Author: Baby Yit Lone

  • ရွေးကောက်ပွဲအလွန် တပ်ရှိရမယ့်နေရာကို စစ်ခေါင်းဆောင်အသိပေး

    ရွေးကောက်ပွဲအလွန် တပ်ရှိရမယ့်နေရာကို စစ်ခေါင်းဆောင်အသိပေး

    လာမယ့်ရွေးကောက်ပွဲပြီးရင် တပ်က နိုင်ငံရေးအတွက်မပါဘဲ နိုင်ငံတော်ကာကွယ်ရေးကိုပဲ တာဝန်ထမ်းဆောင်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ကို အသိပေးပါတယ်။

    ဒါက ၁၉၉၀ ရွေးကောက်ပွဲပြီးရင် “တပ်က စစ်တန်းလျားပြန်မယ်” လို့ ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ လူသိများတဲ့ စကားကို ပြန်လည်အမှတ်ရစေပါတယ်။

    ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲနဲ့ ၂၀၂၅ ရွေးကောက်ပွဲအလွန်အခင်းအကျင်းတွေက မတူတော့သလို နိုင်ငံရေးမှာ တပ်ကရှိနေမယ့် နေရာချင်းလည်း မတူတော့ပါဘူး။

    စစ်ခေါင်းဆောင်က သူ့ဆရာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်ထဲက အတိုင်းပဲ တပ်ကို အထိုင်ပြန်ချမှာပါ။

    ရွေးကောက်ပွဲအလွန် တပ်ရဲ့နေရာ

    “တပ်ရဲ့ တာဝန်က နိုင်ငံတော် ကာကွယ်ရေးပဲ ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

    ရွေးကောက်ပွဲအလွန်မှာ တပ်က ဘယ်လိုအခန်းကဏ္ဍမှာရှိနေမလဲဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို ကြေညာခဲ့တဲ့ သြဂုတ် ၁၈ မှာ အသိပေးခဲ့တာဖြစ်ပါတယ်။

    သူက အချက် ၄ ချက် ပြောခဲ့ပြီး အဓိကအချက်က တပ်က “နိုင်ငံရေးအတွက် ပါဝင်ဆောင်ရွက်ခြင်း မဟုတ်ဘဲ နိုင်ငံ့အရေးဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းတွေမှာပဲ တာဝန်ထမ်းဆောင်သွားမယ်” လို့ မကွေးတပ်နယ်မှာ ပြောခဲ့ပါတယ်။

    ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီ အာဏာရလာရင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲကနေ နိုင်ငံ့အရေးလုပ်မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

    ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာသာ တပ်က ပါဝင်မှာဖြစ်ပြီး အခြေခံဥပဒေကို ကာကွယ်သွားမယ်လို့ ဆိုပါတယ်။

    ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ပြင်လို့ရတဲ့ ပုဒ်မတချို့ကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ပြင်ဆင်ဖို့ တပ်က သဘောတူထားပြီးပြီလို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

    ဒီမိုကရေစီစနစ်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်သွားမယ်ဆိုရင် တပ်အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သူက ပြောပါတယ်။

    “တပ်မတော်ရဲ့ တာဝန်က နိုင်ငံတော် ကာကွယ်ရေးပဲ ဖြစ်တယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

    ဦးစောမောင်နဲ့ ဘယ်လိုကွာလဲ

    ၁၉၈၈ ခုနှစ်ရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က “ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်” လို့ ပြောခဲ့

    ၁၉၈၈ ခုနှစ်ရဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ “ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်မယ်” ဆိုတဲ့ စကားက မြန်မာ့နိုင်ငံရေးမှာ လူသိများပါတယ်။

    ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနိုင်ရပေမဲ့ တပ်က အာဏာမလွှဲပေးခဲ့ပါဘူး။

    အဲဒီကနေ နှစ်ပေါင်း ၃၀ အကြာ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း NLD ပါတီ အနိုင်ရခဲ့ပေမယ့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲအလွန်မှာ အာဏာသိမ်းခဲ့ပါတယ်။

    သူကျင်းပပေးမယ့် ၂၀၂၅ ဒီဇင်ဘာရွေးကောက်ပွဲမှာတော့ NLD ပါတီတောင် မပါတော့ပါဘူး။

    ထူးခြားတာတစ်ခုက စစ်တပ်ဦးဆောင်ကျင်းပပေးတဲ့ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၀ ရွေးကောက်ပွဲ နဲ့ အခုလာမယ့် ၂၀၂၅ ရွေးကောက်ပွဲ သုံးကြိမ်လုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းချထားခဲ့ကြတာ ဖြစ်ပါတယ်။

    ၂၀၂၅ ရွေးကောက်ပွဲဟာ NLD နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD လို လူထုထောက်ခံမှုအားကောင်းတဲ့ ပါတီတွေပါဖို့မရှိတာကြောင့် ရွေးကောက်ပွဲအလွန် လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီနဲ့ တပ်ကပဲ အများစုလွှမ်းမိုးထားမယ့် အခင်းအကျင်းဖြစ်ပါတယ်။

    ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ နိုင်ငံရေးရည်ရွယ်ချက်ရှိနေတဲ့ အတွက် သူသမ္မတ လုပ်လိမ့်မယ်လို့ သုံးသပ်ချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

    ဒါပေမဲ့ တပ်ကတော့ ကာကွယ်ရေးအဓိကလုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍမှာပဲ ပါဝင်မှာလို့ သူကပြောပါတယ်။

    ဒါက ၂၀၁၀ ရွေးကောက်ပွဲအလွန်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလုပ်ခဲ့တဲ့ အစီအစဥ်နဲ့ ဆင်တူပါတယ်။

    ၂၀၀၈ အခြေခံဥပဒေထဲက တပ်နေရာ

    လွှတ်တော်တွေမှာ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ခွင့် အလိုအလျောက်ရထား

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက တပ်ကိုပေးထားချက်တွေကြောင့် ဒီအခြေခံဥပဒေဟာ ဒီမိုကရေစီစံနှုန်းတွေနဲ့မညီဘဲ တစ်ဖက်သတ် အသာစီးရယူ ရေးဆွဲထားတဲ့ အခြေခံဥပဒေအဖြစ် အစဥ်တစိုက် ဝေဖန်ခံရပါတယ်။

    ဒုတိယသမ္မတတစ်ယောက် အလိုအလျောက်တင်မြှောက်ပိုင်ခွင့်နဲ့ ရွေးကောက်ပွဲမဝင်ဘဲ လွှတ်တော်တွေမှာ တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ခွင့် အလိုအလျောက်ရထားသလို တပ်ကသဘောမတူဘဲ အခြေခံဥပဒေကို ပြင်ဆင်လို့မရတဲ့အထိ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

    ဒီအချက်တွေအပြင် ကာကွယ်ရေး၀န်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန တွေမှာလည်း တပ်ချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားဝန်ကြီးတွေကိုပဲ သမ္မတက ခန့်ရတာ ဖြစ်ပါတယ်။

    အရေးကြီးတဲ့အချက်တစ်ခုကတော့ အာဏာသိမ်းထားတုန်းကလို အုပ်ချုပ်ရေးပိုင်းမှာတော့ တပ်က နိစ္စဓူဝ ပါဝင်ခွင့်ရတော့မှာမဟုတ်ပါဘူး။

    ဒီပုံစံကို သမ္မတဦးသိန်းစိန်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွေမှာ တွေ့ခဲ့ရပြီးပါပြီ။

    အဲဒီအစိုးရနှစ်ဆက်လုံးရဲ့ တပ်ချုပ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖြစ်ပါတယ်။

    ဒီမိုကရေစီအစိုးရနှစ်ဆက်နဲ့ တပ်ဆက်ဆံရေး

    သမ္မတဦးထင်ကျော်နဲ့ သမ္မတဦးသိန်းစိန်

    အငြိမ်းစားဗိုလ်ချုပ်ကြီးသိန်းစိန်ရဲ့ သမ္မတသက်တမ်း ၂၀၁၁-၂၀၁၆ မှာ တပ်ကရှိနေခဲ့တဲ့ အခင်းအကျင်းအတိုင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လိုချင်တာဖြစ်ပါတယ်။

    ဦးသိန်းစိန်သက်တမ်းမှာ သမ္မတက စီနီယာဗိုလ်ချုပ်ကြီးဖြစ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရလည်း ရင်းနှီးပြီး အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးမှာ အခက်အခဲသိပ်မတွေ့ခဲ့ကြပါဘူး။

    ဒါ့အပြင် အပတ်စဥ်ပြုလုပ်နေကျ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေးတွေမှာလည်း အထိအတွေ့ရှိကြပါတယ်။

    သမ္မတဥက္ကဋ္ဌလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုလည်း ရွေးကောက်ပွဲ၀င်ဖို့ တပ်အရာရှိကြီးတွေကို အငြိမ်းစားပေး စေလွှတ်ပေးခဲ့ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေ ပြဋ္ဌာန်းချိန်ကစလို့ လွှတ်တော်ထဲမှာ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က အကြီးဆုံးအတိုက်အခံ ဖြစ်လာပါတယ်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဆက်ဆံရေးကလည်း အစပိုင်းမှာကောင်းမွန်ပေမဲ့ နောက်ပိုင်းမှာ အခြေအနေဆိုးရွားခဲ့ပါတယ်။

