Author: Admin-501

  • ပြည်သူများကို စစ်တပ်က အဝတ်ပါချွတ်ခိုင်း၍ စစ်ဆေးနေ

    မင်းအောင်လှိုင် တက်မည့် ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲ နှင့် ပန်းပွဲတော် လုံခြုံရေးအတွက် ပြည်သူများကို စစ်တပ်က အဝတ်ပါချွတ်ခိုင်း၍ စစ်ဆေးနေပြီး ကန်တော်ကြီး ဥယျာဉ်သို့ အများပြည်သူများ လာရောက်ခွင့် ပိတ်ပင်

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ လင်မယား ယနေ့ တက်ရောက် ရန်ရှိနေသည့် မင်းအောင်လှိုင် တက်ရောက်မည့် ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် နှင့် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနား လုံခြုံရေးအတွက် ပြည်သူများကို စစ်တပ်က အဝတ်အစားများပါချွတ်ခိုင်း၍ စစ် ဆေးနေပြီး ကန်တော်ကြီး ဥယျာဉ်သို့ အများပြည်သူများ လာရောက်ခွင့် ယာယီပိတ်ပင်ထားကြောင်း ပြင်ဦးလွင် ဒေသပြည်သူများက ပြောဆိုသည်။

    ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ပြင်ဦးလွင် ရုက္ခဗေဒ ဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် နှင့် ၁၇ ကြိမ်မြောက် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနား ပြုလုပ်မည်ဖြစ်ကြောင်း၊ ထိုအခမ်းအနားသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် လင်မယားတက်ရောက်ရန် ရှိနေကြောင်း၊ ပြင်ဦးလွင်ရှိ မြို့တွင်း အဝင်အထွက် လမ်းများပိတ်ဆို့ထားပြီး ပြင်ဦးလွင်မြို့ပြင်ပတွင် လုံခြုံရေးများ ထူထပ်စွာ ချထားကြောင်း သိရှိရသည်။

    “မအလတို့ လင်မယား ပန်းပွဲတော်ဖွင့်ပွဲ လာမယ်ပြောတယ်။ မနက်ပိုင်း ပြင်ဦးလွင် မြို့တွင်းဝင်လို့ရမယ့် လမ်းမှန်သမျှ ပိတ်ထားပါတယ်။ မိုးကြိုး၊ သိမ်အင်း၊ ထုံးကုန်း၊ မြိုင်ကြီးဘက်ပဲသွားခွင့်ရှိပြီး မြို့တွင်းမဝင်ရပါ ။ အထူးသဖြင့် ရေငယ်လမ်းဆုံ မဟာအံ့ထူးကံသာဘုရားကြီးအဆင်းလမ်း မြို့ရှောင်လမ်း Xray ဂိတ်ဟောင်းအနီး လမ်းပိတ်ပြီး ပြည်သူတွေကို အဝတ်အစားတွေပါချွတ်ခိုင်းပြီး စစ်ဆေးနေပါတယ်။ ဗိုက်ကြီးသည်ဆိုရင်တောင် ဗိုက်လှန်ပြခိုင်းပါတယ်။ လုံခြုံရေးက အရမ်းကိုတင်းကျပ်ထားတယ်” ဟု ဒေသခံပြည်သူတချို့က ပြောဆိုသည်။

    တပ်သတင်းရင်းမြစ်တချို့ကမူ ပြင်ဦးလွင်သို့ စစ်ခေါင်းဆောင် လာရောက်တိုင်း နေပြည်တော်၊ မိတ္တီလာရှမ်းတဲနှင့် ပြင်ဦးလွင်အကြားတွင် လုံခြုံရေးအတွက် လေတပ်က သယ်ပို့ဆောင်ရေးများ တောက်လျှောက်လုပ်ပြီး ရဟတ်ယာဉ်များဖြင့် ကင်းလှည့်မှုများကို အမြဲမပြတ်လုပ်ဆောင်ပေးရကြောင်း ပြောဆိုသည်။

    “တပ်ချုပ်လာရင် ပြင်ဦးလွင်မှာ အရင်ကလို ညမအိပ်ဘဲ နေ့ပိုင်း ပြင်ဦးလွင်မှာ နေပြီး ညနေဆို လေကြောင်းခရီးစဉ်နဲ့ မိတ္ထီလာ ရှမ်းတဲ ဧည့်ရိပ်သာဖြစ်ဖြစ်၊ နေပြည်တော် အိမ်ကို ဖြစ်ဖြစ် ပြန်လေ့ရှိပါတယ်။ သူ ပြင်ဦးလွင် လာရင် လေတပ်က သယ်ပို့ရော လုံခြုံရေးအတွက်ရော အမြဲတမ်းအသင့် ပြင်ဆင် လုပ်ဆောင်ပေးရပါတယ်” ဟု လေတပ်သတင်းရင်းမြစ်တစ်ခုကဆိုသည်။

    ယနေ့ ပြင်ဦးလွင် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲတော် နှင့် ပန်းပွဲတော် ဖွင့်ပွဲ အခမ်းအနားအတွက် ဌာနဆိုင်ရာများနှင့် စစ်တပ်မိသားစုများကို မဖြစ်မနေ တက်ရောက်ရန် စစ်ကောင်စီက ညွှန်ကြားထားပြီး ပြည်သူများကို ယနေ့ ယာယီ လာရောက်ခွင့် ပိတ်ပင်ထားကြောင်း ဌာနဆိုင်ရာ အသိုင်းအ၀ိုင်းက ပြောဆိုသည်။

    “ဖွင့်ပွဲ အခမ်းအနားမှာ လူမရှိဘူးလည်းမဖြစ်ရအောင် လုံခြုံရေးလည်း စိတ်ချရအောင် တပ်မိသားစုနဲ့ ဌာနဆိုင်ရာ မိသားစုတွေအားလုံး ပန်းပွဲတော်ကို လာတက်ခိုင်းပါတယ်။ ကန်တော်ကြီး ပန်းပွဲတော်ကို လူကြီးတွေ လာကြမှာမို့ ပြည်သူတွေကတော့ ယာယီတော့ ဒီနေ့ ကန်တော်ကြီးဝန်းကျင် လာလို့မရဘူး။ လူမစည်ကားဘူး မဖြစ်ရအောင် တပ်မိသားစုနဲ့ ဝန်ထမ်းမိသားစု ပြည်သူအတုတွေကို ကန်တော်ကြီး ဥယျာဉ်မှာ စာရင်းဇယားနဲ့ နေရာချထားတယ်” ဟု ပြင်ဦးလွင်မှ ဌာနဆိုင်ရာ ဖရဲသီးဝန်ထမ်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

    ရခိုင်ပြည်အပါအဝင် တစ်နိုင်ငံလုံးတွင် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင်မှာ အခမ်းအနားနှင့် ဖွင့်ပွဲများကို နေ့စဉ် မပြတ် တက်ရောက်လျက်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်များက ဆိုကြသည်။

  • ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း

    ကားအစီး(၂၀) နဲ့ ဆင်းလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို အမ်းမြို့နဲ့ ၈ မိုင်အကွာမှာ AA စောင့်ကြိုချေမှုန်း ပါလာတဲ့ လက်နက်တွေ အကုန်သိမ်းယူ

    ရခိုင်ပြည် ၊ အမ်းမြို့ကို စစ်ကြောင်းပြန်ထိုးဖို့ စစ်ကောင်စီဟာ အမ်းတောင်ကြားလမ်းတစ်နေရာမှာ အင်အားစုနေတာ တစ်ပတ်ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် မနက်မှာတော့ ကားအစီး နှစ်ဆယ် နဲ့ စစ်ကြောင်းထိုးခဲ့ပြီး အမ်းမြို့ကို မရောက်ခင် ရှစ်မိုင်အလိုက ပတ်ကွေ့ဆိုတဲ့နေရာမှာ အာရက္ခတပ်တော် AA ရဲ့ ချေမှုန်းတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

    “တောလုံးတောင်လုံးဟိန်းပြီး လမ်းမပေါ်က ကားတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ဝိုင်းတိုက်တာ ၊ ကားတွေမီးလောင်တာလောင်ကုန်တယ်။ ကျန်တဲ့ကားတွေကို သိမ်းလိုက်တယ်။ စက်လက်နက်ကြီးတွေ ၊ အမြှောက်တွေ အကုန်သိမ်းထားလိုက်တယ်၊ သူတို့က ခပ်လှမ်းလှမ်းမှာ စခန်းချပြီး မြို့ကို ပြန်တိုက်ဖို့လာကြတာ” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    ဒီကနေ့ ဒီဇင်ဘာ ၁၄ ရက် တစ်မနက်လုံးမှာ အမ်းမြို့ နဲ့ ရှစ်မိုင်အကွာ က ပတ်ကွေ့ဆိုတဲ့ စစ်ဆေးရေးဂိတ်အနီးမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းက ဆက်လက်တိုက်ခိုက်နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    “သူတို့လူတွေက ကားတွေထားခဲ့ပြီး ထွက်ပြေးပြီး သိပ်မကြာ လေယာဉ်လာပြီးကြဲတယ် အဲ့ဒီအနီးပတ်ပတ်လည် အကုန် ကြဲနေတာ။ ပတ်ကွဲက အိမ်တွေ မီးလောင်နေတယ် ” လို့ ပြောပါတယ်။

    ပတ်ကွေ့ဆိုတဲ့ နေရာဟာ အမ်းမြို့ ပဲပဒုံဂိတ်နဲ့ ရှစ်မိုင်ဝေပြီး အိမ်ခြေ လေးဆယ်ကျော် ရှိတဲ့ စစ်ဆေးရေးဂိတ်ပြုလုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

    စစ်ကောင်စီဟာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က တောင်စောက်ဂိတ်မှာ အင်အားတွေ စုဆောင်းခဲ့ပြီး အမ်းမြို့ကို အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

    အမ်းမြို့ နပခ ဌာနချုပ်ထဲမှာတော့ တိုက်ပွဲကို ကွက်ကဲမယ့်သူမရှိဘဲ အတွင်းထဲက အဆောက်အအုံ တစ်ခုပြီးတစ်ခုကို အာရက္ခတပ်တော်က သိမ်းပိုက်နေတာဖြစ်ပါတယ်။

    နပခ ဌာနချုပ်ကို ကွပ်ကဲနေတဲ့ တိုင်းစစ်ဦးစီးချုပ်ဟာ တိုက်ပွဲထဲ က ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ပြီး လက်ကျန်တပ်သားတွေဟာ အထဲမှာ ပိတ်မိနေတာလည်းဖြစ်ပါတယ်။

  • လောင်းလုံးကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် အရပ်သားကားများကို ချောဆွဲ

    လောင်းလုံးကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် အရပ်သားကားများကို ချောဆွဲ

    လောင်းလုံးမြို့နယ်အောက်ဘက်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သားကားများကို အဓမ္မချောဆွဲအသုံးပြုနေကြောင်း စုံစမ်းသိရှိရသည်။

    စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်သို့ ဒီဇင်ဘာလ ၁၂ ရက်တွင် စစ်ကြောင်းထိုးလာခဲ့ပြီး ထိုနေ့တွင်ပင် မင်းရပ်ကျေးရွာတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

    မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေ့တွင်ပင် လောင်းလုံးမြို့နယ်အတွင်း အိမ်တိုင်ရာရောက် ရော်ဘာပြား လိုက်ဝယ်နေသည့်အရပ်သား ကားတစ်စီးကို ချောဆွဲပြီး ဒဏ်ရာရစစ်ကောင်စီ တပ်သားများကို ဆေးရုံသို့ပို့ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

    ထိုနောက် စစ်ကောင်စီတပ်သည် နောက်တစ်နေ့ ‌ဒီဇင်ဘာလ ၁၃ ရက်တွင် မင်းရပ်ကျေးရွာမှတစ်ဆင့် အင်းဇောက်၊ သဗျာကျေးရွာတို့ဘက်သို့ ဆက်ပြီး စစ်ကြောင်းထိုးလာခဲ့သည်။

    ထိုသို့စစ်ကြောင်းထိုးရာတွင်လည်း အနည်းဆုံးအရပ်သားကားနှစ်စီး ချောဆွဲခံခဲ့ရကြောင်း ဒေသခံတို့က ပြောသည်။

    “သူတို့တပ်ဖွဲ့ဝင်တွေကိုပို့ပေးဖို့ လမ်းမှာတွေ့တဲ့ကားကို သင်းပိုင်ဆွဲ(ချောဆွဲ)လိုက်တာ။ ပြီးတာနဲ့ ပန်းတလဲရွာကနေ အင်းဇောက်ကို စစ်သားတွေတင်ဆောင်ပြီး ပို့ခိုင်းခဲ့တာ” ဟု ချောဆွဲခံရသည့် ကားသမားတစ်ဦး၏ ပြောပြချက်ကိုကိုးကားပြီး ဒေသခံတစ်ဦးကဆိုသည်။

    လမ်းတွင်တွေ့သည့် နီးရာကားကို ချောဆွဲပြီး လိုရာခရီးပို့ဆောင်ခိုင်းပြီးပါက ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းကဆိုသည်။

    ချောဆွဲခံရသည့်အထဲတွင် ဂေါ့အင်းကျေးရွာနှင့် ညောပြင်ကျေးရွာတို့မှ ကားသမားများလည်း ပါဝင်ကြ‌ကြကြောင်း ဒေသခံတို့က ပြောသည်။

    Dawei Watch ၏ မေးမြန်းချက်အရ ဒီဇင်ဘာလ ၁၂ ရက်မှ ၁၃ ရက်အထိ နှစ်ရက်အတွင်း စစ်ကောင်စီတပ်က ချောဆွဲခဲ့သည့်အရပ်သားကား အနည်းဆုံးလေးစီးရှိ‌ပြီး သတင်းမထွက်ဘဲ ချောဆွဲခံရခြင်းများလည်း ရှိနိုင်သည်။

    ဒီဇင်ဘာလ ၁၂ ရက်စစ်ကြောင်းထိုးသည့်နေ့မှ ယနေ့အချိန်အထိ စစ်ကောင်စီတပ်က မင်းရပ်၊ သဗျာ၊ မဲမော် စသည့်ကျေးရွာတို့မှ အရပ်သားများကို ဖမ်းဆီးခဲ့ပြီး အချို့ကိုပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ပြောသည်။

    ယင်းအပြင် ဒီဇင်ဘာလ ၁၃ ရက်ကလည်း အင်ဇောက်ရွာသူ ဒေါ်သန်းနွဲ့ကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။

    ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်မှာ လောင်းလုံးမြို့နှင့် ထားဝယ်မြို့ကြား တောလမ်းတစ်လျောက်တွင် လှုပ်ရှားသွားလာနေကြသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

  • စစ်ခေါင်းဆောင်က စစ်ရှုံးလာမှုကို ဖုံးကွယ်ဝါဒဖြန့်ရန် စေခိုင်းထား

    စစ်ခေါင်းဆောင်က စစ်ရှုံးလာမှုကို ဖုံးကွယ်ဝါဒဖြန့်ရန် စေခိုင်းထားပြီး လွတ်လပ်သော သတင်း မီဒီယာများကို ပြစ်တင်ပြောဆို

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတစ်ဝန်း စစ်ရှုံးလာမှုနှင့် အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်ဝါဒဖြန့်ရန် လက်အောက်ခံများအား စည်းရုံးစေခိုင်း၍ လွတ်လပ်သော မီဒီယာများကို ပြစ်တင်ခဲ့ကြောင်း ၎င်း၏ပြောဆိုချက်နှင့် စစ်လော်ဘီ အသိုင်းအဝိုင်းထံက သိရသည်။

    စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့သည့် သတင်းမီဒီယာ ကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး တာဝန်များအား အောင်မြင်စွာ ထမ်းဆောင် နိုင်မည်ကို ယုံကြည်တိုက်တွန်းကြောင်း စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် မြန်မာနိုင်ငံသတင်း မီဒီယာများ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် စစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။

    စစ်ခေါင်းဆောင်က ပြောကြားသည့် တာဝန်များ ဆိုသည်မှာ စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးရန်ဖြစ်ပြီး အဓိကအားဖြင့် တစ်နေ့တခြား မရှုမလှအထိနာ စစ်ရှုံးလာမှုနှင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်များကို ဖုံးကွယ်နိုင်ရေးအတွက် စည်းရုံးစေခိုင်းခြင်းသာဖြစ်သည်ဟု စစ်လော်ဘီ အသိုင်းအဝိုင်းထံက သိရသည်။

    “စစ်ကောင်စီက သတင်းမီဒီယာကောင်စီကို တည်ထောင်တယ်ဆိုတာ သူတို့ရဲ့ လက်ကိုင်တုတ်အနေနဲ့ အသုံးချချင်လို့ပဲ ဖြစ်တယ်။ ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာမှမပါဘူး” ဟု ဒေသအခြေစိုက် သတင်းမီဒီယာကိုးခုဖြင့် ဖွဲ့စည်းထားသော Burma Media Consortium (BMC)ဥက္ကဋ္ဌ ဦးဥာဏ်လင်းထက်က ပြောသည်။

    စစ်ခေါင်းဆောင်သည် ၎င်း၏လက်အောက်ခံ စာရေးဆရာအသင်းနှင့် ရုပ်ရှင်အစည်းအရုံးများကဲ့သို့ မြန်မာနိုင်ငံရှိ သက်ကြီးအငြိမ်းစား သတင်းစာဆရာကြီးများအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ပြုပေးမည် ဟုလည်း ထည့်သွင်ပြောဆိုထားသည်။

    မဲစာရင်း အကြောင်းပြ အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင်က နိုင်ငံတော်၏ လိုအပ်ချက်အရ ၎င်းတို့ အနေဖြင့် နိုင်ငံ့တာဝန်အရပ်ရပ်ကို ထမ်းဆောင်နေရကာ သတင်းမီဒီယာကောင်စီ၏ အခန်းကဏ္ဍအား အလေးထားသကဲ့သို့ သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရန် အမြဲတမ်းစိတ်အား ထက်သန်နေ ကြောင်း ဆိုသည်။

    “သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်အောင် စိတ်အားထက်သန်တယ်ဆိုတာ တော်တော်ရယ်စရာ ကောင်းတယ်။ မုန်လာဥကို ကန်စွန်းဥဖြစ်အောင် ပြောတဲ့ပုံစံမျိုးပဲ။ သူအခု လုပ်နေတာတွေကို ကြည့်လိုက်ရင် သိသာတယ်” ဟု BMC ဥက္ကဋ္ဌ ဦးဥာဏ်လင်းထက်က ပြောသည်။

    ထိုအတွက် စစ်ကောင်စီက သတင်းမီဒီယာကောင်စီ သက်တမ်းသုံးနှစ်ပြည့်တွင် စစ်အုပ်စုနှင့် နီးစပ်သူများဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ယင်းထဲ၌ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့ (MISIS)မှ တွဲဖက်အတွင်းရေးမှူး၊ ရေတပ်ဗိုလ်ချုပ်ဟောင်း၊ ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သားလည်း ပါဝင်ခဲ့သည်။

    အလားတူ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသော ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကက-ပြည်)ကိုလည်း ထိုကဲ့သို့ လုပ်ဆောင်ရန် စစ်ခေါင်းဆောင်က စေခိုင်းထားပြီး ဝါဒဖြန့်လျက်ရှိကြောင်း CDM အရာရှိများထံက သိရသည်။

    ယင်းအပြင် စစ်ခေါင်းဆောင်က ယခုရက်ပိုင်းအတွင်း ပြုလုပ်ခဲ့သည့် အစည်းအဝေးများနှင့် ၎င်းရှေ့မှောက်၌ သတင်းမီဒီယာကောင်စီ ကတိသစ္စာပြု အခမ်းအနားတွင် သတင်းတု၊ သတင်းမှားများ၊ အမုန်း စကားများနှင့် မှိုင်းတိုက်နေသည်ဟု လွတ်လပ်သော မီဒီယာများကို စွပ်စွဲပြစ်တင်ခဲ့သည်။

    လွတ်လပ်သော မီဒီယာများသည် အသက်အန္တရာယ်နှင့် လုံခြုံ ရပ်တည်ရေး ဆိုးဝါးခက်ခဲစွာ ရင်ဆိုင်ကြုံတွေ့နေရပြီး သတင်းစီးဆင်းမှု မပြတ်တောက်စေရန် စစ်ကောင်စီ၏ လုပ်ရပ်များကို တိကျမှန်ကန်စွာ ထုတ်လွှင့်ဖော်ပြနေသဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာမှ သိရှိနေသောကြောင့် စစ်ခေါင်းဆောင်က စွပ်စွဲပြစ်တင်နေခြင်းလည်းဖြစ်သည်။

    စစ်ကောင်စီသည် အာဏာသိမ်း ၂၀၂၁ ခုနှစ်၊ မတ် ၈ ရက်မှစ၍ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ပြည်တွင်းမီဒီယာများ၏ လုပ်ငန်းလိုင်စင်များ ပိတ်သိမ်း၍ သတင်းသမားများအား ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးသတ်ဖြတ်နေသလို မဟုတ်မမှန် နည်းမျိုးစုံဖြင့် ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။

