“ဝ”တပ်မတော်- UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့နယ်မှာ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ပြုလုပ်တာကို ကြုံတွေ့လာရင် တရားစီရင်ရေးဌာနသို့ တိုင်ကြားဖို့ UWSA က လူထုနဲ့ ပြုလုပ်တဲ့ အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်က ဟိုပန်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လူထုတွေကို UWSA ရဲ့ စစ်မှုထမ်းဆိုင်ရာဥပဒေ၊ ပြစ်မှုနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိပညာ စတဲ့အကြောင်းအရာတွေကိုလည်း ရှင်းလင်းပေးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနဖြစ်တဲ့ “ဝ”လူငယ့်အသံက သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

သတင်းရင်းမြစ်တစ်ဦးက “စည်းရုံးတာမျိုးတော့ မရှိသေးဘူး။ ပေးမလုပ်ဘူးလို့ ကြားတယ်။ ကြိုတင် သတိပေးတဲ့အနေနဲ့ ပြောတာ။ တစ်ဆက်တည်းမှာပဲ ဟိုပန်ခရိုင်မှူးနေရာအတွက် ရာထူး ရရှိရေး၊ အာဏာ ရရှိရေး၊ မဲဆွယ်စည်းရုံးခွင့်မရှိတဲ့ အကြောင်းပေါ့ ပြောသွားတယ်” ဆိုပြီး ပြောပါတယ်။

ဒါ့အပြင် အရင်က UWSA ရဲ့ ဟိုပန်ခရိုင်မှူးဟာ သက်ငယ် အဓမ္မပြုကျင့်မှု ကျူးလွန်တာကြောင့် နှစ်ရှည်ထောင်ဒဏ်၊ ငွေဒဏ်၊ ရာထူး ဆိုင်းငံ့ခံရခြင်း စတဲ့ပြစ်ဒဏ်ပေးတာ ခံရပြီး သူ့နေရာကို ပြန်လည်အစားထိုးနိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ဖြစ်ဖြစ် ဟိုပန်ခရိုင်မှူးနေရာအတွက်ဖြစ်ဖြစ် အခကြေးငွေ ပေးပြီး လူထုတွေအပေါ် မဲဆွယ်စည်းရုံးရေး လုပ်တာကို UWSA က တားမြစ်ထားတယ်လို့ UWSA နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဟိုပန်မြို့ကို ညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၅ ရက်မှာ UWSA ထံ လက်လွှဲပေးခဲ့တာပဲ ဖြစ်ပါတယ်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *