Author: Baby Yit Lone

  • ရန်ကုန်တွင် ၂ ပတ်အတွင်း လမ်းသွားလမ်းလာ ၂၉ ဦးကို စစ်အုပ်စု  ဖမ်းဆီး

    ရန်ကုန်တွင် ၂ ပတ်အတွင်း လမ်းသွားလမ်းလာ ၂၉ ဦးကို စစ်အုပ်စု ဖမ်းဆီး

    ရန်ကုန်တွင် ရက်သတ္တပတ်နှစ်ပတ်တာအတွင်း လမ်းသွားလမ်းလာ လူ ၂၉ ဦးကိုစစ်အုပ်စုကပေါ်ပေါ်တင်တင် ဖမ်းဆီးနေကြောင်း သိရသည်။

    လှိုင်သာယာ၊ ကျောက်တံတား၊ လှိုင်၊ သာကေတ၊ စမ်းချောင်း၊ တောင်ဥက္ကလာမြို့နယ်များရှိ လမ်းသွားလမ်းလာများအား ပေါ်တာဆွဲဖမ်းဆီးခြင်းများကို ဇန်နဝါရီလ ၁ ရက်မှစ၍ ၁၅ ရက်နေ့အထိ လုပ်ဆောင်နေကြောင်း ရန်ကုန်မြေပြင်ကင်းထောက်ကွန်ရက်အဖွဲ့(Rangoon Scout Network-RSN)မှတာဝန်ရှိသူက ပြောသည်။

    ” ဒီတိုင်း လမ်းပေါ်သွားလာသူတွေ လမ်းဘေးထိုင်နေသူတွေကို ဘီယာ အရက်ပါတယ်လို့ စွပ်စွဲပြီး ဆွဲသွားတွေ တွေ့ရပါတယ်။ ဘာအကြောင်းပြချက်မှ မပေးဘဲ ဗြောင်ဆွဲသွားတာတွေလည်း ရှိတယ်ဗျ။ စုစုပေါင်း ၂၉ ယောက် သိရပါတယ်။ စစ်မှုထမ်းထဲ ပို့ခံရကြောင်း သိရတာက ငါးယောက်ပါ ။ကျန်တာတော့ အကျိုးအကြောင်း မသိရသေးပါဘူး” ဟု၎င်းကပြောသည်။

    ရန်ကုန်တွင် စစ်အုပ်စုက ယခုနှစ် ဇန်နဝါရီလတွင် လမ်းသွားလမ်းလာ လူငယ်၊ လူရွယ်များသာမက နေအိမ်တွင် ဧည့်စာရင်းဖြင့်နေထိုင်သည့် အမျိုးသားများကိုလည်း ခြိမ်းခြောက်ခြင်း နှင့် ဖမ်းဆီးမှုများရှိနေကြောင်းဒေသခံများထံက သိရသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက် ည ၈ နာရီတွင် သာကေတမြို့နယ်က အမှတ်( ၄) မြောက်နှင့် တောင်ရပ်ကွက်တဝိုက်တွင် တပြိုင်နက်တည်း လူ၁၀ဦး ဖမ်းဆီးထားကြောင်း RSN က ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။

    အဆိုပါရပ်ကွက် နှစ်ခုကြားရှိ သုမနလမ်းပေါ်ရှိ လူ နှစ်ဦး၊ အမှတ်(၄ )မြောက်ဘက်ရပ်ကွက်၊ မြို့မ (၁၄) လမ်းထိပ်ရှိ ဘေးတွဲမောင်းသူ သုံး ဦး နှင့် မြကန်သာသောက်ရေကန်အနီးရှိ လူ ငါးဦး တို့ဖြစ်ကြောင်း သိရသည်။

    တချိန်တည်းမှာပင် ပုဇွန်တောင်မြို့နယ် အမှတ်( ၃) ရပ်ကွက်၊ တာဝတိံသာလမ်းတွင် စစ်အုပ်စုတပ်သားများ၊ ရေတပ်တပ်ဖွဲ့များက ဧည့်စာရင်းဝင်ရောက်စစ်ဆေးရာမှာ အမျိုးသားရှိသည့် နေအိမ်များကို ရွေးစစ်သွားပြီး “ စစ်မှုမထမ်းသေးဘူးလား “ ဆိုသည့် မေးခွန်းဖြင့်ခြိမ်းခြောက်သွားကြောင်း ပုဇွန်တောင်ကင်းထောက်အဖွဲ့ (PAZUNDAUNG Tsp Scout) ကလည်း ယမန်နေ့က ထုတ်ပြန်ထားသည်။

    တောင်ဥက္ကလာမြို့နယ်၊ အမှတ်(၅) ရပ်ကွက်ရုံးအတွင်း လူငယ် နှစ်ဦးကိုလည်း ဇန်နဝါရီလ ၁၃ ရက်က ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီးနောက် ဇန်နဝါရီလ ၁၄ ရက် နံနက်ပိုင်းတွင် ခမရ (၄၃၅)နှင့်(၄၃၆)တပ်သို့ စစ်မှုထမ်းအတွက် ပို့ဆောင်လိုက်ကြောင်း သိရသည်။

    “ကိုယ်တွေနားမှာ အမြဲလူဆွဲတာ ကြားနေတော့ ည ၈ နာရီ နောက်ပိုင်းဆို လမ်းမှာခွေးတကောင်တောင်မရှိတော့ဘူး ။ဧည့်စာရင်းဝင်စစ်ရင်းလည်း ဖမ်းဆီးသွားတာရှိတယ်။စစ်ဘေးရှောင်တွေဆို အမြဲအရစ်ခံရ၊ ခြိမ်းခြောက်ခံရနဲ့ နေရတာ မလုံမခြုံဖြစ်နေတယ်”ဟုတောင်ဥက္ကလာတွင်နေထိုင်သူတဦးက မဇ္ဈိမသို့ပြောသည်။

    ရွေးကောက်ပွဲ(ပထမပိုင်း)စတင်သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးမှုများလုပ် ဆောင်ခြင်းအရှိန်လျော့သွားသော်လည်း ယခုနှစ် ၂၀၂၆၊ ဇန်နဝါရီလကစပြီးခပ်စိပ်စိပ်ပြန်လည်ဖမ်းဆီးနေခြင်းဟု Rangoon Scout Network မှတာဝန်ရှိသူကဆိုသည်။

    “အရက်ဆိုင်၊ဘီယာဆိုင် အရောင်းဆိုင်တွေနားမှာ ညတိုင်းချောင်းနေကြတာ တွေ့ရပါတယ်။ အဲ့ဆိုင်တွေကနေဝယ်ပြီး ထွက်လာတဲ့သူတွေကို နောက်ကလိုက်ဆွဲတာ ခဏခဏပါပဲဗျ။ အဲ့ဒါပါသတိထားကြဖို့ မှာချင်ပါတယ်။ ကျန်တာတော့ လူပြတ်တဲ့နေရာတွေ ညမှောင်ချိန်တွေဆို တယောက်စ နှစ်ယောက်စ သွားလာတာတွေ မလုပ်ဖို့ ပြောချင်ပါတယ်”ဟု၎င်းကအကြံပြုသည်။

    ရွေးကောက်ပွဲနောက်ဆုံးအပိုင်းတွင် ပါဝင်သည့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့ကဧည့်စာရင်းဖြင့်နေထိုင်သူများကို မဲမပျက်မကွက်လာပေးရန် စဉ်ဆက်မပြတ် ဖိအားပေးခြိမ်းခြောက်ခြင်းများရှိကြောင်း ရန်ကုန်မြို့ခံများ၏ အဆိုအရသိရသည်။

    ရန်ကုန်မြို့တွင် စစ်အုပ်စုနှင့် ၎င်းတို့လက်အောက်ခံအဖွဲ့များက နေ့စဉ်ဖမ်းဆီးမှုများ အရှိန်မြင့်တင်နေခြင်း၊ ဧည့်စာရင်းများ ခပ်စိပ်စိပ်စစ်ဆေးခြင်း၊ မဲစာရင်းကောက်ခံခြင်း၊ မဲပေးရန်ဖိအားပေးခြင်းများကြောင့် ဒေသခံများမှာ စိတ်မလုံခြုံမှုဖြင့် စိုးရိမ်ပူပန်နေကြသည်။

  • အမေရိကန်က ပေးမယ့် ဒေါ်လာ ၁၂၁ သန်းက ဘယ်သူ့လက်ထဲ ရောက်မှာလဲ

    အမေရိကန်က ပေးမယ့် ဒေါ်လာ ၁၂၁ သန်းက ဘယ်သူ့လက်ထဲ ရောက်မှာလဲ

    မြန်မာနိုင်ငံတွင် လက်နက် မဟုတ်သော အကူအညီအတွက် ဒေါ်လာ ၂၅ သန်း၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေး ဒေါ်လာ ၁၀ သန်းနှင့် CDM စစ်သည်များအတွက်​ ဒေါ်လာ ၁ သန်းခွဲ စုစုပေါင်း ဒေါ်လာ ၁၂၁ သန်း ပေးရန် အမေရိကန်လွှတ်တော်က ဥပဒေအတည်ပြု

    မြန်မာနိုင်ငံတွင် လက်နက်မဟုတ်သော အကူအညီများအတွက် ဒေါ်လာ ၂၅ သန်း၊ အုပ် ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးအတွက် ဒေါ်လာ ၁၀ သန်းနှင့် CDM စစ်သည်များနှင့်အရာရှိများအတွက်​ ဒေါ်လာ ၁ သန်းခွဲ စုစုပေါင်း ဒေါ်လာ ၁၂၁ သန်း ပေးရန် အမေရိကန်လွှတ်တော်က ဥပဒေအတည်ပြုလိုက်ကြောင်း သိရှိရသည်။

    ဇန်နဝါရီလ ၁၄ ရက်နေ့တွင် အမေရိကန်အောက်လွှတ်တော်က H.R. 7006 ခေါ် ဘဏ္ဍာ ရေးဝန်ဆောင်မှုများ၊ အထွေထွေအစိုးရနှင့် အမျိုးသားလုံခြုံရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်အစီအစဉ်များဆိုင်ရာ ၂၀၂၆ ခုနှစ် ဘဏ္ဍာရေး ခွဲဝေချထားမှု ဥပဒေ ကို ထောက်ခံမဲ ၃၄၁ မဲ၊ ကန့်ကွက်မဲ ၇၉ မဲဖြင့် အတည်ပြုခဲ့သည်။

    ယင်းဥပဒေထဲတွင် မြန်မာနိုင်ငံအတွက် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၂၁ သန်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။

    အမေရိကန်က ပေးမည့် ဒေါ်လာ ၁၂၁ သန်းတွင် ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံရှိ နယ်စပ်ဖြတ်ကျော် အကူအညီပေးရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၇၅ သန်း ပေးအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း အုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေးအတွက် အထူးသဖြင့် ဒေသန္တရနှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဖက်ဒရယ်စနစ် ဖော်ဆောင်ရေး အစီအစဉ်များအတွက် ဒေါ်လာ ၁၀ သန်း ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    ယင်းအပြင် စစ်တပ်က ကျူးလွန်သော ရာဇ၀တ်မှုများ တားဆီးရေးနှင့် သက် သေခံချက် ထိန်းသိမ်းရေးအဖြစ် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် အကြမ်းဖက်မှုများကို တားဆီးရန်နှင့် အထောက်အထားများ မှတ်တမ်းတင် စုဆောင်းရန်အတွက် ဒေါ်လာ ၇ သန်း ထောက်ပံ့မည်ဖြစ်ကြောင်း သိရှိရသည်။

    အလားတူ ရိုဟင်ဂျာများအတွက် တရားမျှတမှု ဖော်ဆောင်ရေးအဖြစ် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် တရားမျှတမှုနှင့် တာဝန် ခံမှုရှိစေရေး အစီအစဉ်များအတွက် ဒေါ်လာ ၁ သန်း ပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    မြန်မာနိုင်ငံမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများအတွက် လက်နက်မဟုတ်သော အကူအညီများအဖြစ် သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ “လက်နက်မဟုတ်သော အကူအညီများ” (Non-lethal assistance) အတွက် ဒေါ်လာ ၂၅ သန်းပေးအပ်မည်ဖြစ်သည်။

    ထို့အတူ နိုင်ငံရေးအကျဉ်းသားများ ကူညီရေးအဖြစ် လက်ရှိနှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအား ထောက်ပံ့ကူညီရန်အတွက် ဒေါ်လာ ၁ ဒသမ ၅ သန်း၊ CDM တပ်မတော်သားများ (သို့မဟုတ်) စစ်တပ်မှ စွန့်ခွာလာသူများ (Deserter) ကို အကူအညီပေးရေးအဖြစ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းပေးအပ်မည်ဖြစ်ကြောင်း သိရှိရသည်။

    (ဦးဂျိမ်းစ်ရွှေနဲ့ ဆက်သွယ်မေးမြန်းချက်)

    အမေရိကန်အောက်လွှတ်တော်ကနေ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံကို ဒေါ်လာ ၁၂၁ သန်း (အနည်းဆုံး) ပေးဖို့ အဆိုတင်သွင်းထားလိုက်ပြီ ဖြစ်ပါတယ်။ ဒီငွေတွေက စာရွက်ပေါ်မှာပဲ ရှိနေဦးမှာလား၊ မြေပြင်က တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဆီ တကယ်ရောက်ဖို့ ဘာတွေလိုအပ်မလဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်လွှတ်တော်အတွင်း စည်းရုံးလှုံ့ဆော်မှုတွေမှာ ကိုယ်တိုင်ပါဝင်နေတဲ့ Los Angeles Myanmar Movement ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး၊ ဦးဂျိမ်းစ်ရွှေ ကို မဇ္ဈိမသတင်းထောက် မောင်ခက်နွေက သီးသန့်ဆက်သွယ် မေးမြန်းထားပါတယ်။

  • ကိုယ့်ဘက်က ရိုင်းစိုင်းရင် ဖြေရှင်းလို့မရဘူး အသိတရားနဲ့ နေဖို့လိုတယ်

    ကိုယ့်ဘက်က ရိုင်းစိုင်းရင် ဖြေရှင်းလို့မရဘူး အသိတရားနဲ့ နေဖို့လိုတယ်

    လတ်တလော၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံသားတချို့ ခိုက်ရန်ဖြစ်ပွားမှုက ထိုင်းအမျိုးသားရေး ဝါဒီတို့အတွက် အာရုံစိုက်စရာတခုဖြစ်လာသလို မြန်မာနိုင်ငံသား အချင်းချင်း အုပ်စုဖွဲ့ ရန်ပွဲကြောင့်လည်း ထိုင်း ပြည်သူများကြား ဝေဖန်မှုမြင့်တက်လျက် ရှိသည်

    အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းဝင်ရောက်လာသူဦးရေမှာ သန်းနှင့်ချီ ရှိနေရာ အိမ်ရှင်နိုင်ငံသားများနှင့် ခိုက်ရန်ဖြစ်ပွားက ကျန်ရှိနေသည့် သန်းနှင့်ချီသော မြန်မာများအပေါ် ရိုက်ခတ်မှုများရှိလာမည်ကို စိုးရိမ်မှုများလည်းရှိနေပြီး ထိုင်းရောက်မြန်မာများ အနေအထိုင် ဆင်ခြင်ကြရန် ပြောဆို သတိပေးမှုနေကြသည်။

    မြန်မာနိုင်ငံသားများအနေဖြင့် ဒေသခံထိုင်းများ လူမှုပေါင်းသင်းဆက်ဆံရေး သင့်တင့်မျှစေရန် ရှောင်ရန်ဆောင်ရန် နည်းလမ်းများ၊ လက်ရှိ ထိုင်းနိုင်ငံရေး အခြေအနေတို့ကို အလုပ်သမားရေး ဆောင်ရွက်နေသည့် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအခွင့်အရေး ဖောင်ဒေးရှင်း (Labour Rights Foundation -LRF) မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော် ကို ဆက်သွယ်မေးမြန်းထားသည်။

    မေး။ ။ အခုတလောမှာ ထိုင်းရောက် မြန်မာတွေနဲ့ ထိုင်းတွေကြားမှာ ပဋိပက္ခတွေ ခပ်စိပ်စိပ်ဖြစ်လာတာ တွေ့ရတယ်။ ဖြစ်တဲ့အခြေအနေတွေက အရင်နဲ့ယှဉ်ရင် အရေအတွက်အားဖြင့် ပိုများလာသလား။

    ဖြေ။ ။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်တဲ့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့ဟာ အခြေချ နေထိုင်လုပ်ကိုင်စားသောက်ခဲ့တာ ၁၀ စုနှစ် ၄ ခုလောက်ပါရှိပြီ။ ကျနော်တို့လည်း ၁၀ စုနှစ် ၃ စုလောက်ထိ ရှိပြီပေါ့ ဒီတကြိမ် လူမျိုးရေးပဋိပက္ခ ပုံစံမျိုးကတော့ တော်တော်ဆိုးဆိုးရွား လို့ ပြောရမယ်။

    မူလစဖြစ်တာ ၂ နိုင်ငံ နယ်နိမိတ် ကမ္ဘောဒီးယား- ထိုင်း စစ်မက်ချင်း ဖြစ်ပွားတာပေါ့။ ဒါကြောင့်လည်း ကမ္ဘောဒီးယား လူငယ်တွေက ဆန္ဒအလျောက် မလုံခြုံတော့တာကြောင့် အိမ်ပြန်သွားတာရှိသလို ကျန်ရှိနေသေးတဲ့ ကမ္ဘောဒီးယား လုပ်သားတွေကလည်း ထိုင်းအစိုးရ နေထိုင် အလုပ် လုပ်ခွင့်ပေးထားတဲ့ အလုပ်လုပ်ခွင့် သက်တမ်းကုန်ရင် သက်တမ်း မတိုးပေးတော့ဘူး။ အားလုံးကို နေရပ်ပြန်ပို့ရမယ် ဆိုတာလည်း ရှိတယ်။

    မြန်မာနဲ့ ထိုင်းကတော တည်ငြိမ်နေတဲ့ အနေအထားကနေ မြန်မာတွေဘက်က သတိလက်လွတ် လုပ်လိုက်တဲ့ကိစ္စက ထပ်မံပြီး ပဋိပက္ခအသွင် ဖြစ်ပေါ်လာပေါ့။ ဒီအချိန်မှာ ထိုင်းနိုင်ငံသားအများစုက သူတို့ကိုယ်တိုင် ကိုယ်ထိလက် ရောက် ကျူးလွန်ခံလိုက်ရတဲ့အတွက် မကျေမနပ်ဖြစ်ပြီး အုပ်စုဖွဲ့တာတွေ လူမျိုးရေးပဋိပက္ခ အမုန်းပွားမှုတွေ၊ အစွန်းရောက် ထိုင်း မဘသလိုပုဂ္ဂိုလ်မျိုးတွေ ပေါ်ထွက်လာပြီး မြန်မာတွေကို အမုန်းပွားတဲ့ ရေးသားပြောဆိုမှုတွေ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာတာကို တွေ့ရတယ်။

    ပြဿနာရဲ့ အစကိုကြည့်ရင် မြန်မာတွေက ထိန်းထိန်းသိမ်းသိမ်းမနေဘဲနဲ့ ရန်မူလိုက်တဲ့ အပြုအမူကို စတင်လှုပ်ရှား လိုက်တာကြောင့် ဒီလူ ၄၊ ၅၊ ၆ ယောက်က စလိုက်တဲ့ကိစ္စက ထိုင်းနိုင်ငံကို အမှီပြု ရပ်တည်နေတဲ့ မြန်မာနိုင်ငံသား သန်းနဲ့ချီတဲ့ အလုပ်သမားတွေအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းမိပါတယ်။

    မေး။ ။ ဘယ်ခရိုင်တွေမှာ ပဋိပက္ခငယ်လေးတွေ အဖြစ်များလဲ၊ အဲဒီနေရာမှာ ဘယ်လိုလူမျိုးတွေ နေထိုင်ကြပြီး ဘာကြောင့် ပြဿနာဖြစ်ရတာလဲ။

    ဖြေ။ ။ လက်ရှိမှာတော့ ထိုင်းနိုင်ငံမှာ ခရိုင် ၇၇ ရှိတဲ့အတွက်ကြောင့် နေရာတိုင်း မှာတော့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ ရှိနေကြတယ်။ အနည်းအများကို ပြောရရင်တော့ ဘန်ကောက်၊ စမွတ်ပရာကန်၊ စမွတ်ဆာခွန်၊ မဟာချိုင်တို့ကတော့ မြန်မာနိုင်ငံသား အများဆုံးနေထိုင်တဲ့နေရာတွေဖြစ်တယ်။

    အခုပြဿနာမှာ စမွတ်ပရာကန် စားသောက်ဆိုင်က မြန်မာဝန်ထမ်းတွေက ပစ္စည်းပို့တဲ့ ထိုင်းလူမျိုးတွေနဲ့ စကားများ ရာမှာ ကောင်းကောင်းမွန်မွန် ဖြေရှင်းလိုက်ရင် ရနေတာကို စိတ်လိုက်မာန်ပါ လုပ်လိုက်ကြတော့ တယောက်နဲ့ တယောက် ကိုယ်ထိလက်ရောက် ရိုက်နှက်တာကနေ စိန်ခေါ်မှုနဲ့ တိုက်ခိုက်တဲ့ အဆင့်ထိကို ရောက်သွား တာပါပဲ။

    မေး။ ။ အခုဖြစ်ရတဲ့ ပြဿနာတွေရဲ့ အရင်းခံက ဘာတွေများဖြစ်မလဲ။ နောက်ကွယ်မှာ ဘယ်လိုအကြောင်းတရားတွေ ရှိနိုင်လဲ။ ပြဿနာ မဖြစ်ဖြစ်အောင် လုပ်နေတဲ့လူမျိုးတွေ ရှိနေသလား။

    ဖြေ။ ။ ဒါလည်း စဉ်းစားရမယ့် အချက် တချက်ထဲမှာ ပါပါတယ်။ ၁၀ စုနှစ် ၄ စုလောက် အခြေချနေထိုင်ပြီးမှ တယောက်နဲ့ တယောက် လူမျိုးရေး အမုန်းပွားတဲ့လက္ခဏာမျိုးတွေ ဖန်တီးဖော်ဆောင်တာ မရှိဘဲနဲ့ ဒီတကြိမ်မှာမှ ဒီလိုမျိုး ဖြစ်လာတာ။

    ထိုင်းနိုင်ငံမှာလည်း ရှေးရိုးစွဲ အစွန်းရောက် မဘသလိုအဖွဲ့တွေ လူမျိုးရေးအမုန်းပွားအောင် ဖန်တီးနေတဲ့အဖွဲ့တွေက အရင်တုန်းက မရှိခဲ့ဘူး။ အခုကျတော့ သူတို့နိုင်ငံမှာလာပြီးတော့ သူတို့ နိုင်ငံသားတွေနဲ့ သဟဇာတဖြစ်အောင် လိုက်လျောညီထွေဖြစ်အောင် မနေဘူးဆိုပြီး ပြဿနာရှာတဲ့အုပ်စုကလည်း ပေါ်လာချိန် အထူးသတိပြုပြီး နေထိုင် သင့်တဲ့အချိန်မှာ ကိုယ့်ဘက်ကပဲ စပြီး ထိုးတာကြိတ်တာ ဖန်တီးလိုက်တော့ အိမ်ရှင်တယောက်အနေနဲ့ ပိုပြီး အမုန်းတရားတွေ ကိန်းအောင်းသွားအောင် လှုံ့ဆော်ပေးလိုက်သလို ဖြစ်စေတာလို့ သုံးသပ်လို့ ရပါတယ်။

    ထိုင်းလူမျိုးတွေက သူတို့နိုင်ငံမှာ လာရောက်နေထိုင်တဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို မကျေနပ်တဲ့ လက္ခဏာတွေ စတင်ဖော်ဆောင်ခဲ့ပေမယ့် လက်ရှိ ဖြစ်ရပ်ကို သုံးသပ်ရင် ဒီတိုင်းပြည်သည် ကိုယ့်တိုင်းပြည် မဟုတ်ပါ၊ ကိုယ့်တိုင်းပြည်မှာ မအေးချမ်းလို့ လုံခြုံမှု လုံးဝမရှိလို့ တိုင်းတပါးမှာ လာရောက် မှီခိုပြီးမှ မြန်မာမှာ မရနိုင်တဲ့ဝင်ငွေတွေ ရအောင်ရှာနေတဲ့ တိုင်းပြည်မှာ လိုက်လျောညီထွေဖြစ် အောင်နေဖို့က ဧည့်သည်နိုင်ငံသားတွေရဲ့ တာဝန်လို့ သုံးသပ်ပါတယ်။

    မေး။ ။ အခုထိုင်းမှာ မြန်မာတွေနဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဘယ်လို ဖြေရှင်းသင့်လဲ။

    ဖြေ။ ။ ဘယ်လိုဖြေရှင်းသင့်လဲဆိုရင်တော့ နံပါတ် ၁ ကတော့ ဧည့်သည်ဖြစ်တဲ့အတွက် ဧည့်သည်ကျင့်ဝတ်နဲ့ နေသင့် တယ်။ နောက်ထိုင်းနိုင်ငံက သတ်မှတ်တဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေ အားလုံးနဲ့အညီ နေထိုင်ဖို့ တရားဝင် စာရွက် စာတမ်း အထောက်အထားတွေနဲ့နေဖို့ ထိုင်းလူမှုဘဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်ဖို့ ထိုင်းရိုးရာ ယဉ်ကျေးမှု ဓလေ့ရိုးရာတွေကို မထီမဲ့မြင်ပြုတာတွေ ရှောင်ကြဉ်ဖို့ ကိုယ့်ဘက်ကပဲ စဆင်ခြင်ရမှာဖြစ်ပါတယ်။

    အိမ်ရှင်ကိုတော့ ဘာမှ သွားပြောလို့ရနေမှာ မဟုတ်ဘူး။ ကိုယ်တိုင်က ဧည့်သည်ဖြစ်တဲ့အတွက်ကြောင့် ဧည့်သည် ကျင့်ဝတ်နဲ့အညီ နေရင် ဒီပဋိပက္ခတွေက ပ ပျောက်သွားမှာဖြစ်ပါတယ်။

    မေး။ ။ ပြဿနာဖြေရှင်းရာမှာ နှစ်ဦးနှစ်ဖက် လိုက်နာသင့်တဲ့ အချက်လေးတွေ ပြောပေးပါဦး။

    ဖြေ။ ။ အိမ်ရှင်ကိုတော့ ဘယ်လိုပုံစံမျိုးနဲ့နေပါဆိုပြီး သွားပြောဖို့ ခက်လိမ့်မယ်။ ကျနော်ပြောချင်တာက ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားအဖြစ် မှတ်ပုံတင်ပြီးနေတာဖြစ်တဲ့အတွက် တရားဝင် စာရွက်စာတမ်းတွေ ထိုင်း အစိုးရ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ နေထိုင်ပြီး ပုံမှန်အဓိကအလုပ်က စားဝတ်နေရေးအတွက် အလုပ် လုပ်တာဖြစ်တဲ့အတွက် ကိုယ့်ရဲ့ အလုပ် ကိုယ့်အကြောင်းတွေပဲ စိတ်ဝင်စားပြီး၊ မလိုလားအပ်တဲ့နေရာတွေမှာ စိတ်ဝင်စားပြီး တအားကြီး ထောင်ထောင်လွှားလွှား နေထိုင်ခြင်းအားဖြင့် ထိုင်းတွေရဲ့ အမုန်းပွားမှုကို မြင့်တက်စေမှာ ဖြစ်တဲ့အတွက် အထူးဂရုပြုနေထိုင်ပြုမူဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

    မေး။ ။ အခုဖြစ်စဉ်တွေက ထိုင်းရောက်မြန်မာတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။

    ဖြေ။ ။ နည်းနည်းတော့ စိုးရိမ်စရာရှိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်တိုင်းပြည်ကလည်း မအေးချမ်းနေတဲ့အချိန် ကိုယ်ကလည်း ပြစ်မှုကို သက်သေနဲ့ ကျူးလွန်သွားတဲ့အခါကျတော့ သူတို့အနေနဲ့တော့ နောက်နောင် ဒီလိုဖြစ်စဉ် တွေကို တွေ့ရင် လုံးဝလက်သင့်ခံမှာ မဟုတ်ဘဲ ဒီထက်ပိုပြီးတော့မှ ကြီးမားတဲ့အငြင်းပွားမှုတွေ ပဋိပက္ခတွေက ပိုပြီး ဖြစ်ပေါ် လာနိုင်တာကြောင့် ထိုင်းနိုင်ငံမှာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်ထဲမှာမှ ကမ္ဘောဒီးယားကလည်း နေခွင့်မရတဲ့ အနေအထား ဖြစ်နေပြီ။

    မြန်မာတွေအားလုံးကတော့ လူနည်းစုကြောင့်ဖြစ်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒီလူနည်းစုကနေ အခြေပြုပြီးတော့ အမုန်း တရားကို ပြန့်ပွားအောင်လုပ်နေတဲ့ ထိုင်းနိုင်ငံသားတွေလည်းရှိနေတော့ နောက်နောင် ဒီလို အဖြစ်မျိုးထပ်ပြီး မဖြစ် အောင် မြန်မာတွေအားလုံး အထူးပြုနေထိုင်ဖို့ နောက်တချိန် ဒါမျိုး ထပ်မဖြစ်ဖို့တော့ လိုအပ်မယ်။ ဖြစ်ရင်တော့ ဒီထက် ဆိုးတဲ့အနေအထားမျိုး ဖြစ်လာနိုင်တယ်လို့ သုံးသပ်မိတယ်။

