Author: Admin-501

  • လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်

    လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်

    လှိုင်းဘွဲ့မြို့နယ်ရှိ စစ်ကောင်စီ​၏ ပူလူတူတပ်စခန်းကို တပ်မဟာ(၇) ပူးပေါင်းတပ်သိမ်းပိုက်နိုင်ဟု KNU သတင်းရင်း မြစ်ပြော

    ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇)နယ်မြေ လှိုင်းဘွဲ့မြို့နယ်ရှိစစ်ကောင်စီတပ် စခန်းတစ်ခုကို ယနေ့ (မတ်လ ၂ ရက်) ညပိုင်း၌ အပြီး သတ်သိမ်းပိုက်နိုင်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

    ထိုင်း – မြန်မာနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNU ပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄ ရက်မြောက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    စခန်းကိုသိမ်းလိုက်ပြီးနောက် ယနေ့ ည ၇ နာရီခန့်တွင် မီးရှို့ဖျက်ဆီးလိုက်နိုင် သည်ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    ” အခြေအနေက ထောက်ကြည့်တော့ သေချာတော့ သေချာပြီတဲ့။ အခုတော့ ရှင်းနေတုန်း။ ရန်သူ တချို့တော့ သေတယ်။တ ချို့တော့ ထွက်ပြေးတယ်။ ထွက်ပြေးတဲ့သူကျတော့ လိုက်လံပြီး ရှင်းလင်းတာပေါ့”ဟု KNU သတင်းရင်းမြစ်ကလည်း ယနေ့ မတ်လ ၂ ရက် ညပိုင်း၌ ပြောသည်။

    လက်နက်ရရှိမှု၊ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ ရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်သည်ဟု ပြောပြသည်။

    တိုက်ပွဲစတင်ချိန်ကတည်းက စစ်ကောင်စီက လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့၍ ဒေသခံများလည်း ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ရမှုများ ရှိခဲ့သည်။

    ယခု KNU ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက် လိုက်သည့် စစ်ကောင်စီတပ်စခန်းနေရာ မီးလောင်နေသည့် ဓာတ်ပုံမှတ်တမ်းကိုလည်း လူမှုကွန်ရက်၌ ညပိုင်း၌ ဖော်ပြမှု အချို့တွေ့ရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ(၇)နယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု နည်းခဲ့ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ကာ KNU ဗဟို ဌာနချုပ်ဟောင်း မာနယ်ပလော ဌာနချုပ်နယ်မြေ အပါအဝင်စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရရှိထားသည်။

    နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားပြီး လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုများ ကြောင့် ထိုင်းစစ်တပ်သည် နယ်စပ်တလျောက်၌ လုံခြုံရေး တိုးမြှင့်ချထားပြီး အသင့်အနေအထားဖြင့် အခြေအနေ အနီးကပ် စောင့်ကြည့်နေသည်ကို ထိုင်းစစ်ဘက် လူမှုကွန်ရက်များတွင် ဖော်ပြထားကြသည်။

    (ထိုင်း – မြန်မာနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ပူလူတူစခန်းမီးလောင်နေသည်ကို တွေ့ရစဉ်နှင့် ထိုင်းစစ်တပ်က မြန်မာနယ်စပ်တွင်တိုက်ပွဲ ဖြစ်​နေသည့်ကို ​စောင့်ကြည့်​နေမှု ။ ဓာတ်ပုံ – CJ ၊ วันนี้ที่แม่สอด อ.แม่สอด/FB)

  • တိုက်ပွဲပြင်းထန်နေ​သောကျောက်ဖြူသို့ တရုတ်လုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ

    တိုက်ပွဲပြင်းထန်နေ​သောကျောက်ဖြူသို့ တရုတ်လုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ

    ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်‌နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။

    ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျောက်ဖြူ‌လေဆိပ်သို့ ဆိုက်သည့် ခရီးသည်တင်လေယာဉ်နှင့်အတူ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး လိုက်ပါလာခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

    “အဲ့ဒီနေ့က အယောက်အစိတ်ပါတယ်။ ဒီရက်ထဲတင် ရောက်လာတာ ၅၀ ရှိနေပါပြီ။ တရုတ်လုံခြုံရေး‌ရဲတွေပါ။စီမံကိန်း‌တွေဆီ တန်းသွားပါတယ်”ဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။

    ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်‌တော်(AA) ဖေဖော်ဝါရီလ ၂၁ ရက်တွင် စတင်တိုက်ခိုက်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

    ဦးကင်းရွာ၊ ရှောက်ချောင်းရွာတို့တွင် မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲမှုများပြုလုပ်နေသည်။ တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်တိုက်ဆိုသလိုရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

    တရုတ်နှင့် စစ်ကောင်စီသည် အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီကို ၂၀၂၄ နိုဝင်လာလတွင် တည်ထောင်ပြီးနောက် ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ထိုအဖွဲ့ကိုကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပြီး တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။

    ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီ နှင့် မြန်မာပူး​ပေါင်း အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။ ရခိုင်ပြည်နယ်တွင် AAက မြို့သိမ်းတိုက်ပွဲများစတဲ့တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါစီမံကိန်းနှစ်ခု၏နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီက လက်မှတ်ရေးထိုးခဲ့သည်။

    ထိုအပြင် ​ကျောက်ဖြူမြို့နယ်တွင် တရုတ်-မြန်မာ ​​ရေနံပိုက်လိုင်း၏ အချက်အချက်စက်ရုံများ၊ ပိုက်လိုင်းစီမံကိန်းများ လည်းရှိသည်။

    စစ်ကောင်စီနှင့် ပူးပေါင်းပြီး လုံခြုံရေးအစီအစဉ်ဖော်ဆောင်နေမှုသည် မြန်မာနိုင်ငံရှိတရုတ်အစိုးရအကျိုးစီးပွားများနှင့်တရုတ်နိုင်ငံသားများကို ကာကွယ်နိုင်မည်မဟုတ်‌ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUGသမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ၂၀၂၄ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်း စကားပြောကြားခြင်းအစီအစဉ်၌ပြောကြားခဲ့သည်။

    ထိုအပြင် စစ်​ကောင်စီက ၂၀၂၅ ​ဖေ​ဖော်ဝါရီ ၁၉ရက်တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေတွင် ပြည်တွင်း၊ပြည်ပ လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီများ ထူထောင်ခွင့်ပြုလိုက်ပြီး အဆိုပါကုမ္ပဏီများအနေဖြင့် လက်နက်တပ်ဆင်ကိုင်ဆောင်ခွင့်ပြုကြောင်း ပြဋ္ဌာန်းထားသည်။

    ထို့​ကြောင့် တရုတ် ပုဂ္ဂလိကလုံခြုံ​ရေး အဖွဲ့ဝင်များမှာလည်း တရားဝင် လက်နက်ကိုင်​ဆောင်ခွင့် ရှိ​နေပြီဖြစ်ပြီး တရုတ်အစိုးရ၏ ​တောင်းဆိုမှု​ကြောင့် စစ်​ကောင်စီက ထိုဥပ​ဒေပြဋ္ဌာန်းလိုက်ခြင်းဖြစ်​ကြောင်း ကျယ်ပြန့်စွာရှုမြင်​နေကြသည်။

    တရုတ်အစိုးရက တရုတ်စစ်သား​ဟောင်းအများစုဖြင့် ဖွဲ့စည်းထား​သော ပုဂ္ဂလိကလုံခြုံ​ရေးဝန်ထမ်း(PMC)များကို တရုတ်စီမံကိန်းများရှိ​​သော အာဖရိက အပါအဝင် ပြည်ပနိုင်ငံများသို့ ​စေလွတ်ထားဖူးသည်။

    အာရက္ခပြည်နယ်တွင် မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် လာ ရောက်ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေး၊အသက်အန္တရာယ်တို့ကို အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဟု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်နေ့တွင် AA က တရားဝင်​ကြေညာထားသည်။

    ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲသည်ဆက်လက်ပြင်းထန်နေပြီး မတ်လ၁ ရက်က တိုက်ပွဲအတွင်း ရှောက်ချောင်းရွာကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများကပြောသည်။

    ( တရုတ်စစ်သား​​ဟောင်းအများစုဖြစ်​သောတရုတ်ပုဂ္ဂလိက လုံခြုံ​ရေးဝန်ထမ်းများ(PMCs)ကိုပြည်ပနိုင်ငံတစ်ခုတွင်​တွေ့ရစဥ် / မ​ဒေးကျွန်းရှိ တရုတ်​ရေနက်ဆိပ်ကမ်းစီမံကိန်း ။ ဓါတ်ပုံ- Navoine info / AFP / ဆင်ဟွာ)

  • မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်

    မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်

    မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲကာ မီးရှို့ဖျက်ဆီးနေ

    မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးနေကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြင်းခြံမြို့မှ အကြမ်းဖက် စစ်တပ်နှင့် သီတာယုမွန် ဦးဆောင်သော ပျူစောထီးများက မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    မတ်လ ၁ ရက်နေ့တွင် ယင်းစစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် လေယာဉ်ဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း မြင်းခြံမြိုနယ်၊ ကျောင်းဖြူကန်ရွာ ဘုန်ကြီးကျောင်းဝင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင် ၁ ဆောင် ထိခိုက်ပျက်စီးကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

    ထို့ပြင် ယနေ့ မတ်လ ၂ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျောက်ပြုတ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင် ပျက်စီးမှုရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မီးလာငြိမ်းသည့် ပြည်သူများကိုလည်း လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    “မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို လည်သစ်က ပျူစောထီးတွေ မြင်းခြံမြို့ပေါ်က စစ်ခွေးနဲ့ သီတာယုမွန် အဖွဲ့တွေက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲက ၂၈ ရက်နေ့တည်းက စဖြစ်တယ်။ မတ် ၁ ရက်နေ့မှာ တိုက်ပွဲက တစ်နေကုန်နီးပါးကို ပြင်းထန်ခဲ့တယ်။ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာလည်း ၅ ကြိမ်ထက်မနည်းပဲ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးတွေဘက်က ၂၀ ထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ သံချပ်ကာ ကား ၁ စီးလည်း ပျက်စီးသွားတယ်။ သေဆုံးသွားတဲ့ စစ်ခွေးတွေကို အိမ်စီးကားတွေနဲ့ မြင်းခြံဘက် ပြန်သည်သွားကျတယ်။ တိုက်ပွဲက ဒီနေ့လည်း ဆက်ဖြစ်နေတယ်။ စစ်ခွေးတွေက ကျောက်ပြုတ်ရွာကို မီးရှို့တာ ပျက်စီးမှုများတယ်လို့ သိရတယ်။ မီးလာငြိမ်းတဲ့ ပြည်သူတွေလည်း ပစ်ခတ်ခံရတာတွေရှိတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်တော့ မသိရသေးဘူး။ မြေပြင် အခြေအနေ အသေးစိတ်ကိုတော့ ကျနော်တို့ ဆက်လက် ထုန်ပြန်သွားမယ်” ဟု မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ လည်သစ်ရွာတွင် တပ်စွဲထားပြီး မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ဆက်လက် သွားလာနေဆဲဖြစ်ကြောင်း သိရသည်။

  • လှိုင်သာယာနှင့် တောင်ဒဂုံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်း

    လှိုင်သာယာနှင့် တောင်ဒဂုံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်း

    ရန်ကုန်၊ လှိုင်သာယာမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ အဖွဲ့ဟာ ပြည်သူတွေကို လူမိုက်တွေနဲ့ ခြိမ်းခြောက်အကျပ်ကိုင်၊ စစ်မှုထမ်းခိုင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ဇွန်ကို(ခ) ဂျွန်ကိုဟာ နယ်ခံလူမိုက်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီစစ်မှုထမ်းဖို့ အဓမ္မစစ်သား စုဆောင်းပေးနေတဲ့အပြင် ရဲသတင်းပေးအဖြစ် လုပ်‌ကိုင်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    “အခု အုပ်ကြီးက အရင်အုပ်ကြီး ညွန့်တင်ရဲ့ တပည့်ပါပဲ။ ညွန့်တင်တုန်းကလည်း စစ်တပ်အမာခံ၊ မြေတွေ သိမ်း၊ စစ်တပ်သတင်းပေးပါ။ ၅ ရပ်ကွက် အခုအုပ်ကြီးက ဇွန်ကို။ သူ့ကြောင့် လူငယ်တွေ ထွက်ပြေးရတာ မနည်းဘူး။”

