ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရာ မဲစာရင်း မပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုများရှိနေကြောင်း စစ်ကော်မရှင်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်က ဝန်ခံပြောဆိုသည်။
ယမန်နေ့ (အောက်တိုဘာ ၁၀) က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကော်မရှင်၏ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌလည်းဖြစ်သည့် ဦးမြင့်ကြိုင်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၁၁ ရက်)ထုတ် စစ်ကော်မရှင်ထိန်းချုပ် သတင်းစာများတွင် ဖော်ပြသည်။

“အချို့ဒေသများ၌ မဲစာရင်းမပြည့်စုံမှု၊ အချက်အလက်ကွဲလွဲမှုနှင့် လိုအပ်ချက်များ အနည်းငယ်ရှိနေသည်ကို တွေ့ရှိရပါကြောင်း” ဦးမြင့်ကြိုင်က ပြောသည်။
ထို့သို့ ဖြစ်ရခြင်းမှာ လက်ရှိအတည်ပြု လူဦးရေစာရင်းတွင် ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူများသည် ပြောင်းရွှေ့နေထိုင်ရာဒေသသို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ဝင်ရောက်မှုမရှိသေးသည့်အတွက် ဖြစ်ကြောင်းလည်း အကြောင်းပြသည်။
မဲစာရင်း ကွဲလွဲမှု အနည်းငယ်ရှိနေခြင်းဟု ဦးမြင့်ကြိုင်ကဆိုသော်လည်း ကြံ့ခိုင်ရေးပါတီ၏ နေပြည်တော်ကောင်စီနယ်မြေဥက္ကဋ္ဌ ဘူးလက်ဦးလှဆွေကမူ စစ်ကော်မရှင်မဲစာရင်းများ တော်တော်များများ မှားယွင်းနေခြင်းဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ မိသားစုပင် မဲစာရင်း မပါကြောင်း၊ သေဆုံးသူနှင့် ပြောင်းရွှေ့သူများလည်း ပြန်ပါဝင်နေကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ မဲစာရင်းတွေကပ်ထားတာ သွားကြည့်တယ်။ သွားကြည့်တော့ တော်တော်များများလွဲနေတယ်။ ဘယ်လိုလွဲတာဆို ၂၀၂၀ တုန်းက မဲစာရင်းအဟောင်းကြီးတွေလို့ ယူဆရတယ်။ အဲ့တာတွေပြန်ကပ်ပေးလိုက်တယ်။ အခုအသစ်ပြန်ကောက်တဲ့ ရပ် ၊ကျေးအုပ်ချုပ်ရေးမှူးတွေ ပြန်ကောက်တဲ့စာရင်းတွေမဟုတ်ဘူး။ ကွာတာက တော်တော်ကွာနေတယ် ၅၀၀ မှာ ၃၀၀ လောက်ကွာနေတယ်။ ဒါက သိပ်မကောင်းဘူးပေါ့နော်” ဟု ဘူးလက်ဦးလှဆွေက ဆိုသည်။

စစ်ကော်မရှင်၏ မဲစာရင်းနှင့် ပတ်သက်ပြီး ဘူးလက်ဦးလှဆွေအပြင် အခြားမဲစာရင်း သွားရောက်ကြည့်ရှုခဲ့သူများကလည်း မဲစာရင်းများ မှားနေကြောင်း လူမှုကွန်ရက်တွင် ထောက်ပြပြောဆိုမှုများ ရှိသည်။
“ကျွန်မကိုယ်တိုင် ကိုယ်စားလှယ်လောင်းလျှောက်တော့ မဲစာရင်းစစ်တာ မပါဘူးဖြစ်နေလို့ လဝကမှာ သွားစစ်တော့ ကျွန်မအိမ်ထောင်စုစာရင်းပါ ပျောက်နေပါတယ်။ စစ်တော့ ပြည်မှာ ပေါ်နေပါတယ်။ ကျွန်မက သဲကုန်းမြို့နယ် ဆင်မြီးဆွဲမှာနေသူက ကိုယ်တိုင်လည်း အိမ်ထောင်စုစာရင်းမထွက်ပါဘူး။ ပြည်မှာလည်း မဝင်ထားပါဘဲ ကျွန်မ မဲစာရင်းပျောက်နေတာ အံ့ဩစရာပါ”ဟု ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးပါတီ(UPUP) ဥက္ကဋ္ဌ ဒေါ်စောယုမာက ၎င်း၏ လူမှုကွန်ရက်တွင် အောက်တိုဘာ ၅ ရက်နေ့က ရေးသားသည်။
“အဲ့နေ့က ကျွန်မတင်မဟုတ်ဘဲ ကျွန်မနဲ့ပါတဲ့သူတွေ စစ်တဲ့အခါ တယောက်က ပန်းတောင်းရောက်နေတယ်၊ တယောက်က သုံးမြို့နယ်မှာ ပေါ်နေတယ်၊ တယောက်က ရန်ကုန်ရောက်နေတယ်၊ အဲ့လိုအမှားတွေဖြစ်နေပါတယ်”ဟုလည်း ဆိုသည်။
မဲစာရင်းမှားယွင်းမှုများ ထုတ်ဖော်ပြောဆိုခံရပြီးနောက် လက်ရှိတွင် စစ်ကော်မရှင်၏ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို စက်တင်ဘာ ၃၀ ရက်နေ့မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ ကြေညာမည်ဖြစ်ကြောင်း သတ်မှတ်ထားရာမှ အောက်တိုဘာ ၂၀ ရက်နေ့အထိ မဲစာရင်းကြေညာထားမည့်ရက်ကို ထပ်မံတိုးမြှင့်ခဲ့သည်။
တဖက်တွင်လည်း စစ်ကော်မရှင်က မဲစာရင်း သွားကြည့်ရန်၊ အချက်အလက်များ မှားယွင်းနေပါက ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်ရန် ထုတ်ပြန်နေသော်လည်း အဆိုပါ မဲစာရင်းများအား သွားရောက်ကြည့်ရှုသူများ နည်းပါးလျက်ရှိကြောင်း သိရသည်။


Leave a Reply