Author: Baby Yit Lone

  • လေသာတောင်ကို စစ်ကူပေးရန်ခြုံခိုတက်လာသည့် စစ်ကော်မရှင်တပ် သေဆုံးမှုများနေ၍ လေကြောင်းပစ်ကူပေးပြီး ကယ်ထုတ်နေရ

    ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်၊ လေသာတောင်သို့ စစ်ကူပေးရန်တက်လာသည့် စစ်ကော် မရှင်စစ်ကြောင်းသည် အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ၏ တိုက်ခိုက်ခံရပြီး သေဆုံးမှု များကာ နောက်ဆုတ်ပြေးနေရကြောင်း သိရသည်။

    ယနေ့ အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းတွင် ဆင်လန်စခန်းမှ လေသာတောင်ဘက်သို့ ထွက်လာသည့် စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုများသည့်အတွက် လေကြောင်းမှပစ်ကူပေးပြီး ကယ်ထုတ်နေရကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    “ဆင်လန်စခန်းကနေ လေသာတောင်ဘက်ကိုထွက်လာတဲ့တပ်က AA ထိပ်တိုက်တွေ့ပြီး အတိုက် ခံရတာ။ Y 12 နဲ့ဗုံးကြဲပေးနေရတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    အင်အား ၁၀၀ နီးပါးပါ စစ်ကော်မရှင်တပ်သည် ပန်းတောင်း-တောင်ကုတ် ကားလမ်းတစ်လျှောက် ခြုံခိုချီတက်လာပြီး လေသာတောင်ကြောသို့ ရောက်ရှိရန်ကြိုးစားစဉ်တွင် AA တပ်များနှင့် ထိပ်တိုက် တွေ့ပြီး ထိခိုက်သေဆုံးမှုများကာ နောက် ဆုတ်ပြေးရကြောင်း သိရသည်။

    စစ်ကူပေးရန်တက်လာသည့် အဆိုပါအဖွဲ့ကို စစ်ကော် မရှင်က Y 12 ဖြင့် ဆက်တိုက်ဗုံးပစ်ကူပေးပြီးပြန် လည်ကယ်ထုတ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စစ်ကော်မရှင်နှင့် AA တို့ လက်နက်ကြီးအပြန် အလှန်ပစ်ခတ် တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် လေသာ‌တောင်နှင့် ညောင်ကျိုးစခန်းတစ်ဝိုက် စစ်ကော် မရှင်တပ်များ ကစဉ့်ကလျားထွက်ပြေးရပြီး ဒရုန်းနှင့် လက်နက်ကြီးပစ်ကူများပါ ပေးခဲ့ရကြောင်း သိရသည်။

    စစ်ကော်မရှင်က ညောင်ကျိုးစခန်းတစ်ဝိုက်ကို ပြန်လည်ထိန်းချုပ်လိုနေပြီး တောင်ကုတ်လမ်းတစ် ကြောကိုပါ စိုးမိုးမှုရယူနိုင်ရန် ကြိုးပမ်းနေသော်လည်း ထိုးစစ်ဆင်လာသည့်တပ်များ ထိခိုက်သေဆုံး မှုများစွာနှင့် တပ်ဆုတ်ပြေးနေရသည်။

    ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)

  • တရုတ်ကုန်စည်အပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်တိုးကောက်မည်ဟု ထရမ့် ကြေညာ၊ ရှီနှင့်ဆွေးနွေးပွဲများ ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်

    တရုတ်ကုန်စည်အပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်တိုးကောက်မည်ဟု ထရမ့် ကြေညာ၊ ရှီနှင့်ဆွေးနွေးပွဲများ ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စည်းကြပ်ခွန်ထပ်တိုးကောက်မှုနှင့် အရေးပါသောဆော့ဖ်ဝဲများဆိုင်ရာ အမေရိကန်၏ ပို့ကုန်ထိန်းချုပ်မှုများသည် နိုဝင်ဘာ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ကာ တရုတ်၏ “အလွန်ရန်လိုသော” လုပ်ရပ်များအတွက် တုံ့ပြန်မှုဖြစ်သည်ဟု ဆိုသည်။

    အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှု ပြန်လည်ပေါ်ပေါက်လာသဖြင့် အမေရိကန်စတော့ဈေးကွက် Nasdaq က ၃ ဒသမ ၆ ရာခိုင်နှုန်းနှင့် S&P 500 က ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

    တရုတ်သည် ဖန်တနိုင်းကုန်သွယ်မှုတွင် ပံ့ပိုးပေးနေကြောင်းနှင့် မမျှတသော စီးပွားရေးလုပ်ထုံးလုပ်နည်းများကို ကျင့်သုံးနေကြောင်း ထရမ့်က စွပ်စွဲထားပြီး အမေရိကန်က လက်ရှိတွင် တရုတ်ကုန်ပစ္စည်းများကို စည်းကြပ်ခွန် ၃၀ ရာခိုင်နှုန်း ချမှတ်ထားသည်။ တရုတ်ကလည်း လက်တုံ့ပြန်အခွန်အဖြစ် ၁၀ ရာခိုင်နှုန်း ချမှတ်ထားသည်။

    ထရမ့်က အခွန်အသစ်များချမှတ်မှုအကြောင်း Truth Social တွင် ပို့စ်တင်၍ ခြိမ်းခြောက်ခဲ့ကာ တရုတ်သည် မြေရှားသတ္တု ပို့ကုန်ကန့်သတ်မှုအကြောင်းကြားစာများကို အခြားနိုင်ငံများသို့ ပေးပို့ခဲ့သည်ဟု ဆိုသည်။

    မြေရှားသတ္တုများသည် စမတ်ဖုန်းများနှင့် လျှပ်စစ်ကားများမှသည် စစ်ဘက်ဆိုင်ရာ ပစ္စည်းများနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နည်းပညာများ ထုတ်လုပ်ရာတွင် အရေးပါပြီး တရုတ်က ထိုသတ္တုများ ထုတ်လုပ်မှုကို ထိန်းချုပ်ထားသည်။

    “ကမ္ဘာကို ချုပ်ကိုင်ထားဖို့ တရုတ်ကို ခွင့်မပြုသင့်ဘူး။ တရုတ်ရဲ့ရပ်တည်ချက်က အတော်လေး ရန်လိုတယ်” ဟု ထရမ့်က ဆိုသည်။
    တောင်ကိုရီးယားတွင် ယခုလနှောင်းပိုင်း၌ ကျင်းပမည့် APEC ထိပ်သီးအစည်းအဝေးတွင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့်ကိစ္စကို ထရမ့်က ပြန်စဉ်းစားနေသည်ဟုလည်း ဆိုသည်။

    ယင်းသည် ထရမ့် ဇန်နဝါရီလတွင် အာဏာပြန်ရလာပြီးကတည်းက ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံနှစ်ခုအကြား ပထမဆုံးတွေ့ဆုံမှုဖြစ်ပေလိမ့်မည်။

    “ကျွန်တော် နောက်နှစ်ပတ်လောက်နေရင် တောင်ကိုရီးယား APEC ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီနဲ့ တွေ့ဖို့စီစဉ်ထားတာ။ အခုတော့ တွေ့စရာအကြောင်းမရှိတော့ဘူးထင်တယ်” ဟု ထရမ့်က လူမှုကွန်ရက်တွင် ပို့စ်တင်ရေးသားထားသည်။

    နောက်ပိုင်းတွင် ထရမ့်က “သူနဲ့ အစည်းအဝေးကို မဖျက်ပါဘူး။ လုပ်ဖြစ်မလားတော့ မသိသေးဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီမှာတော့ ရှိနေမှာပါ။ အစည်းအဝေးလုပ်ဖြစ်လောက်မှာပါ” ဟု သတင်းထောက်များကို ပြောခဲ့သည်။

    မြေရှားသတ္တုပို့ကုန် ကန့်သတ်မှုအကြောင်း ကမ္ဘာ့နိုင်ငံများဆီ စာများပို့သည့် တရုတ်၏ လုပ်ရပ်ကိုလည်း နားမလည်နိုင်ကြောင်း ထရမ့်က ပြောသည်။ “တရုတ်မှာ အရမ်းထူးဆန်းတဲ့ အရာတွေ ဖြစ်ပျက်နေတယ်။ သူတို့ တော်တော်လေး ရန်လိုလာတယ်” ဟု ထရမ့်က ဆိုသည်။

    TikTok ကို အမေရိကန်ထိန်းချုပ်မှုအောက် ထားနိုင်ခဲ့ကာ ပြီးခဲ့သည့် ခြောက်လတွင် တရုတ်နှင့်ဆက်ဆံရေးကောင်းမွန်ခဲ့သော်လည်း တရုတ်သည် လှည့်စားနေသည်ဟု ထရမ့်က စွပ်စွဲခဲ့သည်။

