Author: Baby Yit Lone

  • နယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုတည်းသာ ဖွင့်လှစ်နိုင်ဟု တရုတ်နိုင်ငံရောက် မင်းအောင်လှိုင်က ငြီးတွား

    နယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုတည်းသာ ဖွင့်လှစ်နိုင်ဟု တရုတ်နိုင်ငံရောက် မင်းအောင်လှိုင်က ငြီးတွား

    တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုတည်းသာ ဖွင့်လှစ်နိုင်ဟု တရုတ်နိုင်ငံရောက် မင်းအောင်လှိုင်က ငြီးတွား

    တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးနှင့်ကုန်သွယ်ရေး ပြန်စနိုင်ရေး မင်းအောင်လှိုင်က တရုတ်ကို အကူအညီတောင်း

    တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တစ်ခုတည်းသာ ဖွင့်လှစ်နိုင်ကြောင်း တရုတ်နိုင်ငံရောက် အကြမ်းဖက် မင်းအောင်လှိုင်က ငြီးတွားသည်။

    မင်းအောင်လှိုင်က ယမန်နေ့ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင် တရုတ်စီးပွားရေးသမားများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုညဉ်းတွားခဲ့ခြင်းဖြစ်သည်။

    တရုတ်နှင့်မြန်မာနိုင်ငံသည် နယ်နမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များက အရေးပါသေား ကဏ္ဍမှ ပါဝင်နေကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချု့်အရ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် စုစုပေါင်း နယ်စပ်ဂိတ် ၈ ခုရှိကြောင်း၊ လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အဆိုပါ နယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်- ရွှေလီ နယ်စပ်ဂိတ် ၁ ခုသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ရပ်တန့်ထားရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

    လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှု ထိခိုက်စေခဲ့ပြီး နယ်စပ်ဒေသကုန်သွယ်ရေးမှာ နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွား ဘ၀ တိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ် ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

    တရုတ်-မြန်မာနယ်စပ် ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသများ၏ စီးပွားရေး ကိုလည်း ထိခိုက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ကုန်သွယ်ရေးလမ်းကြောင်းကို တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဦးစွား အလေးထား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က တရုတ်ကို အကူအညီတောင်းခံခဲ့သည်။

  • ကျွန်တော်တို့ ဘယ်ခေတ်ကို ပြန်ရောက်နေလဲ

    ကျွန်တော်တို့ ဘယ်ခေတ်ကို ပြန်ရောက်နေလဲ

    “ကျွန်တော်တို့ ဘယ်ခေတ်ကို ပြန်ရောက်နေလဲ”

    လက်ရှိ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၉၆၄ ခုနှစ် က အခြေအနေကို ပြန်ရောက်နေပါတယ်။

    ၁၉၆၄ ခုနှစ် ဧပြီလ (၉)ရက်နေ့မှာ စစ်တပ်ဟာ ပုဂ္ဂလိကလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေ ပိုင်တဲ့ အလုပ်ရုံ၊ စက်ရုံ၊ လုပ်ငန်းတွေ၊ ဆိုင်တွေ၊ ကားတွေအပါအဝင် ပစ္စည်းတွေ အားလုံးကို ပြည်သူပိုင် သိမ်းခဲ့တယ်။

    ဒီဂယက်ကြောင့် ပြည်သူတွေ အတိဒုက္ခရောက်ခဲ့ပေမယ့် စစ်တပ်အရာရှိတွေ၊ လက်ပါးစေတွေကတော့ ခိုးထုတ်၊ စာရင်းဝှက်ကြပြီး ကြီးပွားချမ်းသာလာခဲ့ကြတယ်။

    ၁၉၆၄ ခုနှစ် ပြည်သူပိုင် သိမ်းတဲ့ ဂယက်ဟာ တချိန်က အဖွံဖြိုးဆုံး နဲ့ အတိုးတက်ဆုံး ဖြစ်ခဲ့တဲ့ မြန်မာပြည်ကို အဆင်းရဲဆုံး ဖြစ်အောင် တွန်းပို့လိုက်ပါတော့တယ်။

    ပြည်သူပိုင် သိမ်းရုံနဲ့တင် အားမရတဲ့ စစ်တပ်ဟာ ပြည်သူတွေ စိုက်ပျိုးထုတ်လုပ်ရောင်းချတဲ့ သီးနှံ၊ ပစ္စည်းတွေကိုပါ တနယ်နဲ့ တနယ် သယ်ဆောင်ခွင့် မပြုတာတွေ လုပ်ခဲ့ပြီး တွေ့ရင် ဖမ်းဆီး အရေးယူ သိမ်းဆည်းပါတယ်။

    နာမည်ကြီး ဆရာတော်ကြီးတစ်ပါးတောင် ဆန်အိတ်လေး သယ်ခွင့်ရဖို့ မြို့နယ်ကောင်စီ ဥက္ကဋ္ဌ ဆီက ထောက်ခံစာလေး ယူခဲ့ရတဲ့ မှတ်တမ်း ရှိပါသေးတယ်။

    ‌သုံးစရာငွေမရှိလို့ မြို့တက် ဆန်ရောင်းတဲ့ တောင်သူတွေကို ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့သလို ငတ်ပြတ်လို့ ဆံပင်ရောင်းတာကို ဝယ်တဲ့ သူကိုပါ ဖမ်းဆီးခဲ့တဲ့ အထိ ရက်စက်ခဲ့ကြပါတယ်။

    လွန်ခဲ့တဲ့ (၆၁)နှစ်က အခြေအနေနဲ့ ၂၀၂၅ ခုနှစ် လက်ရှိအခြေအနေကတော့ အတူတူပဲ ဖြစ်ပါတယ်။

    လက်ရှိစစ်ကောင်စီဟာ အာဏာသိမ်းပြီးတော့ ပြည်သူပိုင် သိမ်းရင် အထိနာမယ်၊ နိုင်ငံတကာက ​ငြိုငြင်မယ် ဆိုတာသိလို့ ပြည်သူပိုင် သိမ်း‌တာတော့ မလုပ်ခဲ့ပါဘူး။

    ဒါပေမယ့် သူတို့ကို ဆန့်ကျင်တွန်လှန်တဲ့ သူတွေဆီကနေတော့ ပိုင်ဆိုင်မှုတွေ သိမ်းတာ ပြုလုပ်ခဲ့ပါတယ်။

    စစ်ကောင်စီဟာ ပြည်သူပိုင် မသိမ်းပေမယ့် စီးပွားရေးနဲ့ ငွေကြေးတွေကိုတော့ ပြည်သူပိုင် သိမ်းခဲ့ပါတယ်။

    ပြည်သူပိုင်သိမ်းတယ် လို့သာ ဆိုနေပေမယ့် လက်တွေ့မှာတော့ စစ်တပ်အုပ်စု ကြီးပွားရေးအတွက် သိမ်းယူတာမျိုးပါ။

    ပထမဆုံး ဖြစ်ရပ်က ဘဏ်တွေမှာ ပြည်သူတွေ အပ်နှံထားတဲ့ ငွေကြေးတွေကို ထုက်ယူလို့ မရတော့အောင် ပိတ်ပင်ခဲ့တာပါပဲ။ ကိုယ့်ငွေကို ထုက်ယူလို့ မရလို့ စီးပွားရေးလုပ်ငန်း ငွေလည်ပတ်တာ၊ ငွေလွဲတာတွေ အားလုံးနီးပါး ထိခိုက်သွားခဲ့ရပါတယ်။