    အရင်အရပ်သားအစိုးရလက်ထက်က ထောင်ကျဖူးတဲ့ သီဟမျိုးနိုင်(ခ)နိုင်ဒဂုံဟာ တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ကိုယ်တိုင်ဖမ်းဆီးပေးနေတဲ့အပြင် ရပ်ကွက်ရုံးခန်းကို စစ်ကြောရေးလို သုံးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းပါတဲ့ ဒုလ္လဘရဟန်းတပါးကို ရုံးအဖွဲ့တွေက ဆိုင်ကယ်နဲ့ ချုပ်နှောင်ခေါ်ဆောင်သွားပြီး သင်္ကန်းချွတ် လက်ထိတ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

    မြို့ခံတယောက်က “သူက ထောင်ထွက်၊ ဘေးတွဲသမားတွေဆီကနေ တလဘယ်လောက်နှုန်း တောင်းပြီး စကစကို ပြန်ပေးတာ။ လိုင်းကြေးလိုမျိုး။ အရပ်သားပြည်သူတွေ ဖမ်းဆီးခံရတာတွေ၊ သူ့ရဲ့ရုံးမှာ ဖမ်းဆီးနှိပ်စက်တာတွေ ပါသေးတယ်။ ရပ်ကွက်ထဲမှာ မဲနှိုက်တာတွေဘာတွေ မလုပ်တော့ဘူး။ တွေ့ကရာလူငယ်တွေကို ပေါ်တာဆွဲတဲ့သဘောမျိုး ဖမ်းသွားတာ။ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို စကစကို သတင်းပေးတာတွေ ရှိသေးတယ်။ ရာအိမ်မှူးက ဟိန်းထက်၊ ဆယ်အိမ်မှူးက လူပျိုကြီးလို့ ခေါ်တယ်။ စစ်မှုထမ်းစာရင်းကောက်နေတာ” လို့ ပြောပါတယ်။

    ဒါ့အပြင် ရပ်ကွက်ဈေးသည်တွေဆီကနေ လတိုင်း အခွန်ကောက်သလို ရပ်ကွက်နေသူတွေကို ဧည့်စာရင်းကြေး၊ ထောက်ခံစာကြေးတွေအပြင် လစဉ် ကင်းကြေး တအိမ်ထောင် ၁၅၀၀ ကျပ်၊ ဘုရားတည် အာစိန္တကံကြေးကို လစဉ် ၃၀၀၀ ကျပ်နဲ့ စျေးဆိုင်တွေကနေ လစဉ်ဝင်ငွေခွန် ၅၀,၀၀၀ ကျပ် ကောက်ယူနေတယ်လို့ သိရပါတယ်။

  • လှိုင်သာယာ FMI အိမ်ယာထဲက ငရဲခန်း (သို့မဟုတ်) တရုတ်ပြည်၏ ကိုယ်အင်္ဂါပစ္စည်းအပိုဈေးကွက်…

    လှိုင်သာယာ FMI အိမ်ယာထဲက ငရဲခန်း (သို့မဟုတ်) တရုတ်ပြည်၏ ကိုယ်အင်္ဂါပစ္စည်းအပိုဈေးကွက်…