    အမေရိကန်က တရုတ်နှင့် ဆက်နွှယ်နေသည့် သင်္ဘောများအတွက် အခကြေးငွေများ ပေးဆောင်ရန် ဧပြီလက ကြေညာခဲ့ပြီး တရုတ်ကလည်း အမေရိကန်မှ သို့မဟုတ် အမေရိကန်တွင် တည်ဆောက်ထားသော သင်္ဘောများကို အထူးဆိပ်ကမ်း အခကြေးငွေ ကောက်ခံမည်ဟု သောကြာနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။

    RFI မှ Trump announces new 100 percent China tariff, threatens to scrap Xi talks အား Brownie ဘာသာပြန်သည်။

  • မဲစာရင်း မပြည့်စုံ၊ အချက်အလက်ကွဲလွဲမှုရှိဟု စစ်ကော်မရှင် ဝန်ခံ

    မဲစာရင်း မပြည့်စုံ၊ အချက်အလက်ကွဲလွဲမှုရှိဟု စစ်ကော်မရှင် ဝန်ခံ

    ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရာ မဲစာရင်း မပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုများရှိနေကြောင်း စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ခံပြောဆိုသည်။

    ယမန်နေ့ (အောက်တိုဘာ ၁၀) က နေပြည်တော်တွင် ပြုလုပ်သည့် စစ်​ကော်မရှင်၏ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးမြင့်ကြိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၁ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

    “အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရပါကြောင်း” ဦးမြင့်ကြိုင်က ပြောသည်။

    ထို့သို့ ဖြစ်ရခြင်းမှာ လက်ရှိအတည်ပြု လူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာဒေသသို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက် ဖြစ်ကြောင်းလည်း အကြောင်းပြသည်။

    မဲစာရင်း ကွဲလွဲမှု အနည်းငယ်ရှိနေခြင်းဟု ဦးမြင့်ကြိုင်ကဆိုသော်လည်း ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ ဘူးလက်ဦးလှဆွေကမူ စစ်ကော်မရှင်မဲစာရင်းများ တော်တော်များများ မှားယွင်းနေခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ မိသားစုပင် မဲစာရင်း မပါကြောင်း၊ သေဆုံးသူနှင့် ပြောင်းရွှေ့သူများလည်း ပြန်ပါဝင်နေကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ မဲစာရင်းတွေကပ်ထားတာ သွားကြည့်တယ်။ သွားကြည့်တော့ တော်တော်များများလွဲနေတယ်။ ဘယ်လိုလွဲတာဆို ၂၀၂၀ တုန်းက မဲစာရင်းအဟောင်းကြီးတွေလို့ ယူဆရတယ်။ အဲ့တာတွေပြန်ကပ်ပေးလိုက်တယ်။ အခုအသစ်ပြန်ကောက်တဲ့ ရပ် ၊ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်ကောက်တဲ့စာရင်းတွေမဟုတ်ဘူး။ ကွာတာက တော်တော်ကွာနေတယ် ၅၀၀ မှာ ၃၀၀ လောက်ကွာနေတယ်။ ဒါက သိပ်မကောင်းဘူးပေါ့နော်” ဟု ဘူးလက်ဦးလှဆွေက ဆိုသည်။

    စစ်ကော်မရှင်၏ မဲစာရင်းနှင့် ပတ်သက်ပြီး ဘူးလက်ဦးလှဆွေအပြင် အခြားမဲစာရင်း သွားရောက်ကြည့်ရှုခဲ့သူများကလည်း မဲစာရင်းများ မှားနေကြောင်း လူမှုကွန်ရက်တွင် ထောက်ပြပြောဆိုမှုများ ရှိသည်။

    “ကျွန်မကိုယ်တိုင် ကိုယ်စားလှယ်လောင်းလျှောက်တော့ မဲစာရင်းစစ်တာ မပါဘူးဖြစ်နေလို့ လဝကမှာ သွားစစ်တော့ ကျွန်မအိမ်ထောင်စုစာရင်းပါ ပျောက်နေပါတယ်။ စစ်တော့ ပြည်မှာ ပေါ်နေပါတယ်။ ကျွန်မက သဲကုန်းမြို့နယ် ဆင်မြီးဆွဲမှာနေသူက ကိုယ်တိုင်လည်း အိမ်ထောင်စုစာရင်းမထွက်ပါဘူး။ ပြည်မှာလည်း မဝင်ထားပါဘဲ ကျွန်မ မဲစာရင်းပျောက်နေတာ အံ့ဩစရာပါ”ဟု​ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ(UPUP) ဥက္ကဋ္ဌ ဒေါ်စောယုမာက ၎င်း၏ လူမှုကွန်ရက်တွင် အောက်တိုဘာ ၅ ရက်နေ့က ရေးသားသည်။