    နယ်က လုပ်ငန်းရှင်တွေ၊ ကုန်သည်တွေနဲ့ မြို့က လုပ်ငန်းရှင်တွေဟာ ဘဏ်ငွေလွဲစနစ်ကို အသုံးပြုပြီး စီးပွားရေးလည်ပတ်နေတာတွေ အကုန်ရပ်သွားခဲ့ရပါတယ်။

    အဆိုးဆုံးကတော့ ဘဏ်မှာ ရှိတဲ့ ကိုယ်ငွေကြေးကို ရာခိုင်နှုန်း (၁၀)အထိ ပေးပြီး ပြန်ထုက်ကြရတဲ့အထိပါပဲ။

    စဉ်းစားကြည့်ပေါ့။ ကိုယ်ပိုင်ငွေသိန်း(၁၀၀၀)ပြန်ယူဖို့ သိန်း(၁၀၀)ပေးခဲ့ရတယ် ဆိုတာမျိုးက ကမ္ဘာမှာ မြန်မာပဲ ရှိခဲ့ပါတယ်။

    နောက်တနည်းက နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် ကန့်သတ်လိုက်ပြီးတော့ ငွေပြန်ပေးရမှာ ထက်ဝတ်ခွာချလိုက်တာပါ။

    ပြင်ပငွေလဲနှုန်းဟာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် (၄၃၀၀) ရှိချိန်မှာ စစ်ကောင်စီရဲ့ သတ်မှတ်ဈေးက (၂၁၀၀)ကျပ်ပါ။

    ဒီလို ခွာချလိုက်တော့ ဘဏ်မှာ နိုင်ငံခြားငွေ စုထားတဲ့ သူဟာ မိမိငွေတန်ဖိုးရဲ့ ထက်ဝက်သာ ရပါတော့တယ်။

    စစ်ကောင်စီကတော့ အဆိုပါ နိုင်ငံခြားငွေကို သိမ်းဆည်းပြီးတော့ ၎င်းတို့ အကျိုးစီးပွား နဲ့ စစ်လက်နက်ဝယ်ယူရေးတွေမှာ အသုံးပြုခဲ့ပါတယ်။

    စစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင် မသိမ်းပေမယ့် လည်ပတ်လို့ မရတော့အောင်၊ သူတို့အောက်ကနေ စီးဆင်းအောင် ထိန်းချုပ်လိုက်ပါတယ်။

    နိုင်ငံတကာ ကုမ္ပဏီကြီးတွေဆီကနေ အချက်အလတ်တွေ တောင်းတယ်။ လည်ပတ်လို့ မရအောင် ဥပဒေ အမိန့်တွေနဲ့ တင်းကြပ်တယ်။

    နောက်ဆုံး တင်းမခံနိုင်‌တဲ့ အချိန်မှာ စစ်တပ်ရဲ့ သစ္စာခံတဲ့ ခရိုနီသူဌေး‌ကြီးတွေဆီ ရောင်းချကြရပါတယ်။

    တယ်လီနော နဲ့ အော်ရီဒူး လို လုပ်ငန်းစုတွေ ထွက်ခွာသွားရတာ ဒီလိုနည်းကြောင့် ဖြစ်ပြီးတော့ သူတို့ဟာ စစ်တပ်ရဲ့ လက်အောက်ခံ ခရိုနီတွေက ဝယ်ယူခဲ့ကြတာပါ။

    ဒီလို နိုင်ငံတကာ လုပ်ငန်းတွေဟာ သူတို့ လုပ်ငန်းတွေကို တခြားသူဆီ ရောင်းချလို့ မရအောင်လည်း စစ်ကောင်စီက ဥပဒေတွေနဲ့ အကြပ်ကိုင်ခဲ့ပါတယ်။

    ဒီနည်းလမ်းတွေဟာ ပြည်သူပိုင်သိမ်းတာနဲ့ အတူတူဖြစ်ပါတယ်။

    နောက်တခုက စစ်ကောင်စီဟာ ငွေစက္ကူတွေကို အထိန်းအကွပ် မရှိ ထုတ်ဝေခဲ့ပြီး သူတို့ လိုအပ်နေတဲ့ ဘက်ဂျက်ကို ဖြည့်တင်းခဲ့ပါတယ်။

    ‌တစ်သောင်းတန် နဲ့ ငါးထောင်တန် ငွေစက္ကူတွေကို အထိန်းမရှိ ထုတ်ခဲ့တဲ့ ရလာဒ်က လေးနှစ်အတွင်း ငွေတန်ဖိုး အကြီးအကျယ် ကျဆင်းသွားခဲ့ပါတယ်။

    NLD အစိုးရခေတ် ၂၀၂၀ နှစ်ကုန်ပိုင်းမှာ အမေရိကန်တစ်ဒေါ်လာ ကျပ် (၁၃၀၀)သာ ဖြစ်ပေမယ့် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း တစ်ဒေါ်လာကို ကျပ်(၄၃၀၀)အထိ ရောက်လာပါတယ်။

    ဒါဟာ လေးနှစ်အတွင်း ငွေတန်ဖိုး (၃)ဆ ကျဆင်းသွားခဲ့တာပါ။

    ငွေစက္ကူကို အထိန်းမရှိ ထုတ်ခဲ့တာကြောင့် ငွေစက္ကူအသစ်တွေ ဖြည့်ဆည်းရာမှာ အရည်အသွေးမကောင်းတဲ့ အီရန်ဆီက စက္ကူတွေ၊ တရုတ်ထုတ် မင်တွေကို အသုံးပြုခဲ့ပါတယ်။

    ဒီရလာဒ်က အခုနောက်ပိုင်း စစ်ကောင်စီထုတ်တဲ့ ကျပ်တစ်သောင်းတန် ငွေစက္ကူတွေဟာ အရည်အသွေးညံပြီး မင်ပြယ်တာ၊ အတုနဲ့ သိပ်မကွာတာတွေအထိ ဖြစ်လာပါတယ်။

    ဈေးကွက်ထဲမှာ တချို့ ငွေစက္ကူအတု တွေဟာ အစစ်တွေ ဖြစ်ပြီး အရည်အသွေးညံဖျင်းလို့ အတု ဖြစ်သွားတာပါ။

    ဒါ့အပြင် စစ်ကောင်စီဟာ လွက်လပ်တဲ့ ဈေးကွက် စီးပွားရေးစနစ်ကို စတင်ထိန်းချုပ်ပါတယ်။

    စားသုံးဆီတွေ ကန့်သတ်တာ၊ စက်သုံးဆီတွေ ကန့်သတ်တာ၊ ဈေးနှုန်းတွေကို သတ်မှတ်တာတွေဟာ ဈေးကွက်ကို ဝင်စွက်ဖက်တာပါ။

    ဒီလိုလုပ်ခြင်းဟာ မှောင်ခိုဈေးကွက်ကို ကြီးထွားလာစေခဲ့ပါတယ်။

    ဥပမာ- စစ်ကောင်စီဟာ စားသုံးဆီ တပိဿာ ကျပ်(၆၄၀၀) လို့ ထုတ်ပြန်နေပေမယ့် လက်တွေ့ ဈေးကွက်မှာ ပြည်သူတွေက တပိဿာ ကျပ်(၁၃၀၀၀) ပေးဝယ်နေရပါတယ်။

