းသမားတွေပြောတာပေါ့။ အမြောက်တပ်ကတော့ သိမ်းပိုက်နိုင်ပြီဆိုကျနော် မကြားပါဘူး။ ဒါပေမဲ့အနီးကပ် စောင့်ကြည့်ထားတဲ့ အနေအထားလောက်တော့ရှိလောက်ပါပြီ။အရင်က စရဖရုံးအဟောင်းတွေပေါ့နော် အဲဒီ စရဖ ရုံးဘက်မှာတော့ သိမ်းပိုက်လို့ရပြီတဲ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောပြသည်။

    ​နွေဦး​တော်လှန်​ရေးတွင် MNDAAနှင့် ပူး​ပေါင်းတပ်က လားရှိုး ​လေဆိပ် ၊ AA က သံတွဲ​လေဆိပ် ၊ အမ်း​လေဆိပ်နှင့်မြို့များသိမ်းပိုက်ပြီး​နောက် KIA ကလည်း ဗန်း​မော် ​လေဆိပ် ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

    ဗန်း​မော်မြိူ့သိမ်းတိုက်ပွဲတွင် ​သံချပ်ကာတပ်ရင်း ၊လေယာဥ်ကွင်း ၊စရဖရုံးတို့အသိမ်းခံရပြီး​နောက်စစ်ကောင်စီတပ်ကလည်း ယခင်အတိုင်းပင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု တိုက်ခိုက်ခုခံလျက်ရှိသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

    ပူး​ပေါင်းတပ်များက စစ်တပ်၏ စကခ (၂၁) နှင့်လက်ကျန်စခန်းများကိုဆက်လက်သိမ်းပ်ုက်ရန်ထိုးစစ်ဆင်​နေသည်။

    ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဗန်းမော်မြို့ လေယာဉ်ကွင်း တောင်ဘက် ဟိန်းအောင်ဆီဆိုင်ရှိ စစ်ကောင်စီတပ်စွဲရာနေရာ ၅နေရာ၊ ၂ မိုင်စိုက်ပျိုးရေးခြံရှိ စစ်ကောင်စီ တပ်စွဲရာ ၂နေရာအား သိမ်းပိုက်နိုင်ပြီး လေယာဉ်ကွင်းအနီး စရဖရုံးအား သိမ်းပိုက်ပြီးဖြစ်သည်ဟု လူမှုကွန်ရက်တွင် အသိပေးသည်။

    KIAသည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့နှင့် မံစီမြို့ရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးကို စတင်ခဲ့ရာ တစ်လခန့်အကြာ ၂၀၂၅ ဇန်နဝါရီ ၈ရက်တွင် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ် ၃ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

    ထို့နောက် ဗန်းမော်မြို့ရှိ စကခ (၂၁)အပါအဝင် လက်ကျန်တပ်ရင်းဌာနချုပ်များကို ထိုးစစ်ဆင်ခဲ့ရာ ဇန်နဝါရီ ၂၄ရက်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့သည်။ ထိုးစစ်အရှိန်မြှင့်ပြီးနောက် စစ်ကောင်စီတပ်ရင်းဌာနချုပ် အချို့ ၊ သံချပ်ကာယာဉ် ၇စီးထက်မနည်း သိမ်းပိုက်ရရှိထားသည်။

    (ဗန်းမော်လေဆိပ်အား သိမ်းပိုက်ပြီးKIA ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်များ​အောင်ပွဲခံစဥ်။ ရုပ်သံ -ကချင်​တောင်တန်း)

  • ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

    ကပစ(၂၁)မှ တပ်ကြပ်ကြီးအား ပစ်ခတ်ခဲ့ရဟု ပခုက္ကူခရိုင်အမှတ်(၄)တပ်ရင်း အသိပေး

    လေယာဥ် ဗုံးထုတ်သည့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၂၁)ကာကွယ်ရေးပစ္စည်းစက်ရုံမှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား ပစ်ခတ်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ်(၄) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

