Author: Baby Yit Lone

  • ကာကွယ်ဆေး မရှိ၊ သေဆုံးနှုန်း မြင့်မားသည့် နီပါဗိုင်းရပ်စ်အန္တရာယ်

    ကာကွယ်ဆေး မရှိ၊ သေဆုံးနှုန်း မြင့်မားသည့် နီပါဗိုင်းရပ်စ်အန္တရာယ်

    နီပါဗိုင်းရပ်စ် (NiV) သည် တိရစ္ဆာန်မှတဆင့် လူသို့ ကူးစက်တတ်သည့် အလွန်အန္တရာယ်ရှိသော ရောဂါပိုးဖြစ်ပြီး တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ထပ်တလဲလဲ ဖြစ်ပွားလျက်ရှိသည်။ လက်ရှိတွင် အိန္ဒိယနိုင်ငံ၊ အနောက်ဘန်ဂေါပြည်နယ်၌ အဆိုပါရောဂါပိုးကူးစက်မှုများ ဖြစ်ပွားနေကြောင်း သတင်းများထွက်ပေါ်နေသည်။ နီပါဗိုင်းရပ်စ်သည် Henipavirus မျိုးနွယ်အုပ်စုတွင်ပါဝင်ပြီး အသီးစားလင်းနို့များထံမှ အဓိက ကူးစက်ခြင်းဖြစ်သည်။ ၎င်းလင်းနို့များ စွန့်ပစ်ထားသော မသန့်ရှင်းသည့် အစားအစာများ သို့မဟုတ် တိုက်ရိုက်ထိတွေ့မှုများမှတဆင့် လူသားများထံ ကူးစက်ပျံ့နှံ့တတ်သည်။

    လူများတွင် နီပါဗိုင်းရပ်စ်ကူးစက်ခံရပါက ရောဂါလက္ခဏာ မပြခြင်း သို့မဟုတ် အပျော့စားလက္ခဏာများမှသည် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် အသက်သေဆုံးနိုင်သည့် ဦးနှောက်ရောင်ရောဂါများအထိ ဖြစ်ပွားနိုင်သည်။ လက်ရှိအချိန်အထိ အသိအမှတ်ပြုထားသည့် ကာကွယ်ဆေး သို့မဟုတ် သတ်မှတ်ထားသော ကုသဆေး မရှိသေးသည့်အပြင် ယခင်ဖြစ်ပွားမှုများတွင် သေဆုံးမှုနှုန်းမှာ ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ မြင့်မားခဲ့သဖြင့် မည်သည့်နေရာတွင် ပေါ်ပေါက်သည်ဖြစ်ပါစေ အဆိုပါဗိုင်းရပ်စ်သည် လူထုကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။

    “လူတဦး ပိုးကူးစက်ခံရရင် အနေနီးတဲ့ လူအချင်းချင်း ပြန်လည်ကူးစက်နိုင်ခြေ ရှိပါတယ်” ဟု Manipal ဆေးရုံမှ ကူးစက်ရောဂါဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ နီဟာမစ်ရှရာက ပြောသည်။ ရောဂါပိုးကူးစက်ခံရသူကို သိရှိရန် ခက်ခဲခြင်းကြောင့် ကူးစက်မှုနှုန်း ပိုမိုမြင့်မားစေပြီး လူနာများတွင် ဆိုးကျိုးများ ပိုမိုခံစားရစေသည်။ ထို့ကြောင့် လူမှုအသိုင်းအဝိုင်းနှင့် ကျန်းမာရေးစနစ်များ ကြိုတင်ပြင်ဆင်ရန်အတွက် ကူးစက်ပုံနည်းလမ်းများနှင့် ရောဂါ၏ ပြင်းထန်မှုကို နားလည်သဘောပေါက်ရန် အလွန်အရေးကြီးသည်။

    နီပါဗိုင်းရပ်စ်က ဘာလဲ၊ ဘယ်လို ကူးစက်လဲ

    နီပါဗိုင်းရပ်စ်ကို ၁၉၉၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူနှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် ဖြစ်ပွားမှုများ ရှိခဲ့သည်။ အသီးစားလင်းနို့များသည် ရောဂါပိုးကို သယ်ဆောင်သည့် အဓိက သတ္တဝါများဖြစ်ကြပြီး လူသားများသည် လင်းနို့၏ တံတွေး၊ ဆီး သို့မဟုတ် မစင်များဖြင့်ထိတွေ့ထားသည့် မသန့်ရှင်းသော အစားအစာများ (အထူးသဖြင့် တောင်အာရှတွင် ရိုးရာအရ သောက်သုံးလေ့ရှိသော ထန်းရည်) ကို စားသုံးခြင်းမှတဆင့် ကူးစက်ခံရလေ့ရှိသည်။