    ရွှေဈေးနှုန်း၊ ဒေါ်လာဈေးနှုန်းတွေက်ု ကန့်သတ်ထိန်းချုပ်လိုက်ပေမယ့် လက်တွေ ဈေးတွေနဲ့ ကွာပြီး ရွှေ‌ဆိုင်တွေဟာ ဘောက်ချာ နှစ်ခု ဖွင့်ကြရပါတယ်။

    နောက်ထပ် တခုက စစ်ကောင်စီဟာ ဆန်တွေကို တနယ် နဲ့ တနယ် တင်ပို့ရာမှာလည်း ကန့်သတ်ထားပြီး ကုန်သည်တွေဟာ ထောက်ခံစာပါမှ တင်ပို့ခွင့် ရနေတာပါ။

    ဒါဟာ ၁၉၆၄ ခုနှစ်က အခြေအနေနဲ့ တထပ်တည်း ဖြစ်ပါတယ်။

    ဒါအပြင် အခုနောက်ပိုင်းမှာ ဆန်သာမက စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ကုန်စည်တွေကို တနယ်နဲ့တနယ် တင်ပို့ခွင့် ကန့်သတ်ထားပါတယ်။

    အဆိုးဆုံးက တရားမဝင်ကုန်စည်တားဆီးရေး ဆိုပြီး တလွဲထုတ်ပြန်မှုတွေကြောင့် ကုန်စည်တွေ သယ်ယူတာ၊ ပို့ဆောင်တာ တင်းကြပ်လို့ ကုန်စည်ပြတ်တောက်တာ ရှိလာပါတယ်။

    စစ်ကိုင်း၊ ကချင်၊ ချင်း၊ ရှမ်းမြောက်၊ ကရင်နီ နဲ့ ရခိုင် လို နေရာတွေကို ဖြတ်လေးဖြတ် ပြုလုပ်ထားသလို အစစ်ဆေး၊ အတားဆီးတွေ ပြုလုပ်ထားပါတယ်။

    ဒါဟာ ၁၉၆၄ ခုနှစ်ကထက် ဆိုးဝါးနေပြီး ကုန်စည်ပို့ဖို့ဆိုရင် စစ်‌ကောင်စီရဲ့ တိုင်းဒေသ၊ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထောက်ခံချက် စာရွက်တွေ အများကြီး လိုပါတယ်။

    စစ်တပ်ရဲ့ လက်ချက်ဟာ တိုင်းပြည်ကို ပိုဆင်းရဲသွားစေခဲ့ချိန်မှာ လူထုကို ခြွေတာနေဖို့ ပြောဆိုထားပါသေးတယ်။

    တနိုင်ငံလုံး အတိဒုက္ခရောက်ချိန်မှာ စစ်အုပ်စုရဲ့ ဝန်ထမ်းတွေကတော့ ငွေကြေးတောင်းယူတာ၊ လက်မှတ်ထိုးခ၊ ထောက်ခံချက် တောင်းခ၊ စစ်ဆေးရေးဂိတ်မှာ တောင်းခ၊ ဌာနဆိုင်ရာ ထောက်ခံချက် တောင်းခတွေ နဲ့ ကြီးပွားလာပါတယ်။

    ဝန်ထမ်းတွေ ပေါ်တင် လာဒ်ပေးလာဒ်ယူ ပြု‌လုပ်နေကြပေမယ့် စစ်ကောင်စီဟာ ဟန်ပြသာ အဖြစ်လုပ်ပြနေတယ်။

    ဝန်ထမ်းတွေကိုယ်တိုင်က သူတို့ လစာ ဝင်ငွေနဲ့ မတောင်းရင် ငတ်မယ်။ ကိုယ်မတောင်းရင် တခြားသူက တောင်းမှာပဲ ဆိုပြီး ပေါ်တင် တောင်းယူနေကြပါတယ်။

    ပြည်သူကို နှိပ်စပ်ဖို့၊ ဖိနှိပ်ဖို့၊ ငွေရဖို့ လိုသလို ချိန်းခြောက်မှုတွေ လုပ်နေတာကြောင့် ဆင်းရဲတဲ့ လူထုဟာ အထွေထွေ အကြပ်အတည်းဆိုက်လာကြပါတယ်။

    ဒါအပြင် စစ်ကောင်စီဟာ တရားမဝင်ကုန်စည်ဆိုပြီး နယ်စပ်၊ ရေကြောင်း၊ လေကြောင်းကနေ သွင်းလာတာတွေကိုပါ ဖမ်းဆီးသိမ်းယူနေပါတယ်။

    တရားမဝင် သွင်းလာလို့ အကြောင်းပြချက် ပေးနေပေမယ့် သွင်းကုန်လိုင်စင်လည်း မချပေးသလို ‌နိုင်ငံခြားငွေကြေးလည်း သုံးစွဲခွင့်မပြုပါဘူး။

    ပြည်ပကို ကုန်စည်တင်ပို့နိုင်ရင်လည်း ရလာတဲ့ နိုင်ငံခြားငွေကြေးကို ထိန်းချုပ်ထားသလို ငွေကြေးလဲလှယ်ရာမှာလည်း သူတို့ သတ်မှတ်တဲ့ ငွေလဲနှုန်းနဲ့သာ လုပ်စေပါတယ်။

    ပို့ကုန်ရငွေကိုလည်း နည်းမျိုးစုံနဲ့ ရယူနေသလို အခုလည်း ပြည်ပရောက် မြန်မာလုပ်သားတွေဆီကနေ ငွေနှိုက်ဖို့ ကြံစည်နေပါတယ်။

    နိုင်ငံခြားသွင်းကုန်တွေကို နိုင်ငံခြားငွေကုန်စေတယ် ဆိုပြီး အကြောင်းပြချက်နဲ့ ကန့်သတ်နေပေမယ့် ရလာတဲ့ နိုင်ငံခြားငွေကြေးတွေကို စစ်‌လက်နက်ဝယ်ဖို့ အလုံးအရင်း နဲ့ အသုံးပြုနေတာပါ။

    ပြည်သူတွေကိုတော့ လျော့စား၊ ခြွေတားစားဖို့ ပြောဆိုနေပေမယ့် စစ်အုပ်စု နဲ့ မိသားစုဝင်တွေကတော့ တိုင်းပြည်ငွေကို စိတ်ရှိသလို သုံးနေကြပါတယ်။

    ဒါအပြင် အဆိုးဝါးဆုံးက တိုင်းပြည်စီးပွားရေး လုပ်ငန်းတွေကို သူတို့ မိသားစုဝင်တွေကသာ ကြီးစိုးရယူနေပြီး အမြတ်ငွေကောင်းကောင်းနဲ့ Sub- ကန်ထရိုက်စနစ်နဲ့ ပြန်ဖြန့်ပါတယ်။

    ဆိုတော့ တိုင်းပြည်က စီးပွားရေးလုပ်ငန်းတွေကိုလည်း လက်ဝါးကြီးအုပ်ထားပြီးတော့ ပြည်သူကိုတော့ MSME ဆိုပြီး ဂျင်းကျွေးနေကြပြန်ပါတယ်။

    စစ်အုပ်စု မိသားစုဝင်တွေဟာ ကုမ္ပဏီ‌ထောင်၊ စိတ်ထင်တိုင်လုပ်၊ ပြည်သူတွေကို ကန့်သတ်မှုတွေ လုပ်ပေးမယ့် သူတို့ လိုချင်ရင် အထူးခွင့်ပြုချက်တွေနဲ့ ရေလို သုံးနေကြတာပါ။

