Author: Admin-501

  • မန္တ​လေးမှာ ည ၈ နာရီ​ကျော်ရင်အပြင်မထွက်ဖို့ ရဲ​တွေက နီးစပ်ရာကိုသတိ​ပေး​နေ

    မန္တ​လေးမှာ ည ၈ နာရီ​ကျော်ရင်အပြင်မထွက်ဖို့ ရဲ​တွေက နီးစပ်ရာကိုသတိ​ပေး​နေ

    မန္တလေးမြို့မှာ ည၈နာရီနောက်ပိုင်းအပြင်မထွက်ကြဖို့ စစ်​ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကနီးစပ်ရာ​တွေကိုသတိပေးထားတယ်လို့ မြို့ခံတွေဆီကနေသိရပါတယ်။

    စစ်မှုထမ်းအတွက်ပေါ်တာဆွဲမှုတွေဆက်တိုက်ဖြစ်လာပြီးတဲ့နောက်မှာ မြို့နယ်ရဲမှူးတွေကိုယ်တိုင်က နီးစပ်ရာကိုသတိပေးတာတွေပြုလုပ်နေသလို ဝန်ထမ်းအိမ်ယာထဲကမိသားစုတွေကိုယ်တိုင်လည်း အပြင်မထွက်ကြဖို့သတိပေးထားတယ်လို့ နီးစပ်သူတွေဆီကနေသိရပါတယ်။

    ဒီလိုသတိရပေးခံရပြီးတဲ့နောက် ချမ်းအေးသာစံမြို့နယ်မှာ ည၇နာရီဆိုရင် စတိုးဆိုင်၊အထည်ဆိုင်တွေအားလုံးပိတ်ကြပြီး ည၈နာရီမာရှယ်လော(စစ်အုပ်ချုပ်​ရေး)ဆိုပြီး ပြန်ကြရတယ်လို့ စျေးဆိုင်ပိုင်ရှင်တဦးကပြောပါတယ်။

    “ကျွန်မတို့ကို ရဲမှူးသမီးကိုယ်တိုင်ဖုန်းဆက်သတိပေးတာ။ည၈နာရီနောက်ပိုင်းအပြင်မထွက်ဖို့ကို။အခုစျေးထဲမှာ ည၈နာရီဆိုလူမရှိတော့ဘူး”လို့ စျေးဆိုင်ပိုင်ရှင်အမျိုးသမီးတဦးကပြောပါတယ်။

    ရဲတပ်ဖွဲ့ဝင်တွေရဲ့ သတိပေးချက်မှာတော့ မာရှယ်လောထုတ်ထားတယ်လို့သတိပေးတာမျိုးမဟုတ်ဘဲ မီးပျက်တဲ့အချိန်နဲ့ ည၈နာရီနောက်ပိုင်းတွေမှာအပြင်မထွက်ကြဖို့၊အကယ်၍ စစ်မှုထမ်းဖိုသာ ဆွဲခံရပါက ယခုအချိန်မှာငွေဘယ်လောက်ပေးပေးပြန်ထုတ်လို့ မရနိုင်တာမို့ ဂရုစိုက်ကြဖို့ကိုသတိပေးထားတာလို့ ဒုရဲတပ်ကြပ်အမျိုးသမီးတဦးကပြောပါတယ်။

    မန္တလေးမြို့မှာ စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲတာတွေဆက်တိုက်ဖြစ်နေပြီး မြို့အစွန်တွေမှာတော့ နေအိမ်တွေနဲ့အလုပ်ရုံ၊စက်ရုံတွေထဲအထိ အဓမ္မ ဝင်ဆွဲတာတွေဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။

    စစ်မှုထမ်းအပတ်စဥ်၈အတွက် အမျိုးသားလိုအပ်ချက်တွေများနေပြီး စစ်တပ်ကစိုးမိုးထားနိုင်တဲ့​ဒေသတွေမှာ ပေါ်တာဆွဲတာတွေဆက်တိုက်ဖြစ်နေပါတယ်။

    အခုအခါ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာလူငယ်​တွေကိုစစ်မှုထမ်းဖို့ ပိုမိုဖမ်းဆီး​ခေါ်​ဆောင်​နေပြီး​တော့ ဒီဇင်ဘာလ(၁)ရက်နေ့က​နေ (၁၅) ရက်နေ့ အထိ နှစ်ပတ်အတွင်းမှာမန္တ​လေးမြို့မှ လူငယ် (၁၂၅)ဦး မတရားဖမ်ဆီးခံရတယ်လို့မန္တလေး သပိတ်အင်အားစုကအသိ​ပေးထားပါတယ်။​ မြေပြင်မှာ ဒီအ​ရေအတွက်ထက်ပိုများနိုင်တယ်လို့လည်းသိရပါတယ် ။

    စစ်အုပ်စုကစစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး နေ့/ည မချိန်မရွေး ဖမ်းဆီးတာ ၊ ညအချိန်မတော် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးတာ​​တွေဆက်တိုက်လုပ်​နေတာမို့ မန္တလေးမြို့နေ့ လူငယ်လူထုအနေနဲ့အချိန်မတော် အပြင်သွားတာ ၊ မလိုအပ်ပဲ ခရီးသွားတာ၊ ပျော်ပွဲရွှင်ပွဲ ​တွေကို သွားလာတာ​တွေကို တတ်နိုင်သမျှရှောင်ကြဉ်ကြဖို့လည်း မန္တလေးသပိတ်အင်အားစုကတိုက်တွန်းထားပါတယ် ။

  • ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်

    ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်

    ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ

    မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ခန့်တွင် မြကံ‌သာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ၁ ပါး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးနှင့် ကား ၁ စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

    အလားတူ ယနေ့ နံနက် ၉ နာရီခန့်တွင် ထန်းပင်ကုန်းကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ရွာထဲ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

    “ပုသိမ်ကြီးမြို့နယ် မြကံ‌သာကျေးရွာကို ဒီနေ့ ၇ နာရီလောက်က စစ်ခွေးနဲ့ လက်နက်ကြီး ၄ လုံးနဲ့ ရမ်းသမ်း ပစ်ခတ်လို့ သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရတယ်။ နောက်ပြီး နံနက် ၉ နာရီလောက်မှာလည်း ထန်းပင်ကုန်းကျေးရွာကို စစ်ခွေးတွေ ဂျက်ဖိုက်တာနဲ့ ဗုံးကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်မှု အခြေနေတော့ အတည်မပြုနိုင်သေးဘူး” ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ❗️MDY❗️

    ပုသိမ်ကြီးမြို့နယ် မြကံ‌သာကျေးရွာသို့ ယနေ့မနက်(၇)နာရီ၀န်းကျင်မှစ၍ စကစမှ လက်နက်ကြီး၄လုံးဖြင့်ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိပါသည်။ထိုပစ်ခတ်မှုကြောင့် ဦးဇင်း(၁)ပါး ထိခိုက်ဒဏ်ရာ ရကြောင်း သတင်းရရှိပါသည်။ထို့ပြင်ထန်းပင်ကုန်းကျေးရွားသို့လည်း ယနေ့မနက်၉နာရီဝန်းကျင်တွင်လည်း ဂျက်ဖိုက်တာဖြင့် Asပြုလုပ်သွားကြောင်းသိရှိရသည်။

    VOMDY

  • စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ဆေးဆရာဝန်များကို လိုအပ်လျှင် ခြေလျင်စစ်သည်များနှင့်အတူ စစ်တိုက်ရမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

    ယမန်နေ့ မင်္ဂလာဒုံ စစ်ဆေးတက္ကသိုလ်တွင် ပြုလုပ်သော အမှတ် ၅၂ စစ်ဆေး ဗိုလ်လောင်းသင်တန်းတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

    တပ်မတော်ဆရာဝန်များဖြစ်သည်နှင့်အညီ လိုအပ်လာပါက ခြေလျင်စစ်သည်များနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် စစ်ဆင်ရေးတာဝန်များကိုပါ ထမ်းဆောင်ကြရမည်ဖြစ်သောကြောင့် အမိန့်နာခံမှု ကောင်းပြီး စစ်ပညာများကို အသုံးချတတ်သည့် စစ်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။

    အကြမ်းဖက်စစ်ခေါင်းဆောင် လက်ရုံးတပ်ဖြစ်သည့် စစ်ဆေးဆရာဝန်များနှင့် ဆေးတပ်သားများကို ရှေ့တန်းစစ်မြေပြင်များတွင် စစ်တိုက်ခိုက်နေသဖြင့် စစ်ဆရာဝန်နှင့် ဆေးတပ်သားများ ထွက်ပြေးမှုများ များပြားနေကြောင်း၊ ထို့ပြင် စစ်ဆေးဆရာဝန်နှင့်ဆေးတပ်သားများ ရှေ့တန်းတွင် သေဆုံးမှုများလည်း များပြားခဲ့သည်။

    စစ်ကောင်စီက ရှေ့တန်း စစ်မြေပြင်များသို့ စစ်ဆေးဆရာဝန်များ စေလွှတ်လာခြင်း၊ စစ်ဆေးတပ်များမှ အရာရှိနှင့်သူနာပြုများ ထွက်ပြေးမှုများ များပြားလာခြင်း အပါအဝင် လူအင်အား မလုံလောက်ခြင်းတို့ကြောင့် ယခုနှစ်ဩဂုတ်လနှင့်စက်တင်ဘာလအတွင်း စစ်ဆေးတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းတက်နေသော အပတ်စဉ် ၅ ခုမှ စစ်ဆေးရာရှိများကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္တီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ အတင်းအကျပ် စေလွှတ် နေရာချထားခဲ့ကြောင်း စစ်ဆေး အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

    စစ်ဆေးတက္ကသိုလ် အပတ်စဉ် ၂၈ ၊ ၂၉ ၊ ၃၀ ၊ ၃၁ ၊ နှင့် ၃၂ မှ ဘွဲ့လွန်သင်တန်းတက်နေသော စစ်ဆေးဆရာဝန်များအားလုံးကို နေပြည်တော်၊ ပြင်ဦးလွင်၊ မိတ္ထီလာ၊ အောင်ပန်း စသည့် စစ်ဆေးရုံများသို့ စစ်ကောင်စီက အတင်းအကျပ် စေလွှတ်ခဲ့ပြီး သွားရောက်ခိုင်းရာတွင် အရပ်၀တ်ဖြင့် လုံခြုံရေးမပေးဘဲ သွားရောက်ခဲ့ကြောင်း စစ်ဆေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    စစ်တပ်ဆေးတပ်မှ အရာရှိဆရာဝန်များ၊ စစ်သားများကို ရှေ့တန်းသို့ ဆက်တိုက် စေလွှတ်နေသဖြင့် စစ်ဆေးတပ်အတွင်း စစ်ကောင်စီနှင့် စစ်ခေါင်းဆောင်များ အပေါ် မကျေနပ်မှုများ ကြီးထွားနေကြောင်း၊ စစ်အာဏာသိမ်းချိန်မှစတင်၍ လက်ရှိအချိန်အထိ စစ်ဆေးတပ်များမှ စစ်ဆေးဆရာဝန်နှင့် သူနာပြုများမှာ ထွက်ပြေးမှုများ ဆက်လက် များပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။

  • နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

    စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီအားလုံးသည် စစ်ကောင်စီဘက်က ရပ်တည်ပြီး တတ်နိုင်သမျှ ထောက်ခံမှုပေးရမည်ဟု စစ်တပ်လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (USDP) နေပြည်တော်နယ်မြေ၏ စစ်သွေးကြွဥက္ကဋ္ဌက ပြောသည်။

    ၂၀၂၁ ခုနှစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် USDP ၏ နေပြည်တော်နယ်မြေ ဥက္ကဋ္ဌ ဖြစ်လာသည့် ဘူးလက်ဟု အမည်တွင်သော ဒုဗိုလ်မှူးကြီးဟောင်း လှဆွေက စစ်တပ်ကျောထောက်နောက်ခံပြု ဘူးလက် သတင်းဂျာနယ် ဒီဇင်ဘာလ ၁၇ ရက်နေ့ထုတ် စာစောင်တွင် အထက်ပါအတိုင်း ရေးသည်။

    လက်ရှိအခြေအနေတွင် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပရန် ဆန္ဒရှိပါက မပြတ်မသား မလုပ်ဘဲ စစ်ကောင်စီ တနည်းအားဖြင့် စစ်တပ်ဘက်က ရပ်တည်ရမည်ဟု ရေးသည်။

    မြန်မာစစ်တပ်သည် ဗမာအဖွဲ့များအပါအဝင် အမျိုးမျိုးသောလက်နက်ကိုင်အဖွဲ့များနှင့် ရင်ဆိုင်နေရကြောင်း သူရေးပြီး ထိုအဖွဲ့များက စစ်တပ်ကိုဖြုတ်ချနိုင်ဖွယ် မရှိလျှင်ပင် နိုင်ငံရေးပါတီများသည် ဆုံးရှုံးသွားသောမြို့များနှင့် စစ်စခန်းများကို ပြန်လည်သိမ်းယူရန် စစ်တပ်နှင်အတူ ရပ်တည်ရမည်ဟု သူပြောသည်။

