Author: Admin-501

  • Coyotes

    Coyotes

    Coyotes (2025)

    ဟော်ရာကားတွေမှာ ဒီဘဲပါရင် သူ့အတွက်အခြေအနေမကောင်းလောက်ဘူးလို့ ပြောစမှတ်တွင်ကြတဲ့အထိ ဟော်ရာကားတွေမှာကံဆိုးလေ့ရှိတဲ့ Justin Long ရဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။

    ဇာတ်လမ်းကတော့ ဟောလိဝုဒ်တောင်ကုန်းတွေပေါ်က လူကုံထံ မိသားစုတစ်စု၊ တောမီးအကြီးအကျယ်လောင်ကျွမ်းပြီး၊ လေပြင်းမုန်တိုင်းလည်းရှိတဲ့အတွက် လျှပ်စစ်မီးပြတ်တောက်လမ်းတွေပိတ်ပြီးဘယ်ကိုမှ သွားမရလာမရဖြစ်သွားတဲ့ အခြေအနေတစ်ခုနဲ့စပါတယ်။

    အဲ့ဒီအချိန်ဟာ လူတွေရဲ့နယ်မြေချဲ့ထွင်မှုတွေ၊တောမီးတွေကြောင့်ကိုင်းယိုးတီး(ဝံပုလွေငယ်တစ်မျိုး)တွေဟာ မြို့ပေါ်အထိစားကျက်ချဲ့ထွင်လာကြပြီး လူတွေ အိမ်မွေးတိရိစ္ဆာန်တွေကို တိုက်ခိုက်မှုတွေမကြာခဏဖြစ်ပေါ်နေတဲ့အချိန်လည်းဖြစ်ပါတယ်။

    အဲ့ဒီအခြေအနေတွေကြားကနေလူပေါ်ကြော့ သူဌေး၊ သွေးမြင်ရင်မူးတတ်သူ စကော့( Justin Long) အနေနဲ့ သူ့မိသားစုကို ဒီအန္တရာယ်အသွယ်သွယ်ကြားကနေ ဘယ်လိုကြိုးစားကာကွယ်မလဲဆိုတာကိုဟာသနှောပြီးတင်ဆက်ထားတာဖြစ်ပါတယ်။

    ဝံပုလွေတွေရဲ့တိုက်ခိုက်ခန်းတွေ သတ်ဖြတ်ခန်းတွေက Rate R ယူထားတဲ့ကားပီပီကြမ်းတမ်းပီပြင်သလို ဖောက်ထားတဲ့ဟာသတွေကလည်း ကလိထိုးဟာသတွေမဟုတ်တဲ့အတွက် ဖျော်ဖြေရေးအပြည့်အ၀ပေးနိုင်တဲ့ ဇာတ်ကားလေးမို့ ကြည့်ရှုအားပေးကြပါဦး…

  • Love at First Hiccup

    Love at First Hiccup

    Love at First Hiccup (2009)

    ဒီရုပ်ရှင်လေးကတော့ 2009 မှာထွက်ရှိခဲ့တဲ့ Romantic Comedy အမျိုးအစားဖြစ်ပါတယ်။

    ဇာတ်လမ်းကတော့ အထက်တန်းကျောင်းသား Victor ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

    သူဟာ ကျောင်းကို အသစ်ရောက်လာတဲ့ Freshman တစ်ယောက်ဖြစ်ပြီး ကျောင်းမှာ လူကြိုက်များပြီး လှပတဲ့ စီနီယာကျောင်းသူ Anya ကို မြင်မြင်ချင်း စွဲလမ်းသွားပါတယ်။

    ဒါပေမယ့် အန်ယာဟာ ချမ်းသာပြီး အထက်တန်းကျတဲ့ Peter နဲ့ ချစ်သူဖြစ်နေတာမို့ Victor အတွက်တော့ လက်လှမ်းမမီတဲ့အခြေအနေပါပဲ။