    ဇန်နဝါရီ ၂၅ ရက် နေ့လည် ၃ နာရီခန့်က ဆိပ်ဖြူ -တညောင်လမ်းပိုင်းတနေရာတွင် ကပစ (၂၁)မှ တပ်ကြပ်ကြီး အောင်ကြည်ဆန်းနှင့် ကျန်း‌‌မာရေးဌာန Non CDM ၀န်ထမ်းသုံးဦးတို့သည် ဆုံဆည်းရာစားသောက်ဆိုင်မှ သောက်စားပြန်လာချိန် စစ်ဆေးခဲ့သည်ဟု ဆိုသည်။

    တားဆီးစစ်ဆေးမှုကို လက်မခံသည့် တပ်ကြပ်ကြီး အောင်ကြည်ဆန်းက ရဲဘော်များအား ကိုယ်ထိလက်‌ရောက် ခုခံသောကြောင့် အဆိုပါနေရာတွင် ပစ်ခတ်စီရင်ခဲ့ရကြောင်း အသိပေးသည်။

    ထို့အပြင် Non CDM ကျန်းမာ‌ရေး၀န်ထမ်း သုံးဦးကိုမူ စစ်အာဏာရှင်လက်‌အောက်တွင် ဆက်လက်မလုပ်ကြရန် မှာကြားပြီ ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။

    တပ်ကြပ်ကြီးအောင်ကြည်ဆန်းထံမှ ဖုန်းတစ်လုံး၊ စာရွက်စာတမ်းများနှင့် ဆိုင်ကယ်တစ်စီးသိမ်းဆည်းရရှိခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

    ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁ )သည် မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်တွင်ရှိပြီး လေယာဥ်ဗုံးများ အဓိက ထားထုတ်လုပ်ကြောင်း CDM စစ်ကောင်စီအရာရှိများနှင့် ဒေသခံစစ်ရေးအချက်အလက်များက ဆိုသည်။

    ထို့အပြင် ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ငယ်များထုတ်လုပ်သည့် ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၂၂)လည်း အခြေစိုက်ထားသည်။

    တစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ ကာကွယ်ရေး ပစ္စည်းစက်ရုံ ၂၅ ခုရှိပြီး မကွေးတိုင်းတွင် ၁၅ ခု၊ပဲခူးတိုင်းတွင် ခုနစ်ခုနှင့် ရန်ကုန်၊ နေပြည်တော်၌ သုံးခုရှိသည်။

    ဆိပ်ဖြူ နှင့် တညောင်လမ်းပိုင်းတစ်နေရာ၌ ရှင်းလင်းခံရသည့် ကပစ (၂၁)မှ တပ်ကြပ်ကြီးအောင်ကြည်ဆန်းအား တွေ့ရစဥ်(ဓာတ်ပုံ – Caf-SPU PDF)

  • မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်

    မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်

    မြို့သာရဲစခန်းကို ၅ ရက်ဆက် ဗုံးသီး ၂၀ ကျော် ကြဲချတိုက်ခိုက်၊ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုများနိုင် (ရုပ်/သံ)

    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းကို ဇန်နဝါရီ ၁၉ ရက်ကနေ ၂၃ ရက်အထိ ၅ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးအများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်းထံက သိရပါတယ်။

    မြို့သာရဲစခန်းမှာ အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၄၀၀ ခန့် ဖြည့်တင်းထားတဲ့အတွက် လက်လုပ် 3 Kg ဒရုန်းဗုံးသီး ၁၇ လုံး၊ 1 Kg ဒရုန်းဗုံးသီး ၆ လုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးနိုင်တယ်လို့ သိရပါတယ်။

    အဲဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း ဦးဆောင်ပြီး မြင်းခြံ ခရိုင် တပ်ရင်း – ၆ ၊ တပ်ခွဲ၂ ၊ တပ်ခွဲ၃နဲ့ ငါန်းဇွန်မြိုနယ် ပ.က.ဖ အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကာ ရဲဘော်တွေ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

