အနောက်တိုင်းဆေးပညာ ဆရာဝန်နဲ့ တိုင်းရင်းဆေး သမားတော် မဟုတ်တဲ့ လိုင်စင်မဲ့ အပ်ပုန်း၊ ရမ်းကု တွေဟာ လူသိပ်မသိအောင် နေထိုင်လုပ်ကိုင်ကြရာကနေ အခုနှစ်ပိုင်းမှာ လူမှုကွန်ရက်မှာ ပေါ်ပေါ်ထင်ထင် ရှိလာကြပါတယ်။
နိုင်ငံလူဦးရေရဲ့ထက်ဝက်နီးပါး လူပေါင်း ၂၄ သန်းကျော် အင်တာနက်အသုံးပြုကြတဲ့ မြန်မာမှာ လူသိများအောင် လုပ်ဆောင်ဖို့ ဆိုရှယ် မီဒီယာက အလွယ်ကူဆုံးနေရာ ဖြစ်ပါတယ်။
လေဖြတ်ဝေဒနာကို ၂ နှစ်ဝန်းကျင်ခံစားနေရတဲ့ ကိုဇော်ဟာ TikTok သုံးနေရင်း အမျိုးသမီးတစ်ဦးက သူ့လို ဝေဒနာရှင်တွေကို တစ်ကြိမ်တည်းနဲ့ သက်သာအောင် ကုသပေးနေတဲ့ရုပ်သံကို ဒီနှစ် အစပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။
“ကျွန်တော်တို့လို လူနာတွေက ပျောက်ချင်တာပဲသိတာ။ ဒီလို ပျောက်အောင်ကုနိုင်တယ်ဆိုတာနဲ့ သွားကုချင်ကြတော့တာ” လို့ မိတ္ထီလာမြို့နယ်ထဲက ရွာတစ်ရွာမှာနေတဲ့ ကိုဇော်က ပြောပါတယ်။
လေဖြတ်ရောဂါလူနာတွေကို ဆေးကုပေးနေတယ်ဆိုတဲ့ မန္တလေးမြို့၊ ဦးပိန်တံတားအနီးက တောင်သမန်ရွာမှာရှိတဲ့ ဘုရားသုံးဆူဘုန်းကြီးကျောင်းကို ကိုဇော်တစ်ယောက် အရောက်သွားခဲ့ပါတယ်။
မနက် ၅ နာရီအရောက်သွားခဲ့ပေမဲ့ လူတွေ ကြိတ်ကြိတ်တိုးများနေလို့ နေ့တဝက်ကျိုးမှ သူ့အလှည့်ကျ ရောက်လာပါတယ်။

“ပန်းပဲထုသလို ဒုန်း ဒုန်းနဲ့ထုတာ ပြောမပြတတ်အောင် နာတယ်” ကိုဇော်
ဦးပိန်တံတားထိပ်က ဘုရားသုံးဆူဘုန်းကြီးကျောင်းဝင်းထဲမှာ မိုးမလင်းခင်ကတည်းက တန်းစီနေတဲ့ လူတန်းက ရာကျော်တယ်လို့ ကိုဇော်က ပြောပါတယ်။
ဓမ္မာရုံထဲမှာ သမားတော်ဒေါ်ခင်စန်းရီဆိုတဲ့ ဆိုင်းဘုတ်ကို အင်္ဂလိပ်လိုနဲ့ မြန်မာလို ၂ မျိုးရေးထားပြီး သစ်သား ကုတင် ၅ လုံးချထားပါတယ်။
ဒီနေရာမှာ လာရောက်ပြသတဲ့ လူနာတွေကို ဒေါ်ခင်စန်းရီအပါအဝင် အမျိုးသမီး ၅ ဦးလောက်က ကုပေးတာပါ။
လေဖြတ်ထားတဲ့ ကိုဇော်က သူ့အလှည့်ကျလာချိန်မှာ “ကုတင်ပေါ် ပက်လက်နေခိုင်းပြီး ခြေကြား တွေကို တုတ်နဲ့လိုက်ခြစ်တယ်။ ပြီးတော့ ထိပ်မှာဘုတုံးပါတဲ့ တုတ်ကို ခြေထောက်ကိုထောက်ပြီးတော့ အပေါ်ကနေ သစ်သားတုတ်တစ်ချောင်းနဲ့ထုတာ” လို့ ပြောပါတယ်။
နာရီဝက်လောက် အခုလို တုတ်နဲ့ထုခံရတာလို့ ဆိုပါတယ်။
“ပန်းပဲထုသလို ဒုန်း ဒုန်းနဲ့ထုတာ ပြောမပြတတ်အောင် နာတယ်။ နာလို့အော်လည်း ရောဂါကောင်းချင်ရင် အနာခံ ရမယ်ဆိုပြီး မရပ်ပေးဘူး” လို့ ကိုဇော်က ပြောပါတယ်။
ဘယ်ဘက်ကိုယ်တစ်ခြမ်း လေဖြတ်ထားတဲ့ကိုဇော်ဟာ ဒီကိုမလာခင်တုန်းက ခြေလက်ထုံကျင်တာကလွဲရင် လမ်းလျှောက်တာ၊ ဆိုင်ကယ် မောင်းတာတွေ လုပ်နိုင်ခဲ့ပေမဲ့ ပြန်ချိန်မှာတော့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ဘူးလို့ ပြန်ပြောပြပါတယ်။