    “အဲ့နေ့က ကျွန်မတင်မဟုတ်ဘဲ ကျွန်မနဲ့ပါတဲ့သူတွေ စစ်တဲ့အခါ တယောက်က ပန်းတောင်းရောက်နေတယ်၊ တယောက်က သုံးမြို့နယ်မှာ ပေါ်နေတယ်၊ တယောက်က ရန်ကုန်ရောက်နေတယ်၊ အဲ့လိုအမှားတွေဖြစ်နေပါတယ်”ဟုလည်း ဆိုသည်။

    မဲစာရင်းမှားယွင်းမှုများ ထုတ်ဖော်ပြောဆိုခံရပြီးနောက် လက်ရှိတွင် စစ်ကော်မရှင်၏ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကြေညာမည်ဖြစ်ကြောင်း သတ်မှတ်ထားရာမှ အောက်တိုဘာ ၂၀ ရက်နေ့အထိ မဲစာရင်းကြေညာထားမည့်ရက်ကို ထပ်မံတိုးမြှင့်ခဲ့သည်။

    တဖက်တွင်လည်း စစ်ကော်မရှင်က မဲစာရင်း သွားကြည့်ရန်၊ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရန် ထုတ်ပြန်နေသော်လည်း အဆိုပါ မဲစာရင်းများအား သွားရောက်ကြည့်ရှုသူများ နည်းပါးလျက်ရှိကြောင်း သိရသည်။

  • သံတွဲနှင့် ဂွ ပြည်သူများ စစ်ရေးသတိရှိကြရန် AA အသိပေး

    သံတွဲနှင့် ဂွ ပြည်သူများ စစ်ရေးသတိရှိကြရန် AA အသိပေး

    ရခိုင်ပြည်နယ် သံတွဲ၊ ဂွမြို့နယ်များကို စစ်တပ်က ရေကြောင်း လေကြောင်းမှ တိုက်ခိုက်နေသဖြင့် ပြည်သူများ အထူးသတိထားကြရန်နှင့် စစ်ရေးသတိရှိကြရန် အာရက္ခတပ်တော် (AA)က အသိပေးမှု ပြုလုပ်ထားသည်။

    စစ်သင်္ဘောများက လူနေရပ်ကွက်များ ရွာများအတွင်း အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ ကမ်းနီးတနိုင်တပိုင် ဝမ်းစာရှာ ငါးဖမ်းထွက်သည့် ရေလုပ်သားများအား ဖမ်းဆီးသတ်ဖြတ်နေရာ စက်တင်ဘာ ၆ ရက်က သံတွဲမြို့ တောင်မကျည်း တိုက်နယ် ဆတ်လည်မျှော်ရွာမှ ရေလုပ်သား ဦးမောင်ကို၊ ဦးကျော်ဝေသန်း၊ ဦးဖိုးနီ၊ ဦးညီညီတို့ကို ရေတပ်မှ ဖမ်းဆီးခဲ့သလို အောက်တိုဘာ ၃ ရက်က ကျောက်ဖြူမြို့ ဆားပြင်ကွင်းရပ်ကွက်မှ ရေလုပ်သား ၂၀ ကျော် ဖမ်းဆီးခဲ့သည်။

    စက်တင်ဘာ ၄ ရက်က စစ်သင်္ဘောမှ အမြောက်ဖြင့် ပစ်သဖြင့် ငပလီကမ်းခြေအနီးနှင့် လင်းရိုး တောင်ထက် ကျရောက် ပေါက်ကွဲခဲ့သလို သံတွဲမြို့ပေါ်ရပ်ကွက်များကို ဗုံးကြဲရာ အမှတ် ၄ ရပ်ကွက်မှ ဦးညီညီ (၄၀ နှစ်) မှာ နေအိမ်၌ ပွဲချင်းပြီး သေဆုံးခဲ့သလို ကိုယ်ဝန်ဆောင်မိခင်၊ အသက် ၆ နှစ်အရွယ် ကလေး တဦးအပါ အရပ်သား ၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းဝင်း နေရာအချိုလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

    အလားတူ ဂွမြို့နယ် ပုန်းညှက်ရွာ အနောက် ပင်လယ်ပြင်မှ စစ်သင်္ဘောများက လက်နက်ကြီးဖြင့် ၁၁ ကြိမ်တိုက်ခဲ့သလို အောက်တိုဘာ ၁၀ ရက် နံနက် ၈ နာရီခန့်တွင် သံတွဲမြို့အနီး ပတ်ဝန်းကျင်အား ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