    ကိုဖြိုး(အမည်လွှဲ)သည် ဘုရင့်နောင်တံတားအဆင်းရှိ လှိုင်သာယာOceanဈေးဝယ်စင်တာတွင် မိမိအလုပ်လျှောက်ထားသော အလုပ်၏ မန်နေဂျာနှင့်တွေ့ရန် စောင့်နေလေသည်။ ဗိုလ်ချုပ်မှတ်တိုင်အနားရှိ Oceanဈေးဝယ်စင်တာတွင် သူရောက်ရှိနေပြီဖြစ်ကြောင်းကို မန်နေဂျာဆိုသူ၏ ဖုန်းနံပါတ်သို့ စာပို့၍အကြောင်းကြားလိုက်ရာ ချက်ခြင်းပင် “အိုးရှင်းရှေ့ရှိ ထွက်ပေါက်အနားရှိ ရပ်ထားသော အာရာဖတ်ကားအမည်းပေါ်သို့ တက်လာခဲ့ရန်” စာပြန်လေသည်။ အလုပ်အကိုင်ရှားပါးမှု့နှင့် စစ်မှု့ထမ်းဥပဒေကြောင့် ဘေးကျပ်နံကျပ်ဖြစ်နေသူ ကိုဖြိုးအနေဖြင့် အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဂရုတွင် ချိတ်ဆက်မိသော ထိုအလုပ်ကို များစွာမသင်္ကာသော်လည်း ဝမ်းရေးအတွက် ဝင်ငွေရသည့်အလုပ်အကိုင်တစ်ခုရရှိရန် အရေးကြီးနေသောကြောင့် ဆက်သွယ်ပြီး အင်တာဗျူးရန် လာရောက်ခဲ့ခြင်းဖြစ်လေသည်။

    “ကျွန်တော်က ပထမတော့ ကျားဖျန့်လုပ်တဲ့ အလုပ်ထင်နေတာ၊ ကျားဖြန့်လည်း မဆိုးပါဘူးပေါ့၊ သူက တစ်လကို ဆယ့်ငါးသိန်းအောက်ထစ်ရမယ်ပြောတာကိုး၊ ထပ်ပြီးတော့ ကြိုးစားရင် ကြိုးစားသလောက် Bonusလည်းရမယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း စမ်းကြည့်တာ မမှားဘူးဆိုပြီးတော့ လာခဲ့လိုက်တာ” ဟု ပြောသည်။ ထို့နောက် Oceanရှေ့တွင် ရပ်ထားသော အာရာဖတ်ကားအနီးသို့ အရောက်တွင် ကားခေါင်းခန်းမှ မှန်တံခါးကျလာပြီး “ညီလေးက အလုပ်လျှောက်ထားတဲ့ ကိုဖြိုးလား?”ဟု မေးလေသည်။ မေးသူမှာ အသားဖြူဖြူ မြန်မာစကားအနည်းငယ်ဝဲတဲတဲနှင့် တိုင်းရင်းသားကပြားပုံစံမျိုးဖြစ်ဟု ကိုဖြိုးတွေ့လိုက်သည်။ ကိုဖြိုးမှ “ဟုတ်ကဲ့ပါခင်ဗျ”ဟုဖြေကြားလိုက်ရာ ထိုသူမှ “လာ ကားပေါ်တက်ခဲ့ ညီလေး၊ အစ်ကိုလည်း အခုပဲ အပြင်ကအလုပ်ကိစ္စပြီးလို့ ရုံးကို ပြန်မှာ၊ မင်းနဲ့လမ်းကြုံတော့ အတော်ပဲပေါ့” ဟု ပြောလိုက်ရာ ကိုဖြိုးလည်း ဘာမှ တွေးမနေတော့ပဲ ကားခေါင်းခန်းတံခါးဖွင့်ပြီး တက်ထိုင်လိုက်တော့သည်။

