Author: Admin-501

  • ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူ

    ရန်ကုန်တွင် ကျန်းမာသော လူငယ်မှန်သမျှကို စစ်မှုထမ်းရန် ပေါ်တာဆွဲခေါ်ယူမှု ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ညီညွတ်ဟု ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးအကြောင်းကြား

    ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လိုအပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။

    ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ် ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အပတ်စဉ် ၈ အတွက် စစ်မှုထမ်းများ ခေါ်ယူရေးနှင့်ပတ် သက်၍ အသိပေးအကြောင်းကြားလာရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း ကျန်မားသန်စွမ်းသော အမျိုးသားလူငယ်မှန်သမျှသည် နိုင်ငံတော်ကာကွယ် ရေးအတွက် စစ်မှုထမ်းရန် မဖြစ်မနေ တာဝန်ရှိ ကြောင်း၊ စစ်မှုထမ်းများကို ခေါ်ယူရာတွင် သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ အလှည့်ကျစနစ်ဖြင့် ခေါ်ယူနိုင်သကဲ့သို့ လိုအပ်ပါက ပူး ပေါင်းအဖွဲ့များ ဖွဲ့စည်း၍ ကျန်းမာသန်စွမ်းသော လူငယ်များကို လိုအပ်သလို စစ်ဆေး စုဆောင်းခေါ်ယူနိုင်ကြောင်း၊ ယင်းသို့ ခေါ်ယူမှုများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ တရားဝင်ပြီး ဥပဒေနှင့်လည်း ကိုက် ညီမှုရှိသည်ဟု အသိပေးလာကြောင်း သိရှိရသည်။

    “တချို့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လူမရလို့ မြို့နယ်က စုဆောင်းခိုင်းတဲ့ စစ်မှုထမ်း လူအရေအတွက် မရဘူး။ အဲဒါ မြို့နယ် စီမံရေးကောင်စီဝင် ဗိုလ်မှူးတွေက လမ်းတွေမှာ လူငယ်တွေကို စစ်ဆေးခေါ်ယူဖို့ ၊ တစ်နည်းအားဖြင့် ပေါ်တာဆွဲ ခေါ်ယူဖို့ ညွှန်ကြားပေမယ့် အများစုသော ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဘက်က မလုပ်ရဲကြဘူး။ ပေါ်တာဆွဲခိုင်းတာကို မလုပ်ချင်ကြတာ။ အဲဒါကြောင့် အဲဒီလို လမ်းမှာ စစ်ဆေးပြီး စစ်မှုထမ်းစုဆောင်းတာက တရားဝင်တယ်။ ပြည်သူ့ စစ်မှုထမ်းဥပဒေ အရ ရပ်ကွက်မှာပဲဖြစ်ဖြစ်၊ ကျေးရွာမှာပဲဖြစ်ဖြစ် လမ်းမှာပဲဖြစ်ဖြစ် လူငယ်တွေ ကျန်းမာသန်စွမ်းတယ်၊ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းဆိုရင် စစ်မှုထမ်းဖို့ စုဆောင်းနိုင်တယ်။ ဒါက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ညီညွတ်တယ်လို့ တိုင်းထွေ/အုပ်ကနေ အသိပေးလာတာ”ဟု မရမ်းကုန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    ထို့ပြင် ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်းများ တပ်သားသစ်များ စုဆောင်းရာတွင် လူစားထိုးပေးခြင်း၊ စစ်မှုမထမ်းလိုသူများထံမှ ငွေကြေးကောက်ခံ၍ စစ်မှုမထမ်းရန် ရှောင်ရှားနိုင်ရေး ဆောင် ရွက်ပေးခြင်းများ မပြုလုပ်ရန် ရန်ကုန် တိုင်းထွေ/အုပ်က ညွှန်ကြားလာကြောင်း၊ ထိုကဲ့သို့ လုပ် ဆောင်မှုများကို စိစစ်တွေ့ရှိရပါက အရေးယူမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မည်သည့် အမျိုးသားလူငယ်မဆို စစ်မှုထမ်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်ညွှန်ကြားလာကြောင်း သိရှိရသည်။

    “ငွေတောင်းတာတွေ အရမ်းများလာလို့ ငွေမတောင်းဖို့ ။ စစ်မှုထမ်းနဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ် ယူတွေ မလုပ်ဖို့။ အဲဒါတွေ စိစစ်တွေ့ရှိရင် အရေးယူခံရမယ်ဆိုတာမျိုးလည်း အသိပေးတယ်။ လက်ရှိမှာတော့ ရပ်ကွက်တစ်ခုကို စစ်မှုထမ်း အရေအတွက် ၂ ဦးကနေ ၄ ဦးအထိ အနည်းဆုံး စုဆောင်းခိုင်းတယ်” ဟု မရမ်းကုန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်လက်ရှင်းပြသည်။

    ယင်းအပြင် စစ်မှုထမ်းရန် လူငယ်များကို စုဆောင်းရာတွင် နောင်လာမည့် စစ်မှုထမ်းအပတ်စဉ်များအတွက် ကြိုတင်၍ စုဆောင်းထားရန်ကိုပါ ညွှန်ကြားလာကြောင်း၊ အနီးကပ်မှ လူစုဆောင်းရာတွင် မပြည့်မီပါက စစ်မှုထမ်အပတ်စဉ် သင်တန်းများ ဖွင့်လှစ်ရန် နောက်ကျ ကြန့်ကြာမှုများဖြစ်နိုင်သဖြင့် လူစုဆောင်းမှုများကို တင်ကြို၍ လုပ်ဆောင်ထားကြရန် ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးညွှန်ကြားလာကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ရန်ကုန်၊ လမ်းများပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • လမ်းဘေးခွေးများကို စီမံချက်ဖြင့်  အဆိပ်ချ သတ်ဖြတ်

    လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်

    ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ မင်းအောင်လှိုင် တက်ရမည်ဖြစ်၍ လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေးများကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်

    မန္တလေးတိုင်း၊ ပြင်ဦးလွင်တွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်အခမ်း အနားသို့ မင်းအောင်လှိုင် တက်မည်ဖြစ်၍ စစ်တပ်က လုံခြုံရေး ကင်းပုန်းဝပ်ရန်အတွက် လမ်းဘေးခွေး မှန်သမျှကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်လျက်ရှိကြောင်း ပြင်ဦးလွင် မြို့နယ်စည်ပင်အရာရှိတစ်ဦးနှင့် ဒေသခံပြည်သူများထံမှ သိရှိရသည်။

    အကြမ်းဖက်မင်းအောင်လှိုင်က ယခု ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်သို့ စစ် တက္ကသိုလ်၊ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်း ပွဲများ တက်ရောက်ခဲ့ပြီး ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် အခမ်းအနားသို့လည်း တက် ရောက်မည်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒီဇင်ဘာဆန်းပိုင်းမှစတင်ပြီး ပြင်ဦးလွင်မြို့တွင်းနှင့် မြို့ပြင်များတွင် စစ်တပ်က ကင်းပုန်းများ ဆက်တိုက် ချ ထားကြောင်း၊ လုံခြုံရေးတိုးမြှင့်ရာတွင် ကင်းပုန်းဝပ်ရန် အနှောင့်အယှက်ဖြစ်စေမည့် ခွေးလေခွေးလွင့်များကို အဆိပ်ချ ရှင်း လင်းရန် စစ်ရုံးက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

    ” ဒီဇင်ဘာ တစ်လလုံး လူကြီး(မင်းအောင်လှိုင်) ခရီးစဉ်ရှိတဲ့အတွက် ခွေးလေ ခွေးလွင့်တွေကို လုံခြုံရေး ကင်းပုန်းဝပ်ရာမှာ အနှောင့်အယှက်မဖြစ်စေဖို့ အဆိပ် ပစ် ရှင်းလင်းဖို့ နယ်မြေတပ်ရင်းကနေ စာထုတ်ပါတယ်။ အဲဒါကြောင့် စီမံချက်နဲ့ ရှင်းလင်းနေရပါတယ်” ဟု ပြင်ဦးလွင်မြို့နယ်စည်ပင်အရာရှိတစ်ဦးက ရှင်းပြသည်။

    ပြင်ဦးလွင်ဒေသပြည်သူတချို့လည်း မင်းအောင်လှိုင်ခရီးစဉ်အတွက်ဟုဆိုကာ ပြည်သူ့စစ်များ၊ စည်ပင်ဝန်ထမ်းများ၊ စစ်သားများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ပြင်ဦးလွင်မြို့တစ်ဝန်းတွင် ညပိုင်း အဆိပ်ခတ်ထားသော အမဲတုံးများပစ်၍ ခွေးလေ ခွေးလွင့်များ ရှင်းလင်းကြောင်း၊ နံနက်အစောပိုင်းတွင် စည်ပင်သာယာကားများဖြင့် ခွေးလေ ခွေးလွင့်အသေများကို နေ့စဉ် ရက်ဆက် ရှင်းလင်းနေကြောင်း သိရှိရသည်။

    ” သူသွားမယ့် လမ်းတစ်လျှောက် ခွေးတွေ ရှင်းတာအပြင် ကင်းပုန်းဝပ်တာတွေ အနှောင့်အယှက်မဖြစ်အောင်ဆိုပြီး အဆိပ်ခတ် အမဲတုံးတွေ လိုက်ချပြီး ခွေးတွေ ရှင်းနေတာ။ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာလည်း စည်ပင်၊ရဲနဲ့ ပြည်သူ့စစ်တွေက ခွေးတွေကို အဆိပ် လိုက်ချတယ်။ လမ်းတွေပေါ်မှာတော့ ခွေးတွေလည်း သေနေကြတယ်။ ဘုန်းကြီးကျောင်းက မွေးထားတဲ့ ခွေးတွေလည်း သေကုန်ကြတာ။ လူတင်မကဘူး ခွေးတွေပါ ဒုက္ခပေးနေတာ။ ခွေးတွေပါ မကျန်အောင်ဒုက္ခ ပေးနေတာ” ဟု ပြင်ဦးလွင် ဒေသပြည်သူတစ်ဦးက ဆိုသည်။

    ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်နည်းပညာတက္ကသိုလ်ကျောင်းဆင်းပွဲတက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ထွက်ခွာသွားကြောင်း၊ ယမန်နေ့ ပြင်ဦးလွင်တွင် ၎ မင်းအောင်လှိုင် လုံခြုံရေးအတွက် လမ်းများ ပိတ်ဆို့ထားခဲ့ကြောင်း သိရှိရသည်။

    ပြင်ဦးလွင်ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် သို့ ဒီဇင်ဘာလ ၁၄ ရက်နေ့ တွင် တက်ရောက် လျာထားကြောင်း၊ လုံခြုံရေးဆိုင်ရာ အခြေအနေများရှိပါက မင်းအောင် လှိုင် ပွဲတက်မည့် ရက် အပြောင်းအလဲ ဖြစ်နိုင်ကြောင်း တပ်သ တင်းရင်းမြစ်တစ်ခုက ရှင်းလင်းပြောဆိုသည်။