    ပုံစာ-ပင်လယ်ပြင်တွင် တွေ့ရသော စစ်သင်္ဘောတစီး/ AA Info Desk

  • မြန်မာပြည်- ဒါ ဘယ်သူ့စစ်ပွဲလဲ

    မြန်မာပြည်- ဒါ ဘယ်သူ့စစ်ပွဲလဲ

    တောင်အာရှဒေသတခုလုံးဟာ မပြီးဆုံးနိုင်တဲ့ ပြဿနာတွေနဲ့ ပြည့်နှက်နေပါတယ်။ ပါကစ္စတန်မှာ နိုင်ငံရေးအာဏာလွန်ဆွဲပွဲတွေ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ကြားဖြတ်အစိုးရက မတည်ငြိမ်ပါဘူး။ သီရိလင်္ကာကလည်း ခက်ခက်ခဲခဲ ပြန်လည်ထူထောင်နေရတုန်းပါ။ ဒီပြဿနာတွေကြားမှာ မြန်မာ့အရေးဟာ မေ့လျော့ခံထားရတဲ့ ဇာတ်လမ်းတပုဒ်လို ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီစစ်ပွဲဟာ ဒေသတွင်းရဲ့ အနာဂတ်တည်ငြိမ်ရေးကို အဆုံးအဖြတ်ပေးမယ့် ကိစ္စတခု ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် ဆယ်စုနှစ်တခုကြာခဲ့တဲ့ ဒီမိုကရေစီကူးပြောင်းရေးခရီးလည်း အဆုံးသတ်သွားခဲ့ရတယ်။ ဒီမိုကရေစီရဲ့ ပြယုဂ် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကိုလည်း ဖယ်ရှားပစ်ခဲ့ပါတယ်။ စစ်တပ် ကျောထောက်နောက်ခံပြု USDP ပါတီက ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် “မဲလိမ်တယ်” လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အာဏာသိမ်းမှုနဲ့အတူ စစ်အုပ်ချုပ်ရေးဟာ တိုင်းပြည်ကို တကျော့ပြန် ရောက်ရှိလာခဲ့ပါတယ်။ အာဏာမသိမ်းခင် သုံးရက်အလိုမှာကတည်းက ဗိုလ်ချုပ်တဦးက ဒါကို အရိပ်အမြွက် ပြောခဲ့ပြီးသားပါ။

    အာဏာသိမ်းပြီးနောက်မှာတော့ အခြေအနေတွေ ပိုဆိုးလာခဲ့ပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ခေါင်းဆောင်တွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိမ်နင်းခဲ့တယ်။ လမ်းတွေပေါ်မှာလည်း သွေးထွက်သံယိုတွေ ဖြစ်ခဲ့ရပါတယ်။ ဆန္ဒပြပွဲတွေလည်း အများကြီး ဖြစ်ပွားခဲ့ပါတယ်။ စစ်တပ်ဟာ ၂၀၀၈ အခြေခံဥပဒေအရ ဗီတိုအာဏာ လက်ဝယ်ရရှိထားသူတယောက် ဖြစ်နေပါတယ်။ အဲဒီဥပဒေအရ စစ်တပ်ဟာ တိုင်းပြည်မှာ သီးခြားကင်းလွတ်ခွင့်ရတဲ့ အဖွဲ့တခု ဖြစ်နေပါတယ်။ လွှတ်တော်ထဲမှာလည်း အမတ်နေရာရဲ့ လေးပုံတပုံကို အလိုအလျောက် ရရှိထားတာပါ။

    စစ်တပ်၏ ရှည်လျားသော အရိပ်

    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာ့ဗိုလ်ချုပ်ကြီးတွေက သူတို့ဟာ “တိုင်းပြည်စည်းလုံးရေး” အတွက် အရေးကြီးဆုံးအဖွဲ့အစည်းလို့ အမြဲတမ်း ပြောဆိုခဲ့ကြတယ်။ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်ကနေ သူတို့ကပဲ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်းပြချက်နဲ့ပဲ ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးကို ချုပ်ကိုင်ခဲ့တယ်။ ၁၉၆၂ မှာ အာဏာသိမ်းပြီး “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်” ကို ကျင့်သုံးခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည်ဟာ ချမ်းသာမလာဘဲ ပိုပြီးပဲ ဆင်းရဲတွင်းနက်ခဲ့ရပါတယ်။ ၁၉၈၈ လူထုအုံကြွမှုမှာလည်း သွေးထွက်သံယို နှိမ်နင်းခဲ့တယ်။ အဲဒီအရေးအခင်းကပဲ ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီခေါင်းဆောင်တယောက်အဖြစ် မွေးဖွားပေးခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးလည်း အလားတူ အနှိမ်နင်းခံခဲ့ရပါတယ်။