    စီးပွားရေးဆိုတာ ဘာမှန်းတောင် မသိတဲ့ အုပ်စုက စီးပွားရေးတွေကို ထိန်းချုပ်ထားတော့ တနိုင်ငံလုံး စီးပွားရေးဆုက်ကပ် ဖြစ်လာပါတယ်။

    အဆင့်ဆင့် ကျွေးရ၊ ခွံရတာတွေ များလာတော့ ကုန်ဈေးနှုန်းပါ လိုက်တက်လာပါတယ်။ လူတွေ ငတ်သေတာ ရှိလာပါတယ်။

    ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်လာပေမယ့် လူတွေ ဝင်ငွေ မတိုးလာတဲ့အပ်ြင် အဖက်ဖက်က ငွေတောင်းတာ ပိုများလာပါတယ်။

    စစ်မှုထမ်းကြေးလို၊ စစ်ဆေးရေးဂိတ်တွေ၊ လုပ်ငန်းလိုင်စင်ချပေးတာတွေမှာ ငွေကြေးတောင်းခံမှုတွေက အဆိုးဝါးဆုံး ဖြစ်လာပါတယ်။

    တတိုင်းပြည်လုံး ကပ်ဘေးသင့်နေပေမယ့် စစ်ကောင်စီဟာ “တိုင်းပြည်စီးပွားရေး တိုးတက်လာပါတယ်” လို့ ပြောဆိုနေပါသေးတယ်။

    အခုလည်း ကုန်စည်တွေ မစီးဆင်းခိုင်းတော့သလို လုပ်ငန်းတွေ လည်ပတ်နိုင်စွမ်း မရှိတော့လို့ အကုန်အကြပ်အတည်းဆိုက်လာနေကြပါပြီ။

    လူတွေဟာ ငွေကြေးဖောင်းပွမှု ဒါဏ်ကြောင့် လက်ထဲမှာ ငွေမကိုင်ရဲတော့ပါဘူး။

    စီးပွားရေးလုပ်ဖို့ကလည်း အကုန်လက်ဝါးကြီး အုပ်ထားသလို စီးပွားရေးအခွင့်အလမ်းတွေ မရှိတော့လို့ အထွေထွေအကြပ်အတည်းဆိုက်နေကြပါတယ်။

    ရွှေကိုင်ထားဖို့ကလည်း ခေတ်ပျက်မှာ တောကြောင်တွေ လက်ခမောင်းခတ်သလို စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ပေါ်တင် ဓါးပြတိုက်နေကြပါတယ်။

    ပြန်ပေးဆွဲ၊ လူသတ်တာ နေ့စဉ်နဲ့ အမျ ပိုများလာသလို စစ်အုပ်စုဟာ ကိုယ်တိုင် လူငယ်တွေကို ပြန်ပေးဆွဲနေကြပါတယ်။

    နိုင်ငံခြားငွေကြေး ကိုင်ဖို့ကလည်း ကန့်သတ်ထားသလို တွေ့ရှိရင် ဖမ်းဆီး အရေးယူနိုင်တဲ့ အထိ စစ်ကောင်စီက လုပ်ထားပါတယ်။

    ငတ်ပြတ်လာပြီး အလုပ်အကိုင်ရှားလို့ ပြည်ပထွက်မယ် ဆိုတော့လည်း အသက်(၁၈)ကနေ (၃၅)နှစ်ကြား လူငယ်တွေကို ပြည်ပထွက်ခွင့် ပိတ်ထားပါတယ်။

    စစ်ကောင်စီလက်အောက်ခံ သားသမီးတွေကတော့ စိတ်ကြိုက် ပြည်ပထွက် နေထိုင်ကြပြီးတော့ တိုင်းပြည်ငွေကြေးကို စိတ်တိုင်းကျ သုံးစွဲနေကြပါတယ်။

    မြန်မာပြည်မှာသာ နေကြရပေမယ့် အကန်ဈေးကြီးပြီးတော့ အခွင့်အရေးမရှိ၊ အနာဂါတ် ပျောက်တာတွေ များလာကြပါပြီ။

    အထွေထွေအကြပ်အတည်းကလည်း အမြင့်ဆုံးရောက်လာနေတာမို့ မကြာခင် ပေါက်ကွဲထွက်လာနိုင်ပါတယ်။

    လူတွေ ဒုက္ခအတိရောက်နေချိန်မှာ စစ်အုပ်စုဟာ သူတို့ အသက်ရှင်သန်ရေးအတွက် နေရာတွေ ဖန်တီးနေကြပါတယ်။

    ဒီလိုအချက်တွေ ပြန်ကြည့်ရင် မြန်မာနိုင်ငံဟာ ၁၉၆၄ ခုနှစ်ကို ပြန်ရောက်သွားနေပါတယ်။

    တဖြေးဖြေး ဆုတ်ပြတ်လာတဲ့ နိုင်ငံရဲ့ အခြေအနေဟာ အငတ်ဘေးဆိုက်လာစေသလို လူထုကိုလည်း အဆင်းရဲဆုံး ဖြစ်စေခဲ့ပါတယ်။

    ၂၀၁၆-၂၀၂၀ ခုနှစ်အတွင်း အရပ်သားအစိုးရဟာ တိုင်းပြည်တိုးတက်ဖို့ အခြေခံအဆောကအဦးတွေကို စနစ်တကျ ဆောက်ခဲ့တယ်။ လူထုဟာ အနာဂါတ်ရှိလာတယ်။ မျော်လင့်ချက် ပြည့်လာတယ်။

    စီးပွားရေးအခြေခံအုတ်မြစ်ဟာ အခုတည်ဆောက် အခု ချက်ချင်းစားလို့ မရပါဘူး။ အချိန်ပေးရပါတယ်။

    လူထုဟာ ၂၀၂၀ -၂၀၂၅ ခုနှစ် (၅)နှစ်တာ ကာလဟာ အဖွံဖြိုးဆုံး၊ အတိုးတက်ဆုံး ဖြစ်မယ့် ကာလလို့ သတ်မှတ်ခဲ့ပါတယ်။

    ဒါပေမယ့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်က စလို့ အကုန်ပျက်စီးသွားပါတယ်။

    တိုင်းပြည်စီးပွားရေးဟာ အောက်ဆုံး ထိုးကျခဲ့ပြီး လူထုဟာ အငတ်ဘေးပါ သင့်လာရပါတယ်။

    ခင်များတို့ ဘယ်ခေတ်ရောက်နေလဲဆိုရင် ၁၉၆၄ ခုနှစ်ကို ပြန်ရောက်နေတယ်လို့ ပြောရင် မယုံမရှိနဲ့ ။

    ရှေးလူကြီးတွေကို ပြန်မေးကြည့်လို့ ရပါတယ်။

  • “PDF လို့ပြောပြီး ဖမ်းခိုင်းမယ်” ဆိုတဲ့ စစ်တပ် တပ်ကြပ်ကြီးစိုးဝင်း

    “PDF လို့ပြောပြီး ဖမ်းခိုင်းမယ်” ဆိုတဲ့ စစ်တပ် တပ်ကြပ်ကြီးစိုးဝင်း

    “PDF လို့ပြောပြီး ဖမ်းခိုင်းမယ်” ဆိုပြီး စစ်တပ် တပ်ကြပ်ကြီးစိုးဝင်းဆိုသူက ပြင်ဦးလွင်ရှိ ဖုန်းဆိုင်တခုထဲ ဝင်ရောက်ခြိမ်းခြောက်ကြိမ်းမောင်းနေတဲ့ ရုပ်သံဖိုင်တခု လတ်တလော ပျံ့နှံ့နေသလို လူမှုကွန်ရက်သုံးစွဲသူတွေကြားမှာလည်း ဝေဖန်မှုတွေများပြားနေပါတယ်။