    ထို့နောက် FMIအိမ်ယာထဲသို့ မောင်းဝင်သွားလေသည်။ ကိုဖြိုးမှ “ကျွန်တော်သိလိုက်တာတော့ ကားက ကံရိပ်သာလမ်းရယ်၊ ပဒေသာပင်လမ်းမကြီးရယ် အဲ့ဒီလမ်းတွေကနေ မောင်းဝင်သွားတာ၊ အဲ့ဒီနောက်တော့ လမ်းကြို လမ်းကြားတွေ ပတ်မောင်းနေတော့ ဘယ်လမ်းတွေရောက်ကုန်လဲတော့ အတိအကျမပြောတတ်တော့ဘူး” ဟု ပြောလေသည်။ ဆယ်မိနစ်ခန့် ကားမောင်းပြီးချိန်တွင်မူ FMIအိမ်ယာထဲရှိ ခြံဝန်းကျယ်ကြီးထဲတွင် လက်တဖောင်ခန့်မြင့်သော ခြံစည်းရိုးကြီးများ ခတ်ထားသော ဝင်းခြံကြီးထဲသို့ ရောက်ရှိလာခဲ့သည်။ ထိုခြံဝတွင် လုံခြုံရေးဂိတ်တစ်ခုရှိပြီး ဝတ်စုံပြည့်ဝတ်ဆင်ထားသော လုံခြုံရေးများလည်း ရှိသည်။ ကားကို ခြံဝန်းထဲရှိ ကားပါကင်တန်းအမိုးအောက်တွင် ထိုးရပ်ကာ မန်နေဂျာဆိုသူက သူ့နောက်ကို လိုက်ခဲ့ရန် ပြောလေသည်။ ကိုဖြိုးလည်း မန်နေဂျာအနောက်ကို လိုက်ခဲ့ရာ အိမ်ကြီးအတွင်းကို ဝင်ရန်အတွက် သော့ခတ်ထားသော သံဘာဂျာတံခါးကို အရင်ဆုံးသော့ဖွင့်ပြီးမှ ဝင်ရလေသည်။ အိမ်ကြီးအတွင်းသို့ ရောက်သည်တွင် ဆေးရုံသုံးခုတင်ကြီးများ၊ ဆေးဝါးထည့်သော ကတ္ထူပုံးအလွတ်များကို တွေ့ရလေသည်။ ကိုဖြိုးလည်း စိတ်ထဲတွင် မသင်္ကာဖြစ်စပြုလာသည်။

    အိမ်ကြီး၏ လှေကားကြီးအပေါ်မှ တက်ပြီး ဒုတိယအထပ်သို့ ရောက်သည်နှင့် တပြိုင်နက် လူသုံးယောက် ဘွားကနဲပေါ်လာကာ ကိုဖြိုး၏ လက်နှစ်ဖက်နှင့် ခါးကို သိုင်းဖက်ကာ ဝိုင်းချုပ်လိုက်ကြလေသည်။ ကိုဖြိုးလည်း ရုတ်တရုတ်ဖြစ်သဖြင့် ကြောင်သွားကာ မရုန်းမိသေးချေ။ ပြီးမှ သတိဝင်ကာ “ကျွန်တော့်ကိုလွှတ် ကျွန်တော့်ကိုလွှတ်” ဟု အော်ပြီး အားကုန်ရုန်းလေတော့သည်။ သို့သော် အားကောင်းမောင်းသန် ယောင်္ကျားကြီး ၃ယောက်အပြင် သူ့ကို ခေါ်လာသော မန်နေဂျာဆိုသူကပါ ဝိုင်းချုပ်ထားသဖြင့် ကိုဖြိုးတစ်ယောက် လွတ်အောင် ရုန်းမထွက်နိုင်တော့ပေ။ ကိုဖြိုးကို ဘာစကားတစ်ခွန်းမှ မပြောပဲ ဝိုင်းချုပ်ထားကာ အိမ်အနောက်ဖက် အပေါ်ထပ်တွင်ရှိသော အခန်းလွတ်တစ်ခန်းထဲကို ထည့်ပြီး အပြင်ဖက်မှ သော့ပိတ်ထားလိုက်လေတော့သည်။ ကိုဖြိုးလည်း တံခါးကို အားကုန်တွန်းဖွင့်ကြည့်သည်။ ဆောင့်ကန်ကြည့်သည်။ တံခါးလက်ကိုင်ကို အားကုန်လှည့်ဖွင့်ကြည့်သည်။ တံခါးက လုံးဝမပွင့်ပေ။ သူ့ကို ဘာရည်ရွယ်ချက်နှင့် ဖမ်းထားခြင်းလဲဟု ကိုဖြိုးတွေးကြည့်မိသည်။ စစ်တပ်ထဲ ပို့မလို့လား? ဒါမှမဟုတ် ကျားဖြန့်မှာ အလကားခိုင်းစေမလို့လား? မရိုးသားသော သူများဖြစ်သည်ကတော့ သေချာသည်။ ယခုပင် ကိုဖြိုးကို မင်းမဲ့တိုင်းပြည်ကဲ့သို့ အဓမ္မဖမ်းဆီးထားပြီး မဟုတ်ပါလား? ကိုဖြိုး အပြင်ကို ဟစ်အော်ပြီး အကူအညီတောင်းကြည့်သည်။ တောင်းပန်ကြည့်သည်။ ဘာမှ မထူးခြားပေ။

    ယခုကိုဖြိုးရောက်နေသော အခန်းမှာ ပြတင်းပေါက်တစ်ပေါက်သာရှိသော အခန်းငယ်လေးဖြစ်သည်။ အခန်းထဲတွင် သောက်ရေသန့်ဗူး ဗူးကြီးတစ်ဗူးနှင့် ရေခွက်တစ်ခွက်သာ ရှိပြီး ကျန်တာဘာတစ်ခုမှ မရှိပေ။ ပြတင်းပေါက်တွင်လည်း သံပန်းတံခါးဖြစ်သောကြောင့် သံပန်းများ တပ်ထားလေသည်။ မောလည်း မောနေပြီဖြစ်သောကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်သည်။ ကိုဖြိုးရှိနေသောအခန်း၏ တံခါးတွင် ခြစ်ရာ ကုတ်ရာများကို အများကြီး သတိထားမိလိုက်သည်။ ဖြစ်နိုင်ခြေရှိသည်မှာ ဤအခန်းထဲတွင် မိမိရှေ့တွင် လူများစွာပိတ်လှောင်ခံခဲ့ရခြင်းဖြစ်နိုင်သည်။ ထိုသူများ ဘာဖြစ်ကုန်လဲဆိုတာ တွေးရင် ကိုဖြိုး ချောက်ခြားလာသည်။ ထိုအခန်း၏ ပြတင်းပေါက်မှ လှမ်းကြည့်လျှင် ခြံဝန်းထဲက ကားပါကင်ကို လှမ်းမြင်ရသည်။ သူအခန်းထဲရောက်ပြီး တစ်နာရီခန့်အကြာတွင် သူ့ကို ခေါ်လာသော အာရာဖတ်ကားအနက်ကြီးစက်နှိုးသံကို ကြားရသောကြောင့် မှန်ပြတင်းမှ ကြည့်လိုက်ရာ ကားပေါ်သို့ ကျွတ်ကျွတ်အိတ်အမည်းအထုတ်ကြီးများ တင်နေကြသည်ကို တွေ့ရသည် စုစုပေါင်း အထုတ်အနက်ကြီး ၃ ထုတ်တင်ပြီးသည့်နောက်တွင် ကားကြီးက အပြင်သို့ ပြန်ထွက်သွားလေသည်။

    ကိုဖြိုးလည် ဒီအတိုင်း ထိုင်မနေရဲတော့ပေ။ ဒီအိမ်ကြီးထဲမှ လွတ်လမ်းမရှာနိုင်ပါက မိမိလည်း တစ်ခုခုဖြစ်တော့မည်မှာ ကြိမ်းသေဖြစ်လေသည်။ ကိုဖြိုး သံပန်းတံခါးကို ကြည့်လိုက်ရာ သံပန်းတံခါးမှာ ပြတင်းပေါက်သစ်သားဘောင်တွင် မူလီအပေါ်၂လုံး၊ အောက်၂လုံး စုတ်ကာ ကပ်ထားခြင်းဖြစ်ကြောင်းတွေ့ရသည်။ အခန်းထဲတွင် ဝက်အူလှည့်စသော ကိရိယာများလည်း ရှာကြည့်သော်လည်း မတွေ့ပေ၊ ထို့ကြောင့် ကိုဖြိုး ခါးတွင် ပတ်ထားသော ခါးပတ်ခေါင်းအချွန်ဖြင့် မူလီများကို ထိုးလှည့်ကြည့်ရာ အနည်းငယ်လှည့်လို့ရကြောင်း တွေ့ရသောကြောင့် မူလီ၄လုံးစလုံးကို စိတ်ရှည်လက်ရှည်ဖြင့် လှည့်ချွတ်လိုက်ကာ သံပန်းတံခါးကို ဆွဲဖြုတ်လိုက်လေသည်။ ထို့နောက် မှန်တံခါးကို ဖွင့်ကာ အပေါ်ထပ်မှ ဖြစ်ချင်ရာဖြစ်ဟု သဘောထားပြီး ခုန်ချလိုက်လေသည်။ ဆယ့်ငါးပေခန့်အမြင့်မှ ခုန်ချလိုက်သောကြောင့် အောက်ထပ်ကိုဒူးထောက်ကာ ကျသွားလေသည်။ ဘယ်ဖက်ဒူးခေါင်းမှ ဆိုးဝါးစွာ နာကျင်သွားသော်လည်း ဇောနဲ့မို့ ခြံဝင်းအနောက်ဖက်ပိုင်းကို ပြေးသွားကာ ခြံစည်းရိုးနှင့် ကပ်လျက်ပေါက်နေသော သရက်ပင်ကြီးအပေါ်သို့ ဖက်တက်ပြီး ခြံစည်းရိုးကို ကျော်တက်ကာ ထိုအိမ်ကြီးမှ ဝေးလျှင်ပြီးရောဟု သဘောထားပြီး ခြေဦးတည့်ရာ ပြေးခဲ့လေသည်။ မိနစ်နှစ်ဆယ်ခန့်မျှ ပြေးပြီးသည့်နောက်တွင် ရင်ထဲတွင် ဆို့တက်လာ၍ ဆက်မပြေးနိုင်တော့ပဲ ရေမြောင်းတစ်ခု၏ဘေးတွင် ထိုင်ချကာ ခဏအမောဖြေလိုက်ရသည်။