    ၂၀၁၅ မှာတော့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တယ်။ အဲဒီနောက် NLD အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ ကြိုးစားလာပါတယ်။ စစ်တပ်အတွက် အထူးအခွင့်အရေးပေးထားတဲ့ အချက်တွေကို ဖယ်ရှားဖို့ လုပ်လာတဲ့အခါမှာတော့ ၂၀၂၁ မှာ အာဏာပြန်သိမ်းလိုက်ပါတော့တယ်။

    အာဏာသိမ်းပြီးနောက် မြန်မာပြည်- စစ်ဖြစ်နေသောနိုင်ငံ

    အာဏာသိမ်းမှုကြောင့် အနာဟောင်းတွေ ပြန်ပေါ်လာသလို အနာသစ်တွေလည်း တိုးလာခဲ့ပါတယ်။ အခုဆိုရင် စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ ၂၀ ရာခိုင်နှုန်းကိုတောင် အနိုင်နိုင် ထိန်းချုပ်ထားနိုင်တော့တယ်။ ဒါဟာ သူတို့ရဲ့ တရားဝင်မှုကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

    တိုင်းရင်းသားစစ်ပွဲ၏ ပထဝီဝင်

    လက်ရှိအချိန်မှာဆိုရင် တိုင်းပြည်နေရာအနှံ့မှာ ခုခံတော်လှန်မှုတွေ ဖြစ်ပွားနေပါတယ်။ မြောက်ပိုင်းမှာ KIA က ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေပါတယ်။ အနောက်ပိုင်းမှာ AA က ရခိုင်ပြည်နယ်အတွက် တိုက်ပွဲဝင်နေသလို ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေမှာလည်း ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေက အပြင်းအထန် ခုခံနေကြပါတယ်။ ပြည်မမှာတော့ NUG လက်အောက်က PDF တွေဟာ လူထုထောက်ခံမှုနဲ့အတူ အားကောင်းမောင်းသန် တော်လှန်နေပါတယ်။ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းအင်အားတွေ သုံးနေပေမဲ့ ကျေးလက်ဒေသ အများအပြားကိုတော့ လက်လွှတ်ဆုံးရှုံးနေရပါပြီ။

    မြန်မာ့စစ်တုရင်ခုံပေါ်က အင်အားကြီးနိုင်ငံများ

    မြန်မာ့အရေးအခင်းဟာ သူ့ရဲ့နယ်နိမိတ်ထဲမှာပဲ ကန့်သတ်မနေတော့ပါဘူး။ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်ကစားကွင်းတခုပါ ဖြစ်လာနေပါတယ်။

    တရုတ်နိုင်ငံကတော့ ဒီကိစ္စမှာ အကျိုးစီးပွား အရှိဆုံးပါပဲ။ မြန်မာပြည်ဟာ သူတို့အတွက် အိန္ဒိယသမုဒ္ဒရာကို ထွက်နိုင်တဲ့ မဟာဗျူဟာမြောက် တံခါးပေါက်တခု ဖြစ်နေပါတယ်။ ကီလိုမီတာ ၁,၇၀၀ ရှည်တဲ့ စီးပွားရေးစင်္ကြံလမ်းနဲ့ ကုန်းတွင်းဖြတ် လမ်းကြောင်းတခုကိုလည်း သူတို့က ဖောက်လုပ်ချင်နေပါတယ်။ ဒါကြောင့် တရုတ်က စစ်ကောင်စီကို လက်နက်တွေ ထောက်ပံ့နေပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ တိုင်းရင်းသားအဖွဲ့တွေနဲ့ တိတ်တဆိတ် ဆက်ဆံနေပြန်ပါတယ်။ တော်လှန်ရေးအဖွဲ့ အများစုကလည်း ပေကျင်းရဲ့ မျက်နှာသာပေးမှုကို ဆုံးရှုံးမှာစိုးလို့ တရုတ်စီမံကိန်းတွေကို ပစ်မှတ်မထားဘဲ ရှောင်ကြဉ်ကြပါတယ်။