    “စစ်ကောင်စီရဲ့ အန္တရာယ်ကို အကြီးမားဆုံး ရင်ဆိုင်နေရတယ်။ သတင်းထုတ်လုပ်မှု လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ အစကနေ အဆုံးသော လူတွေအကုန်လုံးဟာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ဖြတ်သန်းနေရတယ်” ဟု လုပ်သက်ရင့် အမျိုးသမီးသတင်းထောက် မမော်လေးက ပြောသည်။

    စစ်ကောင်စီသည် အာဏာသိမ်းထားသည့် လေးနှစ်နီးပါးအတွင်း သတင်းသမား အများအပြားကို ဖမ်းဆီးထောင်ချခဲ့သလို သတင်းသမား ခုနှစ်ဦးထက်မနည်း သတ်ဖြတ်ထားပြီး လက်ရှိတွင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များ၌ သတင်းသမား ၅၀ ဦးနီးပါး ထောင်ချခံထားရဆဲဖြစ်ကြောင်း သိရသည်။

    “ကြုံဖူးသမျှ သမိုင်းတလျှောက်ထဲမှာ အဆိုးဝါးဆုံးထိကို နိမ့်ကျသွားတယ်လို့ ပြောလို့ရတယ်။ နိုင်ငံအချင်းချင်းဖြစ်နေတဲ့ စစ်ပွဲတွေမှာတောင် မီဒီယာတွေကို ဖိနှိပ်မှုက ဒီလောက်ထိဆိုးရွားမယ်လို့ မထင် ဘူး” ဟု လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းက ပြောသည်။

  • တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ  စစ်သား ၁၄၉ ဦး သေဆုံး

    တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၄၉ ဦး သေဆုံး

    တောင်ပိုင်းစစ်ဒေသ၏ နိုဝင်ဘာလ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၄၉ ဦး သေဆုံးပြီး စစ်တပ်၏ တိုက်ခိုက်မှုကြောင့် ပြည်သူ ၁၇ ဦးသေဆုံး

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၁၀၀ နီးပါးရှိခဲ့ပြီး စစ်သား ၁၄၉ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်း စစ်ဒေသက သတင်းထုတ်ပြန်သည်။

    နိုဝင်ဘာလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း၌ တော်လှန်ရေး ပူး ပေါင်းတပ်ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား အပြန်အလှန် ထိတွေ့တိုက်ပွဲပေါင်း ၄၂ ကြိမ်၊ စစ်ကောင်စီတပ်စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့် ၃၈ ကြိမ် နှင့်အထက် တိုက်ခိုက်ခဲ့ပြီး မိုင်း လက်နက်ကြီးတို့ဖြင့် အနည်းဆုံး ၁၉ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ထို့အပြင် နိုဝင်ဘာလအတွင်း ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီ၏ ကူးဆိပ်စခန်းနှင့် မထော စခန်းတို့အား KNLA/PDF/BPLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၎င်းတိုက်ပွဲနှင့် အခြားတိုက်ပွဲများမှ လက်နက်ကြီး လက်နက်ငယ်နှင့် ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၄၉ ဦး သေဆုံးပြီး ၈၉ ဦး ဒဏ်ရာရကာ ၆ ဦး ပြည်သူ့ကာကွယ်ရေးတပ်မတော်သို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုအရေအတွက်သည် တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်ထားခဲ့သဖြင့် ယခုရရှိသောအရေအတွက် ပိုမိုများပြားနိုင်ကြောင်း သိရသည်။

    ယင်းတိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ၉ ဦး တိုင်းပြည်အတွက်မြင့် မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒရုန်း ၁ စီးပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

    နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးကျဲပစ် ခတ် တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၇ ဦး အသက် ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၅၄ ဦး ရှိခဲ့ကြောင်း သိရသည်။

    အဆိုပါ တိုက်ပွဲများကို တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း တပ် ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ LDF များ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (KNLA) ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ မွန်ပြည်သစ် (AD) ပူးပေါင်း တပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းကာ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

    ဓာတ်ပုံ- တောင်ပိုင်းတိုင်းစစ်ဒေသတွင် စစ်ကောင်စီတပ်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စဉ် ရရှိထားသော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)