    ထို့နောက် လမ်းတွင်တွေ့သော ဆိုင်ကယ်တစ်စီးကို အကူအညီတောင်းပြီး ရန်ကုန်ပုသိမ်လမ်းမကြီးပေါ်သို့ လိုက်ပို့ရန် အကူအညီတောင်းရလေသည်။ ဆိုင်ကယ်စီးလာသော ဦးလေးကြီးက သဘောကောင်းသောကြောင့် ကိုဖြိုးကို လမ်းမပေါ်အထိ လိုက်ပို့ပေးလေသည်။ ကိုဖြိုးလည်း ရန်ကုန် ပုသိမ်လမ်းမကြီးပေါ်ရောက်သောအခါတွင် တက္ကစီတစ်စီးကို ငှားစီးပြီးလျှင် အိမ်အထိ အမြန်ဆုံးပြန်ခဲ့ရလေသည်။ ကိုဖြိုးသည် ထိုအဖြစ်အပျက်များကို ပြန်ပြောနေရင် ကတုန်ကယင်ဖြစ်နေသည်။

    “ကျွန်တော်ထင်တာကတော့ လူတွေကို အလုပ်ပေးမယ်လို့ လိမ်ခေါ်ပြီးတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ထုတ်ရောင်းနေတဲ့ လုပ်ငန်းဖြစ်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ အိမ်ထဲမှာ ဆေးရုံသုံးပစ္စည်းတွေ ခုတင်တွေမနည်းဘူး။ သာမန်အိမ်တွေမှာ ဒီပစ္စည်းတွေရှိနေစရာ ဘာအကြောင်းမှ မရှိဘူးလေ၊ ပြီးတော့ ကျွန်တော့်လိုမျိုး လိမ်အခေါ်ခံရပြီးတော့ ကိုယ်အင်္ဂါအစိတ်အပိုင်း ထုတ်ရောင်းခံခဲ့ရတဲ့ မြန်မာပြည်သားတွေ ဘယ်လောက်တောင်ရှိခဲ့ပြီလဲ မသိဘူး” ဟု ပြောပြသည်။ “ရဲစခန်းသွားတိုင်ရင်လည်း မတော်လို့ ရဲတွေက သူတို့လူတွေဖြစ်နေရင် တိုင်တဲ့ ကိုယ်ပဲဒုက္ခရောက်မှာလေ။ ဒါကြောင့် ကိုယ့်လိုအဖြစ်မျိုးကို တခြားလူတွေ မကြုံတွေ့စေချင်လို့ အခုလို ပြန်ပြောပြပြီးတော့ မျှဝေလိုက်ရတာ” ဟု ပြောပြသည်။

    သီဟဇော် – Hlaingtharyar news media