    NLD အစိုးရ ၅ နှစ် သက်တမ်းအတွင်း အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကိုလည်း တစ်ကြိမ်မှမခေါ်ခဲ့ပါဘူး။

    ၂၀၂၀ ရွေးကောက်ပွဲအငြင်းပွားမှုတွေမှာလည်း အစိုးရနဲ့တပ် နှစ်ဘက်ညှိနှိုင်းမှုတွေ မအောင်မြင်ခဲ့ဘဲ အာဏာသိမ်းတဲ့အထိ အခြေဆိုက်ခဲ့ပါတယ်။

    စစ်ခေါင်းဆောင် ဘယ်လိုထွက်မလဲ

    သမ္မတ လုပ်လိမ့်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    မြန်မာ့နိုင်ငံရေးမှာ တပ်ရှိရမယ့် နေရာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၈ အခြေခံဥပဒေမူဘောင်ထဲကနေ အစီအစဥ်ချပြီး သူကိုယ်တိုင်လည်း နိုင်ငံရေးက ထွက်ခွာသွားခဲ့ပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ များပြားလှတဲ့ စစ်မျက်နှာပြင်တွေကြောင့် သူ့ဆရာသမားလို အာဏာကိုလက်လွှတ်ဖို့ အခြေအနေမပေးသလို လက်လွှတ်ချင်တဲ့ဆန္ဒလည်းရှိပုံမပေါ်ဘူး လို့ နေပြည်တော်အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သာ သမ္မတလုပ်ခဲ့ရင် တပ်ချုပ်နေရာကို ညှိနှိုင်ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ထားခဲ့မယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

    အာဏာသုံးရပ်လုံး ကိုင်စွဲ ကျင့်သုံးခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူနိုင်ငံရေးကထွက်တဲ့အခါ တပ်ချုပ်တစ်ယောက်တည်းရဲ့လက်ထဲမှာ အာဏာတွေမထားဘဲ သမ္မတ၊ ဒုသမ္မတ၊လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တရားသူကြီးချုပ်တွေဆီ အာဏာဖြန့်ခွဲခဲ့ပါတယ်။

    သမ္မတ လုပ်လိမ့်မယ်လို့ ထင်ကြေးပေးခံနေရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲအလွန်မှာ တပ်က ကာကွယ်ရေးတာဝန်နဲ့ အခြေခံဥပဒေဘောင်ထဲမှာပဲ ရှိရမယ်လို့ ဆိုလာတာပဲ ဖြစ်ပါတယ်။

  • ရွှေလက်ဒေါ်ခင်စန်းရီ-ပရိသတ်သန်းကျော်ရှိတဲ့ လိုင်စင်မဲ့ ဆေးကုသူ

    ရွှေလက်ဒေါ်ခင်စန်းရီ-ပရိသတ်သန်းကျော်ရှိတဲ့ လိုင်စင်မဲ့ ဆေးကုသူ

    အနောက်တိုင်းဆေးပညာ ဆရာဝန်နဲ့ တိုင်းရင်းဆေး သမားတော် မဟုတ်တဲ့ လိုင်စင်မဲ့ အပ်ပုန်း၊ ရမ်းကု တွေဟာ လူသိပ်မသိအောင် နေထိုင်လုပ်ကိုင်ကြရာကနေ အခုနှစ်ပိုင်းမှာ လူမှုကွန်ရက်မှာ ပေါ်ပေါ်ထင်ထင် ရှိလာကြပါတယ်။

    နိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါး လူပေါင်း ၂၄ သန်းကျော် အင်တာနက်အသုံးပြုကြတဲ့ မြန်မာမှာ လူသိများအောင် လုပ်ဆောင်ဖို့ ဆိုရှယ် မီဒီယာက အလွယ်ကူဆုံးနေရာ ဖြစ်ပါတယ်။

    လေဖြတ်ဝေဒနာကို ၂ နှစ်ဝန်းကျင်ခံစားနေရတဲ့ ကိုဇော်ဟာ TikTok သုံးနေရင်း အမျိုးသမီးတစ်ဦးက သူ့လို ဝေဒနာရှင်တွေကို တစ်ကြိမ်တည်းနဲ့ သက်သာအောင် ကုသပေးနေတဲ့ရုပ်သံကို ဒီနှစ် အစပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။

    “ကျွန်တော်တို့လို လူနာတွေက ပျောက်ချင်တာပဲသိတာ။ ဒီလို ပျောက်အောင်ကုနိုင်တယ်ဆိုတာနဲ့ သွားကုချင်ကြတော့တာ” လို့ မိတ္ထီလာမြို့နယ်ထဲက ရွာတစ်ရွာမှာနေတဲ့ ကိုဇော်က ပြောပါတယ်။

    လေဖြတ်ရောဂါလူနာတွေကို ဆေးကုပေးနေတယ်ဆိုတဲ့ မန္တလေးမြို့၊ ဦးပိန်တံတားအနီးက တောင်သမန်ရွာမှာရှိတဲ့ ဘုရားသုံးဆူဘုန်းကြီးကျောင်းကို ကိုဇော်တစ်ယောက် အရောက်သွားခဲ့ပါတယ်။

    မနက် ၅ နာရီအရောက်သွားခဲ့ပေမဲ့ လူတွေ ကြိတ်ကြိတ်တိုးများနေလို့ နေ့တဝက်ကျိုးမှ သူ့အလှည့်ကျ ရောက်လာပါတယ်။

    ဦးပိန်တံတားထိပ်က ဘုရားသုံးဆူဘုန်းကြီးကျောင်းဝင်းထဲမှာ မိုးမလင်းခင်ကတည်းက တန်းစီနေတဲ့ လူတန်းက ရာကျော်တယ်လို့ ဆိုပါတယ်။

    “ပန်းပဲထုသလို ဒုန်း ဒုန်းနဲ့ထုတာ ပြောမပြတတ်အောင် နာတယ်” ကိုဇော်

    ဦးပိန်တံတားထိပ်က ဘုရားသုံးဆူဘုန်းကြီးကျောင်းဝင်းထဲမှာ မိုးမလင်းခင်ကတည်းက တန်းစီနေတဲ့ လူတန်းက ရာကျော်တယ်လို့ ကိုဇော်က ပြောပါတယ်။

    ဓမ္မာရုံထဲမှာ သမားတော်ဒေါ်ခင်စန်းရီဆိုတဲ့ ဆိုင်းဘုတ်ကို အင်္ဂလိပ်လိုနဲ့ မြန်မာလို ၂ မျိုးရေးထားပြီး သစ်သား ကုတင် ၅ လုံးချထားပါတယ်။

    ဒီနေရာမှာ လာရောက်ပြသတဲ့ လူနာတွေကို ဒေါ်ခင်စန်းရီအပါအဝင် အမျိုးသမီး ၅ ဦးလောက်က ကုပေးတာပါ။

    လေဖြတ်ထားတဲ့ ကိုဇော်က သူ့အလှည့်ကျလာချိန်မှာ “ကုတင်ပေါ် ပက်လက်နေခိုင်းပြီး ခြေကြား တွေကို တုတ်နဲ့လိုက်ခြစ်တယ်။ ပြီးတော့ ထိပ်မှာဘုတုံးပါတဲ့ တုတ်ကို ခြေထောက်ကိုထောက်ပြီးတော့ အပေါ်ကနေ သစ်သားတုတ်တစ်ချောင်းနဲ့ထုတာ” လို့ ပြောပါတယ်။

    နာရီဝက်လောက် အခုလို တုတ်နဲ့ထုခံရတာလို့ ဆိုပါတယ်။

    “ပန်းပဲထုသလို ဒုန်း ဒုန်းနဲ့ထုတာ ပြောမပြတတ်အောင် နာတယ်။ နာလို့အော်လည်း ရောဂါကောင်းချင်ရင် အနာခံ ရမယ်ဆိုပြီး မရပ်ပေးဘူး” လို့ ကိုဇော်က ပြောပါတယ်။

    ဘယ်ဘက်ကိုယ်တစ်ခြမ်း လေဖြတ်ထားတဲ့ကိုဇော်ဟာ ဒီကိုမလာခင်တုန်းက ခြေလက်ထုံကျင်တာကလွဲရင် လမ်းလျှောက်တာ၊ ဆိုင်ကယ် မောင်းတာတွေ လုပ်နိုင်ခဲ့ပေမဲ့ ပြန်ချိန်မှာတော့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘူးလို့ ပြန်ပြောပြပါတယ်။

    အဲဒီကနေပြန်လာပြီး ရက်အတော်ကြာတဲ့အထိ သက်သာမလာဘဲ နာကျင်တဲ့ဒဏ်ကို မခံနိုင်တော့မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာသက်ဟိန်းရဲ့ဆေးခန်းကို ရောက်လာခဲ့ပါတယ်။