  • ဟိုပန်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခွင့် UWSA တားမြစ်

    ဟိုပန်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ခွင့် UWSA တားမြစ်

    “ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်တာကို ကြုံတွေ့လာရင် တရားစီရင်ရေးဌာနသို့ တိုင်ကြားဖို့ UWSA က လူထုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

    အစည်းအဝေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က ဟိုပန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုတွေကို UWSA ရဲ့ စစ်မှုထမ်းဆိုင်ရာဥပဒေ၊ ပြစ်မှုနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိပညာ စတဲ့အကြောင်းအရာတွေကိုလည်း ရှင်းလင်းပေးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ “ဝ”လူငယ့်အသံက သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

    သတင်းရင်းမြစ်တစ်ဦးက “စည်းရုံးတာမျိုးတော့ မရှိသေးဘူး။ ပေးမလုပ်ဘူးလို့ ကြားတယ်။ ကြိုတင် သတိပေးတဲ့အနေနဲ့ ပြောတာ။ တစ်ဆက်တည်းမှာပဲ ဟိုပန်ခရိုင်မှူးနေရာအတွက် ရာထူး ရရှိရေး၊ အာဏာ ရရှိရေး၊ မဲဆွယ်စည်းရုံးခွင့်မရှိတဲ့ အကြောင်းပေါ့ ပြောသွားတယ်” ဆိုပြီး ပြောပါတယ်။

    ဒါ့အပြင် အရင်က UWSA ရဲ့ ဟိုပန်ခရိုင်မှူးဟာ သက်ငယ် အဓမ္မပြုကျင့်မှု ကျူးလွန်တာကြောင့် နှစ်ရှည်ထောင်ဒဏ်၊ ငွေဒဏ်၊ ရာထူး ဆိုင်းငံ့ခံရခြင်း စတဲ့ပြစ်ဒဏ်ပေးတာ ခံရပြီး သူ့နေရာကို ပြန်လည်အစားထိုးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

    စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ဖြစ်ဖြစ် ဟိုပန်ခရိုင်မှူးနေရာအတွက်ဖြစ်ဖြစ် အခကြေးငွေ ပေးပြီး လူထုတွေအပေါ် မဲဆွယ်စည်းရုံးရေး လုပ်တာကို UWSA က တားမြစ်ထားတယ်လို့ UWSA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

    ဟိုပန်မြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ UWSA ထံ လက်လွှဲပေးခဲ့တာပဲ ဖြစ်ပါတယ်။

  • မင်းအောင်လှိုင်တယောက် တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစားလိုက်ပြီလား

    မင်းအောင်လှိုင်တယောက် တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစားလိုက်ပြီလား

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်ကြောင့် နိုင်ငံတကာဇာတ်ခုံမှာ သူ့ကို အားလုံးက မျက်နှာလွှဲကြပါတယ်။ ပစ်ပယ်ထားကြတယ်၊ ဒဏ်ခတ်ပိတ်ဆို့ တယ်၊ ကမ္ဘာမှာ အရေးကြီးတဲ့၊ ဒေသတွင်းမှာ အရေးကြီးတဲ့ အစည်းဝေးပွဲတိုင်းမှာ ဧည့်သည်စာရင်းကနေ ချန်လှပ်ခံရပါတယ်။ အခုချိန်အထိ လည်း အနည်းဆုံးတော့ လူစုံတဲ့အခါ ကလေးဝိုင်း အပို့ခံရပါတယ်။

    ဒါပေမဲ့ အထီးကျန်နေတဲ့ ကလေးတိုင်းအတွက် သန်မာတဲ့ အစ်ကိုကြီးတယောက်လိုအပ်ပါတယ်။ မင်းအောင်လှိုင်အတွက်တော့ အဲ့ဒီမိတ်ဆွေက သန်လည်းသန်တယ်။ ပိုက်ဆံလည်းရှိတယ်၊ ကိုယ့်ဘေးမှာ ကပ်လျက်လည်း ရှိနေတဲ့ မိတ်ဆွေကြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံပါ။ အာဏာသိမ်းခါစတုန်းက တရုတ်ဟာ စစ်ကောင်စီကို ခပ်တန်းတန်းဆက်ဆံခဲ့ပေမဲ့ အခုတော့ နွေးနွေးထွေးထွေးနဲ့ စီးပွားရေးအရ ချည်နှောင်ထားတဲ့ ဖက်လဲတကင်း အခြေအနေအထိ ဖြစ်လာခဲ့ပါပြီ။ ဒီအတွက် အဓိကမေးခွန်းကတော့ မင်းအောင်လှိုင်တယောက် သူ့အာဏာတည်မြဲရေးအတွက် မြန်မာနိုင်ငံကို တရုတ်လက်ထဲ ထိုးအပ်လိုက်ပြီလား ဆိုတာပါပဲ။

    အပိုင်း (၁) Accept လုပ်ဖို့ အကြာကြီးစောင့်ခဲ့ရတဲ့ Friend Request

    အာဏာသိမ်းပြီးနောက်မှာ မင်းအောင်လှိုင်တရားဝင်မှုကို အသည်းအသန်လိုအပ်နေခဲ့ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တယောက်နဲ့ ဓာတ်ပုံတပုံရိုက်ဖို့ မဖြစ်မနေလိုအပ်နေပြီးတော့ သူ့ရဲ့ နံပါတ်တစ်ပစ်မှတ်ကတော့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဖြစ်ပါတယ်။ ပူတင်ကတော့ နံပါတ် ၂ ပေါ့လေ။ အာဏာသိမ်းပြီးစနှစ်တွေမှာ သံတမန်ရေးရာမှာ seen ပြပြီး အဖက်မလုပ်ခံရတဲ့ အခြေအနေမျိုးကို ဖြတ်သန်းခဲ့ရတာပါ။ အဲ့ဒီနောက်မှာတော့ အလှည့်အပြောင်းတခု ဖြစ်လာခဲ့ပါတယ်။

    ၂၀၂၅ မေလတုန်းက မော်စကိုမှာ ရှီနဲ့ အလွတ်သဘောတွေ့ရင်းနဲ့ ခဏတာ လက်ဆွဲနှုတ်ဆက်ခွင့်ရခဲ့ပါတယ်။ ဒါက ကိုယ် crush ကောင်မလေးဆီက ‘like’ တခုပြန်ရလိုက်သလိုမျိုးပါ။ ဒါပေမဲ့ စစ်ခေါင်းဆောင်က ဒါထက်ပိုတဲ့ တကယ့် တရားဝင်တွေ့ဆုံမှုမျိုး လိုချင်ခဲ့တာပါ။ ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှာတော့ သူလိုချင်တာကို ရခဲ့ပြီဖြစ်ပါတယ်။