    စစ်ကောင်စီတပ်သားတွေဟာ ရဲစခန်းတိုက်ခိုက်ခံရတဲ့အတွက် အနီးဝန်းကျင်ရှိ ပြည်သူပိုင်နေအိမ် တွေနဲ့ ဘီယာဆိုင် ၁ ဆိုင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

  • ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    ရွှေဘိုမြို့တွင် လူငယ်တစ်ဦးကို ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီး

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ဧည့်စာရင်းစစ်ပြီး လူငယ်တစ်ဦးကို စစ်မှုထမ်းရန်ဟုဆိုကာ ပေါ်တာဆွဲ ဖမ်းဆီး၍ သိန်း ၁၃၀ ငွေညှစ်သည့် ရွှေဘိုမြို့နယ် ရဲမှူး သန်းဇော်နှင့် ထွေ/အုပ်စာရေး ၂ ဦး အပါအဝင် စုစုပေါင်း ၃ ဦးကို စစ်တပ်က ပြန်လည် ဖမ်းဆီးအရေးယူ လိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

    ဇန်နဝါရီ ၂၄ ရက်နေ့ ည ၇ နာရီအချိန် ရွှေဘိုမြို့ နယ်အုပ်ချုပ်ရေးမှူး ကျော်နိုင်၊ မြို့နယ်ရဲမှူး သန်းဇော်တို့ ဦးဆောင်သည့် ဧည့်စာရင်းစစ်ဆေးရေးအဖွဲ့က ရွှေဘိုမြို့ အမှတ် ၄ ရပ်ကွက်အတွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့ကြောင်း၊ စစ်ဆေးစဉ် မောင်ကျော်မင်းခန့်၊ အသက် ၂၄ နှစ်၊ အဘ ဦးကိုကိုလေး၊ ကျောက်မြစ်ကျေးရွာနေထိုင်သူသည် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိဘဲ ရောက်ရှိနေထိုင်လျက်ရှိသဖြင့် ပြည်သူ့စစ်မှုထမ်းစာရင်းသွင်းမည်ဟုဆိုကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

    ထို့နောက် မောင်ကျော်မင်းခန့်၏မိဘများထံသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ငွေကျပ်သိန်း ၁၃၀ ပေးပါက မောင်ကျော်မင်းခန့်အစား အခြားသူတစ်ဦးကို လူစားလဲလှယ်ပေးမည်ဟု ဆက်သွယ်ပြောဆိုလာခဲ့သဖြင့် ဇန်နဝါရီ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့် မောင်ကျော်မင်းခန့်၏ ဖခင်ဖြစ်သူ ဦးကိုကိုလေးက သွားရောက်ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။

    အဆိုပါ ငွေကျပ်သိန်း ၁၃၀ ကို ရွှေဘို မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်က ၂၅ သိန်း၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့်က ၃၀ သိန်း၊ မောင်ကျော်မင်းခန့်အစား လူစားထိုးလဲလှယ်မည့် ရွှေဘိုမြို့၊ အမှတ် ၁ု ရပ်ကွက်တွင်နေထိုင်သူ သန်းစိုးထိုက်က ၅၀ သိန်း စသည်ဖြင့် အသီးသီးခွဲယူခဲ့ကြကြောင်း သိရှိရသည်။

    ရွှေဘို မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးသန်းဇော်၊ မြို့ နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြီးတန်းစာရေး ကျော်ခိုင်လတ်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး သူရိန်ညွန့် တို့ကို စစ်တပ်က ပြန်လည်ဖမ်းဆီးလိုက်ပြီး ငွေကျပ်သိန်း ၁၃၀ ကိုလည်း မောင်ကျော်မင်းခန့်၏ မိသားစုများထံသို့ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