    မြန်မာနိုင်ငံတစ်ဝန်း စစ်ရှုံးမှုများကြောင့် မင်းအောင်လှိုင်အပေါ် အမျိုးသားရေးအစွန်းရောက်များနှင့် စစ်လော်ဘီများက ညံ့ဖျင်း သော ခေါင်းဆောင်အဖြစ် အပြင်းအထန် ဝေဖန်မှုများရှိနေသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှာ ပွဲတက်မပြတ်ဘဲ အခမ်းအနားများသို့ တက်ရောက် ဖွင့်လှစ် လှည့်လည်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

    ဓာတ်ပုံ- ဒီဇင်ဘာလ ၁၂ ရက်နေ့ စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲ တက်ရောက်ခဲ့သည့် အကြမ်းဖက် မင်းအောင်လှိုင်။

  • အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ

    အသက်မပြည့်သူတွေကို ပေါ်တာဆွဲပြီး အသက်ပြည့်ကြောင်း မှတ်ပုံတင် တခါတည်း ထုတ်ပေးနေတဲ့ စစ်ကောင်စီ

    (အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်)

    စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။

    ဧရာဝတီသားဖြစ်တဲ့ ကိုအောင်ပိုင် (အမည်လွှဲ) အသက် ၁၇ နှစ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ အပတ်စဉ် (၅) စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မတပ်သားသစ် စုဆောင်းရာမှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။

    ကိုအောင်ပိုင်ဟာ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေရင်း အလုပ်ကအပြန် ည ၉နာရီ – ၁၀နာရီဝန်းကျင်အချိန်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီကားနဲ့ တိုးပြီး ပေါ်တာဆွဲခံလိုက်ရတာ ဖြစ်တယ်လို့ ကိုအောင်ပိုင်က ပြောပြပါတယ်။

    “စစ်သားဝတ်စုံတွေနဲ့ပဲ။ လက်နက်တွေနဲ့ ကားပေါ်မှာ ၇ယောက်လောက်တော့ရှိမယ်ဗျ။ ပြီးတော့ လှိုင်သာယာ မြို့တော်ခန်းမကို ခေါ်သွားတာ။ ကျနော်နဲ့အတူ မြို့တော်ခန်းမမှာ ဖမ်းခံထားရတာ ၂/၃ယောက်လောက် ရှိတယ်ဗျ။” လို့ ကိုအောင်ပိုင်က ဆိုပါတယ်။

    အဲဒီနောက်အချုပ်ခန်းထဲမှာ တစ်ည နေလိုက်ရပြီး မနက်ရောက်တော့ ဖျာပုံ ၉၈ တပ်ရင်းကို ပို့ဆောင်ခံလိုက်ရကာ စက်တင်ဘာလ ၄ ရက်နေ့မှာတော့ ရန်ကုန်တိုင်းထဲက လှည်းကူး ရကတ-၂ တပ်ရင်းကို ထပ်မံ ပို့ဆောင်ခံလိုက်ရပြန်ပါတယ်။

    ကိုအောင်ပိုင်ဟာ ၁၇ နှစ်သာရှိသေးပေမယ့် ဖမ်းဆီးခံရချိန်မှာတော့ စစ်ကောင်စီတပ်တွေက အသက်မေးမြန်းခြင်းလည်း မရှိသလို နာမည်တောင် မေးခဲ့တာမျိုး မရှိခဲ့ပါဘူး။

    “ကျနော် စုဆောင်းရေးတပ်ကိုရောက်ပြီး သိပ်မကြာဘူး။ လဝကရုံးကို သွားပြီး သွေးတွေစစ်ပြီး မှတ်ပုံတင် တစ်ခါတည်း ရိုက်ပေးတယ်။ တကယ့်အသက်က ၁၇ ပါ..သူတို့ကတော့ အသက် ၁၉နှစ်နဲ့ ထည့်ပေးလိုက်တယ်။ မှတ်ပုံတင်ကတော့ ထွက်ပြေးလာတော့ သူတို့ဆီပဲ ကျန်ခဲ့ပြီ။” လို့ ဆိုပါတယ်။

    အဲဒီလို အသက်ခိုးပြီး မှတ်ပုံတင်ရိုက်ရတာဟာ ကိုအောင်ပိုင်တစ်ယောက်တည်းတော့ မဟုတ်ခဲ့ပါဘူး။ ကိုအောင်ပိုင်လိုပဲ အသက်လည်းမပြည့် မှတ်ပုံတင်လည်း မရှိတဲ့သူတွေအားလုံးကို စစ်ကောင်စီက အသက်ပြည့်ကြောင်း မှတ်ပုံတင်တွေ ပြုလုပ်ပေးခဲ့ပြီး အသက်မပြည့်သေးဘဲ ဖမ်းခဲ့တဲ့ မှတ်ပုံတင် ရှိပြီးသားသူတွေကိုတော့ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    ကိုအောင်ပိုင်ဟာ ရကတ-၂ တပ်ရင်းမှာ ၃လ (၁၂ ပတ်) ပြည့်အောင် စစ်သင်တန်း တက်ခဲ့ရပြီး သူတက်ခဲ့တဲ့ စစ်သင်တန်းကျောင်းမှာ အသက် ၁၈ လို့ ပြောကြပေမယ့် အသက်ငယ်သေးပုံပေါ်တဲ့ ကောင်လေး အယောက် ၂၀ လောက်ကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

    “သူတို့ကိုယ် သူတို့တော့ ၁၈ လို့ပြောတာပဲ။ အကောင်လေးတွေက သေးသေးလေးတွေ ကလေးလေးတွေ ကျနေတာပဲ။ “ လို့ ဆိုပါတယ်။

    အခြေခံစစ်သင်တန်းကို တက်ရောက်ပြီးတဲ့ နောက်မှာတော့ ကိုအောင်ပိုင်ဟာ စစ်သင်တန်းကျောင်းမှာ ခင်မင်ခဲ့တဲ့ ဧရာဝတီသားလည်းဖြစ်တဲ့ ကိုနိုင်လင်းထက် (အမည်လွှဲ) (အသက် ၂၀ နှစ်)နဲ့ အတူတူ အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပုခုက္ကူနယ်မြေ တပ်မ ၁၀၁ မှာ တာဝန်ကျခဲ့တာ ဖြစ်ပါတယ်။

    ကိုနိုင်လင်းထက် (အမည်လွှဲ) ကတော့ စစ်မှုထမ်းဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အိမ်မှာ လာရောက်ခေါ်ဆောင်သွားပြီးနောက် မြောင်းမြ ၉၃၊ အဲဒီကနေတဆင့် ရန်ကုန် လှည်းကူး ရကသ -၂ တပ်ရင်းကို အပို့ခံလိုက်ရပြီး ကိုအောင်ပိုင်နဲ့ အတူတူ စစ်သင်တန်း တက်ရောက်ခဲ့သူပါ။

    ကိုနိုင်လင်းထက်က စစ်သင်တန်းကျောင်းမှာ ခင်မင်ခဲ့တဲ့ တခြား သူငယ်ချင်းတစ်ယောက်ဆီက ရတဲ့ အဆက်အသွယ်နဲ့ ပြည်သူ့ရင်ခွင်ထံကို သူတို့ ထွက်ပြေးလာမယ်ဆိုတဲ့အကြောင်း ကြိုတင် ဆက်သွယ်ထားပြီး ဒီဇင်ဘာလ ၇ ရက်နေ့ ညနေပိုင်းမှာတော့ သူတို့ ၂ယောက် ထွက်ပြေးလာခဲ့တာ ဖြစ်ပါတယ်။

    “အဲဒီညနေက ဘောလုံးပွဲရှိတော့ သွားကြတာ။ အဲ့မှာ ကျနော်တို့ ၂ယောက်လည်း တိုင်ပင်ပြီး ၄နာရီ ကျော်ကျော်လောက်မှာ အနောက်ဘက်မှာ သေးသွားပေါက်မယ်ဆိုပြီး တပ်နောက်ကျောကနေ ကျော်ပြီး ပြေးလာခဲ့တာပဲ။ ကျနော်တို့ ပြေးလာတာကို သူတို့က မသိကြဘူး။ ၅နာရီ တန်းစီချိန်ရောက်တော့မှ ဖုန်းတွေ ခဏခဏ ခေါ်တယ်။ ကျနော်တို့လည်း မကိုင်တော့ဘူး” လို့ ကိုအောင်ပိုင်က ဆိုပါတယ်။

    သူတို့ ၂ယောက်လုံးဟာ ရကသ-၂ မှာ သင်တန်းတူတူ တက်စဉ်ကတည်းက ထွက်ပြေးဖို့ကို စဉ်းစားထားကြပေမယ့် တာဝန်ကျတဲ့ တပ်မ ၁၀၁ ကိုရောက်ပြီး ၆ ရက်အကြာမှာ ထွက်ပြေးလွတ်မြောက် လာခဲ့တာ ဖြစ်ပါတယ်။

    သူတို့ ၂ယောက်နည်းတူ စစ်သင်တန်းက အရမ်းပင်ပန်းတာကြောင့် ထွက်ပြေးသူတွေရှိခဲ့ပေမယ့် သင်တန်း(ခြံ)ဝင်းက အရမ်းကြီးလွန်းတာကြောင့် မလွတ်မြောက်ခဲ့သူတွေလည်း ရှိခဲ့ပါတယ်။

    “ပြန်မိရင် အရိုက်ခံရတယ်။ ဥပမာ သင်တန်းသား အယောက် ၂၀၀ ရှိရင် အချက်ပေါင်း ၂၀၀ အရိုက်ခံရတယ်။ သင်တန်းဆရာတွေက ထိုးတာ ကြိတ်တာတွေ ရှိပါတယ်။ ကျနော်ကတော့ လှည်းကူးမှာ သင်တန်းတက်နေရင်းနဲ့ပဲ ခင်ခဲ့တဲ့ တခြားသူငယ်ချင်းတစ်ယောက်ဆီကနေ ပြည်သူ့ရင်ခွင်က အစ်ကိုနဲ့ စကားပြောဖြစ်တယ်။ ပြီးတော့ အဲဒီအစ်ကိုကနေ တဆင့် ချိတ်ပေးလို့ အခုနေရာကို ရောက်လာခဲ့တာပါ” လို့ ကိုနိုင်လင်းထက်က ဆိုပါတယ်။

    သူတို့ ၂ယောက်ဟာ ကျန်ခဲ့တဲ့ မိသားစုတွေနဲ့ အတူတူ ပြန်နေချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းကြောင့် ထွက်ပြေးခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ ဆက်သွယ်ချိတ်ဆက်မှုနဲ့အတူ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ထံမှာ ခိုလှုံလျက်ရှိတယ်လို့ သိရပါတယ်။

    ဘယ်ပုံ – အောင်ပိုင် (အမည်လွှဲ) အသက် ၁၇ နှစ်

    ညာပုံ – ကိုနိုင်လင်းထက် (အမည်လွှဲ) အသက် ၂၀ နှစ်

  • မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

    မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှစွန့်ခွာနိုင်ရေး ကူညီပေးမည်ဟု ပြည်သူ့ရင်ခွင်အဖွဲ့ ထုတ်ပြန်

    အာဏာသိမ်းစစ်ကောင်စီ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace က ထုတ်ပြန်ကြေညာသည်။

    နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် – People’s Embraceက အသိပေးသည်။

    ပြည်သူလူထုအများစုသည် မိမိတို့၏ ရင်သွေးများအပါအဝင် ချစ်ခင်တန်ဖိုးထားရသူများအား စစ်ကောင်စီတပ်က မတရားစုဆောင်းဖမ်းဆီးသွားသော်လည်း မည်သည့်အဖွဲ့အစည်းသို့ ဆက်သွယ် တိုင်ပင်ရမည်ကို မသိသောကြောင့် ကယ်တင်ပေးနိုင်သောအခြေအနေတွင်ရှိသည့် လူငယ်များသည် စစ်ကောင်စီ ယူနီဖောင်းများဝတ်ဆင်လျက်ဖြင့် အကြောင်းမဲ့ သိက္ခာမဲ့စွာ အသက်ဆုံးရှုံးနေရသည်ဟု ပြည်သူ့ရင်ခွင် – People’s Embraceက ထပ်မံအသိပေးသည်။

    ထို့ကြောင့် မတရားစစ်မှုထမ်းစုဆောင်းခံရသူများသည် ကိုယ်တိုင်ဖြစ်စေ၊ မိသားစုဝင်များမှတဆင့် ဖြစ်စေ၊ ရင်းနှီးသူမိတ်ဆွေများမှ တဆင့်ဖြစ်စေ ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် တိုင်ပင်နိုင်ပြီး စစ်ကောင်စီတပ်အား လက်နက်ဖြင့်၊လက်နက်မဲ့ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်သူ့ရင်ခွင် – People’s Embrace က အသိပေးသည်။

    ပြည်သူ့ရင်ခွင်အနေဖြင့် စစ်ရေးတင်းမာမှုနှင့် နယ်မြေအခြေအနေအရ လာရောက်ဆက်သွယ်သော လူငယ်တိုင်းအား ရာနှုန်းပြည့် ကယ်တင်ပေးနိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် ကယ်တင်နိုင်မည့်အခွင့်အရေးရှိပါက အကောင်းဆုံးကြိုးစားကယ်တင် ပေးသွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးထားသည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အတည်ပြုခဲ့သည့် ယခုနှစ် ဖေဖော်ဝါရီအတွင်းကပင် ပြည်သူ့ရင်ခွင်သို့ ဆက်သွယ်တိုင်ပင်သူ သောင်းဂဏန်းရှိကြောင်း ပြည်သူ့ရင်ခွင်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “ကျနော်တို့မှာ နိုင်ငံအနှံ့နေရာတော်တော်များများကို ချိတ်ဆက်ကယ်တင်နိုင်စွမ်းရှိပါတယ်။

    ဘယ်ကို ဆက်သွယ်ရမယ်ဆိုတာကို ပြည်သူလူကို ထပ်သိစေချင်တာပါ။ မသိသေးသူတွေကိုလည်း သိစေအောင်လက်ဆင့်ကမ်း အသိပေးပေးဖို့ပါ။”ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

    ပြည်သူ့ရင်ခွင်အဖွဲ့သည် စစ်ကောင်စီတပ်နှင့် ရဲအဖွဲ့အစည်းမှ စွန့်ခွာလိုသူများအတွက် ကူညီဆောင်ရွက်ပေးနေသော တော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ NUG၊ MOD၏ မိတ်ဖက်အဖွဲ့အစည်းအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံခြင်းဆိုင်ရာ ကိစ္စရပ်များကို ပူးပေါင်းလုပ်ဆောင်နေသည်။

    စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးမှုများရှိနေသည်။

    မန္တလေးမြို့တစ်မြို့တည်းမှာပင် ဒီဇင်ဘာ ၁ ရက်မှ ၉ ရက်အတွင်း နေအိမ်များနှင့် လမ်းမပေါ်တို့၌ လူငယ်များအား စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ၄၁ ဦး ဖမ်းဆီးခံရကြောင်း Voice Of Mandalay အဖွဲ့က ထုတ်ပြန်ထားသည်။

    “အဖမ်းအဆီးသတင်းတွေကြားလို့ ညနေ ၆နာရီကျော်ရင် အိမ်ရှေ့ကိုထွက်မထိုင်ရဲဘူး။”ဟု မန္တလေးမြို့မြောက်ပြင်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရမှုများသည် Voice Of Mandalay မှရရှိသောသတင်းများသာဖြစ်ပြီး မြေပြင်တွင်ယခုထက်ပိုနိုင်ကြောင်း ၎င်းအဖွဲ့က ဆိုသည်။

    အလားတူ ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။

    အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေခြင်းဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။

    တပ်သားသစ်လိုအပ်ချက် ကြီးမားနေသော စစ်ကောင်စီသည် ယခင်လို ငွေညှစ်ပြီး ပြန်လွှတ်ပေးခြင်း၊ ငွေဖြင့် လူစားထိုးခြင်း၊ ရပ်ကျေးများမှ မဲနှိုက်ရွေးချယ်ခြင်းများ မရှိတော့ဘဲ ၎င်းတို့၏ တပ်ရင်းစခန်းများအတွင်းသို့ တိုက်ရိုက်ပို့ဆောင်ပြီး တပ်သားသစ်အဖြစ် စုဆောင်းနေကြောင်း MDY REVOLUTION က အသိပေးထားသည်။