    မင်းအောင်လှိုင်ကို ကော်ဇောနီခင်းပြီး ခမ်းခမ်းနားနား ကြိုဆိုခဲ့ပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရှီကျင့်ဖျင်နဲ့ သူ့ရဲ့ အလွတ်သဘောမဟုတ်တဲ့ ပထမဆုံး တရားဝင်တွေ့ဆုံမှုပါ။ ရှီကျင့်ဖျင်က “မြန်မာ့နိုင်ငံရေးမှာ ပြည်ပကဝင်စွက်ဖက်တာကို ဆန့်ကျင်တယ်” လို့ ပြောခဲ့ပါတယ်။ မြန်မာ့အရေးမှာ စက်ပြင်ဆရာတယောက် အင်ဂျင်ထဲ လက်နှိုက်တာထက်တောင် ပိုပြီးထဲထဲဝင်ဝင် နှိုက်ချွတ် စီမံနေတဲ့ တရုတ်က ဒီစကားကို ပြောခဲ့တာဟာ အင်မတန်လှတဲ့ ဟာသတခုလို့တောင် ပြောလို့ရပါတယ်။

    စစ်ခေါင်းဆောင်ကလည်း မြန်မာပြည်မြောက်ပိုင်း တည်ငြိမ်အောင်လုပ်ပေးလို့ ရှီကျင့်ဖျင်ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဒါက တခါတည်းနဲ့ပြီးသွားတာ မဟုတ်ပါဘူး။ တရုတ်ဝန်ကြီးချုပ် လီချန်းကလည်း သူနဲ့တွေ့တယ်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း လာတွေ့တယ်။ ဒီလိုတွေ့ဆုံမှုတွေက အကြောင်းအရာ တခုတည်းကိုပဲ ညွှန်ပြနေပါတယ်။ အဲ့ဒါကတော့ တရုတ်ဟာ စစ်ကောင်စီကိုပဲ သူတို့လူအဖြစ် ရွေးချယ်လိုက်ပြီဆိုတာပါပဲ။ သတိပေးစာတွေ မပို့တော့ပဲ ဖိတ်စာတွေ ပို့နေခဲ့ပြီဖြစ်ပါတယ်။

    အပိုင်း (၂) အကျိုးခံစားခွင့်ရ မိတ်ဆွေ (Friend with Benefits)

    ဒီတော့ ဒီလိုမိတ်ဆွေဖွဲ့ခြင်းအားဖြင့် ဘာတွေရသလဲ။ တရုတ်ဟာ စစ်ကောင်စီရဲ့ အင်အားအကြီးဆုံးမဟာမိတ် ဖြစ်လာခဲ့ပြီး အသက်ဆက်ဖို့လိုအပ်တဲ့ အဓိက အကူအညီကြီး ၃ မျိုး ပေးနေပါတယ်။ နံပါတ် ၁ နိုင်ငံရေးအရ အကာအကွယ်ပေးမှု၊ နံပါတ် ၂ စီးပွားရေးအရ အသက်ဆက်နိုင်အောင်ထောက်ပံ့မှုနဲ့ နံပါတ် -၃ လူသတ်လက်နက် တပုံတပင် ပံ့ပိုးမှုဖြစ်ပါတယ်။

    ပထမဆုံး နိုင်ငံရေးအရ အကာအကွယ်ပေးမှုကို ကြည့်ရအောင်ပါ။ ကုလသမဂ္ဂမှာ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအပေါ် ပြစ်တင်ရှုတ်ချဖို့ ကြိုးစားတဲ့အခါတိုင်း တရုတ်နဲ့ ရုရှားက အလိုလိုက်လွန်းတဲ့ မိဘတွေလိုပဲ ကြားဝင်ပြီး ဆုံးဖြတ်ချက်တွေကို ပိတ်ဆို့တာ၊ ဒါမှမဟုတ် အားပျော့သွားအောင် လုပ်တာတွေ လုပ်လေ့ရှိပါတယ်။ သူတို့က ဒီအကျပ်အတည်းဟာ “ပြည်တွင်းရေး”သာဖြစ်တယ်လို့ ပြောကြပါတယ်။ ဥပမာပေးရရင် ကိုယ့်အိမ်နီးချင်းအိမ် မီးလောင်နေတာကို ကြည့်ပြီး “သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားရမယ်၊ ပြည်တွင်းမှာ လောင်မြိုက်နေတဲ့ကိစ္စမှာ သူတို့ဘာသာ ဖြေရှင်းပိုင်ခွင့်ကို လေးစားရမှာပေါ့” ဆိုတဲ့ ပုံစံမျိုးပါ။

    ပြီးတော့ စစ်လက်နက်ပစ္စည်းတွေအကြောင်းကြည့်ရအောင်ပါ။ အာဏာသိမ်းပြီးချိန်ကစပြီး ပေကျင်းဟာ စစ်ကောင်စီကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၆၇ သန်း ဖိုး လက်နက်တွေ ရောင်းချခဲ့ပါတယ်။ တိုက်လေယာဉ်တွေကနေ ထောက်လှမ်းရေးပစ္စည်းတွေအထိ အကုန်ပါတယ်။ Huawei လို တရုတ်ကုမ္ပဏီတွေကလည်း “Smart City” စနစ်ကို ထောက်ပံ့ပေးခဲ့ပါတယ်။ Smart City ဆိုတာက တကယ်တမ်းမှာ မြန်မာပြည်သူတွေကို CCTV ကင်မရာတွေနဲ့ နေရာတိုင်းမှာ စောင့်ကြည့်တာကို နာမည်လှလှပေးထား တာပါ။

    ဒါနဲ့ အားမရသေးတဲ့တရုတ်ဟာ ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ အကူအညီပေးရေးအစီအစဉ်အတွက် ကတိပြုခဲ့ပါတယ်။ အဲ့ဒီငွေတချို့ကို စစ်ကောင်စီက ကျင်းပမယ်ပြောနေတဲ့ ရွေးကောက်ပွဲအတွက် သုံးဖို့တောင် သတ်မှတ်ထားသေးတယ်။ ဒါကတော့ ရေငတ်တုန်းရေတွင်းထဲ ကျသလိုပါပဲ။ ပြိုလဲနေတဲ့ မြန်မာ့ကျပ်ငွေကို ထိန်းပေးဖို့ တရုတ်အဖွဲ့အစည်းတွေက ပံ့ပိုးပေးခဲ့တယ်လို့တောင် စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။

    တရုတ်လောဂျစ်က ရှင်းပါတယ်။ သူတို့က မင်းအောင်လှိုင်ကို ပုဂ္ဂိုလ်ရေးအရ ယုံကြည်မှု ရှိချင်မှရှိမယ်။ ဒါပေမဲ့ နိုင်ငံတခုလုံး ပြိုလဲသွားမှာ၊ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး ထိန်းမရမှာ၊ အဲဒါထက်ဆိုးတာက သူ့အကျိုးစီးပွားတွေ ဆုံးရှုံးမှာကို တော်တော်ကြောက်ပါတယ်။ ဒါကြောင့် သူတို့လူ၊ သူတို့ရဲ့စစ်တပ် ရှင်သန်ဖို့အတွက် ၂ ဆတိုးပြီး အားစိုက်ထုတ်လာတာလို့ ပြောလို့ရနိုင်ပါတယ်။