    အိန္ဒိယအတွက်ကျတော့ မြန်မာပြည်ဟာ ဒီအတိုင်း ကျရှုံးနေတဲ့ အိမ်နီးချင်းနိုင်ငံတခုဆိုတဲ့ ကိစ္စလောက်ပဲ မဟုတ်ပါဘူး။ သူတို့ရဲ့ ပြဿနာများတဲ့ အရှေ့မြောက်ဒေသ ရှုထောင့်ကနေ ဒီနိုင်ငံကို ကြည့်မြင်သုံးသပ်ပါတယ်။ မကြာသေးခင်က မြန်မာ့နယ်ိနမိတ်ထဲအထိ လေကြောင်းကနေ ဝင်တိုက်ခဲ့တာတွေက အိန္ဒိယရဲ့ လုံခြုံရေးအတွက် ဘယ်လောက်အရေးတကြီး ဖြစ်နေလဲ ဆိုတာကို ပြနေပါတယ်။ ဒါပေမဲ့ အိန္ဒိယက ဘက်ပေါင်းစုံနဲ့ ဆက်ဆံကစားတဲ့ တရုတ်နဲ့ မတူပါဘူး။ သူတို့က စစ်ခေါင်းဆောင်တွေနဲ့ပဲ အဓိက ဆက်ဆံခဲ့ပါတယ်။ ဒီအချက်က ဒေလီ(အစိုးရ)ကို အားနည်းသွားစေပါတယ်။

    ရုရှားကတော့ စစ်ကောင်စီအတွက် အဓိက လက်နက်ရောင်းချသူပါ။ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တင့်ကားတွေကို ရောင်းချပေးနေပါတယ်။ ဒါပေမဲ့ ယူကရိန်းကိစ္စမှာလိုတော့ ရုရှားနဲ့ တရုတ်ဟာ တသဘောတည်း အပြည့်အဝရှိကြတယ်လို့ မဆိုနိုင်ပါဘူး။ နှစ်နိုင်ငံစလုံးဟာ ကိုယ့်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားကိုပဲ လိုက်နေကြပါတယ်။

    အမေရိကန်ကတော့ ဒီလမ်းကြောင်းပေါ်မှာ သတိကြီးစွာနဲ့ လျှောက်လှမ်းနေပါတယ်။ ဒေသတွင်းမှာ တရုတ်ကို တန်ပြန်ဖို့ မဟာဗျူဟာ လိုအပ်ချက်ကြောင့် ပြည်ပရောက် NUG အစိုးရဘက်က ရပ်တည်နေပါတယ်။ သူတို့က ထိုင်းနိုင်ငံကို ဒီကိစ္စမှာ ပိုပြီးတက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ အခုဆိုရင် ဝါရှင်တန်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့က သူ့ရဲ့ ကောင်စစ်ဝန်ရုံးကို ပြန်လည်မွမ်းမံနေပါပြီ။ ဒါဟာ ပေကျင်းနဲ့ တောင်အာရှနိုင်ငံတွေကို ရှင်းလင်းတဲ့ မဟာဗျူဟာမြောက် အချက်ပြမှုတခုပါပဲ။ ဒါ့အပြင် ဘင်္ဂလားပင်လယ်အော်မှာ သြဇာလွှမ်းမိုးဖို့ ဘင်္ဂလားဒေ့ရှ်က ကော့ဇ်ဘဇားကိုလည်း အလားအလာရှိတဲ့ အချက်အချာနေရာတခုအဖြစ် စောင့်ကြည့်နေပါတယ်။

    ထိုင်းနိုင်ငံအတွက်တော့ ဒါဟာ အနီးဆုံး အိမ်နီးချင်းဆိုတာထက် ပေကျင်းနဲ့ ဝါရှင်တန်ကြားမှာ ချိန်ခွင်လျှာညှိကစားဖို့ လုပ်နေပါတယ်။ ဒါကြောင့် ထိပ်တိုက်ရင်ဆိုင်မှုထက် သတိကြီးစွာ စောင့်ကြည့်ဖို့ကိုပဲ ရွေးချယ်ထားပါတယ်။