    Victor ဟာ Anya ကို အသည်းအသန်ချစ်မိရာကနေ “Anya-itis” ဆိုတဲ့ ရောဂါတွေပါ ခံစားနေရပါတယ်။

    ရှက်တတ်တဲ့ ရိုးသားကြိုးစားဖိုးသခွားလေး Anya ရဲ့ အသည်းကို ဘယ်လိုရအောင်ယူမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဟာသနှောပြီးရိုက်ကူးထားပါတယ်။

  • You Are My Pet

    You Are My Pet

    You Are My Pet (2011)

    ဒီတစ်ခါက်မှာတာ့ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ You Are My Pet ဆိုတဲ့ Rom-Com Movie လေးကို တင်ဆက်ပေးလိုက်ပါတယ်။
    ၂၀၀၃ ခုနှစ်က ဆုရရှိခဲ့တဲ့ ဂျပန်Manga ကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ Kim Ha Neul နဲ့ Jang Keun Suk တို့က အဓိက ပါဝင်ထားပါတယ်။

    ဇာတ်လမ်းအကျဉ်း

    ဂျီအွန်းအီဟာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုက အလုပ်ကြိုးစားတဲ့ အယ်ဒီတာ တစ်ယောက်ဖြစ်ပြီး တခြားမိန်းကလေးတွေလို သူများအပေါ် သိပ်မမှီခိုတတ်ဘဲ ကိုယ့်ဘာသာရပ်တည်တတ်တဲ့သူဖြစ်တာကြောင့် တွဲခဲ့တဲ့ရည်းစားတွေတိုင်းနဲ့လည်း ပြတ်ခဲ့ပြီး တကိုယ်တည်းပဲ နေတော့မယ်လို့ ဆုံးဖြတ်ထားသူဖြစ်တယ်။

    အပေါင်းအသင်းမိတ်ဆွေတွေက အဖော်ရအောင် Pet မွေးပါ့လားလို့ အကြံပေးကြတဲ့အတွက် ခွေးလေးတစ်ကောင် မွေးဖို့ စဉ်းစားနေခဲ့ပါတယ်။

    အဲဒီအချိန်မှာ မောင်ဖြစ်သူက နေစရာ မရှိလို့ နေရာ ရှာနေတဲ့ ဘဲလေးအကသမား ဂန်အင်ဟိုကို အစ်မ ဖြစ်သူရဲ့ အိမ်ကို ခေါ်လာခဲ့ပါတယ်။

    မောင်ဖြစ်သူက ဂန်အင်ဟိုဆီကနေ ၆လစာ အိမ်ငှားစရိတ်ကြိုယူခဲ့တာကြောင့် ဂျီအွန်းအီလည်း ဂန်အင်ဟိုကို လက်မခံချင်ဘဲ လက်ခံလိုက်ရပါတော့တယ်။

    ဒါပေမဲ့ ဂန်အင်ဟို ထွက်သွားအောင်လို့ Pet အဖြစ်နဲ့နေမှ နေခွင့်ပေးမယ်လို့ပြောခဲ့ပေမဲ့ ဂန်အင်ဟိုက ထွက်မသွားဘဲ အိမ်မှာပဲ နေဖို့သဘောတူလိုက်တဲ့အခါ အတူတူနေကြရင်း သံယောဇဉ်တွယ်လာချိန်မှာပဲ ဂျီအွန်းအီရဲ့ ငယ်ချစ်ဦးက ပေါ်လာပြီး လက်ထပ်ခွင့်တောင်းလာတဲ့အခါ…. ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက် ကြည့်ရှုအားပေးကြပါဦးနော်။

  • KK Park မှ ကျားဖြန့် တရုတ်သူဌေးများ အပါအဝင် အရေးပါသူများကို BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးထား

    KK Park မှ ကျားဖြန့် တရုတ်သူဌေးများ အပါအဝင် အရေးပါသူများကို BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးထား

    မြ၀တီမြို့နယ် KK Park မှ ကျားဖြန့် တရုတ်သူဌေးများ အပါအဝင် အရေးပါသူများကို BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က ခေါ်ထုတ်ပြီး ခိုလှုံခွင့်ပေးထား

    ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ KK Park မှာ ကျားဖြန့် လက်ကြီး တရုတ်လုပ်ငန်းရှင်များ အပါအဝင် အရေးပါသူများကို စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်-BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ်သုန်တို့က ခေါ်ထုတ်သွားပြီး ရွှေက္ကိုလ် အပါအဝင် ဘေးကင်းရာ နေရာများတွင် ခိုလှုံခွင့်ပေးထားကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အောက်တိုဘာလ ၂၂ ရက်နေ့ကတည်းက BGF မှ စောချစ်သူ၊ တင်ဝင်းနှင့် မုတ် သုန်တို့က KK Park မှ ကျားဖြန့် တရုတ်သူဌေးများ၊ အွန်လိုင်း နည်းပညာဆိုင်ရာ ပညာရှင်များ အပါအဝင် အရေးပါသူများကို ခေါ်ထုတ်သွားပြီး တချို့မှာ ရွှေက္ကိုလ်တွင် ရောက်ရှိကာ တချို့မှာမူ BGF က အထူးစီစဉ်ပေးထားသော နေရာများတွင် ယာယီခိုလှုံနေကြကြောင်း သိရှိရသည်။

    ” KK Park က ကျားဖြန့် တရုတ်သူဌေးတွေ၊ အိုင်တီ ပညာရှင်တွေနဲ့ အရေးပါသူတွေကို အောက်တိုဘာလ ၂၂ လောက်ကတည်းက BGF အကုန်ခေါ်ထုတ်သွားပြီး ရွှေက္ကိုလ်၊ ဘုရားသုံးဆူနဲ့ BGF နယ်မြေတွေမှာ ရွှေ့ထားပေးတယ်။ အခု ထိုင်းဘက်နဲ့ မြ၀တီဘက်ကို ထွက်ပြေးနေတာတွေက အလုပ်သမားနဲ့ အလုပ်ကြီးကြပ်ရေး စတဲ့ လုပ်ငန်းလည်ပတ်တဲ့သူတွေပဲ။ အဓိက အရေးကြီး ပုဂ္ဂိုလ်တွေက BGF က ဗိုလ်တင်ဝင်းနဲ့ စီမံမှုနဲ့ လုံခြုံတဲ့နေရာတွေကို ရွှေ့ပေးပြီးသွားပြီ။ KK Park ကို စစ်တပ်က ဝင်စီးမယ်၊ နှင်လွှတ်မယ်ဆိုတာတွေက စစ်တပ်နဲ့ BGF ညှိနှိုင်းပြီး လုပ်ကြတာ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    KK Park မှ ကျားဖြန့် တရုတ်သူဌေး များအပါအဝင် အရေးပါသူများကို BGF က အထူးအစီအစဉ်ဖြင့် ရွှေ့ပြောင်းပေးရာတွင် မြ၀တီ ၂၇၅ ဂိတ်၊ သင်္ဃန်းညီနောင်ဂိတ်၊ ကော့ကရိတ် ၉ တိုင်ဂိတ်၊ ကျုံဒိုးဂိတ် အပါအဝင် စစ်တပ်ဂိတ်များ လမ်းကြောင်းဖွင့်ပေးထားကြောင်း သိရှိရသည်။

    လတ်တလော ထိုင်းဘက်သို့ ထွက်ပြေးနေကြသော တရုတ် အပါအဝင် နိုင်ငံခြားသား ၇၀၀ ကျော်ရှိနေပြီး ထိုင်းနိုင်ငံက ထွက်ပြေးလာသူများကို စိစစ်ခြင်း၊ ယာယီခိုလှုံနိုင်သော နေရာများ စီစဉ်ပေးခြင်းနှင့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် စာရင်းကောက်ယူခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

    ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်သို့ မြ၀တီမြို့နယ် KK Park မှ ထွက်ပြေးလာသော နိုင်ငံခြားသားများ အများစုတွင် တရုတ်နိုင်ငံသားများဖြစ်ကြောင်း၊ လက်ရှိ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးကလည်း စိစစ်မှုများ လုပ်ဆောင်နေပြီး သက်ဆိုင်ရာ တရုတ်သံရုံးနှင့် ချိတ်ဆက် ဆောင်ရွက်ရန်လည်း အစီအစဉ်ရှိနေကြောင်း စိစစ်မှုများတွင် ပါဝင်ကူညီပေးနေသော တရုတ်-မြန်မာ-ထိုင်း စကားပြန်တချို့ထံမှ သိရှိရသည်။

    စစ်တပ်ကလည်း KK Park မှ နိုင်ငံခြားသား ၁၁၈ ဦးကို ဖမ်းဆီးရရှိထားကြောင်း ယမန်နေ့ညပိုင်း သတင်းထုတ်ပြန်သည်။

    KK Park မှာ BGF က အဓိက လုံခြုံရေးယူ တာဝန်ယူ တည်ဆောက်ထားသော အွန်လိုင်းကျားဖြန့်စင်တာတစ်ခုဖြစ်ပြီး မြ၀တီမြို့နယ်၊ မယ်ထော်သလေးကျေး ရွာအနီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင် တည်ရှိ သည်။

    ဓာတ်ပုံ- မြန်မာအကြမ်းဖက် စစ်တပ် လက်အောက်ခံ BGF မှ စောချစ်သူနှင့် မုတ်သုန်။

  • ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    ကချင်ဒေသတွင်း စစ်တပ်က လူသတ်ပွဲကျင်းပခဲ့တဲ့ အောက်တိုဘာလ

    အောက်တိုဘာလဟာ ရက်စက်မှု‌အပေါင်းသရဖူ‌ဆောင်းထားတဲ့ စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကြောင့် ကချင်ဒေသမှာ အပြစ်မဲ့ပြည်သူရာချီ အစုလိုက်အပြုံလိုက် သွေးမြေကျပြီး သေဆုံးခဲ့ရတဲ့လဖြစ်ပါတယ်။

    အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၂၃ ရက်ည ထင်မှတ်မထားတဲ့ လေကြောင်းပစ်ခတ်မှုဟာ ဖားကန့်ဒေသ အနန့်ပါနေရာဦးတည်တိုက်ခိုက်ခဲ့ပါတယ်။

    ဒီလေကြောင်းပစ်ခတ်မှုကြောင့် ကချင်အနုပညာရှင်တစ်ချို့ ၊ KIO အမှုထမ်းများ၊ အပြစ်မဲ့ပြည်သူ စုစုပေါင်းသေဆုံးသူ ၆၉ ဦး သေဆုံးခဲ့ကာ အဆိုးရွားဆုံးလူသတ်မှုကို စစ်တပ်က ပြောင် ပြောင်တင်းတင်း သတ်ဖြတ်ခဲ့တာ အားလုံးအသိဖြစ်ပါတယ်။

    အနန့်ပါ အရပ်သားသေဆုံးမှုဖြစ်စဉ်ဟာ ယခု ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့မှာ သုံးနှစ်ပြည့်ခဲ့ပြီး ဒီအဖြစ်အပျက်ကြီးကို အခုချိန်အထိ ဝမ်းနည်းပူဆွေးအမှတ်ရနေရဆဲဖြစ်တယ်လို့ ကချင်အနုပညာရှင်တစ်ဦးက သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်ပြောဆိုပါတယ်။