    (စစ်မှုထမ်းရန် စုဆောင်းခံရသူများအား မေလအတွင်းက တွေ့ရစဥ်။ဓာတ်ပုံ – စကစ)

  • ရမခခြောက်အိပ်မက်နဲ့ချောက်ချားနေတဲ့ စစ်ဗိုလ်ချုပ်များ

    ရမခခြောက်အိပ်မက်နဲ့ချောက်ချားနေတဲ့ စစ်ဗိုလ်ချုပ်များ

    အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို မြန်မာအမျိုးသား ဒီမိုကရက်တစ်တပ်မတော် (MNDAA)က သိမ်းယူထားသည်မှာ ရက်ပေါင်း ၁၃ဝ ကျော်လာခဲ့ပြီဖြစ်သည်။ပြီးခဲ့သည့် မိုးတွင်းက သိမ်းယူခဲ့ပြီး ယခုမူ ဆောင်းရာသီသို့ပင် ရောက်လာသည်။အချိန်ရာသီယန္တရားသည် တရွေ့ရွေ့ခရီးနှင်နေသည်။ ရက်မှလသို့ ၊ လမှ ရာသီပင်ပြောင်းသော်ခဲ့လည်း တိုင်းစစ်ဌာနချုပ်ဆုံးရှုံးခဲ့ရသည့်ဂယက်သည် စစ်ဗိုလ်ချုပ်များအား ခြောက်လှန့်နေဆဲဖြစ်ပါသည်။

    ပျောက်ခြင်းမလှပျောက်နေသည့် စစ်ဗိုလ်ချုပ်တစ်ဦး ရုတ်တရက်ပြန်ပေါ်လာခြင်းက ရမခ ခြောက်အိပ်မက်ကို ထင်သာမြင်သာရှိစေသည်။

    ရမခတိုင်းမှူးအဖြစ် ခန့်အပ်ခံရသော်လည်း MNDAA နှင့် ပူး​ပေါင်းတပ်များ၏ထိုးစစ်ကြောင့် ရမခသို့ မလာနိုင်ခဲ့သည့် ဗိုလ်ချုပ်စိုးလှိုင်တစ်​ယောက် တြိဂံ​ဒေသတိုင်းစစ်ဌာနချုပ်(တသခ)တိုင်းမှူးအဖြစ် ပြန်ပေါ်လာခြင်းဖြစ်သည်။ ရမခ တိုင်းမှူး ခန့်အပ်ပြီး ရက်ပိုင်းအတွင်း တိုင်းစစ်ဌာနချုပ်ပင် ​​တော်လှန်​ရေးတပ်များကသိမ်းလိုက်၍ ​ပျောက်သွားခဲ့ရာမှ ယခုမူ တသခ စစ်တိုင်းမှူးအဖြစ် ကျိုင်တုံမြို့တွင် ရုံးထိုင်​နေခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ဇူလိုင်လက လားရှိုးမြို့နှင့်ရမခကို MNDAAက တိုက်ခိုက်‌နေစဉ် စစ်ကောင်စီက တိုင်းမှူးဗိုလ်ချုပ်စိုးတင့်ကို ရာထူးမှ ထုတ်ပယ်ပြီး မူဆယ်အခြေစိုက် တပ်မ ၉၉တပ်မမှူး ဗိုလ်ချုပ်စိုးလှိုင်ကို ခန့်အပ်ခဲ့သည်။ ဗိုလ်ချုပ်စိုးလှိုင်သည် ရမခတိုင်းမှူးသစ်ဖြစ်လာ​သော်လည်း လာရှိုးမြို့သို့ပင် မ​ရောက်​သေးခင် MNDAAက ဩဂုတ်လ ၃ရက်တွင် သိမ်းယူခဲ့သည်။ ရမခ တိုင်းမှူးပြု ဗိုလ်ချုပ်စိုးတင့်ကိုလည်း MNDAA ကဖမ်းဆီးခဲ့သည်။

    ထို့ကြောင့် ဗိုလ်ချုပ်စိုးလှိုင်သည် ရမခတိုင်းမှူးအဖြစ် တာဝန်မထမ်းဆောင်ခဲ့ရဘဲ တပ်မ(၉၉)တွင်သာ နေထိုင်ခဲ့ရသည်။ ယခုအခါ တြိဂံ​ဒေသတိုင်းစစ်ဌာနချုပ် (တသခ)တိုင်းမှူးအဖြစ် ထွက်ပေါ်လာပြီး မြန်မာ-ထိုင်းနယ်စပ် မိုင်းတုံမြို့နယ်အတွင်း ထိုင်းစစ်တပ်နှင့် ‘ဝ’တပ်ဖွဲ့(UWSA)ကြား နယ်နိမိတ်အငြင်းပွားနေသည့်နယ်စပ်အနီးသို့ ဒီဇင်ဘာလ ၁၀ ရက်ညနေက သွားရောက်ခဲ့သည်ဟုလူလုံးထွက်ပြလာသည်။

    ဗိုလ်ချုပ်စိုးလှိုင်ရောက်ရှိလာသည်မှာ မှန်သော်လည်း ၎င်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိဟု UWSA ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက မီဒီယာအချို့သို့ပြောထားသည်။

    UWSA တောင်ပိုင်း (၁၇၁) စစ်ဒေသတွင် ထိုင်းနှင့် UWSA နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခြင်းဖြစ်သည်။ UWSA တပ်စခန်းကိုးခုကို ဒီဇင်ဘာလ၁၈ရက် နောက်ဆုံးထား ရွှေ့ပြောင်းပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ‌တပ်စခန်းများဖယ်ရှားရန်UWSA ဘက်က ငြင်းဆိုထားပြီး နယ်နိမိတ်ပြဿနာသည် နှစ်ငံ​တော်အဆင့်ချင်း ဖြေရှင်းရမည့်ကိစ္စဖြစ်ကြောင်း ဦးညီရန်းက ဖြေကြားထားသည်။

    ထိုအခြေအနေ၌ဗိုလ်ချုပ်စိုးလှိုင်က လုံခြုံရေးအင်အားအများအပြားနှင့်အတူ မြေပြင်သို့ ရောက်ရှိလာသည်ဟု ရှမ်းပြည်နယ်မှစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

    “ရမခကို ကိုးကန့်ကသိမ်းသွားပြီးနောက်ပိုင်း တိုင်းမှူးအဆင့်တွေတောင် အောက်ခြေက ပြန်ပြီး မလေးမခန့်လုပ်ခံရတဲ့အထိ ဖြစ်လာတာ။ ဒါကြောင့် သူတို့ လူရှေ့သူရှေ့သိပ်မထွက်ကြတော့ဘူး။ ဗိုလ်ချုပ်စိုးလှိုင်ကတော့ မထွက်လို့မရလို့ ထွက်လာရတာ” ဟု အဆိုပါ သတင်းရင်းမြစ်က ပြောပါသည်။

    တသခတိုင်းစစ်ဌာနချုပ်သည် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်၌ အခြေစိုက်သည်။ ဗိုလ်ချုပ်စိိုးလှိုင်သည် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၄)ဆင်းဖြစ်သည်။

    ရမခအား MNDAA က ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် ရမခသို့ မလာရဲ၍ မူဆယ် မြို့နယ်မှသာ ကွပ်ကဲခဲသူဟု သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

    တော်လှန်ရေးတပ်ဖွဲ့တစ်ခုက တိုင်းစစ်ဌာနချုပ်တစ်ခုအားပထမဆုံးအကြိမ်သိမ်းယူနိုင်ခဲ့သည့် MNDAA ၏ ရမခသိမ်းတိုက်ပွဲသည် စစ်ကောင်စီထိပ်ပိုင်းအရာရှိများကြား အလွန်ဂယက်ရိုက်ခဲ့သည်။

    ရမခတိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့အပြင် စစ်ကောင်စီတပ်မှအရာရှိများအပါအဝင်တပ်ဖွဲ့ဝင်ထောင်နှင့်ချီ၍ MNDAAက စစ်သုံ့ပန်းအဖြစ်ဖမ်းမိခဲ့သည်။

    လားရှိုးမြို့အမှတ်(၉)တပ်မတော်ဆေးရုံကုတင်(၁၀၀)မှ စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးခံရသည့် အရိုးအထူးကုပါရဂူကMNDAA၏ သနားညှာတာမှုအတွက် ကျေးဇူး တင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

    “အဲဒီလိုကာလကြီးတစ်ခုထဲမှာ ကျနော်တို့ရဲ့မိသားစုဝင်တွေနဲ့စစ်သားတွေ ဒဏ်ရာရသူတွေကို သနားညှာတားပြီးထောက်ထားပေးခဲ့တဲ့အတွက် ဒါ ကျနော်မမျှော်လင့်ခဲ့တဲ့အရာတစ်ခုပါ။ MNDAA တပ်မတော်ကိုကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်” ဟု ရုပ်သံမှတစ်ဆင့်ထုတ်ပြောကြားခဲ့သည်။

    ထိုရုပ်သံသည် MNDAA ကို လူထုက​လေးစားစေခဲ့ပြီး စစ်ကောင်စီအတွက်မူအရှက်ရစရာဖြစ်ခဲ့သည်။

    MNDAA ၏ လားရှိုးမြို့သိမ်းစစ်ဆင်ရေးအား ခုခံမှုကိုအာဏာသိမ်းဒုခေါင်းဆောင် ဗိုလ်ချုပ်ကြီးစိုးဝင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၂) စစ်ဆင်ရေး အထူး အဖွဲ့မှူး (ကစထ-၂ မှူး) ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးက တိုက်ရိုက်ကွပ်ကဲခဲ့ခြင်းဖြစ်သည်။

    သို့သော် MNDAAက ဩဂုတ်လ ၃ရက်တွင် ရမခအား သိမ်းယူပြီး‌ နာရီပိုင်းအတွင်းဒုဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးသည် ရာထူးမှ ထုတ်ပယ်ခံခဲ့ရ​တော့သည်။

    ဒုဗိုလ်ချုပ်ကြီး နိုင်နိုင်ဦးအစား ကစထ (၂)မှူးအဖြစ် အာဏာသိမ်း​ခေါင်း​ဆောင်များအားထားသည့် စစ်​ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်ကို ခန့်အပ်လိုက်သည်။ စစ်ကောင်စီမှတ်တမ်းများတွင် ဒုတိယဗိုလ်ချုပ်ကြီးနီလင်းအောင်သည် ကစထ (၂)မှူးအဖြစ် ဩဂုတ်လ ၄ရက်တွင် စတင်ထမ်းဆောင်ခဲ့သည်ဟု တွေ့ရသည်။