    “နီပါဗိုင်းရပ်စ်ရဲ့ ပြဿနာကတော့ တခါတရံမှာ ရောဂါလက္ခဏာ လုံးဝမပြဘဲ ကူးစက်နေတတ်တာပါပဲ။ ဒါကြောင့် စောစောစီးစီးသိဖို့ ခက်ခဲသလို မသိလိုက်ဘဲနဲ့ တခြားသူတွေကို ကူးစက်နိုင်ခြေ မြင့်မားပါတယ်” ဟု ဒေါက်တာ မီရှရာက ရှင်းပြသည်။ ထို့ပြင် လူနာ၏ ခန္ဓာကိုယ်မှ ထွက်သော အရည်များနှင့် ထိတွေ့ရသည့် ပြုစုစောင့်ရှောက်သူများအကြား အချင်းချင်း ကူးစက်မှုများလည်း ရှိသည်။

    အပျော့စားမှ ပြင်းထန်အဆင့်အထိ ရောဂါလက္ခဏာများ

    နီပါဗိုင်းရပ်စ် ကူးစက်ခံရစဥ် အစောပိုင်းကာလတွင် ပြသသည့် ရောဂါလက္ခဏာများသည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် သာမန််ဖျားနာမှုများနှင့် ဆင်တူနေတတ်သဖြင့် ခွဲခြားသိရှိရန် ခက်ခဲလေ့ရှိသည်။ လူနာများတွင် အပြင်းဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်းနှင့် လည်ချောင်းနာခြင်းတို့ ဖြစ်နိုင်သည်။ အချို့လူနာများတွင် ချောင်းဆိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ပြလာနိုင်ပြီး ၎င်းမှတဆင့် အသက်ရှူလမ်းကြောင်းမှ ထွက်သော အမှုန်အမွှားများကြောင့် အခြားသူများသို့ ကူးစက်နိုင်ခြေ မြင့်မားသည်။

    ဖြစ်စဉ်အများအပြားတွင် ဗိုင်းရပ်စ်သည် ရက်ပိုင်းအတွင်း ဦးနှောက်ရောင်ခြင်းကဲ့သို့ ပြင်းထန်သော အာရုံကြောဆိုင်ရာ ရောဂါအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထိုအခါ အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ အကြောဆွဲခြင်း/တက်ခြင်းနှင့် ကိုးမားရောဂါတို့ ဖြစ်ပွားနိုင်သည်။ ထိုကဲ့သို့ ပြင်းထန်သော အခြေအနေများသို့ မရောက်ရှိမီ ရောဂါပိုးကို စောစီးစွာ ဖော်ထုတ်နိုင်ရန် အလွန်ပင် အရေးကြီးသည်။

    ပထဝီဝင်အနေအထားအရ ပျံ့နှံ့မှုနှင့် အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံ

    အိန္ဒိယနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစတင်၍ နီပါဗိုင်းရပ်စ် ကူးစက်မှုများ အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပြီး မကြာသေးမီက အနောက်ဘန်ဂေါပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် ယခင်က ကီရာလာပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှာ ထင်ရှားသည်။ ကီရာလာပြည်နယ်တွင် ပိုမိုကောင်းမွန်သော ရောဂါစောင့်ကြည့်စစ်ဆေးရေး စနစ်များကြောင့် ကူးစက်မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ လက်ရှိတွင် အနောက်ဘန်ဂေါပြည်နယ်တွင် ရောဂါကူးစက်မှုသတင်းများ ထွက်ပေါ်နေပြီး ၂၀၁၈ ခုနှစ်က ကီရာလာပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကူးစက်မှုကို ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့သည်။ ထိုစဉ်က ရောဂါပိုးရှိသူကို လျင်မြန်စွာ ရှာဖွေဖော်ထုတ်ခြင်း၊ ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းနှင့် သီးသန့်ခွဲခြားထားခြင်းစသည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ တုံ့ပြန်မှုများကို စနစ်တကျ ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့သည်။