အဲဒီကနေပြန်လာပြီး ရက်အတော်ကြာတဲ့အထိ သက်သာမလာဘဲ နာကျင်တဲ့ဒဏ်ကို မခံနိုင်တော့မှ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာသက်ဟိန်းရဲ့ဆေးခန်းကို ရောက်လာခဲ့ပါတယ်။
ဒေါက်တာသက်ဟိန်းက “ကျွန်တော့်ဆီ စစချင်းလာတဲ့ ရက်က ကားပေါ်ကနေ တွဲပြီး မချရတာ”
“ရောက်လာတဲ့အချိန်မှာ ထုထားတဲ့နေရာတွေက အညိုအမဲတွေပေါ်နေတယ်။ ကြွက်သားတွေကို တုတ်နဲ့ဖိရိုက်လို့ ကြွက်သားပုပ်သွားတာပေါ့” လို့ ကိုဇော်ရောက်လာတဲ့နေ့က အခြေအနေကို ပြောပြပါတယ်။
ဒီလိုထုရိုက်တာကြောင့် အရိုးကျိုးတာ၊ ကြွက်သားပုပ်တာဖြစ်နိုင်သလို ပြင်းထန်ရင် ခြေလက်ဖြတ်တောက်ရတဲ့ အထိ ဖြစ်နိုင်တယ်လို့ ဒေါက်တာသက်ဟိန်းက ပြောပါတယ်။
ဒါပေမဲ့ ကိုဇော့်ထက် အခြေအနေဆိုးဝါးသွားတဲ့ လူနာတစ်ဦးလည်း ရှိပါတယ်။
“သူက ဆရာဝန်အင်္ကျီတွေလည်း ဝတ်တော့ ဆရာဝန်လို့ပဲထင်တာလေ” – မသန်းမြ

မျက်စိတိမ်ရောဂါကြောင့် အမြင်အာရုံဝေဝါးနေတဲ့ အမျိုးသားကို သက်သာပျောက်ကင်းစေချင်နေသူ မသန်းမြကလည်း ဒေါ်ခင်စန်းရီကို TikTok ကနေပဲ သိခဲ့ရတာလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်လောက်ကစပြီး သူ့အမျိုးသားဟာ မျက်စိတိမ်စွဲတဲ့ ရောဂါကြောင့် အရာဝတ္ထုနဲ့ လူတွေကို ခွဲခြားနိုင်ပေမဲ့ ပြတ်ပြတ်သားသား မမြင်ရတော့ဘဲ အမြင်အာရုံဝေဝါးနေတာပါ။
“တကယ်ချက်ချင်းပြန်မြင်ရတယ်ဆိုတဲ့ လူနာတွေ သူ့(ဒေါ်ခင်စန်းရီ) TikTokမှာ တင်တာတွေ့ရတယ်။ ကိုယ်လည်း ကိုယ့်ယောကျာ်းကို ပျောက်စေချင်လို့ သွားတာပေါ့” လို့ မသန်းမြက ပြောပါတယ်။
ဒီမတိုင်ခင်က ဆေးခန်းတချို့မှာ ပြသခဲ့ဖူးပေမဲ့ မသက်သာတာကြောင့် ဒီလို တစ်ကြိမ်ကုတာနဲ့ ပျောက်တယ်လို့ မြင်ရချိန်မှာ အားကိုးတကြီး မျှော်လင့်မိခဲ့တယ်လို့ ဆိုပါတယ်။
“အရင်ပြခဲ့တဲ့ဆေးခန်းကပေးတဲ့ မျက်စဥ်းနဲ့ သောက်ဆေးတွေသောက်တာ မသက်သာဘူး။ ဆရာဝန်ကိုလည်း ကြောက်လို့ တိမ်ဆိုတာပဲ သိရပြီး ဘာမှမမေးရဲဘူး”လို့ မသန်းမြကပြောပါတယ်။
ချက်ချင်းပျောက်အောင်ကုပေးတယ်ဆိုတဲ့ ဒေါ်ခင်စန်းရီကို TikTok ရုပ်သံတွေအရ ” သူက ဆရာဝန်အင်္ကျီ(Scrub Suit)တွေလည်း ဝတ်တော့ ဆရာဝန်လို့ပဲထင်တာလေ” လို့ ဆိုပါတယ်။
TikTok ဗီဒီယိုတွေအရ ဒေါ်ခင်စန်းရီဟာ Scrub Suit လို့ ခေါ်တဲ့ ခွဲခန်းသုံးဝတ်စုံကို ဝတ်လေ့ရှိတာပါ။
ဒီဝတ်စုံတွေဟာ ကိုဗစ်မတိုင်ခင်က ဆေးပညာနယ်ပယ်က ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ သူနာပြုစသဖြင့် အရောင်အလိုက် ခွဲခြားဝတ်ဆင်ရတယ်ဆိုပေမဲ့ ဒီနောက်ပိုင်းမှာ ရောထွေးဝတ်ဆင်လာကြတာ ဖြစ်ပါတယ်။
မသန်းမြဟာ သူ့အမျိုးသားနဲ့အတူ ဒေါ်ခင်စန်းရီဆေးခန်းကို ဒီနှစ်ဧပြီလမတိုင်ခင်တုန်းက သွားရောက်ခဲ့ကြတာပါ။
“ကြေးချောင်းတစ်ချောင်းနဲ့ မျက်စိတဝိုက်ကို ဖိဆွဲတာ။ အညိုအမဲဖြစ်လာတော့ ဒါကပိတ်မိတဲ့ အခိုးတွေ ထွက်လာတာလို့ပြောတယ်” လို့ မျက်စိတိမ်ရောဂါခံစားနေရတဲ့ အမျိုးသားကို ကုသပုံအကြောင်း မသန်းမြက ပြန်ပြောပြပါတယ်။
မသန်းမြအမျိုးသားဟာ ဆေးခန်းက ပြန်လာပြီး ၂ ရက်မြောက်လောက်မှာ မျက်စိတဝိုက် နာကျင်တဲ့ ဝေဒနာခံစားလာရပါတယ်။
၇ ရက်မြောက်မှာတော့ မျက်ရည်တွေ တောက်လျှောက်ကျတဲ့ အခြေအနေကြုံကာ အမြင်အာရုံဝေဝါးတာလည်း ပိုဆိုးသွားခဲ့ရတာပါ။
“မျက်စိဆရာဝန်ဆီသွားပြတော့ မျက်ရည်အိတ်ပေါက်သွားတာလို့ပြောတယ်။ ချက်ချင်းလည်း ပြန်ကုလို့မရဘူး။ နောက် ၆ လလောက်စောင့်ပြီးမှ ကုလို့ရမှာလို့ ပြောတယ်” လို့ မသန်းမြက ပြောပါတယ်။
တစ်ကြိမ်ကုတာနဲ့ ချက်ချင်းမြင်ရတယ်လို့ ရိုက်ကူးဖြန့်ဝေနေတဲ့ ရုပ်သံနဲ့ပတ်သက်လို့ ဒေါက်တာသက်ဟိန်းက “ဆေးပညာသဘောတရားအရ Placebo’s effectလို့ ခေါ်တယ်။ အရင်ဆုံးစကား တွေပြောပြီး လူနာစိတ်ထဲမှာ ငါမြင်လာပြီဆိုတဲ့ ခံစားချက်ရအောင် စိတ်ပညာအရ ရိုက်သွင်းခံရတာ”လို့ ဆိုပါတယ်။
တိုင်းရင်းဆေးခန်းတွေမှာ မျက်စိရောဂါ၊ ခွဲစိတ်ကုသမယ့်ရောဂါနဲ့ ကူးစက်ရောဂါတွေကို ကုသခွင့်မရှိဘဲ အနောက်တိုင်းဆေးပညာနဲ့ ကုသတဲ့ ဆေးရုံတွေဆီ လွှဲပြောင်းပေးရတာဖြစ်တယ်လို့ တိုင်းရင်းဆေးသမားတော်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ခေတ်သစ်သမားတော်၊ ရွှေလက်ပိုင်ရှင်၊ ခေတ်သစ်ဇီဝက စသဖြင့် အမျိုးမျိုး ကိုယ့်ဘာသာ မှည့်ခေါ်နေတဲ့ ဒေါ်ခင်စန်းရီမှာ တရားဝင်ဆေးကုသခွင့်လက်မှတ်မရှိပါဘူး။
“ရွှေလက် ဒေါ်ခင်စန်းရီ” ဘယ်သူလဲ

ဒေါ်ခင်စန်းရီဟာ မကျန်းမာတဲ့ပြည်သူလူထုက ချစ်ခင်အားကိုးကြတဲ့ တိုင်းရင်းဆေးသမားတော်တစ်ဦးအဖြစ် လူမှုကွန်ရက်မှာ သူ့ရဲ့ ပုံရိပ်ကို တည်ဆောက်ထားသူ ဖြစ်ပါတယ်။
Facebook နဲ့ TikTok လူမှုကွန်ရက်မှာ သူ့ရဲ့ပရိသတ်ဦးရေသန်းကျော်ရထားတဲ့သူ ဖြစ်ပါတယ်။
Khin San Yee (Say Mitta T.Med) ဆိုတဲ့ TikTok အကောင့်ကို လူ တစ်သန်း က Follow လုပ်ထားတာပါ။
ကျန်တဲ့သူ့ရဲ့ Facebook နဲ့ TikTok အကောင့် တွေဟာလည်း အနည်းဆုံး လူသိန်းဂဏန်းရှိနေပါတယ်။
ဒါကပဲ သူ့ကို လူသိစေတဲ့ အားသာချက်ဖြစ်လာတာပါ။
ဆေးရုံဆေးခန်းထက် ဆေးမြီတိုကို အားကိုးချင်တဲ့ မြန်မာလူထုရဲ့အလေ့အထကိုလည်း ကောင်းကောင်းနားလည်ထားသူဖြစ်တယ်ဆိုတာ သူ့ရုပ်သံတွေကို ကြည့်ရင်သိနိုင်ပါတယ်။
၉၆ ပါးရောဂါတိုင်းကို ပတ်ဝန်းကျင်မှာ အလွယ်ရနိုင်တဲ့ အရွက်၊ အမြစ်၊ အသီးတွေနဲ့ သဘာဝ နည်းကျ ကုသနိုင်တယ်ဆိုပြီး မှားယွင်းတဲ့ဆေးနည်းတွေကို ပြောဆိုဖြန့်ဝေနေတာ ဖြစ်ပါတယ်။
