နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က တောင်းဆိုထားမှုကို စစ်အုပ်စုက လျစ်လျူရှုထားဆဲဖြစ်ပြီး တွေ့ဆုံခွင့်မရသေးကြောင်း စုံစမ်းသိရှိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကစပြီး ရှေ့နေအဖွဲ့က စစ်အုပ်စုထံ စာဖြင့် အကြိမ်ကြိမ် တင်ပြတောင်းဆိုနေခြင်းဖြစ်သည်။
လွန်ခဲ့သည့် ငါးလခန့်က တွေ့ဆုံခွင့် ထပ်မံတင်ပြထားမှုမှာလည်း လက်ရှိအချိန်အထိ “ဘာမှ မထူးဘူး” ဟု တရားရုံးနှင့် နီးစပ်သူတဦးက ယနေ့ (မေလ ၁၀ ရက်) ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား “သတ်မှတ်နေအိမ်” သို့ပြောင်းရွှေ့ကြောင်း ကြေညာပြီးနောက်ပိုင်းတွင်မူ ရှေ့နေအဖွဲ့က တွေ့ဆုံခွင့် ထပ်မံ တင်ပြထားခြင်း မရှိသေးကြောင်းလည်း ပြောသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာပြောင်းရွှေ့လိုက်သော်လည်း အပတ်စဉ် တနင်္လာနေ့တိုင်း ၎င်းအတွက် ထောင်ဝင်စာပစ္စည်းပေးပို့မှုကို နေပြည်တော်အချုပ်ထောင်သို့သာ ဆက်လက်ပေးပို့နေရဆဲဖြစ်ကြောင်းလည်း တရားရုံးနှင့် နီးစပ်သူများက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အကျဉ်းထောင်မှ “သတ်မှတ်နေအိမ်” ၌ ကျန်ရှိပြစ်ဒဏ်များအား ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ကြောင်း စစ်အုပ်စုက ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား မိသားစု၊ ရှေ့နေများနှင့် ပုံမှန်တွေ့ဆုံခွင့်ပေးရန်၊ လိုအပ်သည့် ဆေးကုသမှုများ ခွင့်ပြုပေးရန်နှင့် “ခြွင်းချက်မရှိ” လွှတ်ပေးရန် ဥရောပသမဂ္ဂ (EU)၊ ဩစတြေးလျ၊ ကနေဒါနှင့် နော်ဝေးနိုင်ငံတို့က တောင်းဆိုထားသကဲ့သို့ ယူကေ၊ အမေရိကန်၊ ကုလသမဂ္ဂ၊ ဂျပန်နှင့် ပြင်သစ်နိုင်ငံတို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် တောင်းဆိုထားကြသည်။
ဒေါ်အောင်ဆန်းစုကြည်အား စစ်အုပ်စုက နေရာရွှေ့ပြောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က မိခင်ဖြစ်သူအား နေရာရွှေ့ပြောင်းခြင်းမှာ လွတ်မြောက်ခွင့်ပေးခြင်းမဟုတ်ဘဲ ဓားစာခံအဖြစ် ဆက်လက်ထား ရှိနေခြင်းသာဖြစ်ကြောင်းနှင့် အသက်ရှင်နေသေးသည့် သက်သေပြရန် ထုတ်ပြန်တောင်းဆိုထားသည်။
ထို့ပြင် All in One Piece Movement ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ အမျိုးမျိုးသောသတင်းများ ထွက်ပေါ်နေသော်လည်း ခိုင်မာသောအထောက်အထား မဟုတ်ပါက လက်ခံမည်မဟုတ်ကြောင်းနှင့် အနာဂတ်တွင်လည်း ‘သက်ရှိထင်ရှားရှိကြောင်း’ သက်သေကိုသာ ဆက်လက်တောင်းဆိုသွားမည်ဖြစ်ကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် ငါးနှစ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်ပိုင်းကစပြီး ရှေ့နေအဖွဲ့နှင့်ပါ တွေ့ခွင့်မရတော့ဘဲ ပြင်ပ နှင့် အဆက်အသွယ်ဖြတ်တောက်ခံထားရသူဖြစ်သည်။