    ဒေါက်တာသက်ဟိန်းက “ကျွန်တော့်ဆီ စစချင်းလာတဲ့ ရက်က ကားပေါ်ကနေ တွဲပြီး မချရတာ”

    “ရောက်လာတဲ့အချိန်မှာ ထုထားတဲ့နေရာတွေက အညိုအမဲတွေပေါ်နေတယ်။ ကြွက်သားတွေကို တုတ်နဲ့ဖိရိုက်လို့ ကြွက်သားပုပ်သွားတာပေါ့” လို့ ကိုဇော်ရောက်လာတဲ့နေ့က အခြေအနေကို ပြောပြပါတယ်။

    ဒီလိုထုရိုက်တာကြောင့် အရိုးကျိုးတာ၊ ကြွက်သားပုပ်တာဖြစ်နိုင်သလို ပြင်းထန်ရင် ခြေလက်ဖြတ်တောက်ရတဲ့ အထိ ဖြစ်နိုင်တယ်လို့ ဒေါက်တာသက်ဟိန်းက ပြောပါတယ်။

    ဒါပေမဲ့ ကိုဇော့်ထက် အခြေအနေဆိုးဝါးသွားတဲ့ လူနာတစ်ဦးလည်း ရှိပါတယ်။

    “သူက ဆရာဝန်အင်္ကျီတွေလည်း ဝတ်တော့ ဆရာဝန်လို့ပဲထင်တာလေ” – မသန်းမြ

    TikTok ဗီဒီယိုတွေအရ ဒေါ်ခင်စန်းရီဟာ Scrub Suit လို့ ခေါ်တဲ့ ခွဲခန်းသုံးဝတ်စုံကို ဝတ်လေ့ရှိတာပါ။

    မျက်စိတိမ်ရောဂါကြောင့် အမြင်အာရုံဝေဝါးနေတဲ့ အမျိုးသားကို သက်သာပျောက်ကင်းစေချင်နေသူ မသန်းမြကလည်း ဒေါ်ခင်စန်းရီကို TikTok ကနေပဲ သိခဲ့ရတာလို့ ဆိုပါတယ်။

    လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး သူ့အမျိုးသားဟာ မျက်စိတိမ်စွဲတဲ့ ရောဂါကြောင့် အရာဝတ္ထုနဲ့ လူတွေကို ခွဲခြားနိုင်ပေမဲ့ ပြတ်ပြတ်သားသား မမြင်ရတော့ဘဲ အမြင်အာရုံဝေဝါးနေတာပါ။

    “တကယ်ချက်ချင်းပြန်မြင်ရတယ်ဆိုတဲ့ လူနာတွေ သူ့(ဒေါ်ခင်စန်းရီ) TikTokမှာ တင်တာတွေ့ရတယ်။ ကိုယ်လည်း ကိုယ့်ယောကျာ်းကို ပျောက်စေချင်လို့ သွားတာပေါ့” လို့ မသန်းမြက ပြောပါတယ်။

    ဒီမတိုင်ခင်က ဆေးခန်းတချို့မှာ ပြသခဲ့ဖူးပေမဲ့ မသက်သာတာကြောင့် ဒီလို တစ်ကြိမ်ကုတာနဲ့ ပျောက်တယ်လို့ မြင်ရချိန်မှာ အားကိုးတကြီး မျှော်လင့်မိခဲ့တယ်လို့ ဆိုပါတယ်။

    “အရင်ပြခဲ့တဲ့ဆေးခန်းကပေးတဲ့ မျက်စဥ်းနဲ့ သောက်ဆေးတွေသောက်တာ မသက်သာဘူး။ ဆရာဝန်ကိုလည်း ကြောက်လို့ တိမ်ဆိုတာပဲ သိရပြီး ဘာမှမမေးရဲဘူး”လို့ မသန်းမြကပြောပါတယ်။

    ချက်ချင်းပျောက်အောင်ကုပေးတယ်ဆိုတဲ့ ဒေါ်ခင်စန်းရီကို TikTok ရုပ်သံတွေအရ ” သူက ဆရာဝန်အင်္ကျီ(Scrub Suit)တွေလည်း ဝတ်တော့ ဆရာဝန်လို့ပဲထင်တာလေ” လို့ ဆိုပါတယ်။

    TikTok ဗီဒီယိုတွေအရ ဒေါ်ခင်စန်းရီဟာ Scrub Suit လို့ ခေါ်တဲ့ ခွဲခန်းသုံးဝတ်စုံကို ဝတ်လေ့ရှိတာပါ။

    ဒီဝတ်စုံတွေဟာ ကိုဗစ်မတိုင်ခင်က ဆေးပညာနယ်ပယ်က ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ သူနာပြုစသဖြင့် အရောင်အလိုက် ခွဲခြားဝတ်ဆင်ရတယ်ဆိုပေမဲ့ ဒီနောက်ပိုင်းမှာ ရောထွေးဝတ်ဆင်လာကြတာ ဖြစ်ပါတယ်။

    မသန်းမြဟာ သူ့အမျိုးသားနဲ့အတူ ဒေါ်ခင်စန်းရီဆေးခန်းကို ဒီနှစ်ဧပြီလမတိုင်ခင်တုန်းက သွားရောက်ခဲ့ကြတာပါ။

    “ကြေးချောင်းတစ်ချောင်းနဲ့ မျက်စိတဝိုက်ကို ဖိဆွဲတာ။ အညိုအမဲဖြစ်လာတော့ ဒါကပိတ်မိတဲ့ အခိုးတွေ ထွက်လာတာလို့ပြောတယ်” လို့ မျက်စိတိမ်ရောဂါခံစားနေရတဲ့ အမျိုးသားကို ကုသပုံအကြောင်း မသန်းမြက ပြန်ပြောပြပါတယ်။

    မသန်းမြအမျိုးသားဟာ ဆေးခန်းက ပြန်လာပြီး ၂ ရက်မြောက်လောက်မှာ မျက်စိတဝိုက် နာကျင်တဲ့ ဝေဒနာခံစားလာရပါတယ်။

    ၇ ရက်မြောက်မှာတော့ မျက်ရည်တွေ တောက်လျှောက်ကျတဲ့ အခြေအနေကြုံကာ အမြင်အာရုံဝေဝါးတာလည်း ပိုဆိုးသွားခဲ့ရတာပါ။

    “မျက်စိဆရာဝန်ဆီသွားပြတော့ မျက်ရည်အိတ်ပေါက်သွားတာလို့ပြောတယ်။ ချက်ချင်းလည်း ပြန်ကုလို့မရဘူး။ နောက် ၆ လလောက်စောင့်ပြီးမှ ကုလို့ရမှာလို့ ပြောတယ်” လို့ မသန်းမြက ပြောပါတယ်။

    တစ်ကြိမ်ကုတာနဲ့ ချက်ချင်းမြင်ရတယ်လို့ ရိုက်ကူးဖြန့်ဝေနေတဲ့ ရုပ်သံနဲ့ပတ်သက်လို့ ဒေါက်တာသက်ဟိန်းက “ဆေးပညာသဘောတရားအရ Placebo’s effectလို့ ခေါ်တယ်။ အရင်ဆုံးစကား တွေပြောပြီး လူနာစိတ်ထဲမှာ ငါမြင်လာပြီဆိုတဲ့ ခံစားချက်ရအောင် စိတ်ပညာအရ ရိုက်သွင်းခံရတာ”လို့ ဆိုပါတယ်။

    တိုင်းရင်းဆေးခန်းတွေမှာ မျက်စိရောဂါ၊ ခွဲစိတ်ကုသမယ့်ရောဂါနဲ့ ကူးစက်ရောဂါတွေကို ကုသခွင့်မရှိဘဲ အနောက်တိုင်းဆေးပညာနဲ့ ကုသတဲ့ ဆေးရုံတွေဆီ လွှဲပြောင်းပေးရတာဖြစ်တယ်လို့ တိုင်းရင်းဆေးသမားတော်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ခေတ်သစ်သမားတော်၊ ရွှေလက်ပိုင်ရှင်၊ ခေတ်သစ်ဇီဝက စသဖြင့် အမျိုးမျိုး ကိုယ့်ဘာသာ မှည့်ခေါ်နေတဲ့ ဒေါ်ခင်စန်းရီမှာ တရားဝင်ဆေးကုသခွင့်လက်မှတ်မရှိပါဘူး။

    “ရွှေလက် ဒေါ်ခင်စန်းရီ” ဘယ်သူလဲ

    ဒေါ်ခင်စန်းရီက ဆေးမေတ္တာနာမည်နဲ့ ဆေးပေါင်း ၄၀ ဝန်းကျင်ကို ထုတ်လုပ်နေတာပါ။

    ဒေါ်ခင်စန်းရီဟာ မကျန်းမာတဲ့ပြည်သူလူထုက ချစ်ခင်အားကိုးကြတဲ့ တိုင်းရင်းဆေးသမားတော်တစ်ဦးအဖြစ် လူမှုကွန်ရက်မှာ သူ့ရဲ့ ပုံရိပ်ကို တည်ဆောက်ထားသူ ဖြစ်ပါတယ်။​

    Facebook နဲ့ TikTok လူမှုကွန်ရက်မှာ သူ့ရဲ့ပရိသတ်ဦးရေသန်းကျော်ရထားတဲ့သူ ဖြစ်ပါတယ်။​

    Khin San Yee (Say Mitta T.Med) ဆိုတဲ့ TikTok အကောင့်ကို လူ တစ်သန်း က Follow လုပ်ထားတာပါ။​

    ကျန်တဲ့သူ့ရဲ့ Facebook နဲ့ TikTok အကောင့် တွေဟာလည်း အနည်းဆုံး လူသိန်းဂဏန်းရှိနေပါတယ်။

    ဒါကပဲ သူ့ကို လူသိစေတဲ့ အားသာချက်ဖြစ်လာတာပါ။​

    ဆေးရုံဆေးခန်းထက် ဆေးမြီတိုကို အားကိုးချင်တဲ့ မြန်မာလူထုရဲ့အလေ့အထကိုလည်း ကောင်းကောင်းနားလည်ထားသူဖြစ်တယ်ဆိုတာ သူ့ရုပ်သံတွေကို ကြည့်ရင်သိနိုင်ပါတယ်။

    ၉၆ ပါးရောဂါတိုင်းကို ပတ်ဝန်းကျင်မှာ အလွယ်ရနိုင်တဲ့ အရွက်၊ အမြစ်၊ အသီးတွေနဲ့ သဘာဝ နည်းကျ ကုသနိုင်တယ်ဆိုပြီး မှားယွင်းတဲ့ဆေးနည်းတွေကို ပြောဆိုဖြန့်ဝေနေတာ ဖြစ်ပါတယ်။

    “ဘီးစပ်ရွက်ကို နေ့စဥ်သောက်ရင် ဘီပိုး၊ စီပိုးသာမက HIV သမားတွေပါ သက်တမ်းစေ့နေနိုင်တယ်” ၊ ဆေးရုံဆေးခန်းချက်ချင်းပြဖို့လိုတဲ့ ” သွေးလွန်တုပ်ကွေး” ဖြစ်ရင် “ရဲယိုသီးစားရတယ်” လို့ အန္တရာယ်ရှိတဲ့ ပြောဆိုချက်တွေကို မျှဝေနေပါ။

    တိုင်းရင်းဆေးသမားတော်တစ်ဦးက”​လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါအပါအဝင် ကူးစက်ရောဂါတွေကို တိုင်းရင်းဆေးနဲ့ ကုသပေးတာမရှိပါဘူး” လို့ ထောက်ပြပါတယ်။​

    မှားယွင်းတဲ့ ဆေးပညာဗဟုသုတတွေအပြင် ဒေါ်ခင်စန်းရီက ဆေးမေတ္တာနာမည်နဲ့ ဆေးပေါင်း ၄၀ ဝန်းကျင်ကို ထုတ်လုပ်နေတာပါ။

    ဒါပေမဲ့ ဒီဆေးဝါးတွေကို ဓာတ်ခွဲစမ်းသပ်ပြီး အများပြည်သူသောက်သုံးဖို့ သင့်မသင့် တိုင်းရင်းဆေးဝါးဦးစီးဌာနကို တင်ပြမှတ်ပုံတင်ထားတာမရှိပါဘူး။

    ၂၀၂၅ ခုနှစ်ထဲမှာတော့ ဦးပိန်တံတားထိပ်၊ တောင်သမန်ရွာက ဘုရားသုံးဆူကျောင်းမှာ တစ်လကို လူထောင်ကျော်ကုသခဲ့တာပါ။

    အခိုးပွင့်ဆေးတစ်မျိုးအတွက်ပဲ တိုင်းရင်းဆေးဝါးမှတ်ပုံတင် TMR ရထားတာဖြစ်ပါတယ်။

    ဒါကလည်း သူကတရားဝင် တိုင်းရင်းဆေးသမားတော်ဖြစ်နေလို့ ဆေးထုတ်လုပ်ခွင့်ရတာမဟုတ်ပါဘူး။​

    ဆေးထုတ်လုပ်ခွင့်ကို မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါတယ်။​

    တဆ ရှိတဲ့ တိုင်းရင်းဆေးသမားတော်တစ်ဦးက ဆေးဝါးကြီးကြပ်အဖြစ် လုပ်ပေးဖို့လိုပါတယ်။

    ဒေါ်ခင်စန်းရီက ၂၀၂၂ ခုနှစ်မှာ သူ့ဇာတိဖြစ်တဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က တိုင်းရင်းဆေးသမားတော်တစ်ဦးကို ကြီးကြပ်ပေးဖို့ အကူအညီတောင်းပြီး TMR ရခဲ့တာပါ။

    ဒီနံပါတ်က တိုင်းရင်းဆေးဝါးမှတ်ပုံတင်သာ ဖြစ်ပြီး ဆေးကုသခွင့်လက်မှတ်မဟုတ်ပါဘူး။

    TMR နံပါတ်ကို ထင်ယောင်ထင်မှားဖြစ်အောင် ဆေးကုသတဲ့နေရာမှာ ဆိုင်းဘုတ်နဲ့ လူမှုကွန်ရက်အကောင့်တွေမှာ ရေးသားထားတာဖြစ်ပါတယ်။​

    သူက သင်္ချာအထူးပြုနဲ့ ဘွဲ့ရတစ်ဦးဖြစ်ပြီး ပညာရေးမှူးရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ဖူးတယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။

    ၂၀၂၂ ခုနှစ်မှာပဲ ဆေးထုတ်လုပ်တာအပြင် အဘိဓမ္မာတောင်သာသင်တန်းကို အွန်လိုင်းကနေ ၃ လတက်ခဲ့တယ်လို့ သိရပါတယ်။​

    အဲဒီကနေ ကဝိဘိသက္ကဘွဲ့ရတယ်လို့ သူကိုယ်တိုင် လူမှုကွန်ရက်မှာ ပြောထားတာပါ။

    ဒါပေမဲ့ ဒီသင်တန်းက တရားမဝင်ဆေးပညာသင်တန်းဖြစ်တယ်လို့ တိုင်းရင်းဆေးသမားတော် အသိုင်းအဝိုင်းနဲ့ တိုင်းရင်းဆေးကောင်စီက အတည်ပြုပြောကြားပါတယ်။​

    ဒီလို တရားမဝင်ကုသတာ၊​ မှတ်ပုံတင်ထားခြင်းမရှိတဲ့ဆေးဝါးတွေ ဖြန့်ဖြူးနေပေမဲ့ လူနာတွေ အများအပြား ကုသမှုခံယူနေကြတာပါ။

    ဗန်းမော်က ကုသမှုကို အသေးစိတ်မသိရပေမဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ဗန်းမော်ကနေ စစ်ရှောင်ထွက်ခွာလာပြီး မန္တလေး၊ အမရပူရမြို့နယ်ကို ရောက်လာချိန်မှာ ပိုပြီးလူသိများလာပါ။

    ၂၀၂၄ နှစ်ကုန်ပိုင်းတွေမှာ အမရပူရမြို့နယ်ထဲက ရွာသစ်ကန်ဦးကျောင်းသာမက ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်အထိ သွားရောက်ကုသခဲ့တာကို သူကိုယ်တိုင်တင်ထားတဲ့ ရုပ်သံတွေမှာ တွေ့ရပါတယ်။

    ၂၀၂၅ ခုနှစ်ထဲမှာတော့ ဦးပိန်တံတားထိပ်၊ တောင်သမန်ရွာက ဘုရားသုံးဆူကျောင်းမှာ တစ်လကို လူထောင်ကျော်ကုသခဲ့တာပါ။

    လေဖြတ်လူနာ၊ မျက်စိတိမ်နဲ့ မျက်စိဝေဝါးတဲ့လူနာတွေ၊ အရိုးအကြောရောဂါခံစားရသူတွေကို တစ်ကြိမ်ကုသပြီးတာနဲ့ ခွဲစိတ်စရာမလိုဘဲ ကောင်းသွားတယ်ဆိုပြီး ရုပ်သံပေါင်းရာနဲ့ချီရိုက်ကူးကာ လူမှုကွန်ရက်မှာ ဖြန့်ဝေထားပါတယ်။

    တိုင်းရင်းဆေးသမားတော်တစ်ဦးက ” ဆေးပညာရှင်တွေက စကားကိုကျင့်ဝတ်အရထိန်းပြောရ တယ်။ ကိုယ့်ဘာသာ ကြော်ငြာတာမလုပ်ရဘူး။ သူတို့(ရမ်းကု)တွေက အာ ကောင်းတယ်။ အမွှန်း တင်ရွှန်းရွှန်းဝေအောင်ပြောတယ်” လို့ တိုင်းရင်းဆေးအမည်ခံနဲ့ တိုင်းရင်းဆေးသမားတော်ကွာ ခြားချက်ကို ထောက်ပြပါတယ်။

    “ဒီတော့ ကျန်းမာရေးအသိပညာနိမ့်ကျတဲ့လူနာတွေဖက်ကလည်း မြန်ကောင်းသက်သာ အနေနဲ့ ပျောက်စေ တန်ခိုးရှင်တွေကို အားကိုးလာကြတယ်” လို့ တိုင်းရင်းဆေးသမားတော်က ဆိုပါတယ်။​