“ဘီးစပ်ရွက်ကို နေ့စဥ်သောက်ရင် ဘီပိုး၊ စီပိုးသာမက HIV သမားတွေပါ သက်တမ်းစေ့နေနိုင်တယ်” ၊ ဆေးရုံဆေးခန်းချက်ချင်းပြဖို့လိုတဲ့ ” သွေးလွန်တုပ်ကွေး” ဖြစ်ရင် “ရဲယိုသီးစားရတယ်” လို့ အန္တရာယ်ရှိတဲ့ ပြောဆိုချက်တွေကို မျှဝေနေပါ။
တိုင်းရင်းဆေးသမားတော်တစ်ဦးက”လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါအပါအဝင် ကူးစက်ရောဂါတွေကို တိုင်းရင်းဆေးနဲ့ ကုသပေးတာမရှိပါဘူး” လို့ ထောက်ပြပါတယ်။
မှားယွင်းတဲ့ ဆေးပညာဗဟုသုတတွေအပြင် ဒေါ်ခင်စန်းရီက ဆေးမေတ္တာနာမည်နဲ့ ဆေးပေါင်း ၄၀ ဝန်းကျင်ကို ထုတ်လုပ်နေတာပါ။
ဒါပေမဲ့ ဒီဆေးဝါးတွေကို ဓာတ်ခွဲစမ်းသပ်ပြီး အများပြည်သူသောက်သုံးဖို့ သင့်မသင့် တိုင်းရင်းဆေးဝါးဦးစီးဌာနကို တင်ပြမှတ်ပုံတင်ထားတာမရှိပါဘူး။

အခိုးပွင့်ဆေးတစ်မျိုးအတွက်ပဲ တိုင်းရင်းဆေးဝါးမှတ်ပုံတင် TMR ရထားတာဖြစ်ပါတယ်။
ဒါကလည်း သူကတရားဝင် တိုင်းရင်းဆေးသမားတော်ဖြစ်နေလို့ ဆေးထုတ်လုပ်ခွင့်ရတာမဟုတ်ပါဘူး။
ဆေးထုတ်လုပ်ခွင့်ကို မြန်မာနိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါတယ်။
တဆ ရှိတဲ့ တိုင်းရင်းဆေးသမားတော်တစ်ဦးက ဆေးဝါးကြီးကြပ်အဖြစ် လုပ်ပေးဖို့လိုပါတယ်။
ဒေါ်ခင်စန်းရီက ၂၀၂၂ ခုနှစ်မှာ သူ့ဇာတိဖြစ်တဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က တိုင်းရင်းဆေးသမားတော်တစ်ဦးကို ကြီးကြပ်ပေးဖို့ အကူအညီတောင်းပြီး TMR ရခဲ့တာပါ။
ဒီနံပါတ်က တိုင်းရင်းဆေးဝါးမှတ်ပုံတင်သာ ဖြစ်ပြီး ဆေးကုသခွင့်လက်မှတ်မဟုတ်ပါဘူး။
TMR နံပါတ်ကို ထင်ယောင်ထင်မှားဖြစ်အောင် ဆေးကုသတဲ့နေရာမှာ ဆိုင်းဘုတ်နဲ့ လူမှုကွန်ရက်အကောင့်တွေမှာ ရေးသားထားတာဖြစ်ပါတယ်။
သူက သင်္ချာအထူးပြုနဲ့ ဘွဲ့ရတစ်ဦးဖြစ်ပြီး ပညာရေးမှူးရုံးဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့ဖူးတယ်လို့ သတင်းအရင်းအမြစ်က ဆိုပါတယ်။
၂၀၂၂ ခုနှစ်မှာပဲ ဆေးထုတ်လုပ်တာအပြင် အဘိဓမ္မာတောင်သာသင်တန်းကို အွန်လိုင်းကနေ ၃ လတက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီကနေ ကဝိဘိသက္ကဘွဲ့ရတယ်လို့ သူကိုယ်တိုင် လူမှုကွန်ရက်မှာ ပြောထားတာပါ။
ဒါပေမဲ့ ဒီသင်တန်းက တရားမဝင်ဆေးပညာသင်တန်းဖြစ်တယ်လို့ တိုင်းရင်းဆေးသမားတော် အသိုင်းအဝိုင်းနဲ့ တိုင်းရင်းဆေးကောင်စီက အတည်ပြုပြောကြားပါတယ်။
ဒီလို တရားမဝင်ကုသတာ၊ မှတ်ပုံတင်ထားခြင်းမရှိတဲ့ဆေးဝါးတွေ ဖြန့်ဖြူးနေပေမဲ့ လူနာတွေ အများအပြား ကုသမှုခံယူနေကြတာပါ။
ဗန်းမော်က ကုသမှုကို အသေးစိတ်မသိရပေမဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လအတွင်း ဗန်းမော်ကနေ စစ်ရှောင်ထွက်ခွာလာပြီး မန္တလေး၊ အမရပူရမြို့နယ်ကို ရောက်လာချိန်မှာ ပိုပြီးလူသိများလာပါ။