    ရောဂါဖြစ်ပွားမှုများသည် များသောအားဖြင့် အသီးစားလင်းနို့များ၏ ရာသီအလိုက် အမူအကျင့်များနှင့် ဆောင်းရာသီ၊ နွေဦးရာသီတို့တွင် ထန်းရည်ကဲ့သို့သော အစားအစာများကို စားသုံးခြင်းကဲ့သို့ ရိုးရာဓလေ့များနှင့် ဆက်စပ်နေလေ့ရှိသည်။ ပိုးကူးစက်ခံရသူအချို့တွင် အစောပိုင်း၌ ရောဂါလက္ခဏာ မပြသဖြင့် ရောဂါစောင့်ကြည့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ပိုမိုခက်ခဲစေသည်။

    သေဆုံးမှုနှုန်း မြင့်မားခြင်းနှင့် ကုသမှုနည်းလမ်းနည်းပါးခြင်း

    နီပါဗိုင်းရပ်စ်၏ သေဆုံးမှုနှုန်းမှာ ထိတ်လန့်ဖွယ်ကောင်းလောက်အောင် မြင့်မားသည်။ သမိုင်းတလျှောက် ဖြစ်ပွားမှုများတွင် သေဆုံးမှုနှုန်းသည် ၄၀ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသော ဒေသအချို့တွင် အစုလိုက်အပြုံလိုက်ကူးစက်မှုများကြောင့် ကူးစက်ခံရသူအားလုံးနီးပါး သေဆုံးသည်အထိ ဖြစ်ပွားခဲ့ဖူးသည်။ ထိုကြောင့် နီပါဗိုင်းရပ်စ်ကို အခြားသာမန် ဗိုင်းရပ်စ်ကူးစက်မှုများနှင့် မတူဘဲ စောစီးစွာ စမ်းသပ်စစ်ဆေးရန်နှင့် ကုသမှုခံယူရန် အထူးအရေးကြီးကြောင်း မီးမောင်းထိုးပြနေသည်။

    “ဒီရောဂါဟာ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာနဲ့ အသက်ရှူရခက်ခဲတာတွေနဲ့ စတင်တတ်ပါတယ်။ ဖြစ်စဉ်အများစုမှာ ဗိုင်းရပ်စ်ဟာ ဦးနှောက်ဆီကို လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဦးနှောက်ရောင်တာ ဖြစ်စေပါတယ်။ နောက်ပြီး လူနာတွေ အကြောဆွဲတာ/တက်တာ၊ သတိလစ်မေ့မြောတာနှင့် ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရတတ်ပါတယ်။” ဟု ဒေါက်တာ မီရှရာက ပြောသည်။

    လက်ရှိအချိန်အထိ နီပါဗိုင်းရပ်စ်အတွက် အတည်ပြုပြီးသား ကာကွယ်ဆေး မရှိသေးဘဲ အထူးကြပ်မတ် စောင့်ရှောက်ကုသမှုကိုသာ အားထားနေရသည်။ Remdesivir နှင့် Ribavirin ကဲ့သို့သော ဗိုင်းရပ်စ်သတ်ဆေးများကို စမ်းသပ်အသုံးပြုခဲ့ကြသော်လည်း ကုသမှုအတွက် ထိရောက်မှုရှိကြောင်း အခိုင်အမာ သက်သေပြနိုင်ခြင်း မရှိသေးဘဲ သုတေသနအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။

    ကာကွယ်ခြင်းသည် အဓိက- ရိုးရှင်းသော လုပ်ဆောင်ချက်များက အသက်ကို ကယ်တင်နိုင်

    နီပါဗိုင်းရပ်စ်အတွက် ကုသဆေး သို့မဟုတ် ကာကွယ်ဆေးများ မရှိသေးသည့်အတွက် ကြိုတင်ကာကွယ်ခြင်းသည်သာ အထိရောက်ဆုံးသော နည်းလမ်း ဖြစ်သည်။ လင်းနို့များနှင့် ထိတွေ့နိုင်သော ထန်းရည်နှင့် အသီးအနှံများကို ရှောင်ကြဉ်ခြင်း၊ လက်ကို စနစ်တကျ ဆေးကြောခြင်းနှင့် တိရစ္ဆာန်များကို ကိုင်တွယ်ရာတွင် ကာကွယ်ရေး ဝတ်စုံ/ပစ္စည်းများ ကို အသုံးပြုခြင်းဖြင့် ကူးစက်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်သည်။

    “ကာကွယ်ခြင်းက အထိရောက်ဆုံး နည်းလမ်းဖြစ်နေဆဲပါ။ ထန်းရည် သောက်သုံးတာကို ရှောင်တာ၊ တိရစ္ဆာန်တွေကို ကိုင်တွယ်ရာမှာ အကာအကွယ်တွေ အသုံးပြုတာနဲ့ လက်ကို စနစ်တကျ ဆေးကြောတာတွေက ရောဂါကူးစက်နိုင်ခြေကို အများကြီး လျှော့ချပေးနိုင်ပါတယ်” ဟု ဒေါက်တာ မီရှရာက ပြောသည်။ ထို့အပြင် ရောဂါပိုး တကြိမ် ကူးစက်ခံရပြီးပါက ရောဂါအခြေအနေမှာ အလွန်လျင်မြန်စွာ ဆိုးရွားသွားနိုင်ကြောင်းလည်း မီရှရာက သတိပေးထားသည်။

    ဆေးကုသမှုကို စောစီးစွာခံယူရန် အရေးကြီးပုံ

    ရောဂါပိုးကူးစက်ခံရစဥ် အစောပိုင်းလက္ခဏာများသည် သာမန်ဗိုင်းရပ်စ် ဖျားနာမှုများနှင့် ဆင်တူနေနိုင်သဖြင့် အဖျားတက်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ခံစားရပါက အထူးသဖြင့် နီပါဗိုင်းရပ်စ် ဖြစ်ပွားလေ့ရှိသော ဒေသများတွင် နေထိုင်သူများအနေဖြင့် ဆေးစစ်မှုကို အချိန်မီခံယူရန် အလွန်အရေးကြီးသည်။ ထန်းရည် သောက်သုံးမိခြင်း သို့မဟုတ် ရောဂါလက္ခဏာရှိသူနှင့် ထိတွေ့မိခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် အပြုအမူများအပြီးတွင် လက္ခဏာများ ပေါ်ပေါက်လာပါက အထူးသတိထားသင့်သည်။

    PCR နည်းဖြင့် စစ်ဆေးခြင်း (နှာခေါင်း၊အာခေါင်တို့ဖတ်၊ သွေး၊ ဆီး စသည်ဖြင့် စစ်ဆေးခြင်း) နှင့် ပဋိပစ္စည်းရှာဖွေခြင်း နည်းလမ်းများဖြင့် ရောဂါကို စောစီးစွာ အတည်ပြုနိုင်ပါက လူနာအား သီးသန့်ခွဲထားခြင်းနှင့် ထိတွေ့ခဲ့သူများကို ခြေရာခံခြင်းကဲ့သို့သော အရေးကြီးသည့် ကျန်းမာရေး လုပ်ငန်းစဉ်များကိုလည်း အချိန်မီ စတင်နိုင်စေသည်။

    နီပါဗိုင်းရပ်စ်အတွက် အတည်ပြုပြီးသား ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးဘဲ ခန့်မှန်းရခက်သည့်အပြင် သေဆုံးမှုနှုန်း အလွန်မြင့်မားသော ရောဂါဖြစ်သည်။ ရောဂါကို စောစီးစွာ သိရှိခြင်း၊ ကူးစက်ပုံနည်းလမ်းများကို နားလည်သဘောပေါက်ခြင်းနှင့် ဆေးကုသမှုကို ချက်ချင်းခံယူခြင်းတို့ကသာ သေဆုံးမှုနှုန်း လျှော့ချရန် အဓိကသော့ချက်များ ဖြစ်သည်။ လူနာတဦးတယောက်ချင်းအတွက်သာမကာ လူမှုအသိုင်းအဝိုင်းတခုလုံး၏ ကျန်းမာရေးအတွက် အစောပိုင်းလက္ခဏာများကို သတိပြုမိခြင်းနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခြင်းတို့က အလွန်အရေးကြီးကြောင်း ဒေါက်တာ နီဟာမီရှရာက သတိပေးထားသည်။

    NDTV မှ No Vaccine, High Fatality: Doctor Explains Why Nipah Virus Demands Early Detection အား Brownie ဘာသာပြန်သည်။

  • မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်

    မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်

    မင်းလှက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုကြောင့် အရာရှိတချို့ကို ဖမ်းဆီးထားတယ်လို့ဆို

    မကွေးတိုင်း၊ မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်တပ်စခန်းတွေ အနီးရှိ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ပြီး အချိန်အတော်ကြာ မီးငြှိမ်းခဲ့ရတယ်လို့ သိရပါတယ်။

    ဇန်နဝါရီ ၂၃ ရက် မနက် ၆ နာရီ ခန့်က မင်းလှမြို့နယ်၊ ရွာတော်ကျေးရွာက စစ်ကော်မရှင်ရဲ့ ရေနံချက်စက်ရုံ မီးလောင်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    “ဘယ်က စလောင်တာတော့ မသိဘူး။ မနက်ကတည်းက ဆူညံနေတာ။ မြို့နဲ့တော့ လှမ်းပေမယ့် မကွေးသွားတဲ့ လမ်းမကြီးပေါ်မှာ ခရီးသည်တင်ကားတွေ ရပ်ထားရတယ်။ ကားလမ်းပေါ် မီး သတ်ကားတွေကော တပ်က ရေသယ်ကားတွေ ရှုပ်ယှက်ခက်နေတာ။ မီးကို မင်းလှလမ်းဆုံ ကနေ လှမ်းမြင်နေရတယ်” လို့ ဒေသခံ ကားသမားတဦးက ပြောပါတယ်။

    ပျက်စီးဆုံးရှုံးမှု အလွန်များနိုင်တယ်လို့ သိရပြီး အရာရှိတချို့လည်း ဖမ်းဆီးခံထားရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    မီးလောင်မှုဖြစ်ပွားရာ နေရာကို မင်းလှမြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ ထန်းကိုင်း နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ဒဟတ်ပင် နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ညောင်ဝိုင်း နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ လင်းကယ် နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ လက်ပံတံခါး နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁)စီး၊ ရှမ်းတပ် နယ်မြေမီးသတ်စခန်းက မီးသတ်ရေသယ်ယာဉ် (၁) စီး၊ ရွာသာယာ နယ်မြေမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ PIC ရေနံချက်စက်ရုံက မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ တခြား မီးသတ်ရေသယ်ယာဉ် (၂)စီး၊ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့က မီးငြှိမ်းသတ်ယာဉ် (၁)စီးတို့နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပြီး ပျက်စီးဆုံးရှုံးမှုတွေကိုတော့ ဖော်ပြထားတာမျိုး မရှိပါဘူး။

  • Cosmic Princess Kaguya!

    Cosmic Princess Kaguya!

    Cosmic Princess Kaguya! (2026)

    Netflix ကနေ အသစ်ထွက်ရှိလာတဲ့ Anime ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။

    Kaguya ဆိုတာ ဂျပန်နာမည်ကျော် ဒဏ္ဍာရီပုံပြင်လေးတစ်ပုဒ်ရှိပါတယ်။

    ဝါးခုတ်သမား အဘိုးအိုကနေ ထူးဆန်းတဲ့ဝါးပင်ကိုတွေ့ရင်း ဖြတ်လိုက်တော့ လူသေးသေးလေး ကောင်မလေးကို တွေ့ပြီး မွေးစားခဲ့တဲ့ ဇာတ်လမ်းမျိုးပေါ့။

    ဒီထဲမှာကျ ဒါကို တစ်မျိုး ဆန်းသစ်ထားတယ်။

    Iroha ဆိုတာက မိဘအိမ်ကနေဆင်းလာပြီး ကိုယ့်ဒူးကိုယ်ချွန် ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ ဘဝကို ရုန်းကန်နေရသူ ၁၇ နှစ်အရွယ်ကောင်မလေး။

    အဲဒီမှာ တစ်ညအိမ်ကိုပြန်လာနေတုန်း ဓာတ်တိုင်ကြီးက ထူးဆန်းနေလို့ သွားကြည့်လိုက်တာ ကလေးလေးတစ်ယောက်ကို သွားတွေ့ပြီး အိမ်ကိုခေါ်လာ မွေးစားဖို့ ဖြစ်လာရော။