  • လောလောဆယ် တော်လှန်ရေးမှာ ဆိုက်ဝါးပိုင်း ဆရာ အကျဆုံးက AA ပဲ

    လောလောဆယ် တော်လှန်ရေးမှာ ဆိုက်ဝါးပိုင်း ဆရာ အကျဆုံးက AA ပဲ

    ရက္ခိုင်-ပဲခူးတိုင်းအစပ်နှင့် ရက္ခိုင်-ဧရာဝတီတိုင်းအစပ် စစ်စခန်းသုံးခုကို AA ဆက်တိုက်သိမ်းပိုက်

    ရက္ခိုင်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးနေရ

    ရက္ခိုင်ရိုးမပေါ် ရက္ခိုင်ပြည်-ပဲခူးတိုင်းအစပ်ရှိ စစ်ကောင်စီစခန်းတစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို ရက္ခိုင်ပြည်-မကွေးတိုင်းအစပ်တွင်လည်း စစ်ကောင်စီတပ် ဆုတ်ခွာထွက်ပြေးလျှက်ရှိကြောင်း အာရက္ခတပ်တော်(AA)က ဇန်နဝါရီ ၂၇ ည သန်းခေါင်းယံတွင် ထုတ်ပြန်အသိပေးသည်။

    AA သည် ရက္ခိုင်ရိုးမတောင်တန်းတလျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိရာ ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများမှာ နေ့စဥ်ဖြစ်ပွားနေကြောင်း ဖော်ပြသည်။

    ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်းတနည်းအားဖြင့် ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ စခန်းတစ်ခုဖြစ်သော မိုးထိတောင်စခန်းအား ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် AA ကစတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ငါးရက်ခန့် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ယင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အသိပေးသည်။ ရန်သူ၏ စစ်အသုံးအဆောင်၊ လက်နက်ခဲယမ်း၊ အလောင်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

    AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းတွင် တိုက်ပွဲအတွင်းသိမ်းဆည်းရမိထားတဲ့ လက်နက်ခဲယမ်းများနှင့်အတူ ပဲခူးတိုင်းဒေသကြီးမှကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ကနဦး ဖော်ပြအသိပေးခဲ့သည်။

    ထို့အပြင် ဧရာဝတီ-ရက္ခိုင်အစပ် ဧရာဝတီတိုင်းအတွင်းရှိ အာရက္ခတပ်တော်မှ သိမ်းပိုက်ထားသော ပွိုင့် (၂၆၃) စခန်းအား စစ်ကောင်စီက ဇန်နဝါရီ ၂၇ ရက် မွန်းလွဲပိုင်းတွင် လေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်နေကြောင်း AA က ဖော်ပြသည်။

    မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမ (ဂုတ်စီးရိုးကျေးရွာအနီး)တွင်လည်း စစ်ကောင်စီရဲ့ တမခ (၉၉) လက်အောက်ခံ ခမရ (၄၁၉) ၊ (၁၄) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းနှင့် AAတို့ နာရီဝက်ခန့်ကြာ ဇန်နဝါရီ ၂၇ရက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကာ AA ၏ တန်ပြန်ခုခံစစ်ကို မယှဉ်နိုင်သော စစ်ကောင်စီတပ်က ဂုတ်စီးရိုးကျေးရွာဘက်သို့ ဆုတ်ခွာသွားခဲ့ရကြောင်း သိရသည်။ ဆုတ်ခွာထွက်ပြေးသွားသော ရန်သူများအား လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ရှိရာ ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း AA က အသိပေးသည်။

    AA သည် ရက္ခိုင်ပြည် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားကာ ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့နယ် ၃ခုသာ သိမ်းပိုက်ရန် ကျန်ရှိသည်။

    သို့ရာတွင် စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့ကြောင်း AA က ထုတ်ပြန်သည်။

    (AA နှင့်ပူး​​ပေါင်းတပ်များက စစ်တပ်ထံမှ သိမ်းပိုက်ထား​​သော သံချပ်ကာအပါအဝင်လက်နက်ခဲယမ်းများနှင် စစ်စခန်းများ။ ဓါတ်ပုံ-AA Info Desk)