    တိုင်းရင်းဆေးအမည်ခံ ဆေးကုသခွင့်မရှိသူတွေ ဘာကြောင့် သက်ဆိုးရှည်နေတာလဲ

    တိုင်းရင်းဆေးပညာဦးစီးဌာနအစည်းအဝေးမှာတွေ့ရတဲ့ ညွှန်ချုပ် ဒေါက်တာစုစုဒွေး

    ထိထိရောက်ရောက်အရေးယူတာမရှိလို့ ဆေးကုသခွင့်မရှိသူတွေ ပေါ်ပေါ်ထင်ထင်နဲ့ ရဲတင်းလာကြတာလို့ ဆေးပညာရှင်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။

    “တိုင်းရင်းဆေးကောင်စီက အရေးယူတာ အားနည်းလို့ လုပ်ချင်တိုင်းလုပ်နေကြတာပဲ။ နောက်တစ်ခုက ဆေးရုံ ဆေးခန်းတွေမှာ ဝန်နဲ့အားမမျှတာ၊ လူနာနဲ့ဆက်ဆံရေး PR အားနည်းတာကြောင့် စသဖြင့်ပေါ့” လို့ တိုင်းရင်းဆေးသမားတော်တစ်ဦးက ပြောပါတယ်။

    စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်တိုးမြှင့်ပြီး ကျန်းမာရေးအသုံးစရိတ်လျှော့ချထားတဲ့ မြန်မာနိုင်ငံမှာ ယခင်အကောင်အထည်ဖော်လက်စ စရိတ်မျှပေးကျန်းမာရေးစနစ်ကလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။

    ဆေးရုံတွေမှာ အခမဲ့ထုတ်ပေးနိုင်ခဲ့တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို လူနာဘက်က အိတ်စိုက်ဝယ်ယူရတာ များလာပါတယ်။

    ဒီအခြေအနေမှာ ငွေကြေးအခက်အခဲရှိတဲ့ သာမန်ပြည်သူတွေဟာ “မြန်မြန်ကောင်းတယ်၊ စရိတ်နည်းမယ်၊ ဆက်ဆံရေး ကောင်းတယ်” ဆိုတဲ့ လိုင်စင်မဲ့ ဆေးကုသခွင့်မရှိသူတွေဆီ ရောက်ကုန်တာပါ။

    သူတို့က ဆရာဝန်နဲ့ တိုင်းရင်းဆေးသမားတော်တွေလို လူနာရဲ့ အချက်အလက် မပေါက်ကြားရေးဆိုတဲ့ ကျင့်ဝတ်တွေကို ထိန်းသိမ်းစရာမလိုပါဘူး။ ဒါကြောင့် ဝေဒနာခံစားနေရတဲ့ လူနာရဲ့ ပုံတွေကို လူမှုကွန်ရက်မှာ အသုံးချပြီး လူသိများအောင်လုပ်ခွင့်ရနေတာပါ။

    ဒေါက်တာသက်ဟိန်းက” အူကျွံတဲ့လူနာကုသမှုနဲ့ ပတ်သက်ပြီး ထူးခန့်ကျော်နဲ့ ဆရာဝန်တစ်ယောက်ဖြစ်စဥ်မှာ ဆရာဝန်ဘက်ကတောင်းပန်လိုက်ရတယ်။ ဒါကိုကျန်းမာရေးဝန်ကြီးဌာနကဘက်ကလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး” လို့ပြောပါတယ်။

    ဒီဖြစ်စဥ်ကို အခြေပြုပြီးတော့မှ ရမ်းကုတွေက အတင့်ရဲလာတာလို့ သူက ဆိုပါတယ်။

    ကိုဇော်နဲ့ မသန်းမြအမျိုးသားတို့ သွားရောက်ပြသခဲ့ကြတဲ့ ဒေါ်ခင်စန်းရီဟာ တိုင်းရင်းဆေးပညာ သင်ကြားတဲ့ အဘိဓမ္မာတောင်သာကျောင်းဆင်းဖြစ်တယ်လို့ သူ့အကောင့်မှာ ကြေညာထားပါတယ်။

    ဒီကျောင်းဟာ ၂၀၀၃ ခုနှစ်မှာ တရားဝင်ဖျက်သိမ်းထားတဲ့ ကျောင်းဖြစ်ပြီး ဆေးကုသခွင့်လက်မှတ်ထုတ်ပေးခွင့် ရှိတဲ့ကျောင်းမဟုတ်ဘူးလို့ တိုင်းရင်းဆေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

    ‘တဆ’ လို့ ခေါ်တဲ့ တိုင်းရင်းဆေးဆရာမှတ်ပုံတင်ကို တိုင်းရင်းဆေးကောင်စီကသာ ထုတ်ပေးခွင့်ရှိပါတယ်။

    “တိုင်းရင်းဆေးသိပ္ပံ၊ တက္ကသိုလ်နဲ့ တိုင်းရင်းဆေးပညာ တစ်နှစ်သင်တန်း၊ တိုင်းရင်းဆေးပညာ သုံးဘာသာတို့၊ လေးဘာသာတို့က ဆင်းတဲ့သူတွေကိုပဲ တဆထုတ်ပေးခွင့်ရှိတယ်လို့ ကောင်စီဥပဒေမှာရှိပါတယ်”လို့ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။

    တိုင်းရင်းဆေးကောင်စီဥပဒေအရဆိုရင် ဒေါ်ခင်စန်းရီဟာ ဆေးကုသခွင့်မရှိဘဲ တရားမဝင်ဆေးကုသနေတာ ဖြစ်တယ်လို့ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌက ဆိုပါတယ်။

    “တရားမဝင်ဆေးခန်းဖွင့်လှစ်ကုသနေလို့ ကျွန်တော်တို့အရေးယူဆောင်ရွက်ဖို့ရှိပါတယ်” လို့ ပြောပါတယ်။

    တရားဝင်ဆေးကုသခွင့်ရှိတဲ့သူတစ်ယောက်ဖြစ်လာဖို့ အနောက်တိုင်းဆေးပညာ ဆရာဝန်တွေဟာ တက္ကသိုလ်ဝင်ခွင့်ရမှတ် ကောင်းကောင်းနဲ့ ဆေးတက္ကသိုလ် ၆ နှစ်ကျော်တက်ပြီးမှ ဆမလက်မှတ်ရကြတာပါ။

    တိုင်းရင်းဆေးဘက်မှာလည်း တက္ကသိုလ် ၅ နှစ်တက်ပြီးမှ တိုင်းရင်းဆေးကုသခွင့်လက်မှတ် တဆ ရကြတာဖြစ်ပါတယ်။

    တိုင်းရင်ဆေးသမားတော်တစ်ဦးက” ဒါတောင် အခြေခံတတ်မြောက်တာလို့ပဲ ယူဆတာ။ ဆေးပညာက တသက်တာသင်လို့ ပြီးဆုံးတယ်ဆိုတာမရှိဘူး” လို့ လူ့အသက်နဲ့ယှဥ်တဲ့ ဆရာဝန်၊ တိုင်း ရင်းဆေးသမားတော်ပညာနဲ့ အသက်မွေးဝမ်းကျောင်းသူတွေ ဖြစ်လာဖို့ အချိန်ယူသင်ကြားဖို့လိုအပ်ပုံကို ပြောပြပါတယ်​။

    ဒေါ်ခင်စန်းရီဟာ ဆေးမေတ္တာနာမည်နဲ့လည်း တိုင်းရင်းဆေးအမျိုးပေါင်း ၄၀ ကျော်ထုတ်လုပ်နေတာပါ။

    သူထုတ်လုပ်တဲ့ ဆေးဝါးအများစုကို တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘူးလို့ တိုင်ကြားချက်ရှိနေတာ ဖြစ်ပါတယ်။

    “ဒီအတွက်လည်း တိုင်းရင်းဆေးဝါးဥပဒေအရဆောင်ရွက်နေပါတယ်” လို့ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။

    စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေးကို ဒီတိုင်းရင်းဆေးအမည်ခံ တရားမဝင်ကုသမှု၊ တိုင်းရင်းဆေးထုတ်လုပ်မှုနဲ့ပတ်သက်လို့ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံပြောကြားတာမရှိပါဘူး။

    တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းအပြီး အချိန်တစ်ပတ်ခန့်အကြာ သြဂုတ် ၂၀ ရက်မှာတော့ ဆေးမေတ္တာဆေးတွေကို အများပြည်သူသုံးစွဲဖို့မသင့်တဲ့ဆေးတွေအဖြစ် စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလာပါတယ်။

    အပူလွန်သွေးအားနည်းကင်ဆာဆေး၊ ဆီးနဲ့ ကျောက်ကပ်ပျောက်ဆေးအပါအဝင်ဆေးအမျိုး အစား ၂၆ မျိုးဟာ တိုင်းရင်းဆေးဝါးမှတ်ပုံမတင်ထားလို့ ဆေးဝါးစစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်တဲ့ဆေးတွေအဖြစ် ထုတ်ပြန်လာတာပါ။​