    “ဒီဖြစ်စဉ်ထဲမှာ အနုပညာရှင်တွေနဲ့ ပတ်သက်နီးစပ်သူက ၃ ယောက်ပါတယ်။ အားလုံးသိတဲ့ အော်ရာလီပါမယ်။ ဇော်မွန်း(King) တို့ပါတယ်။ အခင်းဖြစ်ပွားတဲ့ အနန့်ပါအထိသွားခဲ့ရတယ်။ အဲချိန် တကယ်လို့ အချိန်နည်းနည်းနောက်ကျသွားရင်တောင် ပြန်တောင်မတွေ့နိုင်လောက်ဘူး။ ဘာပဲဖြစ်ဖြစ် ပြောချင်တာက သူများတွေအတွက်တော့မသိဘူး။ ဒီလိုအဖြစ်ပျက်ကြီးဖြစ်ခဲ့တဲ့ အချိန်ကာလတစ်ခုရောက်လာတိုင်း ၊ သူတို့ဖန်တီးခဲ့ရတဲ့ အနုပညာပုံရိပ်တွေ ပြန်မြင်တိုင်း အနုပညာလုပ်ငန်းလုပ်ရင်းနဲ့ပဲ အသက်ပေးဆပ်လိုက်ရတယ်ဆိုပြီး သတိရတိုင်းအမြဲစိတ်မကောင်းဖြစ်ရတယ်။ အချိန်ကသာ သုံးနှစ်ဆိုပေမယ့် မနေ့ တစ်နေ့ကလိုပါပဲ”လို့ပြောပါတယ်။

    အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုဟာ (၆၂) နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အဖြစ် ကချင်အနုပညာရှင်တွေနဲ့အတူ ဂုဏ်ပြုပွဲလုပ်နေရင်း စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အနုပညာရှင်အပါ KIO အမှုထမ်း၊ လုပ်ငန်းရှင်တစ်ချို့နဲ့ ပွဲတက်ရောက်သူများ ၆၉ ဦးသေဆုံးခဲ့သလို ထိဒဏ်ရာရရှိခဲ့သူလည်းများပြားခဲ့တဲ့အတွက် ကချင်လူထုရဲ့ နှလုံးသားထဲမှာ မေ့မရတဲ့ နေ့အဖြစ် ထင်ကျန်နေပါတယ်။

    အဲဒီနောက် တစ်နှစ်အကြာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ နေ့မှာလည်း တစ်ဖန် KIO ထိန်းချုပ်နယ်မြေ မုန့်လိုင်ခက်စစ်ရှောင်စခန်းနေရာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးပြီး ၅၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။

    တိုက်ပွဲနေရာမဟုတ်တဲ့ စစ်ရှောင်တွေခိုလှုံနေတဲ့ နေရာကို ပစ်မှတ်ထား ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် လက်ရှိ အချိန်အထိ အိပ်မက်ဆိုးတစ်ခုကြီးလို ကြောက်လန့် နေရဆဲဖြစ်တယ်လို့ မုန်လိုင်ခက် စစ်ရှောင်အမျိုးသမီးတစ်ဦးလည်း သူ့ရဲ့ ခံစားချက်ကို အခုလို ပြောဆိုလာပါတယ်။

    “မုန်လိုင်ခက်မှာနေတဲ့ ကျမတို့က အခုချိန်အထိ မမြင်နိုင်တဲ့အတွင်းစိတ်ကနေ ကြောက်လန့်စိတ်တွေက အမြဲတမ်းဖြစ်နေတယ်။ အခုလိုလည်း ဒရုန်း၊ လေယာဉ်ဆိုပြီး အသံကြားလိုက်တာနဲ့ ဘယ်လိုလုပ်ရမှန်းမသိကြောက်လန့်နေကြတာ။ တစ်အုပ်တစ်စု သေဆုံးတဲ့ ဖြစ်ရပ်ကြီးက စိတ်ဒဏ်ရာရသလိုဖြစ်သွားတာ။ တခြားနေရာမှာဖြစ်တယ် ဆိုတဲ့ သတင်းတွေကြားရင်တောင် မကြည့်ရဲ မတွေးရဲဖြစ်နေကြတာ။ အားလုံးက စိတ်ဒဏ်ရာရသွားကြတာများတယ်”လို့ပြောပါတယ်။