    မေး။ ။ အရင်ကနဲ့စာရင် အခုက ဆိုရှယ်မီဒီယာ အားကောင်းလာတော့ အဲဒါရဲ့ အကျိုးသက်ရောက်မှုကြောင့်ရော ပြဿနာတွေက ပိုပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့လာသလို ပိုပြီး ကြီးထွားလာစေသလား။

    ဖြေ။ ။ အခု ဆိုရှယ်မီဒီယာတွေ အားလုံးလည်း အရမ်းပျံ့နှံ့လွယ်တယ်။ အရင်တုန်းက မိုဘိုင်းဖုန်းတွေက လူတိုင်း မကိုင်နိုင်ဘူး။ အခုက ဘယ်နေရာမှာ ဘာလေးဖြစ်ဖြစ် မိနစ်ပိုင်း စက္ကန့်ပိုင်းအတွင်း ဝုန်းခနဲ ပြန့်သွားစေတာဖြစ်တဲ့ အတွက် ကိုယ့်ဘက်က မှားယွင်းတဲ့အပြုအမူတွေကို လုံးဝမလုပ်မိအောင် ရှောင်ကြဉ်မှ တစုံတရာ မှားယွင်းမိလိုက် တာနဲ့ ဆိုရှယ်မီဒီယာပေါ်မှာတက်တာနဲ့ တနိုင်ငံလုံးက အုံကြွပြီး ပြဿနာ ရှာနိုင်တယ်။

    မေး။ ။ လက်ရှိ ပြဿနာတွေမှာ ထိုင်းမဘသ (အမျိုးသားရေးဝါဒီသမားတွေပါ) ပါဝင်လာတာတွေလည်း တွေ့ရတော့ ထိုင်းရောက် မြန်မာတွေအတွက် သက်ရောက်မှုဘယ်လောက် ကြီးနိုင်လဲ။

    ဖြေ။ ။ ထိုင်းအစွန်းရောက် ရှေးရိုးစွဲအုပ်စုက အရင်က မရှိခဲ့ဘဲ အခုပေါ်နေတယ်။ မြန်မာနိုင်ငံသားတွေကို အရိပ် တကြည့်ကြည့် လိုက်ကြည့်နေတဲ့အချိန်မှာ မီးမွှေးလိုက်တဲ့သူက ထိုင်းက မဟုတ်ဘူးဆိုတာ သက်သေအထောက် အထားအရ ဗီဒီယိုဖိုင်တွေအရ တွေ့လိုက်ရတယ်။ အလားတူကိစ္စမျိုး နောက် တကြိမ် မဖြစ်အောင် သတိထားကြပါလို့ ပြောချင်ပါတယ်။

    မေး။ ။ ထိုင်းနိုင်ငံရေးထဲမှာ မြန်မာတွေအသုံးချခံရတာမျိုး ဖြစ်နိုင်လား ဥပမာအားဖြင့် ထိုင်း- ကမ္ဘောဒီးယားနယ်စပ် ပြဿနာတွေကြောင့် မြန်မာပြည်သားတွေကို ရောပြီး အမြင်မကြည်တာ၊ ပြဿနာရှာတာမျိုး ရှိနိုင်လား။

    ဖြေ။ ။ ထိုင်းနဲ့ ကမ္ဘောဒီးယားဖြစ်တဲ့ပြဿနာကတော့ ရှေးပဝေဏသီကတည်းက နယ်မြေအငြင်းပွားမှုတွေ ဖြစ်နေ တယ်၊ ဒါက တပိုင်း။ လက်ရှိမြန်မာအပိုင်းက နှစ်နိုင်ငံ ဆယ်စုနှစ်နဲ့ချီပြီးတော့မှ ဖြစ်နေတဲ့ နယ်စပ်ဒေသအငြင်းပွားမှု မဟုတ်ဘူး။ အခုက မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာနဲ့ ထိုင်းနိုင်ငံမှာ ယဉ်ယဉ်ကျေးကျေး သိမ်သိမ် မွေ့မွေ့ မနေနိုင်ဘဲနဲ့ စိတ်လိုက်မာန်ပါ ပြုမူလိုက်လို့ ဖြစ်တဲ့ပြဿနာဖြစ်တဲ့အတွက် အရမ်းဆိုးရွားမှာ မဟုတ်ဘူး။ သို့သော် နောက်ထပ် အလားတူကိစ္စတွေ ထပ်ဖြစ်မယ်ဆိုရင် အင်မတန်စိုးရိမ်စရာကောင်းတယ်လို့ သုံး သပ်ပါတယ်။

    မေး။ ။ မကြာခင်မှာ ထိုင်းမှာလည်း ရွေးကောက်ပွဲကျင်းပတော့မှာဆိုတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေး ပြဿနာ တွေ ရှိလာနိုင်တော့ မြန်မာတွေ ဘယ်လိုနေထိုင်သင့်သလဲ။