    အပိုင်း (၃) ရပ်ဝန်း၊ ပိုးလမ်းမနဲ့ တန်ရာတန်ကြေး

    ပွင့်ပွင့်လင်းလင်းပြောရရင် တရုတ်က ဒါတွေကို စေတနာအရင်းခံနဲ့ လုပ်နေတာတော့ မဟုတ်ပါဘူး။ ဒါတွေအားလုံးက စီးပွားရေးနဲ့ မဟာဗျူဟာအတွက်ပါပဲ။ အတိအကျပြောရရင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အတွက်ပေါ့။ ဒါက အိန္ဒိယသမုဒ္ဒရာဆီကို တရုတ်ရဲ့ အိပ်မက်ဖြတ်လမ်း တခုပါပဲ။

    အဓိကရတနာကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းပါ။ ဒီဆိပ်ကမ်းနဲ့ ဒီလမ်းကြောင်းကိုရရင် တရုတ်ရေနံတင်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေဟာ မဟာဗျူဟာအရ အန္တရာယ်ရှိတဲ့၊ အသွားအလာထူထပ်လွန်းတဲ့ မလက္ကာရေလက်ကြားကို ရှောင်ကွင်းပြီး တိုက်ရိုက်သွားနိုင်ပြီ ဖြစ်ပါတယ်။

    ဒီစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့ စစ်ကောင်စီကလည်း အကုန်ပုံအောထားပါတယ်။ အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည်ကိုပဲကြည့်နိုင်ပါတယ်။ ဒီ ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် စီမံကိန်းကြီးကို ၂၀၁၁ ခုနှစ်က ပြည်သူ့ဆန္ဒအရ ဦးသိန်းစိန်ရဲ့ အရပ်သားတပိုင်း အစိုးရလက်ထက်မှာ ရပ်ဆိုင်းခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ လျှပ်စစ်မလုံလောက်တာ၊ တရုတ်အစိုးရကို မျက်နှာချိုသွေးလိုတာကြောင့် ဒီစီမံကိန်းကို ပြန်စဖို့ စစ်ခေါင်းဆောင်က အရိပ်အမြွက်ပြလာပါတယ်။

    ဒီထက်ဆိုးတာလည်း ရှိပါသေးတယ်။ စစ်ကောင်စီဟာ တရုတ်-မြန်မာ ပူးတွဲ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတခုကိုတောင် တည်ထောင်ဖို့ လုပ်နေပါတယ်။ မြန်မာ့မြေပေါ်မှာ တရုတ်ပိုက်လိုင်းတွေ၊ ဆိပ်ကမ်းတွေကို ကာကွယ်ဖို့ ကိုယ်ပိုင်လုံခြုံရေးတပ်ဖွဲ့တွေ ခေါ်သွင်းခွင့် ပေးမယ့်သဘောပါပဲ။

    အနောက်တိုင်းရင်းနှီးမြှုပ်နှံသူတွေ စွန့်ခွာသွားတဲ့ မြန်မာနိုင်ငံဟာ တရုတ်အပေါ်မှာ အန္တရာယ်ကြီးလောက်အောင် မှီခိုနေရပါပြီ။ သုံးသပ်သူတွေက မြန်မာနိုင်ငံဟာ “တရုတ်တပိုင်းနိုင်ငံ၊ တရုတ်ရုပ်သေးနိုင်ငံ ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။ စီးပွားရေးနဲ့ နိုင်ငံရေးခလုတ်တွေကို ပြည်မကြီးကနေ လှမ်းထိန်းချုပ်တာခံရတဲ့နိုင်ငံလို့ အမည်ခံရုံ လက်အောက်ခံ ပဏ္ဍာဆက်နယ်ပယ်တခု ဘဝ ရောက်သွားနိုင်ပါတယ်။

    အပိုင်း (၄) နောက်ကွယ်က ကြိုးဆွဲခြင်း

    ၂၀၂၃ နှစ်ကုန်ပိုင်းမှာ တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့တစ်ချို့ဟာ ၁၀၂၇ စစ်ဆင်ရေး ကို စတင်ခဲ့ပါတယ်။ အဲဒီစစ်ဆင်ရေးဟာ အနိုင်ကြီးနိုင်ပါတယ်။ တိုက်တိုင်းကိုနိုင်ခဲ့တာပါ။ နယ်မြေအများကြီးကို မြန်မြန်ဆန်ဆန်သိမ်းနိုင်ခဲ့သလို စစ်ကောင်စီတပ်တွေဟာ လူမှုကွန်ရက်မှာ လှောင်ပြောင်စရာ ဟာသ တခုလိုတောင်ဖြစ်နေခဲ့ပါတယ်။

    ဒါက တရုတ်အတွက် ကြာလေလေ ခေါင်းခဲစရာဖြစ်လာလေလေပါပဲ။ အစပိုင်းမှာတော့ တရုတ်က ဒီထိုးစစ်ကို မသိမသာ ထောက်ခံနေပုံရပါတယ်။ ဒီစစ်ဆင်ရေးက တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကို ရှင်းလင်းပေးတာလို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် အစောပိုင်းမှာ ထောက်ခံပုံရပါတယ်။ ဒါပေမဲ့ တိုက်တိုင်းအောင်ပြီးတော့ လက်လွန်ခြေလွန်ဖြစ်လာတဲ့အခါ၊ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုပါ ခြိမ်းခြောက်လာပြီလို့ ယူဆလာချိန်မှာတော့ ပေကျင်းအစိုးရ တိုက်ရိုက်ဝင်စွက် ပါတော့တယ်။

    ပထမဆုံး အနေနဲ့ အဓိကနယ်စပ်ဂိတ်တွေကို ပိတ်လိုက်တယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပွားရာဒေသတွေကို လျှပ်စစ်နဲ့ အင်တာနက်တွေ ဖြတ်တောက်လိုက်ပြီး တိုင်းရင်းသား တော်လှန်ရေးတပ်တွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ခေါင်းဆောင်တယောက်ကို တရုတ်ပြည်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းပြီး စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းဆီရောက်အောင် အတင်းဖိအားပေးခဲ့တယ်လို့တောင် သတင်းတွေထွက်ခဲ့ပါတယ်။

    အထိရောက်ဆုံးရွှေ့ကွက်ကတော့ တရုတ်ရဲ့ ကာလရှည် မဟာမိတ်ကောင်းဖြစ်တဲ့ အင်အားကြီး ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အပေါ် လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေပါ။ ‘ဝ’ တွေက တခြားတော်လှန်ရေး အဖွဲ့တွေကို လက်နက်တွေ ထောက်ပံ့နေခဲ့တယ်ဆိုတာ လူတိုင်းသိတဲ့ လျှို့ဝှက်ချက်တခုပါ။ ဒီတော့ တရုတ်က ဘာလုပ်ခဲ့လဲ။ ရှင်းပါတယ်။ သူတို့ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ ပါတယ်။

    တခြားတော်လှန်ရေးအဖွဲ့တွေကို ကူညီလို့ တရုတ်က ‘ဝ’ ဒေသကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့တယ်လို့ ‘ဝ’ ခေါင်းဆောင်တယောက်က လူသိရှင်ကြား ထုတ်ဖော်ခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် သူတို့တွေ ဘီလီယံချီ နစ်နာ ဆုံးရှုံးခဲ့ရပါတယ်။ ပေးချင်တဲ့ သတင်းစကားက ရှင်းပါတယ်။ “ပွဲပြီးပြီ၊ တော်တန်တိတ်၊ အေးဆေးနေလိုက်တော့” ဆိုတဲ့ ပုံစံပါ။ ဒီကိစ္စမှာ အပျော်ကြီးပျော်ရသူကတော့ မင်းအောင်လှိုင်ပါပဲ။ သူက တရုတ်ပြည်ကို သွားပြီး “လက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတဲ့အတွက်” ရှီကျင့်ဖျင်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင် စကားပြောခဲ့ပါတယ်။ သူ့အလုပ်သူမလုပ်ဘဲ သူ့အစား ရန်ဖြစ်ပေးတဲ့ အစ်ကိုကြီးကို ကျေးဇူးတင်စကား သွားပြောပေးရတဲ့ သဘောပါပဲ။