    တိုင်းစစ်ဌာနချုပ်တစ်ခုလုံး ပြုတ်ပြုတ်ပြုန်းသွားသည့်စစ်ကောင်စီက စစ်တပ်အတွင်း ဟိတ်ဟန်ပြနိုင်ရေး ရမခအတုတစ်ခုကို ဖုတ်ပူမီးတိုက်ဖန်တီးခဲ့သည်။ လားရှိုးမြို့မနီးမ​ဝေးရှိ မိုင်းရယ်မြို့ဗျူဟာတွင် ယာယီရမခကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။ တိုင်းစစ်ဌာနချုပ်တစ်ခု၏ဖွဲ့စည်းပုံမပြည့်ဘဲ ရမခတိုင်းမှူးအဖြစ် ‌နောက်တစ်ဖန် ခေါင်းကျိန်းရသူက လေ့ကျင့်ရေးအရာရှိချုပ်ရုံး၊ဒုတိယလေ့ကျင့်ရေးအရာရှိချုပ်ဗိုလ်ချုပ်မြင့်ကျော်ထွန်းဖြစ်သည်။

    ဗိုလ်ချုပ်မြင့်ကျော်ထွန်းကို ရမခတိုင်းမှူးအဖြစ် စစ်ကောင်စီကနေရာချခဲ့သည်။

    “သူကလည်း ထီကနဲ့ဆို ရှေ့ဆုံးကပါမယ့်သူ။ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင် အထည်ဖော်ရပြီး လူငယ်တွေကို စစ်တပ်ထဲ ပို့ရတဲ့သူ။ တော်လှန်ရေးအောင်ရင် အမှုတွဲရမယ့်အထဲ သူလည်းပါတယ်”ဟုဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် သိကျွမ်းခဲ့သူတစ်ဦးက ဆိုသည်။

    ရမခ ဂယက်ကြောင့် စစ်ဗိုလ်ချုပ်များ ဂနာမငြိမ်ဖြစ်နေသော်လည်း အခြားစာမျက်နှာတစ်ဖက်တွင် MNDAA၏ ထိန်းချုပ်မှုအောက်မှ လားရှိုးမြို့သည် တည်ငြိမ်စပြုနေပြီဖြစ်သည်။

    လားရှိုးမြို့တွင် လာရောက်လည်ပတ်သူအများအပြားရှိသည့် ရေပူစမ်းကို တိုက်ပွဲကာလကတည်းက ပိတ်ထားရာမှ MNDAAကဒီဇင်ဘာလ ၈ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ လက်ဖက်ရည်ဆိုင်အချို့လည်းပြန်လည်ဖွင့်လှစ်နေသည်။ လားရှိုးမြို့ညဈေးတန်းလည်းပြန်လည်စည်ကားနေပြီဖြစ်သည်။

    တရုတ်နိုင်ငံ၏ ကြားဝင်စွက်ဖက်မှုဖြင့် MNDAAက လားရှိုးမြို့ကို ဒီဇင်ဘာလအတွင်း စစ်​ကောင်စီကို​ပေးအပ်ရမည်ဟု သတင်းထွက်ခဲ့​သော်လည်း MNDAA လက်​အောက်မှာပင် မြို့မှ တဖြည်းဖြည်းချင်းပြန်စည်ကားလာ​နေသည်။

    ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တက်ညီလက်ညီဖော်ဆောင်နေသည့် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်း‌ရေးက ရမခပျက်သုန်းခြင်းမှာပင် ရပ်မနေပါ။ ရှေ့သို့ အရှိန်ပြင်းပြင်းခရီးနှင်နေသည်။

    လက်ရှိတွင် အာရက္ခတပ်တော်(AA)က အမ်း မြို့မှစစ်ကောင်စီတပ်ရင်းများအားလုံးကို ထိန်းချုပ်လိုက်ပြီး နောက်ဆုံးကျန်ရှိနေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စီးနင်းတိုက်ခိုက်နေသည်။ ထွက်ပြေးသွားသည့် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ပိုင်ဆိုင်သည့်အိမ်များကိုချိတ်ပိတ် သိမ်းဆည်းလိုက်သည်။ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည်လည်း နပခ၌ ရှိမနေဘဲ ပျောက်နေသည်။

    ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KIA)ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အခြေစိုက်သည့် မြစ်ကြီးနားမြို့ပြီးလျှင် ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဆင်နွှဲနေသည်။

    မြို့ကိုစတင်ထိန်းချုပ်နေပြီဖြစ်ပြီး ရလဒ်ကောင်းများရရှိနေသည်။ထိုစစ်ဆင်ရေးပြီးလျှင် KIAသည် မပခသို့ ချီတက်လိမ့်မည်ဟု သုံးသပ်မှုများရှိနေသည်။

    ရမခအလွန်တွင် စစ်ကောင်စီနောက်ထပ်ဆုံးရှုံးရမည့် တိုင်းစစ်ဌာနချုပ်မှာ AA ကထိုးစစ်ဆင်​နေသည့် နပခဖြစ်ကြောင်း ပြည်သူလူထုကြား သတင်းကြီးနေသည်။ မနေ့တနေ့ကပင် မောင်တောမြို့မှ ထွက်ပြေးသည့် ဗိုလ်မှူးချုပ် သူရိန်ထွန်းသည် AAစစ်သည်များ၏ ခြေရင်း၌ ကျုံ့ကျုံ့လေး လေးထိုင်နေရပြီဖြစ်​လေသည်။

    ဗိုလ်မှူးချုပ် သူရိန်​ထွန်း လမ်းစဥ်​နောက် မည်သူဆက်လိုက်မည်ကို ဆက်လက်​စောင့်ကြည့်ရမည်ဖြစ်​ပါသည်။ ။