Author: Admin-501

  • မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက် ဆက်တိုက် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများပြား

    မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက် ဆက်တိုက် တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုများပြား

    မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီးများ ထိခိုက်သေဆုံးမှုများပြားကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ – မြင်းခြံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    မတ်လ ၁ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာမြောက်ဘက်၌ PDF တပ်ဖွဲ့ဝင်များက ဘန်ကာတစ်ခုတည်ဆောက်ပြီး စစ်မြှူခဲ့ရာ မြင်းခြံမြို့ ပျူစောထီးခေါင်းဆောင် သီ တာယုမွန်ပါ အင်အား ၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးရောက်ရှိလာပြီး ယင်းဂိတ်ကို ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ ဂိတ်စခန်းဖျက်ဆီးနေစဉ် နောက်ပိုင်းမှ အလစ်အငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ စောထီးများ ထိခိုက်သေဆုံးမှုများပြီး စစ်ကူခေါ်ခဲ့ကြောင်း သိရသည်။

    “မြင်းခြံဘက်ကနေ လယ်သစ်ကပျူတွေနဲ့ပေါင်းပြီး ခြေလျင်စစ်ကြောင်းထိုးလာတာ၊ လမ်းမှာ PDF အဖွဲ့တွေ၊ မဟာမိတ်အဖွဲ့တွေနဲ့ချထားတဲ့ဂိတ်ပေါ့၊ သူတို့က အဲဒီဂိတ်ကိုလာပြီးတော့ ပစ်ဖို့ ခြေလျင် စစ်ကြောင်းထိုးလာတာပေါ့၊ အဲဒီဂိတ်က အယောင်ပြထားလိုက်တာ၊ စစ်မြှူတဲ့သဘောပေါ့၊ သူတို့က အဲဒီဂိတ်ကိုပဲ မဲနေတဲ့အချိန်က ကျနော်တို့က နောက်ကနေ နောက်ပိုးဝင်သိပ်တာပေါ့၊ အဲဒီတိုက်ပွဲက လယ်သစ်မြောက်ဘက်နားမှာပေါ့၊ စခတွေအထိနာတယ်၊ လမ်းပေါ်မှာတင် သွေးအိုင်တွေ၊ သွေးကွက် တွေကျန်နေခဲ့တာ။ သူတို့အထိနာတော့ သံချပ်ကာ ကား ၂ စီးကို တပ်ကူလှမ်းခေါ်တာပေါ့၊ သံချပ် ကာ ကားပေါ်ကနေ ငါးကြင်းမြီးနဲ့ ပစ်တာ၊ အဲဒီမှာ ငါကြင်း ပြီးပစ်တဲ့သူ သေသွားပြီးတော့ သံချပ်ကာ ကားလည်း ပြန်ဆုတ်သွားတာ။ ထိခိုက်သေဆုံးမှုကတော့ တော်တော်များတယ်။ ထိခိုက်သေဆုံးမှုက တိတိကျကျတော့ ပြောလို့မရဘူး။ တော်တော်များတယ် လို့တော့ သိရတယ်၊ နောက်ပိုင်းဖောကားနဲ့ ပြန်ကောက်တင်သွားတာ၊ ကျနော်တို့ဘက်က အနားအ ထိကပ်လို့မရတဲ့ ပြန်ဆုတ်ခဲ့ရတာဆိုတော့ အတိအကျမသိရတာ။ လေကြောင်းပစ်ကူကလည်း ၅ ကြိမ် ၆ ကြိမ်ထက်မနည်း ဗုံးသီးတွေနဲ့ လည်း ကျဲတယ်။ ရော့ကတ်တွေနဲ့လည်း ပစ်တယ်။” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

    ထိုနောက် မတ်လ ၂ ရက် မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာရှိ ပျူစောထီးစခန်းအား ဝင်ရောက်တိုက် ခိုက်ရန် ချဉ်းကပ်နေစဉ် မြင်းခြံမြို့မှ ထွက်လာသော စစ်ကား ၃ စီးဖြင့် ရုတ်တရက် ဝင်ရောက်လာသ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှေ့ဆုံးကားပေါ်ပါ စစ်သားအများအပြား ထိခိုက်သေဆုံးပြီး မြင်းခြံမြို့မှ ခြေလျင်စစ်ကြောင်းဖြင့် စစ်ကူအင်အားအများအပြား ရောက်ရှိလာခဲ့ကြောင်း၊ ထို့ကြောင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

    “လယ်သစ်ပျူအထိုင်စခန်းကို ဝင်တိုက်မယ်ဆိုပြီးတော့ သွားတာ၊ အဲလိုသွားတဲ့အချိန်မှာ မြို့ပေါ်က နေ ရုတ်တရက် ကား ၃ စီးထွက်လာတာ၊ ကျနော်တို့ စောင့်နေတဲ့ နေရာနဲ့ တည့်တည့်ဝင်တိုးတာ၊ တည်တည်ချင်းကား (ပထမဆုံးကား)ကတော့ ဘာမှကို ပြန်မပစ်နိုင်ဘူး။ ကားပေါ်ကနေ ဆင်းပြေး တဲ့သူတွေက ပြေးနဲ့ တော်တော်လေးကို အထိနာတယ်။ အဲလိုတိုက်ခိုက်ခံရတော့ နောက်ကားတွေ လည်း ပြန်ဆုတ်ပြေးတာ၊ ပြီးတော့ လေကြောင်းကနေ ပစ်ကူလာတယ်။ ဗုံးသီး ၂ လုံးကျဲတယ်။ ပြီး တော့ ရော့ကတ်ပစ်တယ်။ အဲဒီနေရာမြင်းခြံမြို့နဲ့လည်း ကပ်နေတော့ ပျူစခန်းနဲ့ကလည်း အရမ်းနီး နေတော့ စစ်ကူလာမယ်ဆိုရင် မြန်တဲ့အတွက် ပြန်ဆုတ်ခဲ့ရတာ။ ထိခိုက်သေဆုံးမှုကတော့ များနိုင် တယ်၊ အရေအတွက်က အတိအကျ မသိရတာ” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန် ရှိသူ တစ်ဦးက ရှင်းပြသည်။

    ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လာပြီး မိနစ် ၃၀ ခန့်ကြာ ချိန် တွင် အကြမ်း ဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာအား ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မြေပြင်မှ ဝင်ရောက်လာသော စစ်ကြောင်းကလည်း ကျောက်ပြုတ်ကျေး ရွာကို ဝင်ရောက်မီးရှို့သွားကြောင်း သိရသည်။

    စစ်ဆင်ရေး တိုက်ခိုက်မှုများကို နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် မြင်းခြံမြို့နယ် မဟာမိတ်တပ်များ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

  • ကျောက်ဖြူတိုက်ပွဲဖြစ်ချိန်တွင် အင်အားပြန်ခေါ်၍မရဘဲ စစ်အင်အားလိုအပ်ချက်ကြောင့် ဗျာများနေ

    စစ်ကောင်စီက စစ်တွေတိုက်ပွဲသို့ ထုတ်နုတ်တပ်များပို့ထားရ၍ ကျောက်ဖြူတိုက်ပွဲဖြစ်ချိန်တွင် အင်အားပြန်ခေါ်၍မရဘဲ စစ်အင်အားလိုအပ်ချက်ကြောင့် ဗျာများနေ

    ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၏ မြို့အစွန်ကျသည့် ဓညဝတီရေတပ်ဌာနချုပ်နှင့် ရဲတပ်ရင်းတို့သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကို ခံနေရပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရသည်။

    စစ်တွေမြို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေရာ အဆိုပါ တိုက်ပွဲသို့ ကျောက်ဖြူမြို့နယ်မှ ကြည်းတပ်အင်အား ဖြည့်တင်းထားသည့်အတွက် ကျောက်ဖြူတိုက်ပွဲဖြစ်ပွားချိန်တွင် အင်အားလိုအပ်ချက်ကြောင့် စစ်ကောင်စီတပ်များ ဗျာများနေကြောင်း တပ်သတင်းရင်းမြစ်ထံက သိရသည်။

    “စစ်တွေကို ကြည်းတပ်အင်အားဖြည့်တယ် ဆိုပေမယ့် ခြေလျင်ခြေမြန်တပ်ရင်းတွေ ထိထိရောက်ရောက် ဖြည့် တင်းထားတာမရှိဘူး။ ကျောက်ဖြူမှာလည်း ရှိတဲ့ သုံးတပ်က အခွံသာသာပဲကျန်တာ။ မြို့တော်နှစ်ခုလုံး တိုက်ပွဲဖြစ်လာတော့ စစ်အင်အားလိုအပ်ချက်တော်တော်များနေတယ်”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