    ဒီလို မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေး၊ စံမညီတိုင်းရင်းဆေး၊ ဆေးဝါးအတုနဲ့ သုံးစွဲရန်မသင့် ဘူးလို့ ကြေညာထားတဲ့ဆေးတွေကို ရောင်းချရင် တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂)အရ အရေးယူမယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။

    တရားမဝင်ကုသမှုတွေနဲ့ ပတ်သက်လို့ နစ်နာသူက တိုင်ကြားလာရင် အရေးယူဖို့ စိစစ်ဆောင်ရွက်သွားမယ် လို့ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦးက သြဂုတ် ၁၂ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

    ဇူလိုင် ၂၈ ရက်လောက်က တိုင်ကြားခံထားရတဲ့ ဒေါ်ခင်စန်းရီကို သြဂုတ် ၁၂ ရက်အထိ ဘယ်အဖွဲ့အစည်းကမှ ခေါ်ယူစစ်ဆေးတာမရှိခဲ့ပါဘူး။

    သြဂုတ် ၂၁ ရက်မှာ ဒေါ်ခင်စန်းရီကို အရေးယူဆောင်ရွက်နေတာနဲ့ပတ်သက်လို့ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌကို ထပ်မံဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။​

    ဘီဘီစီရဲ့ တိုင်းရင်းဆေးအသိုင်းအဝိုင်းသတင်းအရင်းအမြစ်ကတော့ မန္တလေးတိုင်း တိုင်းရင်းဆေးဝါးဦးစီးဌာနနဲ့ တိုင်းရင်းဆေးကောင်စီတာဝန်ရှိသူတွေ တောင်သမန်ရွာက ဒေါ်ခင်စန်းရီနေအိမ်ကို သြဂုတ် ၁၂ ရက်နောက်ပိုင်းမှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒီနောက် မြို့နယ်ရဲစခန်းကခေါ်ယူစစ်ဆေးဖို့ ဒေါ်ခင်စန်းရီနေအိမ်ကို သွားရောက်ချိန်မှာ ခရီးထွက်သွားတယ်လို့ပြောတဲ့အကြောင်း သတင်းအရင်းအမြစ်ရဲ့ ပြောပြချက်အရသိရပါတယ်။

    တိုင်ကြားချက်တွေကြောင့် ဒေါ်ခင်စန်းရီရဲ့ လူထုကို တရားမဝင် ကုသနေတာတွေ ခေတ္တရပ်တန့်သွားပေမဲ့ TikTok မှာ ဆေးဆရာ လို့စာရိုက်ရှာလိုက်တာနဲ့ ကျလာတဲ့ ဆမလက်မှတ်ရ ဆရာဝန်နဲ့ တဆလက်မှတ်ရ တိုင်းရင်းဆေးသမားတော်မဟုတ်သူတွေက လူရာချီကို ကုသနေတဲ့ ရုပ်သံတွေကို မြင်နိုင်ပါတယ်။

    ဒါပေမယ့် “ဒါမျိုးတွေကျ တိုင်းရင်းဆေးအမည်ခံတာမဟုတ်ဘဲ ကုတာမျိုးကျရင် ကောင်စီဥပဒေအရ အရေးယူဖို့က အခက်ခဲရှိပြန်တယ်” လို့ တိုင်းရင်းဆေး ကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောပါတယ်။

    လေ့ကျင့်သင်ကြားထားတဲ့ ဆရာဝန်၊ တိုင်းရင်းဆေးသမားတွေမဟုတ်သူတွေက လူထုကို ကုသတာ ဘာကြောင့်အန္တရာယ်ရှိတာလဲဆိုတာကိုတော့ ဆေးကုသရေးသက်တမ်း နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးဆရာဝန်ကြီး ဒေါက်တာမိုးသန္တာက အချက် ၇ ချက်နဲ့ ထောက်ပြပါတယ်။

    အန္တရာယ်ရှိတဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှု (နှလုံးရောဂါကို အစာအိမ်ရောဂါလို့ မှားယွင်းသတ်မှတ်ကုသတာ ဖြစ်နိုင်)

    ဆေးဝါးအသိပညာကင်းမဲ့မှု ( ဆေးပမာဏမှားညွှန်းတာ၊ ဓာတ်မတည့်တဲ့ဆေးပေးတာနဲ့ ဆေးတွေရဲ့ အန္တရာယ်ကို မသိဘဲပေးတာ)

    မသန့်ရှင်းတဲ့ နည်းလမ်းတွေကြောင့် ကူးစက်ရောဂါရနိုင်မှု ( ကုသရေးဆေးပစ္စည်းတွေ မသန့်စင်ဘဲပြန်သုံးတာနဲ့ လက်မဆေးတာကြောင့် HIV၊ အသဲယောင်အသားဝါ ဘီပိုး၊စီပိုး ကူးနိုင်တာ)

    အရေးပေါ်အခြေအနေကို မကိုင်တွယ်တတ်မှု (​ရုတ်တရက် နှလုံးခုန်ရပ်၊ လေပြွန်ပိတ်၊ ပြင်း ထန်သွေးထွက်တာလို အခြေအနေအတွက် အခြေခံအရေးပေါ်ကုသမှုမလုပ်တတ်တာ)

    နာတာရှည်ရောဂါစီမံခန့်ခွဲမှု ညံ့ဖျင်းတာ(ဆီးချို၊ သွေးတိုး၊ ပန်းနာနဲ့ ကင်ဆာလို ရောဂါတွေ ကို စနစ်တကျစောင့်ကြည့်ကုသမှုမပေးတတ်တာ)

    ကုသခံ လူနာတွေအတွက် ဥပဒေအရ အကာအကွယ်မရှိတာ

    မှားယွင်းကုသမှုအတွက် နောက်ဆက်တွဲဆိုးကျိုးအတွက် ကုန်ကျစရိတ်ပိုများနိုင်တာ

    ဒေါက်တာမိုးသန္တာက “ဒီလူတွေရဲ့ မသင့်တော်၊ မသက်ဆိုင်တဲ့ ကုသမှုတွေကြောင့် ငွေကြေး ချို့တဲ့သူနဲ့ ကျန်းမာရေးအသိပညာနည်းသူတွေအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်နိုင်လို့ သက်ဆိုင်ရာက ရှာဖွေဖော်ထုတ်ပြီး ဥပဒေနဲ့ထိထိရောက်ရောက်ကြပ်မတ်သင့်တယ်” လို့ ဆိုပါတယ်။​

    အခုချိန်ထိတော့ တိကျတဲ့ ဥပဒေ၊ မြန်ဆန်တဲ့အရေးယူမှုနဲ့ ထိန်းကျောင်းကြပ်မတ်မှု အားနည်းတာကြောင့် နစ်နာသူတွေ ဘက်လည်း ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေကြဆဲဖြစ်ပါတယ်။

    “အစ်မကတော့ နစ်နာသူဆိုတော့ သူ့ကို မကုစေချင်တော့ဘူး။ ကိုယ့်လိုလူတွေ ဘယ်လောက်များနေပြီလဲ မသိဘူး။ နစ်နာတာက ခံရတဲ့လူနာတွေပဲလေ” လို့ သူ့ရဲ့ အမျိုးသား မျက်စိကနေ မျက်ရည်တွေကျကာ အမြင်အာရုံပိုပြီးချို့ယွင်းသွားလို့ စိတ်ဆင်းရဲနေရတဲ့ မသန်းမြက ပြောပါတယ်။​

    အသိပေးချက် – ဒီဆောင်းပါးမှာပါရှိတဲ့ လူနာကိုဇော်နဲ့ လူနာရှင် မသန်းမြနာမည်ကို လုံခြုံရေးအရ ပြောင်းလဲအသုံးပြုထားပါတယ်။

  • “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က  ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA  ရင်ဆိုင်နေရ

    “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA ရင်ဆိုင်နေရ

    NUG နှင့် ထိတွေ့ဆက်ဆံမှု မပြုရေး အပါအဝင် မူဝါဒများကို ဖောက်ဖျောက်မှု၊ လက်နက်နှင့်ငွေကြေးထောက်ပံ့မှုအတွက် UWSA ကို တရုတ်က ပိတ်ဆို့အရေးယူ၍ တရုတ်ငွေယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးနေ

    “၀” ပြည်နယ်၏ လူပုဂ္ဂိုလ်များကို တရုတ်က ဖမ်းဆီးသည့်အပြင် ပိုင်ဆိုင်မှုများ ချိတ်ပိတ်ပြီး နှစ် ၄၀ အတွင်း သေရေးရှင်ရေး ဖိအား UWSA ရင်ဆိုင်နေရ

    မဟာမိတ်များနှင့်ဆက်ဆံရေးရပ်စဲကြောင်း ကြေညာသည့် ‘ဝ’ တပ်ဖွဲ့၏အစည်းအဝေး ( ဓာတ်ပုံ –Wa News Land)

    ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ၁၀၂၇ စစ်ဆင်ရေးအတွင်း မဟာမိတ်အဖွဲ့အစည်းများထံသို့ လက်နက်နှင့်ငွေကြေးများ ထောက်ပံ့မှုအတွက် UWSA ကို တရုတ်က ပိတ်ဆို့အရေးယူသဖြင့် တရုတ်ငွေယွမ်ဘီလီယံပေါင်းများစွာ ဆုံးရှုံးပြီး နှစ်ပေါင်း ၄၀ အတွင်း အပြင်းထန်ဆုံး ဖိအားပေးခံနေရကြောင်း UWSA “ဝ” တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းက ပြောဆိုသည်။

    ဩဂုတ်လ ၂၀ ရက်နေ့ TNLA ၊ MNDAA ၊ SSPP တိုင်းရင်းသားလက်နက်ကိုင်များနှင့်တွေ့ဆုံစဉ် ၎င်းက ထိုသို့ပြောဆိုခြင်းဖြစ်ပြီး ၎င်း၏ ပြောဆိုချက်အပြည့် အစုံကိုလည်း ယနေ့တွင် Wa Channel က အပြည့်အစုံ ဗီဒီယိုနှင့်တကွ ထုတ်ပြန်လာသည။

    “မိမိတို့ အားလုံးသည် တိုင်းရင်းသားဖြစ်သည့် အကြောင်းများကြောင့် စာနာနားလည်မှုစိတ်ဖြင့် အဖွဲ့အစည်း အသီးသီးကို ကာလအသီးသီးတွင် တတ်စွမ်းသရွေ့ ကူညီထောက်ပံ့မှုများ ပေးခဲ့ပြီး အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ၁၀၂၇ စစ်ဆင်ရေးလှုပ်ရှားမှုသည် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ မြောက်ပိုင်း စစ်ရေးပဋိပက္ခမဖြစ်ပွားစေရေး ၊ အဖွဲ့အစည်းများအနေဖြင့် NUG နှင့် ထိတွေ့ဆက်ဆံမှု မပြုရေး၊ ပြင်ပအင်အားစုကို မြန်မာနိုင်ငံမြောက်ပိုင်းသို့ မဆွဲခေါ်လာရေး စသည့် မူဝါဒကို ဖျောက်ဖျက်ခဲ့ကြောင်း” ၎င်းက ဆိုသည်။

    ယခုတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မည်သည့် စစ်ရေးပဋိပက္ခဖြစ်ပွားခြင်းကို လုံးဝသည်းမခံကြောင်း၊ ဤပြဿနာများသည် “ဝ” ပြည်နယ်က အဖွဲ့အစည်းအသီးသီးသို့ လက် နက်ပစ္စည်းများ၊ ငွေ ကြေးများနှင့် သွားလာမှု လမ်းကြောင်း အဆင်ပြေစေရေး စသည့် ထောက်ပံ့မှုများကြောင့် ဖြစ်ပွားခဲ့ပြီး “ဝ” ပြည်နယ်က တာဝန်အားလုံးကို ယူသွားရန် တရုတ်ဘက်ပြောဆိုခဲ့လာကြောင်း ၎င်းက ရှင်းပြသည်။

    တရုတ်က “ဝ” ပြည်နယ်ကို အရေးယူဆောင်ရွက်မှုကို တိုးမြှင့်ပါက ရလဒ်ကို စဉ်းစားရန် မခက်ခဲကြောင်း၊ “၀” ပြည်နယ်က အဖွဲ့အစည်းအသီးသီးအတွက် တရုတ်ဘက်၏ ကြီးလေးသည့် ဖိအားကို တောက်လျှောက်ခံနေရပါကြောင်း၊ ယခင် တရုတ်၏ “ဝ” ပြည်နယ်အပေါ် ဖျောင်းဖျပြောဆိုခြင်းနှင့် ဖိအားပေးခြင်းကို အဖွဲ့အစည်းများထံသို့ မပြောပြဘဲ မိမိတို့ တိတ်ဆိတ်စွာ ခံစားခဲ့ကြောင်း၊ သို့သော် လက်ရှိမျက်မှောက်တွင် တရုတ်ဘက်မှ “ဝ” ပြည်နယ်ကို သတိပေးသည့် အတိုင်းအတာကို နှုတ်ဖြင့် သတိပေးခြင်းသာမက လက်တွေ့ ဆောင်ရွက်မှုကိုပါ တိုးမြှင့်ဆောင်ရွက်နေပြီး ပိုမိုများပြားသည့် နောက်ဆက်တွဲ ဆောင်ရွက်မှုများလည်း ရှိနေကြောင်း၊ တရုတ်သည် ပြောသည့်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မိမိတို့အနေဖြင့် နားလည်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

    အဆိုပါ အကြောင်းပြချက်ဖြင့် ဝပြည်နယ်၏ လူပုဂ္ဂိုလ်များကို ဖမ်းဆီးခြင်း၊ ပိုင်ဆိုင်မှုများကို ချိတ်ပိတ်ခြင်းနှင့် နယ်စပ်ဂိတ်ပေါက်များကို ပိတ်ဆို့ခြင်းနှင့် ယခင်မကြုံဖူးခဲ့သော အမျိုးမျိုးအရေးယူမှုများကို ပြုလုပ်ခဲ့ကြောင်း၊ အကယ် ၍ မိမိတို့ ဝပြည်နယ်မှ စစ်ရေးပဋိပက္ခ ဖြစ်ပွားသည့် အဖွဲ့အစည်း အသီးသီးတို့ကို လက်နက်ပစ္စည်းထောက်ပံ့မှု မရပ်တန့်ပါက တရုတ်က “ဝ” ပြည်နယ်အပေါ် အရေးယူမှုကို ယခုထက်ပိုမို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်လက်ရှိဆောင်ရွက်နေသော အရေးယူမှုသည် “ဝ” ပြည်နယ်အနေနှင့် မခံနိုင်သော ဖိအားဖြစ်ပြီး နှစ် ၄၀ ကျော် ဖြတ်သန်းလာရသည့် အကြီးမားဆုံး သေရေး ရှင်ရေး ကိစ္စဖြစ်ကြောင်း၊ အကယ်၍ တရုတ်သည် ဝ ပြည်နယ်ကို အရေး ယူဆောင်ရွက်မှုကို တိုးမြှင့်ပါက ရလဒ်ကို စဉ်းစားရန် မခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။

    တရုတ်က လက်ရှိတွင် “ဝ” ပြည်နယ်က စစ်‌ရေးပဋိပက္ခဖြစ်ပွားခြင်းကို ထောက်ပံ့သည်ဆိုသည့် အကြောင်းပြချက်ဖြင့် “ဝ” ပြည်နယ် အစိုးရအဖွဲ့အစည်း ၊ ကုမ္ပဏီ တစ်ဦးတစ်ယောက်နှင့် သာမန်အရပ်သားများ အပါအဝင် တရုတ်နိုင်ငံတွင် ရှိသော ပိုင်ဆိုင်မှုများကို ခြွင်းချက်မရှိ ပိတ်ဆို့အရေးယူခံရကြောင်း၊ လက်ရှိတွင် တရုတ် ယွမ်ငွေဘီလီယံပေါင်းများစွာ ကြီးလေးသည့် ဆုံးရှုံးမှု ဖြစ်ခဲ့ကြောင်း၊ ပေါက်ကျွင်းဖုန်း စသည့် လူပုဂ္ဂိုလ်တို့၏ ပြဿနာသည် ယခုအချိန်အထိ မဖြေရှင်းနိုင်သည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း၊ ၎င်းသည် ဝ ပြည်နယ်၏ သေရေးရှင်ရေး ကိစ္စနှင့် ပတ်သက်နေကြောင်း၊ ထို့ကြောင့် ဤ တစ်ကြိမ် ဝ ပြည်နယ် ကြုံတွေ့နေရသည့် ပြင်းထန်သော အခြေအနေကို အဖွဲ့အစည်းများထံသို့ ရင်ဖွင့်ပြောပြခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

    ထို့ကြောင့် လက်နက်ပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုကိစ္စရပ်တွင် “ဝ” ပြည်နယ်အား ထပ်မံတောင်းဆိုခြင်းမပြုရန် မေတ္တာ ရပ်ခံကြောင်း UWSA “ဝ” တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ဦးကျောက်ကော်အမ်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

  • AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေ

    ထိုးစစ်ဆင်လာတဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၇၀ ကျော်သေဆုံး

    အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်စပ်နဲ့ ပဲခူးတိုင်းနယ်စပ်ရှိ ရခိုင်ရိုးမတောင်ကုန်းပေါ်မှာ တည်ရှိတဲ့ ညောင်ကျိုးစခန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲ ပြင်းထန်နေပြီးတော့ စစ်ကောင်စီဘက် အကျအဆုံးများပြားနေတယ်လို့ ဒေသအခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

    စစ်ကောင်စီဟာ အာရက္ခတပ်တော် AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ညောင်ကျိုးစခန်းကို ဒီသြဂုတ်အတွင်းမှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