    တောင်အာရှက မြန်မာ့အရေးကို ဘာကြောင့် မျက်ကွယ်မပြုနိုင်သလဲ

    တောင်အာရှအတွက် မြန်မာပြည်ဟာ အဝေးကပြဿနာတခု မဟုတ်ပါဘူး။ ရှေ့တန်းစစ်မျက်နှာတခု ဖြစ်ပါတယ်။ ဒုက္ခသည်အကျပ်အတည်းက အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတွေကို သက်ရောက်မှု ရှိနေပါတယ်။ ဒါဟာ သူတို့ရဲ့ လူမှုရေးနဲ့ စီးပွားရေးတွေကို ဝန်ပိစေပါတယ်။ အိန္ဒိယအတွက်ဆိုရင် မဏိပူရ အကျပ်အတည်းကို ပိုဆိုးစေပါတယ်။ ဒါဟာ အိန္ဒိယရဲ့ ‘Act East Policy’ ကိုလည်း သက်ရောက်မှု ဖြစ်စေပါတယ်။ BIMSTEC လိုမျိုး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ထိခိုက်စေပါတယ်။ အရေးအကြီးဆုံးကတော့ တရုတ်အတွက် မဟာဗျူဟာမြောက် အားသာချက်ကြီးတခု ဖြစ်သွားစေပါတယ်။ တရုတ်ဟာ ‘တောင်တရုတ်ပင်လယ်’ နဲ့ ‘မလက္ကာရေလက်ကြား’ လိုမျိုး အရေးကြီးတဲ့နေရာတွေကို ရှောင်ကွင်းသွားနိုင်ပါပြီ။ ဒါဟာ အိန္ဒိယရဲ့ အိမ်နောက်ဖေးမှာ နောက်ထပ်စစ်မျက်နှာတခု ဖွင့်ပေးလိုက်သလိုပါပဲ။ ဒီအတိုင်း မျက်ကွယ်ပြုထားမယ်ဆိုရင် မြန်မာပြည်ဟာ တောင်အာရှရဲ့ ယူကရိန်းဗားရှင်းတခု ဖြစ်လာနိုင်ပါတယ်။ နေရပ်စွန့်ခွာမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အင်အားကြီးနိုင်ငံတွေရဲ့ အားပြိုင်မှုဇာတ်ခုံတခု ဖြစ်လာနိုင်ပါတယ်။

    မဟာဗျူဟာမြောက် သင်ခန်းစာ

    တောင်အာရှမှာ တည်ငြိမ်ခိုင်မာမှုမရှိတဲ့ အချက်တွေ အများကြီးရှိနေပါတယ်။ ဒါတွေကပဲ ပြည်ပအင်အားစုတွေကို ကစားပွဲတွေ လာကစားဖို့ ဖိတ်ခေါ်နေသလိုပါပဲ။ ဒီအခြေအနေတွေကြောင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ တာဝန်ယူမှုတွေကနေ ကင်းကွာသွားစေပါတယ်။

    မြန်မာ့အရေးဟာ စစ်သားနဲ့ ပြည်သူကြားက ပြည်တွင်းတိုက်ပွဲသက်သက် မဟုတ်ပါဘူး။ ဒီမိုကရေစီလိုလားသူနဲ့ ဆန့်ကျင်သူကြားက ပြိုင်ပွဲတခုထက်လည်း ပိုပါတယ်။ ဒါဟာ ကမ္ဘာ့နိုင်ငံရေး အခြေအနေနဲ့ ပြည်တွင်းမတည်ငြိမ်မှုတို့ ထိပ်တိုက်တွေ့ဆုံတဲ့အခါ ဖြစ်ပေါ်လာတဲ့ အရှိတရားတခုပါပဲ။

    တရုတ်အတွက် မြန်မာပြည်ဟာ စင်္ကြံတခုပါ။ ရုရှားအတွက် လက်နက်ဈေးကွက်တခု။ အမေရိကန်အတွက် အရှေ့တောင်အာရှကုန်းမကြီးထဲကို ဝင်ပေါက်တခုဖြစ်သလို အိန္ဒိယအတွက်တော့ သူ့ရဲ့အရှေ့ဘက်ခြမ်းက အားနည်းချက်တခု ဖြစ်နေပါတယ်။

    အန္တရာယ်ကတော့ မြန်မာပြည်ဟာ ကျရှုံးနိုင်ငံတခု ဖြစ်လာရုံတင် မကပါဘူး။ ပိုမိုနက်ရှိုင်းတဲ့ ဒေသတွင်း အားပြိုင်မှုတွေအတွက် မီးပွားတခု ဖြစ်လာနိုင်ခြေရှိနေတယ် ဆိုတာပါပဲ။

    မဲဟ်ရာဂ်ျ ဘတ်

    Ref: Greater Kashmir

    ( Greater Kashmir ဝက်ဆိုက်တွင် ဆောင်းပါးရှင် Mehraj Bhat ရေးသားထားသည့် “Myanmar: Whose war is it?” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)