    ကျောက်ဖြူတွင် ခြေလျင်၊ ခြေမြန်တပ်ရင်းများဖြစ် သည့် ခလရ-၃၄၊ ခမရ-၅၄၂၊ ခမရ-၅၄၃ တပ်ရင်းသုံး ခုသာရှိပြီး မြေပြင်ထိုးစစ်ဆင်လာချိန်တွင် တပ်စောင့်အဖြစ်သာကျန်နေသည့် တပ်ရင်းများမှာ အင်အားချိနဲ့ပြီး ကာကင်းစခန်းများပြုတ်သည်အထိ တိုက်ခိုက်ခံနေရကြောင်း သိရသည်။

    အင်အားလိုအပ်ချက်ကြောင့် ကျောက်ဖြူမြို့နယ်သို့ ယခု စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၈) မှ သင်တန်းဆင်းလာသည့် လူငယ်၊ လူ ရွယ်များကို ဖြည့်တင်းသွားရန် စီစဉ်နေကြောင်း တပ် သတင်းရင်းမြစ်ထံက သိရသည်။

    စစ်ကောင်စီတပ် နှင့် AA တို့သည် မြို့တော်စစ်တွေနှင့်ကျောက်ဖြူတို့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်အပြင် ရေတပ်မှလက်နက် ကြီးများ၊ ပင်လယ်ပြင် Navy မှ အမြောက်များ၊ ဒရုန်းများအပြင် လေကြောင်းမှပါ အပြင်းအထန်တိုက်ခိုက်နေ ကြောင်း AA က ဒေသတွင်းသတင်းဌာနဖြစ်သည့် APM သတင်းဌာနကို ပြောဆိုထားသည်။

    စစ်ကောင်စီက စစ်တွေမြို့ကို AA တပ်ဖွဲ့များ လက် နက်ကြီးများဖြင့် ပစ်ခတ်ထိုးစစ်ဆင်လာချိန်တွင် စစ်တွေပွိုင့်ကမ်း ခြေသို့ ကျောက်ဖြူမြို့မှ တိုက်ရေ ယာဉ်များ၊ ရန်ကုန်မှ ရေ ယာဉ်များကိုပါ ပို့ဆောင်ထားသည့်အတွက် ကျောက် ဖြူဓညဝတီရေတပ် တိုက်ခိုက်ခံနေရချိန်တွင် စစ်သင်္ဘောများကို အင်အားဖြည့်ရန် အခက်ကြုံနေကြောင်း သိရသည်။

    သို့သော်လည်း စစ်ကောင်စီက တိုက်သင်္ဘောနှင့် ဖရီးဂိတ်များအပါအဝင် ရေယာဉ် ၁၅ စီးခန့်ကို ကျောက် ဖြူပင်လယ်ပြင်၌ ကင်းလှည့်ရန်လွှတ်ထားပြီး တိုက်ပွဲဖြစ်ပွားရာ ရှောက်ချောင်းနှင့် ဦးကင်းကျေးရွာများသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နှင့် မတ် ၁ ရက်နေ့တို့ တွင် ရှောက်ချောင်းရွာအနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် AA တို့ တိုက်ပွဲအပြင်း အထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများကြောင်း သိရသည်။

    ထို့အပြင် AA ထိုးစစ်ကြောင့် ဓညဝတီရေတပ်ဌာန ချုပ်၏ ကာကင်းစခန်းငယ်နှစ်ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆုတ်ပြီး ရေနပ်ဌာနချုပ်အတွင်းသို့ ဝင်ပြေးရကြောင်း သိရသည်။

    ကျောက်ဖြူတွင် ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃ တို့အပြင် ရဲတပ်ရင်း ၃၂ တို့ရှိပြီး သစ်ပုတ်တောင်တွင် ဓညဝတီရေတပ်ဌာနချုပ် အထိုင်ချထားပြီး ဌာနချုပ်ထဲတွင် ရေတပ်စက်မှုလက်မှု အင်ဂျင်နီယာတပ်၊ ရေတပ်လေ့ကျင့်ရေးတပ်နှင့် လက်ရုံးတပ်များအပါအဝင် တပ်ပေါင်း ၁၇ တပ်ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

  • ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန်အမည်စာရင်းပါသည်ဟုဆိုကာ လူငယ်အချို့ကို ခရီးသွားလာခွင့်ပိတ်ပင်

    ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန်အမည်စာရင်းပါသည်ဟုဆိုကာ လူငယ်အချို့ကို ခရီးသွားလာခွင့်ပိတ်ပင်

    ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်တွင် စစ်မှုထမ်းရန်အကျုံး၀င်သည့် လူငယ်များကို မြို့နယ်အုပ်ချုပ်ရေးမှူးမှ အကြောင်းကြားစာအိတ်များပေးပိုပြီး ခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။

    မြို့နယ် စစ်မှုထမ်းခေါ်ယူရေးအဖွဲ့မှ စစ်မှုထမ်းစာရင်းသွင်းရန် အကြောင်းကြားစာအိတ်များကို ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့်ပေးခိုင်းပြီး စာရင်းပါသူများကို လေးလအတွင်း ခရီးသွားခွင့်မပြု​ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

    “ရွာမှာဆိုစာအိတ် ငါးအိတ် ရောက်တယ်။ အဲ့မှာပါတဲ့လူငယ်တွေကို မြို့နယ်ရုံးကို ခေါ်တယ်၊ ခေါ်တဲ့အချိန် စစ်မှုထမ်းမယ်ဆိုပြီးခံ၀န်ထိုးရတယ်။ ခရီးထွက်ခွင့်လည်းမပေးတော့ဘူး။ ထွက်ပြေးရင်လည်း မိဘတွေကို ဖမ်းမယ်လို့ ခြိမ်းခြောက်တယ်”ဟု စစ်မှုထမ်းရန် အကြောင်းကြားခြင်းခံရသော မိသားစု၀င်တစ်ဦးမှ ပြောသည်။

    ယခင်က စစ်မှုထမ်းခေါ်ရန် သတ်မှတ်ခံထားရသည့် ရပ်ကွက်၊ ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများမှ လူစားထိုးရန်ငွေကြေးကေက်ခံပြီး ဖြေရှင်းခဲ့သော်လည်း ယခု ဖေဖော်ဝါရီလမှစတင်ပြီး မြို့နယ်မှ စာအိတ်ဖြင့်တိုက်ရိုက်စာရင်းသွင်းသည့်စနစ်ကို ပြောင်းလဲလာကြောင်းသိရသည်။

    စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင် အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းမြို့နယ်အချို့တွင် လူငယ်များကို အကြောင်းမကြားပဲ အဓမ္မဝင်ရောက် ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

  • တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး

    တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံး

    တံတားဦးနှင့် နွားထိုးကြီး မြို့နယ် တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး အထိနာသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီး

    မန္တလေးတိုင်း၊ တံတားဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် ၄ ရက်ကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး အထိနာသော စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှ ညနေ ၆ နာရီ ၁၅ မိနစ်ထိ တံတားဦးမြို့နယ် ၊ မြိုင်သာကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်း ၊ တံတားဦး ပကဖ တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီမှ ၆ နာရီ ၄၅ မိနစ်ထိ နွားထိုးကြီးမြို့နယ် ၊ သာစည်လေးကျေးရွာ နှင့် မျက်ရှုကျေးရွာ အနီးတဝိုက် တို့တွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်း ၊ တံတားဦး (ပကဖ) တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် Mi – 35 တိုက်ခိုက်ရေး ရဟတ်ယာဥ်ဖြင့် လေကြောင်း တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှ ၆ နာရီ ၁၅ မိနစ်ထိ နွားထိုးကြီးမြို့နယ် ၊ မျက်ရှုကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း ၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း၊ တံတားဦး (ပကဖ) တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

    တိုက်ပွဲအတွင်း အထိနာနေသော အကြမ်းဖက် စစ်တပ်က နွားထိုးကြီးမြို့နယ် ၊ သာစည်လေးကျေးရွာ နှင့် မျက်ရှုကျေးရွာတို့ရှိ ပြည်ပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    မတ်လ ၁ ရက်နေ့ နံနက် ၈ နာရီ မှ ညနေ ၄ နာရီထိ မြင်းခြံမြို့နယ် ၊ ကျောက်ကန်ကျေးရွာအနီးကို ရောက်ရှိလာသော အကြမ်းဖက် စစ်သားများနှင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်း ၊ ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့တို့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် Jet Fighter ဖြင့် ၂ ကြိမ် ၊ Mi – 35 ဖြင့် ၄ ကြိမ် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    အဆိုပါ ၄ ရက်တာ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

    “အဲဒီစစ်ကြောင်းကလည်း တံတားဦးမြို့နယ် အမြန်လမ်း မိုင်တိုင် ၃၃၅ ဘက်ကနေ အင်အား ၂၀၀ ဝန်းကျင်လောက်နဲ့ စစ်ကြောင်းထိုးလာတာပေါ့။ အခုဆိုရင် နွားထိုးကြီးမြို့နယ် ရုန်းရင်းတောရွာထိကို တောက်လျှောက်ထိုးလာတာ” ဟု Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းမှ ပြောရေးဆိုခွင့်ရှိသူ ဆရာစိုးက ပြောဆိုသည်။

    ယင်းတိုက်ပွဲများသည် နေ့စဥ်ဖြစ်ပွားနိုင်သောကြောင့် မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း နှင့် မြင်းခြံခရိုင်အမှတ် (၁၀) တပ်ရင်းတို့ကို ခဲယမ်းကျည်ဖိုးများ ထောက်ပံ့ပေးကြရန် မြင်းခြံခရိုင်အမှတ် (၄-၁၀) တပ်ရင်းက အကူအညီ တောင်းခံထားသည်။

  • စစ်ရှုံးကောင်စီ အတွက် အသက်ရှင်ချိန် သိပ်ရှိတော့မှာ မဟုတ်ဘူး

    အခုတလော စစ်ရေးသတင်းတွေ ကြည့်ရင် အားအကောင်းဆုံးနဲ့ အပြင်းထန်ဆုံး ထိုးစစ်ဆင် နေတာ AA ပဲ။ AA ရဲ့ တိုက်စစ်က ရခိုင်ပြည် အပြင်ကို ကျော်လာပြီ ဖြစ်လို့ ပဲခူးတိုင်းထဲက ညောင်ကျိုးစခန်း၊ မကွေးတိုင်းထဲက နတ်ရေကန် စခန်းတို့ အပြင် ဧရာဝတီတိုင်း၊ သာပေါင်းနဲ့ ရေကြည်ကြားက ၃၄၄ အမြောက်တပ်တို့ကို ထိုးစစ်ဆင် နေတယ်။ တချိန်တည်းမှာပဲ ကျောက်ဖြူက စစ်ရှုံးကောင်စီရဲ့ ဓညဝတီ ရေတပ်စခန်းကိုပါ ပြင်းပြင်းထန်ထန် ချေမှုန်း တိုက်ခိုက်နေတာ တွေ့ရတယ်။ စစ်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သတင်းကြားရတယ်။

    ဒီလောက် စစ်မျက်နှာတွေ အများကြီး ဘယ်လိုများ တိုက်နေသလဲလို့ မေးစရာ ရှိတယ်။ ကြည့်ရ တာတော့ AA က အဓိက COC ကို ချုပ်ကိုင် ထားပြီး ဒေသခံ မဟာမိတ် PDF တွေ၊ LPDF တွေနဲ့ ပူးပေါင်း တိုက်နေပုံ ရပါတယ်။ ဒီလို ဖြစ်လာဖို့ အတွက်လည်း အစောပိုင်း ကတည်းက နီးစပ်ရာ ဒေသတွေက တပ်တွေကို လက်နက်နဲ့ စစ်ပညာတွေ ပေးခဲ့တာကြောင့် အခုလို အရေးကြီးတဲ့ အချိန်မှာ လိုသလို အင်အား စုစည်းလို့ ရနေတာပါ။ တချို့ကတော့ AA ရဲ့ အဓိက ပစ်မှတ်က စစ်တွေနဲ့ ကျောက်ဖြူသာ ဖြစ်ပြီး ရခိုင်ရိုးမကို ကျော်လာတဲ့ တပ်တွေက စစ်ရှုံးကောင်စီကို အလုပ်ရှုပ်အောင် လုပ်ထားတာလို့လည်း မှန်းဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဗမာတပ်တွေ ကလည်း အခွင့်အရေး ရတုန်း ရသလောက် သိမ်းထားနိုင်ဖို့ လိုအပ်ပါတယ်။

    မြောက်ပိုင်းက ဗန်းမော်တိုက်ပွဲ ကလည်း အခုချိန်ထိ ပြင်းထန်နေဆဲ ပါပဲ။ KIA နဲ့ တော်လှန်ရေး တပ်တွေက မြို့ကို လုံးဝ စီးထားနိုင်တဲ့ အနေအထား ဖြစ်နေပြီး စစ်ရှုံးကောင်စီ တပ်တွေ ကတော့ သူတို့ရဲ့ စခန်းဝင်း ထဲကနေ အသည်းအသန် ခုခံနေကြတယ်လို့ သတင်း ကြားပါတယ်။ ရှေ့ကပို့စ်မှာ ပြောခဲ့သလိုပဲ ဗန်းမော်ဟာ မပခ အတွက် နောက်ဆုံး ခံတပ်မြို့ ဖြစ်လို့ စစ်ရှုံးကောင်စီ ဘက်ကတော့ လွယ် လွယ်နဲ့ အရှုံးပေးမှာ မဟုတ်ပါဘူး။ ဗန်းမော်ကို ပေးလိုက်ရရင် ကချင်ပြည်နယ် တစ်ခုလုံး ပေးလိုက်ရသလို ဖြစ်သွားနိုင်လို့ ရှိသမျှ နည်းလမ်း အားလုံးနဲ့ ခုခံမှာပါပဲ။ ဘယ်လိုဖြစ်ဖြစ် အချိန်တန်ရင်တော့ ကိုယ့်အိတ်ထဲ ရောက်မှာပါပဲ။

    ကရင်နီနဲ့ ရှမ်းပြည်အစပ်က တော်လှန်ရေး တပ်တွေ စိုးမိုးထားတဲ့ မိုးဗြဲကိုလည်း စစ်ရှုံး ကောင်စီတပ်က ပြန်ရမလား ဆိုပြီး အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာ ပါသေးတယ်။ လက်နက်ကြီး၊ လေကြောင်းနဲ့ ဒရုန်းပါ မကျန် ပြင်းပြင်းထန်ထန် တိုက်လာပေမယ့် ကြံ့ကြံ့ခံ ခုခံနေတဲ့ တော်လှန်ရေး တပ်တွေကို မယှဉ်နိုင်ဘဲ နောက်ဆုံးမှာ အထိနာပြီး အလောင်းတောင် မကောက်နိုင်ဘဲ ပြန်ဆုတ်သွားရ ပါတယ်။ ကိုယ့်ဘက်ကလည်း အထိအခိုက် နည်းနည်း ရှိခဲ့တယ်လို့ ကြားပါတယ်။ ခုရက်ပိုင်း မိုးဗြဲဘက်က တပ်တွေကို နည်းနည်း အားစိုက်ပြီး ကူပေးကြစေ ချင်ပါတယ်။

    တောင်ပိုင်းမှာလည်း လှိုင်းဘွဲ့မြို့နယ်ထဲက စစ်ရှုံး ကောင်စီရဲ့ ပူလူတူ စခန်းကို KNU ဦးစီးတဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ဖို့ ကြိုးစားနေ ပါတယ်။ တပ်မဟာ-၇ နယ်မြေထဲမှာ ရှိတဲ့ ပူလူတူ စခန်းဟာ ထိုင်းနယ်စပ်နဲ့ နီးလို့ ထိုင်းသတင်း တွေမှာတောင် ဒီသတင်းကို အကျယ်တဝင့် ဖော်ပြ နေကြပါတယ်။ တပ်မဟာ-၇ မှာ KNU ဌာနချုပ်ဟောင်း ဖြစ်တဲ့ မာနယ်ပလောကို စစ်ရှုံး ကောင်စီ ထံကနေ ပြန်သိမ်းပိုက် လိုက်ပြီးတဲ့နောက် နှစ်ဘက်တပ်တွေဟာ အင်အား ဖြည့်တင်းပြီး တိုက်ပွဲတွေ ခပ်စိတ်စိတ် ဖြစ်လာနေပါတယ်။ လတ်တလောမှာ တပ်မဟာ-၆ နယ်မြေ ကော့ကရိတ်နဲ့ ကျုံးဒိုးမြို့တဝိုက်၊ တပ်မဟာ-၅ နယ်မြေ ကမမောင်းမြို့ ဝန်းကျင်တွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။

    တစ်ဘက်မှာလည်း တရုတ်က ကျားဖျန် ကိစ္စနဲ့ မြဝတီဘက်ကို မူလီကြပ်နေတာ အကြောင်းပြုပြီး စစ်ရှုံးကောင်စီ ကလည်း ရောင်တော်ပြန်နဲ့ ရောလွှတ်ဖို့ ကြံစည်နေ ပါတယ်။ အောင်ဇေယျ စစ်ကြောင်းကိုလည်း အင်အား ထပ်ဖြည့်ပြီး ဘယ်လိုမှ မနိုင်တဲ့ ချီစစ်ကို အမှတ်မရှိ ပြန်စဖို့ ကြိုးစားနေပါတယ်။ စစ်ရှုံးကောင်စီရဲ့ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ကရင် နယ်လုံ ဝန်ကြီးတို့ မဲဆောက် ဘက်ကနေ ပတ်ပြီး မြဝတီကို ဝင်ခဲ့တယ်လို့ သိရပါတယ်။ ကြည့်ရတာ မြဝတီက သူတို့ လက်ထဲမှာ ရှိနေသေးကြောင်း ဝါဒဖြန့်ချင်ပုံ ပါပဲ။ ရယ်ရတာက သူတို့တောင် သူများနိုင်ငံထဲက ပတ်ဝင်နေရတာကို ဘယ်လိုများ မျက်နှာပြောင် တိုက်ပြီး ဝါဒဖြန့်ဦးမလဲ မသိဘူး။

    MOD အောက်က တပ်တွေနဲ့ အညာက တပ်တွေလည်း ခုရက်ပိုင်း လှုပ်လှုပ်ရှားရှား ရှိနေပါတယ်။ မုံရွာက စစ်ရှုံးကောင်စီရဲ့ ရဲတပ်ရင်း ထိုင်ထားတဲ့ ဗောဓိတစ်ထောင် တာဝါတိုင်ကုန်း စခန်းကို ချေမှုန်းခဲ့ရာမှာ တစ်စခန်းလုံး နီးပါး မာလကီးယားပြီး လက်နက်ခဲယမ်း အများအပြား ရခဲ့ကြပါတယ်။ အလားတူ ရန်-မန်း လမ်းဟောင်းပေါ်က စစ်ရှုံးကောင်စီရဲ့ ဂိတ်စခန်း ၇ ခု တပြိုင်တည်း ဝင်စီး ခံရတဲ့ သတင်းလည်း ကြားရပါတယ်။ NUG ဝန်ကြီးချုပ် ကိုယ်တိုင် ကြေညာပြီးမှ တိုက်တာဖြစ်လို့ ဟိုဘက်ရပ်ကွက် အတွက်တော့ မခံချိမခံသာ ဖြစ်စရာပါပဲ။ မတ္တရာမှာလည်း MDY PDF နဲ့ စစ်ရှုံးကောင်စီ တပ်တွေ တိုက်ပွဲ ဆက်တိုက် ဖြစ်နေတာ တွေ့ရပါတယ်။

    မြင်းခြံနဲ့ ရေစကြိုဘက်က ဒေသခံ တော်လှန်ရေး တပ်တွေရဲ့ အောင်ပွဲ သတင်းတွေလည်း ခုရက်ပိုင်း ကြားရပါတယ်။ ဒီရက်ပိုင်း ထူးခြား သတင်းက အကွဲအပြဲ ဖြစ်ခဲ့တဲ့ ချင်းပြည် ကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံ ကောင်စီ ပြန်လည်ပေါင်းစည်း သွားတဲ့ သတင်းပဲ ဖြစ်ပါတယ်။ မကွေးတိုင်း၊ စလင်းမှာလည်း တော်လှန်ရေးတပ် ခြောက်ဖွဲ့က တပ်ပေါင်းစု အဖြစ် ဖွဲ့စည်းဖို့ သဘောတူ လိုက်တယ်လို့ ကြားရပါတယ်။ တော်လှန်ရေး ဘက်တော်သားတွေ အမှန်တကယ် စုစည်းမိလာရင် မင်းအောင်လှိုင်ရဲ့ စစ်ရှုံးကောင်စီ အတွက် အသက်ရှင်ချိန် သိပ်ရှိတော့မှာ မဟုတ်ပါဘူး။

    ဇင်သော်နိုင်