    ဖြေ။ ။ တော်တော်ကို ဆင်ခြင်ရပါမယ်။ ကိုယ်က ဒီနိုင်ငံသား မဟုတ်တဲ့အတွက် သူတို့ရဲ့နိုင်ငံရေးပဋိပက္ခ ဘယ်လို ကိစ္စမျိုးမဆို မပါဝင်ဖို့ ရှောင်ကြဉ်ရမှာဖြစ်တယ်။ သူတို့မှာလည်း နိုင်ငံရေးက တည်ငြိမ်နေတဲ့ အနေအထားမျိုး မရှိချိန် ကိုယ်က ဒွေးရောယှက်တင် နေလိုက်မယ် မြန်မာတွေက ရှုပ်ရှုပ်ယှက်ယှက်နဲ့ ကိုယ်နဲ့မဆိုင်တာဝင် လုပ်မယ်ဆိုရင် မလိုလားအပ်ဘဲ ထိုင်းမဘသတွေသာမဟုတ် နောက်ဆုံး တနိုင်ငံလုံးက လုံးဝ ဆန့်ကျင်ပြီး ထိုင်းအစိုးရကို နိုင်ငံခြား သား မြန်မာအလုပ်သမားတွေ ဒီနိုင်ငံမှာထားဖို့ မသင့်တော်ဘူးဆိုပြီး တိုက်တွန်းလိုက်ရင် ပိုဆိုးသွားမယ်၊ ဒါကြောင့် ဘယ်ကိစ္စမှာမှ ကိုယ့်အရေးကိစ္စ မဟုတ်ရင် မပါဝင်ဖို့ အထူး သတိပေးချင်ပါတယ်။

    ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် အလုပ်လာလုပ်တာ၊ စည်းမျဉ်းစည်းကမ်းနဲ့အညီနေထိုင် ဧည့်သည်ပီပီ သူ့ယဉ်ကျေးမှု သူ့နိုင်ငံသားတွေကို လေးစားမှုပြုမှသာ အဆင်ပြေမှာဖြစ်တယ်။ ဥပဒေက သတ်မှတ်ထားတဲ့ မတရားမှုတွေ ချိုးဖောက်ခံရတယ်ဆိုရင်တော့ ကျနော်တို့လို အလုပ်သမား ကာကွယ်စောင့်ရှောက်ပေးသူတွေက လုပ်ပေးနိုင်တယ်။

    ဒါပေမယ့် ကိုယ့်ဘက်က ရိုင်းရိုင်းစိုင်းစိုင်းစခဲ့တဲ့ ကိစ္စတွေကို တော့ ကျနော်တို့ဖြေရှင်းပေးလို့ မရနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် အသိတရားနေဖို့ ထောက်ပြချင်ပါတယ်။

  • ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးတပ်များ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အထွက် ကံတလူ တိုးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ SAGAING PDF တပ်ဖွဲ့ဆီက သိရပါတယ်။

    ဇန်နဝါရီ ၁၅ ရက် ညပိုင်းလောက်မှာ စစ်ကိုင်းမြို့ အထွက် မုံရွာ-မန္တလေးကားလမ်းပေါ်ရှိ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတဲ့ ကံတလူ တိုးဂိတ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    အခုလို ဝင်ရောက်ပစ်ခတ်ချိန် အထိနာသွားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ စစ်ကိုင်းမြို့ ဖက်ကို ဆုတ်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်စွဲထားတဲ့ အဆောက်အဦးတွေကို ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

    အဲဒီတိုက်ခိုက်မှုကို SAGAING PDF (စစ်ကိုင်းစစ်ကြောင်း)၊ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ စစ်ကိုင်းမြို့နယ် ပကဖ တို့ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာ လို့သိရပါတယ်။

    အဲ့ဒီတိုက်ပွဲမှာ SAGAING PDF က စစ်သည် ရဲမေ တွေပါ၀င် တိုက်ခိုက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

    SAGAING PDF အနေနဲ့ Operation-677က်ို စတင်ဖော်ဆောင်နေပြီး မိုးကုတ်-မိုးမိတ်ဒေသမှာလည်း အမျိုးသားညီ‌ညွှတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန လက်အောက်ခံ တပ်တွေနဲ့အတူ ပူးတွဲတိုက်ပွဲ၀င်နေ‌တယ်လို့ သိရပါတယ်။

  • မြဝတီမြို့တဘက်ကမ်း မဲဆောက်မှာ ဖမ်းဆီးမှုတွေ စပြီ

    မြဝတီမြို့တဘက်ကမ်း မဲဆောက်မှာ ဖမ်းဆီးမှုတွေ စပြီ

    မြဝတီမြို့တဘက်ကမ်း မဲဆောက်မြို့မှာ လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ငန်းလုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ထိုင်းရဲတပ်ဖွဲ့နဲ့ ထိုင်းဌာနဆိုင်ရာတွေ ပူးပေါင်းပြီး ဇန်နဝါရီ ၁၅ ရက်မှ စတင်ဖမ်းဆီးနေတယ်လို့ တာ့ခ်ခရိုင်လဝက သတင်းမှာ ရေးသားထားပါတယ်။

    ထိုင်းအစိုးရက တားမြစ်ထားတဲ့ ဈေးဆိုင်၊ အလှပြင်ဆိုင်၊ မုန့်ဆိုင်၊ ဟင်းသီးဟင်းရွက်ဆိုင် စတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။