    အဲဒီ ညောင်ကျိုးစခန်းအနီးတိုက်ပွဲတွေမှာ နှစ်ဖက်အပြန်အလှန် ဒရုန်းတွေနဲ့ တိုက်ခိုက်တာပိုများပြီး စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့ တပ်ရင်းတွေကိုလည်း AA က ဖြတ်တောက်တိုက်ခိုက်မှုကြောင့် နောက်ပြန်ဆုတ်သွားကြတဲ့ တပ်ရင်းတွေလည်းရှိတယ်လို့ AA စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    အာရက္ခတပ်တော် AA သိမ်းထားတဲ့ ညောင်ကျိုးစခန်းကို ဥသျှစ်ပင်မြို့နယ်၊ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၆) ရှိ အနီးအနားတပ်ရင်းတွေက အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကြောင်းဟာ သြဂုတ်လ ၂၀ ရက်နေ့က ထိုးစစ်ဆင်မှုတွေပြုလုပ်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    အဆိုပါတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဖက်က အင်အား ၇၀ ကျော်ကျဆုံးပြီးတော့ တိုက်ပွဲအတွင်းမှာ ကစဥ့်ကလျားထွက်ပြေးသွားကြတဲ့သူတွေကိုလည်း AA က လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။

    “AAနဲ့ မဟာမိတ်တပ်တွေဟာ ညောင်းကျိုးစခန်းမှာ တပ်စွဲထားတာပါ။ စစ်ကောင်စီကလည်း အဲဒီစခန်းကုန်းကို ထိုးစစ်ဆင်လာတော့ တိုက်ပွဲတွေ ပြင်းထန်နေကြပါတယ်။ သူတို့က တစ်ခါထိုးစစ်ဆင်လာရင် အင်အား ၂၀၀၊ ၃၀၀ ဝန်းကျင်ပါလာပါတယ်။ အခုလည်း အင်အား ၂၀၀ ရှိတဲ့စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်တော့ သူဖက်ကိုယ်ဖက်ကျဆုံးတာတွေရှိပါတယ်။ စကစဖက်ကလည်း တိုက်ပွဲအတွင်းမှာ ထွက်ပြေးသွာတာရှိတော့ သူတိုကိုလည်း လိုက်လံရှင်းလင်းနေပါတယ် ” လို့ AA စစ်ရေးသတင်းရင်းမြစ်နဲ့ နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။

    အာရက္ခတပ်တော် AA ဟာ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ညောင်ကျိုးစခန်းနဲ့ အနီးကျင်ကာကင်းစခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလအစပိုင်းကတည်းက မဟာမိတ်တပ်တွေနဲ့အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    ရခိုင်နဲ့ဧရာဝတီတိုင်းအစပ်ကဘောမိစခန်းကို အေအေတပ်ဖွဲ့သိမ်းပိုက်ခဲ့စဥ်

    စစ်ကောင်စီဟာ အဲဒီစခန်းကုန်းကို ပြန်လည်ရရှိဖို့အတွက် အခုလအတွင်းမှာ ထိုးစစ်ဆင်မှုတွေ ၄ ကြိမ်ထက်မနည်း ပြုလုပ်လာမှုတွေရှိတယ်လို့လည်း သိရပါတယ်။

    “သူတို့ကတော့ တိုက်ခိုက်ရေးစွမ်းရည် အဲလောက်မရှိပါဘူး။ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်း၊ စစ်တပ်လေထီးတွေ အာကိုးနဲ့ပဲ ထိုးစစ်ဆင်လာတာပါ။ အဲဒီအရာတွေ အလုပ်မလုပ်တော့ရင် သူတို့ကထွက်ပြေးကြတော့တာပဲ။ ဒီနောက်ပိုင်းမှာ ဒရုန်းနဲ့ လေကြောင်းကို အဓိက အားကိုပြီးတော့ ညောင်ကျိုးဖက်ခြမ်းကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်လာနေတာပါ” လို့ AA နဲ့နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဟာ အဆိုပါညောင်ကျိုးစခန်းကို ပြည်သူ့စစ်မှုထမ်းတပ်သားတွေနဲ့အတူ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပြီး အဲဒီပြည်သူ့စစ်မှုထမ်းတပ်သားအချို့ကိုလည်း ဖမ်းဆီးရမိထားတာရှိတယ်လို့ AA စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    ပြီးခဲ့တဲ့ သြဂုတ် လလယ်ပိုင်းကလည်း အင်အား ၃၀၀ ခန့်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းတစ်ခုဟာ ညောင်ကျိုးအနီးတဝိုက်ကို ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် AA နဲ့ မဟာမိတ်တပ်တွေက ဝိုင်းပတ်ပိတ်ဆို့တိုက်ကာ နောက်ပြန်ဆုတ်သွားရပြီးတော့ ညောင်ကျိုးစခန်းနဲ့ ၁၀ မိုင်ခန့်အကွာမှာ ခံစစ်ပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

    အာရက္ခတပ်တော် AA ဟာ ၁၀၂၇ စစ်ဆင်ရေးတစ်နှစ်ကျော်ကာလအတွင်းမှာ ရခိုင်က မြို့နယ် ၁၄ ခုအပါအဝင် ချင်းပြည်နယ်၊ ပလက်မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ပဲခူး၊ မကွေး၊ ဧရာဝတီနယ်စပ်တွေကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကနေ စစ်မျက်နှာခွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

    စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်စပ်ထဲကို ပြန်ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် ရခိုင်ရိုးမနယ်စပ်က AA နဲ့ မဟာမိတ်တပ်တွေ တပ်စွဲနေရာယူထားတဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီနယ်စပ်တွေကို လက်ရှိမှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်း ဖြစ်ပါတယ်။

  • ကျောက်မဲတိုက်ပွဲ ပြင်းထန်၊ ကျန်ရှိဒေသခံများ အမြန်ရှောင်ရန် တိုက်တွန်း

    ကျောက်မဲတိုက်ပွဲ ပြင်းထန်၊ ကျန်ရှိဒေသခံများ အမြန်ရှောင်ရန် တိုက်တွန်း

    စစ်တပ်ထိုးစစ်ဆင်နေမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး မြို့တွင်းနှင့် အနီးနားကျေးရွာများအတွင်း ကျန်ရှိနေသေးသည့်ဒေသခံများ အမြန်ဆုံးရှောင်ရှားကြရန် ကူညီကယ်ဆယ်ရေးလုပ်နေသူများက တိုက်တွန်းသည်။

    သြဂုတ် ၁၉ ရက်၌စပြီး စစ်တပ်က နောင်ချိုမြို့နယ် ဂုတ်တွင်းဘက်မှ ကျောက်မဲမြို့ကို ထိန်းချုပ်ရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေရာ နောင်ပိန်ရွာနှင့် ထန်းထပင်ရွာတို့ အပါအဝင် အနီးနားကျေးရွာများတွင် တိုက်ပွဲများ ပြင်းထန်နေပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

    ဒေသခံတဦးက “ဒီနေ့မှာလည်း ထန်းတပင်ရွာအနီးတဝိုက်မှာ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ အသံတွေကတော့ တအုန်းအုန်းပဲ” ဟု ပြောသည်။

    လက်ရှိ ကျောက်မဲတိုက်ပွဲအတွင်း သေဆုံးမှုများနေသလို ထိခိုက်ဒဏ်ရာရသူများလည်း ၃၀ ကျော်ထိရှိနေပြီး လားရှိုးဆေးရုံ ၌ ကုသမှုခံယူနေကြကာ အကူအညီများလိုအပ်နေကြောင်း စစ်ရှောင်အရေးကူညီပေးနေသူများက ဆိုသည်။

    ကူညီကယ်ဆယ်ရေးလုပ်နေသူ ကျောက်မဲမြို့ခံတဦးက “ကျန်နေတဲ့သူတွေကို ပြောချင်တာက ဒါဟာတကယ့်ကို အန္တရာယ်ရှိတဲ့ စစ်ပွဲကြီးပါ။ အရင်တုန်းက ၁၀၂၇ ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့ မတူဘူး၊ ဒီဟာက အကြီးအကျယ် ချမယ့်စစ်ပွဲဆိုတော့ အန္တရာယ်များတယ်လို့ ပြောချင်ပါတယ်။ နီးမှ ဟိုတနေ့ကလိုမျိုး ပိတ်မိသွားမှ လာကယ်ပါဦးဆို မကယ် နိုင်တော့ဘူး။ အတတ်နိုင်ဆုံးတော့ ထွက်ပေးကြပါ” ဟု ပြောသည်။

    လက်ရှိတွင် ငွေကြေးမတတ်နိုင်သူများ၊ သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ နေရပ်မစွန့်ခွာချင်သူတချို့ ကျန်နေကြပြီး မြို့၏ ၄ ပုံ ၁ ပုံခန့် ကျန်ရှိနေနိုင်သေးကြောင်း စစ်ရှောင်ကူညီပေးနေသူများက ဆိုသည်။

    ပုံစာ – လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် နောင်ပိန်ရွာမှ ထိခိုက်ဒဏ်ရာရသူများအား ကူညီပေးနေစဉ်/ နန့်ခုံးရှမ်းများ ပရဟိတအသင်း