    အပိုင်း (၅) ဆွေမျိုးပေါက်ဖော် လား အိမ်နီးချင်းဆိုးလား

    ဒီလို အာဏာလုသူကို ကောဇောနီခင်းကြိုလိုက်တာဟာ မြန်မာပြည်သူတွေကတော့ လုံးဝကျေနပ်ကြမှာ မဟုတ်ပါဘူးဆိုတာ တော့ရှင်းပါတယ်။

    အခုလို တရုတ်က စစ်ခေါင်းဆောင်ကို ပွင့်ပွင့်လင်းလင်း မထောက်ခံခင်၊ စစ်တပ် အာဏာသိမ်းပြီးချိန်ကတည်းက တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဆန္ဒပြသူတွေက တရုတ်ပိုင်စက်ရုံတွေကို ပစ်မှတ်ထားခဲ့ကြပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကလည်း စစ်ကောင်စီကို ထောက်ခံတာ အင်မတန်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။ Justice For Myanmar အဖွဲ့ကတော့ တရုတ်ရဲ့ထောက်ခံမှုဟာ “စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်ဖို့ အားပေးရာရောက်တယ်” လို့ သတိပေးထားပါတယ်။

    လူမှုကွန်ရက်တွေပေါ်မှာလည်း မြန်မာပြည်သူအများစုရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း တွေ့နိုင်ပါတယ်။ “တရုတ်ဟာ သူ့ပိုက်လိုင်းနဲ့ သူ့စီမံကိန်းတွေကိုပဲ ဂရုစိုက်တယ်၊ ကျနော်တို့ရဲ့လွတ်လပ်မှုကို ဂရုမစိုက်ဘူး” ဆိုတာ ပိုထင်ရှားလာပါတယ်။

    ဒီလို အမုန်းခံရတာကိုတော့ ပြည်မကြီးအစိုးရက ကြိုက်မယ်မထင်ပါဘူး။ တဖက်မှာတော့ တရုတ်-ဗမာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးလို့ပြောနေပေမဲ့ တဖက်မှာ ပြည်သူတွေက အပြင်းအထန်မုန်းတီးနေတဲ့ စစ်ကောင်စီကို ထောက်ခံပေးနေပါတယ်။ မီးစတဖက်၊ ရေမှုတ်တဖက် မူဝါဒနဲ့တော့ တကယ့်ချစ်ကြည်ရေးကို မရနိုင်ပါဘူး။

    အပိုင်း (၆) တမျိုးသားလုံးဆပ်ရမယ့် အကြွေး

    ကျနော်တို့ရဲ့ မူလမေးခွန်းဆီ ပြန်သွားကြရအောင်ပါ။ မင်းအောင်လှိုင်တယောက် သူ့အာဏာတည်မြဲရေးအတွက် တိုင်းပြည်ကို တရုတ်လက်ထဲ ရောင်းစားခဲ့ပြီလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

    သက်သေအထောက်အထားအားလုံးကို ကြည့်ရင်တော့ အဖြေက ရှုပ်သလိုလိုနဲ့ ရှင်းပါတယ်။ ဟုတ်ပါတယ်။ ရောင်းစားလိုက်ပါပြီ။ စစ်ခေါင်းဆောင်ဟာ လုံခြုံရေးအတွက် အချုပ်အခြာအာဏာကို လဲလှယ်ခဲ့ပါတယ်၊ အသိအမှတ်ပြုမှုအတွက် သယံဇာတတွေကို လဲလှယ်ခဲ့တယ်၊ ပြီးတော့ သူ့ ရေတိုရှင်သန်မှုအတွက် နိုင်ငံရဲ့ ရေရှည်လွတ်လပ်မှုကို လဲလှယ်ခဲ့ပါတယ်။ မင်းအောင်လှိုင်ဟာ လက်နက်၊ ငွေသားနဲ့ ထိုင်ခုံတနေရာစာအတွက် တရုတ်လက်ထဲကို မြန်မာ့စီးပွားရေး၊ နယ်စပ်ပဋိပက္ခတွေနဲ့ မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေကို တိုက်ရိုက် တနည်း၊ သွယ်ဝိုက်တဖုံလွှမ်းမိုးချုပ်ကိုင်ခွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။

    နောက်ဆက်တွဲ အကျိုးဆက်အကြီးကြီးတွေ ရှိလာတော့မှာဖြစ်ပါတယ်။ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားချင်ယောင်ဆောင်ရင်းနဲ့ ကျရှုံးနေတဲ့ အာဆီယံရဲ့ အခန်းကဏ္ဍကလည်း ပို အားနည်းသွားမှာဖြစ်ပါတယ်။ တရုတ်ဟာ တည်ငြိမ်ပြီး ပျော့ပျောင်းတဲ့ အိမ်နီးချင်းတယောက် လိုချင်တဲ့စိတ်နဲ့ ကမ္ဘာ့အရက်စက်ဆုံး အာဏာရှင်တယောက်ကို အသက်ကယ်ကြိုး ပစ်ပေးခဲ့ပါတယ်။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ မဟာဗျူဟာအကျိုးစီးပွားတွေကိုတော့ လောလောဆယ် လုံခြုံအောင် လုပ်နိုင်ခဲ့တယ်ဆိုနိုင်ပေမဲ့ ဒီလိုလုပ်တာဟာ သူရဲမွေးသလိုပါပဲ။ အမေရိကန်ကို စိန်ခေါ်မယ့် ကမ္ဘာ့အာဏာအစီအစဉ်သစ်ကို တည်ဆောက်ဖို့ ဆိုရင် ကိုယ့်ဘေးအိမ်မှာတောင် လူကြိုက်မများတဲ့ကောင်ဖြစ်နေရင် အဆင်မပြေနိုင်ပါဘူး။ ပြီးတော့ မြန်မာပြည်သူ မျိုးဆက်တခုလုံးရဲ့ အမုန်းတရားကိုလည်း ရယူလိုက်တာလည်း ဖြစ်ပါတယ်။

    မင်းအောင်လှိုင်အတွက်ကတော့ ဒီသဘောတူညီမှုကြောင့် အာဏာဆက်မြဲစေခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေအတွက်တော့ ဒီသဘောတူညီမှုရဲ့ အဖိုးအစားနားကို တောင်းခံတဲ့ တစောင်မကတဲ့ တောင်းခံလွှာ ဘောင်ချာတွေကို ရှင်းပေးရတော့မှာဖြစ်ပြီး၊ အဲ့ဒီအကြွေးကို နောင်ဆယ်စုနှစ်ပေါင်း များစွာတိုင်အောင် တမျိုးသားလုံး ပေးဆပ်သွားရမယ့်အခြေအနေမှာ ရှိနေပါတယ်ခင်ဗျာ။

    စိုင်းခေတ်နွေ