၂၀၂၄ နှစ်ကုန်ပိုင်းတွေမှာ အမရပူရမြို့နယ်ထဲက ရွာသစ်ကန်ဦးကျောင်းသာမက ရန်ကုန်၊ မြောက်ဒဂုံ မြို့နယ်အထိ သွားရောက်ကုသခဲ့တာကို သူကိုယ်တိုင်တင်ထားတဲ့ ရုပ်သံတွေမှာ တွေ့ရပါတယ်။
၂၀၂၅ ခုနှစ်ထဲမှာတော့ ဦးပိန်တံတားထိပ်၊ တောင်သမန်ရွာက ဘုရားသုံးဆူကျောင်းမှာ တစ်လကို လူထောင်ကျော်ကုသခဲ့တာပါ။
လေဖြတ်လူနာ၊ မျက်စိတိမ်နဲ့ မျက်စိဝေဝါးတဲ့လူနာတွေ၊ အရိုးအကြောရောဂါခံစားရသူတွေကို တစ်ကြိမ်ကုသပြီးတာနဲ့ ခွဲစိတ်စရာမလိုဘဲ ကောင်းသွားတယ်ဆိုပြီး ရုပ်သံပေါင်းရာနဲ့ချီရိုက်ကူးကာ လူမှုကွန်ရက်မှာ ဖြန့်ဝေထားပါတယ်။
တိုင်းရင်းဆေးသမားတော်တစ်ဦးက ” ဆေးပညာရှင်တွေက စကားကိုကျင့်ဝတ်အရထိန်းပြောရ တယ်။ ကိုယ့်ဘာသာ ကြော်ငြာတာမလုပ်ရဘူး။ သူတို့(ရမ်းကု)တွေက အာ ကောင်းတယ်။ အမွှန်း တင်ရွှန်းရွှန်းဝေအောင်ပြောတယ်” လို့ တိုင်းရင်းဆေးအမည်ခံနဲ့ တိုင်းရင်းဆေးသမားတော်ကွာ ခြားချက်ကို ထောက်ပြပါတယ်။
“ဒီတော့ ကျန်းမာရေးအသိပညာနိမ့်ကျတဲ့လူနာတွေဖက်ကလည်း မြန်ကောင်းသက်သာ အနေနဲ့ ပျောက်စေ တန်ခိုးရှင်တွေကို အားကိုးလာကြတယ်” လို့ တိုင်းရင်းဆေးသမားတော်က ဆိုပါတယ်။
တိုင်းရင်းဆေးအမည်ခံ ဆေးကုသခွင့်မရှိသူတွေ ဘာကြောင့် သက်ဆိုးရှည်နေတာလဲ

ထိထိရောက်ရောက်အရေးယူတာမရှိလို့ ဆေးကုသခွင့်မရှိသူတွေ ပေါ်ပေါ်ထင်ထင်နဲ့ ရဲတင်းလာကြတာလို့ ဆေးပညာရှင်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။
“တိုင်းရင်းဆေးကောင်စီက အရေးယူတာ အားနည်းလို့ လုပ်ချင်တိုင်းလုပ်နေကြတာပဲ။ နောက်တစ်ခုက ဆေးရုံ ဆေးခန်းတွေမှာ ဝန်နဲ့အားမမျှတာ၊ လူနာနဲ့ဆက်ဆံရေး PR အားနည်းတာကြောင့် စသဖြင့်ပေါ့” လို့ တိုင်းရင်းဆေးသမားတော်တစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အသုံးစရိတ်တိုးမြှင့်ပြီး ကျန်းမာရေးအသုံးစရိတ်လျှော့ချထားတဲ့ မြန်မာနိုင်ငံမှာ ယခင်အကောင်အထည်ဖော်လက်စ စရိတ်မျှပေးကျန်းမာရေးစနစ်ကလည်း ပျောက်ကွယ်လုနီးပါးဖြစ်နေပါတယ်။
ဆေးရုံတွေမှာ အခမဲ့ထုတ်ပေးနိုင်ခဲ့တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကို လူနာဘက်က အိတ်စိုက်ဝယ်ယူရတာ များလာပါတယ်။
ဒီအခြေအနေမှာ ငွေကြေးအခက်အခဲရှိတဲ့ သာမန်ပြည်သူတွေဟာ “မြန်မြန်ကောင်းတယ်၊ စရိတ်နည်းမယ်၊ ဆက်ဆံရေး ကောင်းတယ်” ဆိုတဲ့ လိုင်စင်မဲ့ ဆေးကုသခွင့်မရှိသူတွေဆီ ရောက်ကုန်တာပါ။
သူတို့က ဆရာဝန်နဲ့ တိုင်းရင်းဆေးသမားတော်တွေလို လူနာရဲ့ အချက်အလက် မပေါက်ကြားရေးဆိုတဲ့ ကျင့်ဝတ်တွေကို ထိန်းသိမ်းစရာမလိုပါဘူး။ ဒါကြောင့် ဝေဒနာခံစားနေရတဲ့ လူနာရဲ့ ပုံတွေကို လူမှုကွန်ရက်မှာ အသုံးချပြီး လူသိများအောင်လုပ်ခွင့်ရနေတာပါ။