    စစ်တပ်အတွက် လူသစ်စုဆောင်းမှု ၂ ဆတိုးရန် ကူညီရေးအတွက် အသင့်ရှိသည်ဟု မြန်မာနိုင်ငံအလယ်ပိုင်းမှ အမည်ဆိုးကျော်ကြားသည့် စစ်ကောင်စီ၏ မဟာမိတ် ပျူစောထီးများကို လက်နက်တပ်ဆင်ရာတွင် အဓိကအခန်းမှ ပါဝင်သည့် ဘူးလက်လှဆွေက ရေးသည်။

    အတင်းအကျပ် စစ်သားစုဆောင်းခံရသည့် သူ၏ အလုပ်သမားများ ပြန်လည်လွတ်မြောက်ရေး ဆောက်လုပ်ရေးကန်ထရိုက်တာတဦးက အကူအညီတောင်းသည်ကို ငြင်းခဲ့ကြောင်း ထိုဆောင်းပါးတွင် ဂုဏ်ယူစွာ သူရေးသည်။

    နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် အတင်းအကျပ်စစ်သားစုဆောင်းခံရသူ ၃ ဦး လွတ်မြောက်အောင် လုပ်ပေးသည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီဝင်အချို့ကိုလည်း သူဝေဖန်ပြီး ထိုသို့လုပ်ခြင်းသည် စစ်တပ်အင်အားကို ထိခိုက်စေသည်ဟု ပြောသည်။ ထိုပါတီ ရွေးကောက်ပွဲနိုင်လျှင် မြန်မာစစ်တပ်အင်အား မတောင့်တင်းနိုင်ကြောင်း သူ ဆက်ရေးသည်။

    ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်သည့် စစ်တပ်ချုပ်ရေးအပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲကျင်းပစဉ် အရပ်ဝတ်ဖြင့် အာဏာဆက်လက်ချုပ်ကိုင်ရေးအတွက် USDP ကို ဗိုလ်ချုပ်များတည်ထောင်ခဲ့သည်။

    လက်ရှိ USDP ဥက္ကဋ္ဌ ခင်ရီသည် USDP အကြီးအကျယ်ရှုံးနိမ့်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီးတွင် စစ်တပ်ထောက်ခံပွဲများကို ဦးဆောင်ခဲ့သည်။ ထိုစဉ်က ပါတီဒုဥက္ကဌဖြစ်သော ခင်ရီသည် ၂၀၂၁ ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုကို လမ်းခင်းပေးသည့် ဆန္ဒပြပွဲများကို စီစဉ်ခဲ့သည်။

    စစ်ကောင်စီ၏ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးညှိနှိုင်းမှုကော်မတီနှင့် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၁ ခုတို့၏ ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်အစည်းအဝေးတွင် USDP က ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်နှင့် လိုအပ်လျှင် လက်နက်ကိုင်ရန် ကတိပြုသည်ဟု ထိုအစည်းအဝေးတက်သည့် ကိုယ်စားလှယ်များထံမှ သိရသည်။

    ဦးသိန်းစိန်၏ အရပ်သားတပိုင်း စစ်သားတပိုင်း အစိုးရအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကျင်းပစဉ် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှ ပဋိပက္ခကို ဆွေးနွေးဖြေရှင်းမရလျှင် “ဘူးလက်” ကျည်ဆံဖြင့် ဖြေရှင်းခြင်းသည် အကောင်းဆုံးဖြစ်နိုင်သည်ဟု သူပြောခဲ့သောကြောင့် ဘူးလက် အမည်ကို ၂၀၁၃ ခုနှစ်တွင် သူ ရခဲ့သည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်သောကြောင့် အစိုးရဆန့်ကျင်မှု စွဲချက်များကို သူရင်ဆိုင်ရသည်။

    သူသည် မကွေးတိုင်း ဂန့်ဂေါတွင် ပျူစောထီးတပ်များကို ဖွဲ့စည်းလက်နက်တပ်ဆင်ရာတွင်လည်း ပါဝင်ခဲ့သည်။ ဂန့်ဂေါသည် ဦးသိန်းစိန် အစိုးရခေတ်က သူ လွှတ်တော်အမတ်လုပ်ခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။

    ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်အပါအဝင် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၄ ဦးကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခြင်းအား ထောက်ခံသည့် မြို့တော်ခန်းမ ပြင်ပဆန္ဒပြပွဲတခုကိုလည်း ၂၀၂၂ ခုနှစ် ဇူလိုင်လက သူစီစဉ်ခဲ့သည်။

    စစ်သားတယောက်သေတိုင်း သေဒဏ်ကျနေသည့် အတိုက်အခံတဦးကို ကွပ်မျက်ပါက စစ်ကောင်စီ စစ်သားများ အသတ်ခံရမည် မဟုတ်တော့ကြောင်းလည်း လူမှုကွန်ရက်တွင် သူရေးခဲ့သည်။

  • မာနယ်ပလော အလွမ်း

    မာနယ်ပလော အလွမ်း

    (၁)

    သူသည် သတင်းခေါင်းစဉ်ကို အဆုံးအထိ ဖတ်လိုက်ပြီးသောအခါ သတင်းကို ဆက်မဖတ်သေးဘဲ ခဏရပ်ထားလိုက်၏။

    သူ့လက်တွေ ရုတ်တရက် ပူနွေးလာနေကြ၏။ သူက စိတ်ကိုတည်ငြိမ်အောင် ထိန်းကာ သတင်းကို အ‌သေအချာ ဆက်ဖတ်ရလေသည်။

    “ကရင်အမျိုးသားအစည်းအရုံး (KNU) လက်‌အောက်ခံ တပ်မဟာ ၇ မာနယ်ပလောရှိ စစ်ကောင်စီ၏ ပွိုင့် ၉၁၃ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ပူးပေါင်းတပ်များက ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု ပြောခွင့်ရပုဂ္ဂိုလ် စောတောနီးက လွတ်လပ်သော ကရင်အမျိုးသားမီဒီယာသို့ ပြောဆိုသည်။”

    သူက သတင်းဆုံးသည်နှင့် သတင်းဓာတ်ပုံများကို စိတ်လှုပ်ရှားစွာဖြင့်ပင် လိုက်ကြည့်သည်။

    သောင်ရင်းမြစ်ကမ်းစပ်မှ ရိုက်ထားသော မာနယ်ပလော သစ်ပင်တောတန်းများကို တွေ့ရ၏။ တချိန်က သူသည် သည်သောင်စပ်တွင် လမ်းလျှောက်ခဲ့ဖူးသည်။ သည်ကမ်းခြေတွင် အခြားရဲဘော်သူငယ်ချင်းများနှင့်အတူ ရေချိုးခဲ့ဖူးသည်ကို သတိရလာသည်။

    တိုင်းရင်းသားခေါင်းဆောင်များနှင့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်များ နိုင်ငံရေးမဟာမိတ်တပ်ပေါင်းစု ဖွဲ့ခဲ့ကြသည်

    (၂)

    ဒေါ်အောင်ဆန်းစုကြည် လမ်းကလေးပေါ် သွားရပ်လိုက်တော့ မြူတွေထဲ နေရောင်ခြည် မထိုးဖောက်နိုင်သေး။

    သူက ငြိမ်းချမ်းရေးကော်ဖီဆိုင်ဘက် လှမ်းကြည့်သည်။ မြူတွေထဲ မအေးဝင်းတို့ ကော်ဖီဆိုင်ကို ထင်တဝက် မြုပ်တဝက်။

    ညာဘက်ကို ကြည့်သည်။ လူ့ဘောင်သစ်ရုံးဘက်ဆီက တယောက်ယောက်များ ပေါ်လာမလားဟု တွေးသည်။ ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ကုန်းပေါ်က စကားပြောသံသဲ့သဲ့ ကြားရသည်။ ကချင်ကုန်းထိပ်က စကားပြောသံ ကြားရသည်။

    လူ့ဘောင်သစ် ရုံးကွေ့နားတွင် မယ်တုက္ခီ ချောင်းကူးတံတားလေး ရှိသည်။ တံတားတဖက် လူသွားလမ်းကလေးဘေး ပဲတိုင်တောင်၊ ငရုတ်၊ ခရမ်းခင်းရှိသည်။ လူသွားလမ်းမှာ အနည်းငယ် မော့တက်သွားပြီး ကရင်ခေါင်းဆောင်တဦးဖြစ်သူ ဖဒိုမန်းရှာ၏ အိမ်ရှေ့ကွက်လပ်တွင် လမ်းဆုံး၏။ ဖဒိုမန်းရှာ မိသားစုနေသောအိမ်မှာ သောင်ရင်းမြစ်ဘေး တောင်နံရံအောက် မေးတင်ထားသလို ဆောက်ထား၏။

    ချမ်းအေးလွန်းသည့်တိုင် ကျနော်က မြူတွေကိုတော့ ချစ်သည်။ ယခုအခါ မာနယ်ပလော တခွင်လုံး မြူတွေနှင်းတွေ ထုနှင့်ထည်နှင့် ဖုံးနေပေလိမ့်မည်။

    ဘယ်ဘက်ကို လမ်းလျှောက်လာခဲ့သည်။ ရဟန်းပျိုများသမဂ္ဂ ကုန်းတော်ပေါ်က ကြေးစည်သံ ကြားရသည်။ ဆရာတော် ကဗျာဆရာ အရှင် ခေမာစာရသည် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြိုခွင်းခံရပြီးကတည်းက ရဟန်းပျိုတချို့နှင့်အတူ မာနယ်ပလောသို့ ရောက်လာနေခြင်း ဖြစ်သည်။ ဆရာတော်သည် မာနယ်ပလော ဒီမိုကရေစီတော်လှန်ရေး တပ်ပေါင်းစုတွင် တစုတဖွဲ့အနေဖြင့် ပါဝင်နေခဲ့၏။ ဆရာတော်တို့ ကျောင်းထိုင်ရာကုန်းကို ရဟန်းပျိုများကုန်းဟု ခေါ်ဝေါ်ခဲ့ကြ၏။

    ရဟန်းပျိုများသမဂ္ဂ ကုန်းတော်အောက် မယ်တုက္ခီစမ်းချောင်းဘေး စာရေးဆရာ နိုင်ဝင်းဆွေတို့ အိမ်ကလေးဆီက အိုးသံခွက်သံ တချက်ကြားရသည်။ အသံတွေသာ ကြားရသည်။ မြူတွေကြောင့် ဘာကိုမှ သဲကွဲစွာမမြင်ရ။

    သူက ဒေါ်အောင်ဆန်းစုကြည်‌ မြေနီလမ်းကလေးအတိုင်း လမ်းလျှောက်လာခဲ့သည်။ လမ်း၏ညာဘက် ဖြိုချထားသော တောင်ကမ်းပါးယံဆီက တောစံပယ်ပန်းနံ့များ ရသည်။ မြေနီလမ်းကလေးပေါ်တွင် သူတယောက်တည်း လမ်းလျှောက်လာစဉ် နောက်မှ ခြေသံကြားလို့ လှည့်ကြည့်တော့ ကရင်စစ်သားနှစ်ဦးကို တွေ့သည်။ သူ့ကို ကျော်သွားကာ ကွန်မန်ဒိုကုန်းဘက် တက်သွားကြ၏။

    ချက်ချင်းဆိုသလို ဒေါ်အောင်ဆန်းစုကြည် လမ်းဆုံကို ရောက်လာသည်။ ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ဆိုင်းဘုတ်ကလေးအောက်တွင် သူရပ်သည်။

    သည်လမ်းဆုံမှာ ကချင်ကုန်းဘေးမှ ဆင်းသောကားလမ်း၊ မယ်တုက္ခီစမ်းချောင်းထဲက တက်လာသော ကားလမ်း၊ သူနေထိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုရုံးချုပ်နှင့် လူ့ဘောင်သစ်ရုံးဘက်မှ လာသောကားလမ်း ဆုံမိကြရာ လမ်းဆုံဖြစ်သည်။ ထိုစဉ်မှာပင် ကရင်စစ်သား သုံး၊ လေးယောက်ပါလာသော ဖိုးဝှီးကားတစီး ကချင်ကုန်းဘေးလမ်းအတိုင်း ဆင်းလာသည်။ မယ်တုက္ခီစမ်းချောင်းကို ဖြတ်ကာ ရဟန်းပျိုများသမဂ္ဂ ကုန်းတော်‌ရှေ့ တက်သွား၏။

    လမ်းဆုံဘေးတွင် ကရင်စာရေးဆရာ၊ ကဗျာဆရာ ကိုပန်းခက်၏ ထူးရာစိုး ကော်ဖီဆိုင် ရှိသည်။ ထိုစဉ်က လက်ဖက်ရည်ဆိုင်ရယ်လို့တော့ မရှိ။ အသင့်‌ဖျော် ကော်ဖီထုပ်ရောင်းသော ကော်ဖီဆိုင်လေးတွေတော့ ရှိသည်။ ဆိုင်ထဲတွင် လူသံမကြားရသော်လည်း ကိုပန်းခက် နိုးနေလောက်ပြီဟု သူထင်သည်။ သူက လက်ဖက်ရည်တခွက်ဖိုးပင် အိတ်ကပ်ထဲ မရှိသည့်တွက် ဝန်ကြီးများရုံး (ဒေါက်တာစိန်ဝင်း ခေါင်းဆောင်သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ – NUGUB) အထိ လမ်းလျှောက်ဖို့ ဆုံးဖြတ်လိုက်၏။

    မာနယ်ပလောကို သူရောက်ရှိလာသည်မှာ နှစ်နှစ်ပင် ပြည့်ခဲ့ပြီ။ စတင်ရောက်ရှိစဉ်က ငှက်ဖျားမိ ဆေးရုံတက်ရသေး၏။ ယခုအခါ သူတွေ့ချင်နေသော စာရေးဆရာ နိုင်ဝင်းဆွေနှင့်လည်း နေ့တိုင်း တွေ့နေရပြီ။ မာနယ်ပလော ဒီမိုရပ်ကွက်ဟု တင်စားခေါ်ဆိုသော ဒေါ်အောင်ဆန်းစုကြည် လမ်းတဝိုက် နေရာအနှံ့၊ ရုံးအနှံ့ ရောက်ဖူးနေပြီ။

    သူ မြင်ဖူးတွေ့ဖူးချင်သော လူမျိုးစု‌တော်လှန်ရေး ခေါင်းဆောင်တချို့ကိုလည်း မြင်ဖူးတွေ့ဖူးပြီးပြီ။ ကချင်ခေါင်းဆောင်ကြီး ဘရန်ဆိုင်းမှာ ရုပ်ရည်ချောမောလှပပြီး ယောက်ျားပီသသူဟု သူယူဆသည်။

    ဗိုလ်ချုပ် စောဘိုမြနဲ့ ဖဒိုမန်းရှာလာဖန်း

    မွန်ပြည်သစ်ပါတီခေါင်းဆောင် ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်က အသားဖြူပြီး အင်မတန် နူးညံ့တည်ငြိမ်သူဖြစ်သည်။ ဥက္ကဋ္ဌကြီး နိုင်ရွှေကျင်နှင့်ဆိုလျှင် သူက အင်တာပင်ဗျူးပြီးဖြစ်သည်။ DVB မှ အသံလွှင့်ခဲ့သည်။ KNU ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး စောဘိုမြနှင့်လည်း အင်တာဗျူးဖူးခဲ့ပြီ။

    သူ့စိတ်ထဲ ကရင်ခေါင်းဆောင်တဦးဖြစ်သူ ဖဒိုမန်းရှာကို စိတ်ထဲက အထူးတလည် လေးစားချစ်ခင်နေမိသည်ဟု သူ့ကိုယ်သူ ထင်သည်။ ဖဒိုမန်းရှာက ကဗျာလည်းရေးသည်။ DVB က အသံလွှင့်နေသော သူ၏ ‘ဒုံသမိချောင်းပေါ်ကကြယ်နီ’ အခန်းဆက်ဆောင်းပါးများကို ဖဒိုမန်းရှာက အဆက်မပြတ်နားထောင်ကာ ဝေဖန်သည်။ အကြံပေးသည်။

    တခါတော့ ဖဒိုမန်းရှာနှင့် စကားလက်ဆုံကျစဉ် ကရင်တော်လှန်ရေးဌာနချုပ် မာနယ်ပလောအကြောင်း အလွတ်သဘော မေးဖူးသည်။

    မာနယ်ပလောကို ဗိုလ်ချုပ်ကြီး စောဘိုမြ ဦးဆောင်ပြီး တော်လှန်ရေး ဌာနချုပ်စခန်းအဖြစ် တည်ဆောက်ခဲ့သည်မှာ ၁၀ နှစ်ကျော်လောက်က ဖြစ်သည်။ သောင်ရင်းမြစ်ဘေး ထိုင်းနိုင်ငံတဖက်ကမ်းတွင် နေရာရွေးခဲ့သည်။ မာနယ်ပလောကို ဘောနော်လေးတောင်ကြီးက ရင်ခွင်ထဲထည့်ထားသလို ကွေ့ဝိုက်ထား၏။ ရန်သူ့လေယာဉ်များ အနီးကပ် ဖြတ်သန်းမောင်းနှင်၍ မရနိုင်သော ခွင်ကြီးဖြစ်သည်။

    မာနယ်ပလောတွင် ရေအားလျှပ်စစ်ဖြင့် ရုံးများ၊ လမ်းများ အထိုက်အလျောက် မီးရသည်။ ကြိုးမဲ့ဆက်သွယ်ရေး ကွန်ရက်ကြီးရှိသည်။ ကရင့်တော်လှန်ရေး ရုံးအသီးသီး၊ ရပ်ကွက်အသီးသီးရှိသည်။ သူ့အထင် မာနယ်ပလောတခွင်လုံး တော်လှန်ရေးစစ်သားများ အပါအဝင် မှီခိုသူ မိသားစုများပါပေါင်းလျှင် လူအင်အား ၂ သောင်းနီးပါးရှိမည်ဟု သူထင်သည်။