    ဒါပေမယ့် ဒင်းကလေးက ညတွင်းချင်းပဲ ရွယ်တူလောက် ဖြစ်လာပြီး သူ့ကိုယ်သူ လပေါ်ကလာတဲ့ မင်းသမီးလေး Kaguya ပါဆိုပြီး Iroha အိမ်မှာကပ်နေ ကပ်စား ဒုက္ခတွေပေးပါတော့တယ်။

    ဒီလိုနဲ့ နှစ်ယောက်သား ဒီတိုင်းဆက်နေရင်း မဖြစ်တော့ဘူးဆိုပြီး Kaguya သွားနေကြ VR ကမ္ဘာထဲကိုခေါ်ပြီး ငွေအပိုလေး ဘာလေးရအောင် ကြံစည်ကြမယ်ဆိုပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဖန်သားပြင်မှာ ဆက်လက်ရှုစားရမှာ ဖြစ်ပါတယ်။

    Animation ကလည်းကောင်း၊ ဇာတ်ကောင်လေးတွေက ချစ်စရာကောင်းတဲ့အပြင် တေးသီချင်းလေးတွေလည်း ပါသေးတာမို့ ရသစုံ ခံစားရမှာလည်း ဖြစ်ပါကြောင်း ညွန်းဆိုလိုက်ပါရစေ….။

  • Take This Waltz

    Take This Waltz

    Take this Waltz (2011)

    ဒီကားကို ရိုးရိုးသားသားပြောရရင် Seth Rogen ပါတာကြောင့် ဟာသရုပ်ရှင်တစ်ကားလို့ပဲ မှတ်ခဲ့တယ်။

    ဒါပေမဲ့ တကယ်တမ်း အထင်နဲ့အမြင်လွဲပြီး ရင်ထဲ ဟာတာတာနဲ့ ဘာကိုလိုအပ်မှန်းမသိအောင်ဖြစ်သွားခဲ့ရတယ်။

    ပြောချင်တာက ဒီကားက နားလည်ရခက်တယ်။

    နားလည်ရခက်ပေမယ့် တကယ်တမ်းလက်တွေ့ဘဝကို ပြန်ကြည့်လိုက်တော့လည်း ဒီလိုကိစ္စမျိုးက ခဏခဏဖြစ်နေတယ်။

    အဲတော့ ဒီရုပ်ရှင်က မင်းသားဘက်ကကြည့်ကြည့်၊ မင်းသမီးဘက်ကကြည့်ကြည့် မမှားတဲ့ကိစ္စတစ်ခုဖြစ်နေပြန်တယ်။

    ကျွန်တော်ကတော့ယောကျ်ားလေးဖြစ်တာမလို့ ဒီရုပ်ရှင်မှာ မင်းသမီးဘက်က မှားတယ်လို့ ထင်မိပြန်တယ်။

    ဒါကတော့ ရှုထောင့်တွေအလိုက်ကွဲသွားမှာပေါ့လေ။

    ဇာတ်ညွှန်း

    ကျွန်တော်တို့ဘဝမှာ အလုပ်တွေလုပ်ကြတယ်။

    အသုံးအဆောင်ပစ္စည်းတွေဝယ်ကြတယ်။

    ဒါလေးရရင် ဟိုဟာလေးဆိုကောင်းမှာ။

    ဟိုဟာလေးရပြန်တော့လည်း စိတ်တိုင်းကမကျပြန်။

    ဒါဟာလူ့သဘာဝပါပဲ။ အချစ်ရေးလည်းဒီလိုပါပဲ။

    အိမ်ထောင်ရေးမှာဆို ပိုလို့တောင်ဆိုးပါသေးတယ်။

    Margot ဟာ အလွတ်တမ်းစာရေးဆရာမတစ်ယောက်ဖြစ်ပါတယ်။

    သူဟာ ဝါသနာလောက်လိုက်ရင်းနဲ့ Daniel ဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။

    Daniel ကလည်း ရုပ်က မိန်းကလေးကျချင်စရာရုပ်မျိုးဆိုတော့ Margot ဟာလည်း Daniel ဘက်ကို နည်းနည်းလေးတိမ်းညွှတ်ချင်ပါတယ်။

    ကံတရားက မျက်နှာသာပေးတော့ Margot နဲ့ Daniel ဟာ အိမ်ချင်း မျက်စောင်းထိုးဖြစ်နေခဲ့ပါတယ်။

    ဒါပေမဲ့ ခက်တာက Margot မှာ အိမ်ထောင်ရှိတယ်။

    သူ့ခင်ပွန်းသည်က ဟင်းချက်နည်းစာအုပ်တွေရေးတဲ့ သဘောရိုး မနောရိုး ပျော်ပျော်နေတတ်တဲ့
    လူတစ်ယောက်။

    သူ့နာမည်က Lou။ Margot က Lou ကိုချစ်တယ်။ Lou ကလည်း Margot ကိုချစ်တယ်။

    ဒါပေမယ့် အိမ်ထောင်ရေးတစ်ခုမှာ အချစ်ဆိုတာ အိမ်ကြီးတစ်ခုရဲ့ တံခါးပေါက်သေးသေးလေးတစ်ခုသက်သက်ပါပဲ။

    အလွယ်တကူပျက်စီးသွားနိုင်ပါတယ်။

    ဒီလိုနဲ့ ဘာတွေဆက်ဖြစ်သွားမှာလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။

    Lou အဖြစ် မင်းသား Seth Rogen

    Margot အဖြစ် မင်းသမီးချော Michelle Williams

    Daniel အဖြစ် မင်းသား Luke Kirby တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

  • Mama

    Mama

    Mama (2013)

    Mama (2013) ဟာ Horror / Fantasy / Mystery လောကမှာ ဆရာတစ်ဆူဖြစ်တဲ့ ဒါရိုက်တာကြီး Guillermo del Toro ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် သူ့ရဲ့ Theme Style တွေတော်တော်ပါဝင်ပါတယ်။

    ဒါ့အပြင် မင်းသားမင်းသမီးတွေကလည်း ပရိသတ်နဲ့မစိမ်းတဲ့သရုပ်ဆောင်တွေဖြစ်တာမလို့ အတော်လေးကြည့်လို့ကောင်းတယ်လို့ဆိုရပါမယ်။

    Horror ရုပ်ရှင်တစ်ကားဖြစ်ပေမဲ့ ကြောက်ဖို့တင်မကပဲ မိခင်မေတ္တာကိုလည်း ပြသသွားပါတယ်။

    ဇာတ်ညွှန်း

    တောထဲက လူသူအရောက်အပေါက်နည်းတဲ့ တဲအိမ်လေးတစ်လုံးမှာ ကလေးမလေးနှစ်ယောက်တည်းကျန်ခဲ့ပါတယ်။

    ကလေးမလေးနှစ်ယောက်ဟာ တောထဲမှာနေတာကြာလာသောကြောင့် လောကကြီးနဲ့အဆက်အသွယ်ပြတ်ကာ စကားပြောနည်းကိုလည်းမေ့၊ ဘာဆိုဘာမှမသိတော့ပဲ အရိုင်းမလေးနှစ်ယောက်ဖြစ်လာခဲ့ပါတယ်။

    အဲထက်ပိုပြီးထူးဆန်းတာက သူတို့ကို စောင့်ရှောက်နေတာက မာမားလို့ခေါ်တဲ့ သရဲတစ်ယောက်ဖြစ်နေတာပါပဲ။

    ဒီကလေးမလေးနှစ်ယောက်ကိုလက်လျှော့ပဲရှာနေခဲ့တာက သူတို့ရဲ့ဦးလေးဖြစ်သူ လူကပ်စ်ပဲဖြစ်ပါတယ်။

    တစ်ရက်မှာတော့ ကြိုးစားမှုရလဒ်အရာထင်ခဲ့ပြီး ကလေးမလေးနှစ်ယောက်ကို ရှာတွေ့ခဲ့ပါတယ်။

    ဒါပေမဲ့ သူတို့မသိခဲ့တာက ကလေးမလေးတွေနဲ့အတူတူ မာမားပါ,ပါလာတယ်ဆိုတာပါပဲ။

    လူကပ်စ်မှာ ရည်းစားရှိတယ်။ သူ့နာမည်က အနာဘဲလ်။

    တစ်ဖက်မှာလည်း ကလေးတွေရပိုင်ခွင့်ကိုတရားစွဲလာတဲ့လူတစ်ယောက်ကလည်းပေါ်လာပြန်တယ်။

    တစ်ဖက်မှာကလည်း သူတို့တောင်မသိလိုက်ပဲ အိမ်ထဲကိုရောက်လာတဲ့ တစ်ဖက်ကမ္ဘာက လူတစ်ယောက်။

    ဘာတွေဆက်ဖြစ်မှာလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။