ဒေါက်တာသက်ဟိန်းက” အူကျွံတဲ့လူနာကုသမှုနဲ့ ပတ်သက်ပြီး ထူးခန့်ကျော်နဲ့ ဆရာဝန်တစ်ယောက်ဖြစ်စဥ်မှာ ဆရာဝန်ဘက်ကတောင်းပန်လိုက်ရတယ်။ ဒါကိုကျန်းမာရေးဝန်ကြီးဌာနကဘက်ကလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး” လို့ပြောပါတယ်။
ဒီဖြစ်စဥ်ကို အခြေပြုပြီးတော့မှ ရမ်းကုတွေက အတင့်ရဲလာတာလို့ သူက ဆိုပါတယ်။
ကိုဇော်နဲ့ မသန်းမြအမျိုးသားတို့ သွားရောက်ပြသခဲ့ကြတဲ့ ဒေါ်ခင်စန်းရီဟာ တိုင်းရင်းဆေးပညာ သင်ကြားတဲ့ အဘိဓမ္မာတောင်သာကျောင်းဆင်းဖြစ်တယ်လို့ သူ့အကောင့်မှာ ကြေညာထားပါတယ်။
ဒီကျောင်းဟာ ၂၀၀၃ ခုနှစ်မှာ တရားဝင်ဖျက်သိမ်းထားတဲ့ ကျောင်းဖြစ်ပြီး ဆေးကုသခွင့်လက်မှတ်ထုတ်ပေးခွင့် ရှိတဲ့ကျောင်းမဟုတ်ဘူးလို့ တိုင်းရင်းဆေးအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
‘တဆ’ လို့ ခေါ်တဲ့ တိုင်းရင်းဆေးဆရာမှတ်ပုံတင်ကို တိုင်းရင်းဆေးကောင်စီကသာ ထုတ်ပေးခွင့်ရှိပါတယ်။
“တိုင်းရင်းဆေးသိပ္ပံ၊ တက္ကသိုလ်နဲ့ တိုင်းရင်းဆေးပညာ တစ်နှစ်သင်တန်း၊ တိုင်းရင်းဆေးပညာ သုံးဘာသာတို့၊ လေးဘာသာတို့က ဆင်းတဲ့သူတွေကိုပဲ တဆထုတ်ပေးခွင့်ရှိတယ်လို့ ကောင်စီဥပဒေမှာရှိပါတယ်”လို့ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌ ဦးမြင့်ဦးက ဘီဘီစီကို ပြောပါတယ်။
တိုင်းရင်းဆေးကောင်စီဥပဒေအရဆိုရင် ဒေါ်ခင်စန်းရီဟာ ဆေးကုသခွင့်မရှိဘဲ တရားမဝင်ဆေးကုသနေတာ ဖြစ်တယ်လို့ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌက ဆိုပါတယ်။
“တရားမဝင်ဆေးခန်းဖွင့်လှစ်ကုသနေလို့ ကျွန်တော်တို့အရေးယူဆောင်ရွက်ဖို့ရှိပါတယ်” လို့ ပြောပါတယ်။
တရားဝင်ဆေးကုသခွင့်ရှိတဲ့သူတစ်ယောက်ဖြစ်လာဖို့ အနောက်တိုင်းဆေးပညာ ဆရာဝန်တွေဟာ တက္ကသိုလ်ဝင်ခွင့်ရမှတ် ကောင်းကောင်းနဲ့ ဆေးတက္ကသိုလ် ၆ နှစ်ကျော်တက်ပြီးမှ ဆမလက်မှတ်ရကြတာပါ။
တိုင်းရင်းဆေးဘက်မှာလည်း တက္ကသိုလ် ၅ နှစ်တက်ပြီးမှ တိုင်းရင်းဆေးကုသခွင့်လက်မှတ် တဆ ရကြတာဖြစ်ပါတယ်။
တိုင်းရင်ဆေးသမားတော်တစ်ဦးက” ဒါတောင် အခြေခံတတ်မြောက်တာလို့ပဲ ယူဆတာ။ ဆေးပညာက တသက်တာသင်လို့ ပြီးဆုံးတယ်ဆိုတာမရှိဘူး” လို့ လူ့အသက်နဲ့ယှဥ်တဲ့ ဆရာဝန်၊ တိုင်း ရင်းဆေးသမားတော်ပညာနဲ့ အသက်မွေးဝမ်းကျောင်းသူတွေ ဖြစ်လာဖို့ အချိန်ယူသင်ကြားဖို့လိုအပ်ပုံကို ပြောပြပါတယ်။
ဒေါ်ခင်စန်းရီဟာ ဆေးမေတ္တာနာမည်နဲ့လည်း တိုင်းရင်းဆေးအမျိုးပေါင်း ၄၀ ကျော်ထုတ်လုပ်နေတာပါ။
သူထုတ်လုပ်တဲ့ ဆေးဝါးအများစုကို တိုင်းရင်းဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိဘူးလို့ တိုင်ကြားချက်ရှိနေတာ ဖြစ်ပါတယ်။
“ဒီအတွက်လည်း တိုင်းရင်းဆေးဝါးဥပဒေအရဆောင်ရွက်နေပါတယ်” လို့ တိုင်းရင်းဆေးကောင်စီ ဥက္ကဋ္ဌက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေးကို ဒီတိုင်းရင်းဆေးအမည်ခံ တရားမဝင်ကုသမှု၊ တိုင်းရင်းဆေးထုတ်လုပ်မှုနဲ့ပတ်သက်လို့ မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံပြောကြားတာမရှိပါဘူး။
တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌနဲ့ ဆက်သွယ်မေးမြန်းအပြီး အချိန်တစ်ပတ်ခန့်အကြာ သြဂုတ် ၂၀ ရက်မှာတော့ ဆေးမေတ္တာဆေးတွေကို အများပြည်သူသုံးစွဲဖို့မသင့်တဲ့ဆေးတွေအဖြစ် စစ်ကော်မရှင်ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာလာပါတယ်။
အပူလွန်သွေးအားနည်းကင်ဆာဆေး၊ ဆီးနဲ့ ကျောက်ကပ်ပျောက်ဆေးအပါအဝင်ဆေးအမျိုး အစား ၂၆ မျိုးဟာ တိုင်းရင်းဆေးဝါးမှတ်ပုံမတင်ထားလို့ ဆေးဝါးစစ်မှန် အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်တဲ့ဆေးတွေအဖြစ် ထုတ်ပြန်လာတာပါ။
ဒီလို မှတ်ပုံမတင်ထားတဲ့ တိုင်းရင်းဆေး၊ စံမညီတိုင်းရင်းဆေး၊ ဆေးဝါးအတုနဲ့ သုံးစွဲရန်မသင့် ဘူးလို့ ကြေညာထားတဲ့ဆေးတွေကို ရောင်းချရင် တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁)၊ (၃၂)အရ အရေးယူမယ်လို့လည်း ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
တရားမဝင်ကုသမှုတွေနဲ့ ပတ်သက်လို့ နစ်နာသူက တိုင်ကြားလာရင် အရေးယူဖို့ စိစစ်ဆောင်ရွက်သွားမယ် လို့ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦးက သြဂုတ် ၁၂ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
ဇူလိုင် ၂၈ ရက်လောက်က တိုင်ကြားခံထားရတဲ့ ဒေါ်ခင်စန်းရီကို သြဂုတ် ၁၂ ရက်အထိ ဘယ်အဖွဲ့အစည်းကမှ ခေါ်ယူစစ်ဆေးတာမရှိခဲ့ပါဘူး။
သြဂုတ် ၂၁ ရက်မှာ ဒေါ်ခင်စန်းရီကို အရေးယူဆောင်ရွက်နေတာနဲ့ပတ်သက်လို့ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌကို ထပ်မံဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ဘီဘီစီရဲ့ တိုင်းရင်းဆေးအသိုင်းအဝိုင်းသတင်းအရင်းအမြစ်ကတော့ မန္တလေးတိုင်း တိုင်းရင်းဆေးဝါးဦးစီးဌာနနဲ့ တိုင်းရင်းဆေးကောင်စီတာဝန်ရှိသူတွေ တောင်သမန်ရွာက ဒေါ်ခင်စန်းရီနေအိမ်ကို သြဂုတ် ၁၂ ရက်နောက်ပိုင်းမှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် မြို့နယ်ရဲစခန်းကခေါ်ယူစစ်ဆေးဖို့ ဒေါ်ခင်စန်းရီနေအိမ်ကို သွားရောက်ချိန်မှာ ခရီးထွက်သွားတယ်လို့ပြောတဲ့အကြောင်း သတင်းအရင်းအမြစ်ရဲ့ ပြောပြချက်အရသိရပါတယ်။
တိုင်ကြားချက်တွေကြောင့် ဒေါ်ခင်စန်းရီရဲ့ လူထုကို တရားမဝင် ကုသနေတာတွေ ခေတ္တရပ်တန့်သွားပေမဲ့ TikTok မှာ ဆေးဆရာ လို့စာရိုက်ရှာလိုက်တာနဲ့ ကျလာတဲ့ ဆမလက်မှတ်ရ ဆရာဝန်နဲ့ တဆလက်မှတ်ရ တိုင်းရင်းဆေးသမားတော်မဟုတ်သူတွေက လူရာချီကို ကုသနေတဲ့ ရုပ်သံတွေကို မြင်နိုင်ပါတယ်။
ဒါပေမယ့် “ဒါမျိုးတွေကျ တိုင်းရင်းဆေးအမည်ခံတာမဟုတ်ဘဲ ကုတာမျိုးကျရင် ကောင်စီဥပဒေအရ အရေးယူဖို့က အခက်ခဲရှိပြန်တယ်” လို့ တိုင်းရင်းဆေး ကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောပါတယ်။
လေ့ကျင့်သင်ကြားထားတဲ့ ဆရာဝန်၊ တိုင်းရင်းဆေးသမားတွေမဟုတ်သူတွေက လူထုကို ကုသတာ ဘာကြောင့်အန္တရာယ်ရှိတာလဲဆိုတာကိုတော့ ဆေးကုသရေးသက်တမ်း နှစ်ပေါင်း ၃၀ ဝန်းကျင်ရှိပြီဖြစ်တဲ့ ပြည်သူ့ကျန်းမာရေးဆရာဝန်ကြီး ဒေါက်တာမိုးသန္တာက အချက် ၇ ချက်နဲ့ ထောက်ပြပါတယ်။
အန္တရာယ်ရှိတဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှု (နှလုံးရောဂါကို အစာအိမ်ရောဂါလို့ မှားယွင်းသတ်မှတ်ကုသတာ ဖြစ်နိုင်)
ဆေးဝါးအသိပညာကင်းမဲ့မှု ( ဆေးပမာဏမှားညွှန်းတာ၊ ဓာတ်မတည့်တဲ့ဆေးပေးတာနဲ့ ဆေးတွေရဲ့ အန္တရာယ်ကို မသိဘဲပေးတာ)
မသန့်ရှင်းတဲ့ နည်းလမ်းတွေကြောင့် ကူးစက်ရောဂါရနိုင်မှု ( ကုသရေးဆေးပစ္စည်းတွေ မသန့်စင်ဘဲပြန်သုံးတာနဲ့ လက်မဆေးတာကြောင့် HIV၊ အသဲယောင်အသားဝါ ဘီပိုး၊စီပိုး ကူးနိုင်တာ)
အရေးပေါ်အခြေအနေကို မကိုင်တွယ်တတ်မှု (ရုတ်တရက် နှလုံးခုန်ရပ်၊ လေပြွန်ပိတ်၊ ပြင်း ထန်သွေးထွက်တာလို အခြေအနေအတွက် အခြေခံအရေးပေါ်ကုသမှုမလုပ်တတ်တာ)
နာတာရှည်ရောဂါစီမံခန့်ခွဲမှု ညံ့ဖျင်းတာ(ဆီးချို၊ သွေးတိုး၊ ပန်းနာနဲ့ ကင်ဆာလို ရောဂါတွေ ကို စနစ်တကျစောင့်ကြည့်ကုသမှုမပေးတတ်တာ)
ကုသခံ လူနာတွေအတွက် ဥပဒေအရ အကာအကွယ်မရှိတာ
မှားယွင်းကုသမှုအတွက် နောက်ဆက်တွဲဆိုးကျိုးအတွက် ကုန်ကျစရိတ်ပိုများနိုင်တာ
ဒေါက်တာမိုးသန္တာက “ဒီလူတွေရဲ့ မသင့်တော်၊ မသက်ဆိုင်တဲ့ ကုသမှုတွေကြောင့် ငွေကြေး ချို့တဲ့သူနဲ့ ကျန်းမာရေးအသိပညာနည်းသူတွေအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်နိုင်လို့ သက်ဆိုင်ရာက ရှာဖွေဖော်ထုတ်ပြီး ဥပဒေနဲ့ထိထိရောက်ရောက်ကြပ်မတ်သင့်တယ်” လို့ ဆိုပါတယ်။
အခုချိန်ထိတော့ တိကျတဲ့ ဥပဒေ၊ မြန်ဆန်တဲ့အရေးယူမှုနဲ့ ထိန်းကျောင်းကြပ်မတ်မှု အားနည်းတာကြောင့် နစ်နာသူတွေ ဘက်လည်း ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်နေကြဆဲဖြစ်ပါတယ်။
“အစ်မကတော့ နစ်နာသူဆိုတော့ သူ့ကို မကုစေချင်တော့ဘူး။ ကိုယ့်လိုလူတွေ ဘယ်လောက်များနေပြီလဲ မသိဘူး။ နစ်နာတာက ခံရတဲ့လူနာတွေပဲလေ” လို့ သူ့ရဲ့ အမျိုးသား မျက်စိကနေ မျက်ရည်တွေကျကာ အမြင်အာရုံပိုပြီးချို့ယွင်းသွားလို့ စိတ်ဆင်းရဲနေရတဲ့ မသန်းမြက ပြောပါတယ်။
အသိပေးချက် – ဒီဆောင်းပါးမှာပါရှိတဲ့ လူနာကိုဇော်နဲ့ လူနာရှင် မသန်းမြနာမည်ကို လုံခြုံရေးအရ ပြောင်းလဲအသုံးပြုထားပါတယ်။


Leave a Reply