    ယခုအခါ KNU က အိမ်ရှင်အဖြစ် လက်ခံကာ ကချင်၊ မွန်၊ ကယား၊ ပအို့ဝ်၊ ပလောင်၊ ရခိုင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး ရုံးခွဲများ ရှိလာခဲ့ကြပြီ။ ရှစ်လေးလုံး အရေးတော်ပုံကြီးနောက်ပိုင်း မကဒတ (ABSDF) ခေါ် ကျောင်းသားတပ်မတော်ရုံး၊ လူ့‌ဘောင်သစ်ဒီမိုရက်တစ်ပါတီရုံး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုရုံး၊ ညွန့်ပေါင်းအစိုးရအဖွဲ့ရုံး အစရှိသော ဒိမီုကရေစီ တော်လှန်ရေးအင်အားစုများ ရှိလာကြပြီ။

    လမ်းလျှောက်လာရင်းက မာနယ်ပလောအခြေစိုက် DVB စတူဒီယိုနား ရောက်လာခဲ့သည်။ အမျိုးသားညွန့်ပေါင်းအစိုးရရုံး (NCGUB) ရှေ့က ကရင်လက်နက်ကိုင် လုံခြုံ‌ရေးဂိတ်က‌လေးကို လှမ်းမြင်နေရပြီ။

    ထိုအခါကျမှ လမ်းလျှောက်ရင်း တွေးလာခဲ့သော သူ့အတွေးကို သူရပ်လိုက်ရသည်။ DVB စတူဒီယိုတာဝန်ခံ ကိုမွန်းအောင် အိပ်ရာမှ နိုးမှနိုးပါလေစဟု သူစဉ်းစာခဲ့မိ‌သေးသည်။

    ABSDF ခေါင်းဆောင် မိုးသီးဇွန်၊ စာရေးဆရာ နိုင်ဝင်းဆွေနဲ့ လူ့ဘောင်သစ်ပါတီခေါင်းဆောင် မြင့်ဇော်

    ရှေ့ဆက် မလျှောက်တော့ဘဲ ရုံးသို့ပြန်ရန် နောက်ပြန်လှည့်သည်။ လမ်းပေါ်က မော့ကြည့်တော့ ဘောနော်လေးတောင်ထိပ်ပိုင်းကို နေရောင်ခြည်များ ခြေချထားကြပြီ။ မြူထုကမူ မကွဲချင်သေး။

    သူက မနက်အိပ်ရာထစဉ် သူ့စိတ်ထဲ ဖြတ်ကနဲဝင်လာသော ကဗျာတပိုင်းတစကို ပါးစပ်က အလိုလို ရွတ်ဆိုမိလေသည်။

    နံနက်ခင်း
    ပြတင်းကိုဖွင့်လျှင်
    တောင်ကိုမြင်ရမည်
    တောင်ထိပ်မှာ ဂန္ထဝင်ဆန်တဲ့ မြူခိုးတွေ
    တနွဲ့နွဲ့ ခွေယစ် ရိုမန်းတစ်ကဗျာ။

    (၃)

    သူ့အတွေးက လွန်ခဲ့သည့်နှစ် ၃၀ ဆီမှ ပြန်ရောက်သွားသည်။ သူသည် လွမ်းမောဖွယ် မာနယ်ပလော၏ ဆောင်းတမနက်ခင်းကို ပြန်တွေး‌နေမိခြင်းသာ ဖြစ်၏။

    လွန်ခဲ့သော နှစ် ၃၀ က စစ်အာဏာရှင်စစ်တပ်များ၏ တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရသော မာနယ်ပလော၊ တချိန်က လူမျိုးပေါင်းစုံ တော်လှန်ရေးဌာနချုပ်စခန်းကြီး ရှိခဲ့ရာနေရာ မာနယ်ပလောကို သူ့စိတ်က ပြန်ရောက်သွားခြင်းသာ ဖြစ်သည်။

    နှစ် ၃၀ ကျော် ရှိခဲ့ပြီ။ ထိုစဉ်က တော်လှန်ရေးကြီးမှာ ပါဝင်ခဲ့ကြ၊ ပေးဆပ်ခဲ့ကြသူ အများစုမှာ ယခုအခါ မရှိကြတော့။ ကွယ်လွန်သွားကြပြီ ဖြစ်သည်။

    သည်အဖြစ်အပျက်၊ သည်အ‌ကြောင်းအရာများကို သူ မမေ့နိုင်ပါ။ သူ ဘယ်နည်းနဲ့မှ မေ့လို့မဖြစ်ပါ။ သူ့ဘဝ သေတပန်သက်တဆုံး မေ့နိုင်လိမ့်မည်လည်း မဟုတ်ပါချေ။