    အနန့်ပါနဲ့ မုန်လိုင်ခက် ဒီဖြစ်စဉ် နှစ်ခုဟာ ကချင်ပြည်နယ်ထဲမှာ အဆိုးဆုံး စစ်တပ်ရဲ့ လူသတ်ပွဲဖြစ်ရပ်ဆိုးကြီးဖြစ်ပြီး ဒါဟာ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်တာဖြစ်တယ်လို့ ကချင်လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

    “ကျမတို့ ကချင်ဒေသမှာဖြစ်ပွားခဲ့တဲ့ အခြေအနေကို ကြည့်ရမယ်ဆိုရင် အနန့်ပါလို လူသေဆုံးမှုက လူအများအပြားကို တစ်ခါတည်း သေဆုံးဖို့ ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။ အစုလိုက်အပြုံလိုက် သေဆုံးအောင် တမင်သတ်ဖြတ်ခဲ့ကြတာဖြစ်တယ်။ ပြီးရင် ပြည်သူတွေရဲ့ ကြောက်စိတ်ဖြစ်အောင် ၊ အာဏာပြန်ပြီး တက်ရောက်အောင် လုပ်နေတာဖြစ်တယ်။ ဒီလိုလုပ်ရပ်တွေက စစ်ရာဇဝတ်ချိုးဖောက်နေတာတင်မဟုတ်ဘူး ပြည်သူလူထုရဲ့ အသက်တစ်ချောင်းတောင် တန်ဖိုးထားပေးဖို့ လူသားချင်းစာနာမှုဆိုတာ သူတို့မှာလုံးဝမရှိဘူးဆိုတာတွေ့ရတယ်”လို့ပြောပါတယ်။

    မုန်လိုင်ခက်စစ်ရှောင်စခန်း ပစ်ခတ်ခံရမှုအပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှာ ဖားကန့်ဒေသ KIO တပ်မဟာ (၉) ဌာနချုပ်နဲ့ အနန့်ပါနေရာ ဒုတိယအကြိမ် ထပ်မံလေကြောင်းတိုက်ခိုက်ခံရပြီး စစ်တပ်ဟာ လူသတ်ပွဲကို ဆက်တိုက်ကျူးလွန်ခဲ့ပါတယ်။

    အဲဒီဖြစ်စဉ်မှာလည်း KIO အထက်တန်းအရာ ၄ ဦးအပါ တပ်သားအဆင့်ရှိသူ စုစုပေါင်း ၁၀ ယောက်ကျော်သေဆုံးမှုရှိခဲ့ပါသေးတယ်။

    အာဏာသိမ်း ၄ နှစ်‌ကျော်ကာလအတွင်း ကချင်ဒေသတွင်း ‌လေကြောင်းပစ်ခတ်ခံရတဲ့အခြေအနေကို ခြုံငုံကြည့်ရင် အောက်တိုဘာလမှာဖြစ်ပါတယ်။

    ဒါကြောင့် ကချင်ပြည်သူတွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အဖြစ်ဆိုးနဲ့အမှတ်ရကျန်ရှိ‌ နေတဲ့ အောက်တိုဘာလရောက်တိုင်း စစ်တပ်ရဲ့သတ်ဖြတ်မှုကြောင့် မိသားစုဝင်ဆုံးရှုံးခဲ့ရတဲ့ အိမ်ထောင်မိသားစုတွေ၊ မိတ်ဆွေတွေက ဝမ်းနည်းခြင်းအမှတ်တရဆုတောင်းသံနဲ့အတူ ကချင်လူထုရဲ့ မေ့မရတဲ့နေ့ဖြစ်ခဲ့ပါတယ်။

    ✍ နော်ထွယ့်(ဟူးကောင့်)