နည်းပညာ လက်ဝယ်ရောက်ချိန် စစ်တပ်ကို ဆုံးမနိုင်ပြီဟု ဦးမင်းကိုနိုင် ပြော

မြိုင်တွင် ရဟတ်ယာဉ် တိုက်ခိုက်ခံရပြီးနောက် လေကြောင်းမှ ပြန်လည်ဗုံးကြဲနေ

တော်လှန်ရေးတပ်ဖွဲ့များ လက်ဝယ်သို့ နည်းပညာရောက်ရှိလာသည့်နေ့တွင် အာဏာသိမ်းစစ်တပ်ကို ဆုံးမနိုင်ပြီဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားပြောဆိုလိုက်သည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်အုပ်စု၏ Mi-17 ထောက်ပို့ရဟတ်ယာဉ်တစ်စင်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက အသေခံဒရုန်းဖြင့် ပစ်ချတိုက်ခိုက်နိုင်ခဲ့ပြီးနောက် ဇွန်လ ၂၃ ရက် ညဦးပိုင်းတွင် ဦးမင်းကိုနိုင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ လေယာဉ်မှူး ဗိုလ်မှူးနှင့် ဗိုလ်ကြီး အပါအဝင် စုစုပေါင်း ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။

အဆိုပါ ရဟတ်ယာဉ်ပေါ်တွင် စစ်ကော်မရှင်တပ်က ဒရုန်းဘက်ထရီများ တင်ဆောင်လာစဉ် အတွင်းပိုင်း ပေါက်ကွဲမှုဖြစ်ပွားချိန်နှင့် တိုက်ဆိုင်၍ တော်လှန်ရေးတပ်ဖွဲ့များက အသေခံဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ရဟတ်ယာဉ်တစ်စင်းလုံး မြေပြင်ပေါ် ပျက်ကျကာ မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် စစ်ကော်မရှင်ဘက်မှ တစ်ဦးသာ ဒဏ်ရာပြင်းထန်စွာဖြင့် အသက်ရှင်ကျန်ရစ်ပြီး ကျန်ရှိသည့် အရာရှိကြီးများမှာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း မြေပြင်သတင်းများက ဆိုသည်။

ဦးမင်းကိုနိုင်က ၎င်း၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာတွင် “နည်းပညာလက်ထဲရောက်တဲ့နေ့ ဖက်ဆစ်တပ်ကို ခုလို ဆုံးမနိုင်ပြီဆိုတာ ကမ္ဘာသိပြနိုင်ချိန်မှာ တော်လှန်ရေးကို အနုတ်လက္ခဏာ ပုံဖျက်မိနေကြရင် ဆင်ခြင်တော်မူကြဖို့ပါ” ဟု ရေးသားတိုက်တွန်းထားပြီး “အောင်စိတ်နှင့်သာ အောင်ရရာ၏” ဟုလည်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတစ်နိုင်ငံ၏ စစ်တပ် အခုလို ရှုံးပွဲကြုံရသည်ကို ပြည်သူများ ဘာကြောင့် ဝမ်းသာကြသည်ကို ကမ္ဘာကြီးအနေဖြင့် သဘောပေါက်ရန် လိုအပ်ကြောင်းလည်း ၎င်းက ထောက်ပြထားသည်။

ယခုကဲ့သို့ စစ်ရေးအောင်ပွဲများ ပြသနိုင်သည့်အတွက် တော်လှန်ရေးပြည်သူများအကြား ဓနအင်အား တတ်နိုင်သူများက ဘဏ္ဍာငွေများ ထပ်မံကူညီရန် နိုးထလာကြသလို၊ လုပ်အားနှင့် ဉာဏ်ပညာဖြင့် ကူညီရန် ပြင်ဆင်လာကြပြီဖြစ်ကြောင်းလည်း ၎င်းက အသိပေးထားသည်။

တစ်ဖက်တွင်လည်း ရဟတ်ယာဉ်နှင့် အရာရှိများ ဆုံးရှုံးခဲ့ရသည့် စစ်ကော်မရှင်တပ်သည် ဇွန်လ ၂၃ ရက် ယမန်နေ့ညပိုင်းမှစတင်၍ မြိုင်မြို့နယ်တောင်ပိုင်းရှိ တွင်းမကျေးရွာနှင့် ပတ်ဝန်းကျင်ဒေသများကို လေကြောင်းမှတစ်ဆင့် တရစပ် ပြန်လည်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အညာမြေတပ်ပေါင်းစု၏ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က “ဗုံးခိုကျင်းထဲကနေ လုံးဝ အပြင်မထွက်ရတဲ့ ညပါပဲ။ ကြဲချက်ကတော့ မရပ်မနားပါပဲ” ဟု မြေပြင်လေကြောင်းရန်အခြေအနေကို ၎င်း၏ လူမှုကွန်ရက်ကတစ်ဆင့် ရေးသားအသိပေးထားသည်။

အညာဒေသတွင် အရပ်သားပြည်သူများကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကော်မရှင်၏ ရဟတ်ယာဉ်ကို တော်လှန်ရေးအဖွဲ့များက နည်းပညာမြင့်ဒရုန်းများဖြင့် တန်ပြန်တိုက်ခိုက်နိုင်ခဲ့ခြင်းမှာ တော်လှန်ရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး၊ ရန်သူ့ဘက်က လေကြောင်းဖြင့် ပြန်လည်ဗုံးကြဲခြိမ်းခြောက်နေသော်လည်း ပြည်သူလူထု၏ ပံ့ပိုးမှုနှင့် နည်းပညာတိုးတက်မှုများကြောင့် ရှေ့လျှောက် တိုက်ခိုက်မှုများ ပိုမိုရှိလာနိုင်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက သုံးသပ်ထားကြသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *