Author: Baby Yit Lone

  • The Mortal Instruments: City of Bones

    The Mortal Instruments: City of Bones

    The Mortal Instruments: City of Bones (2013)

    Stranger Things စီးရီးထဲမှာ Vecnaအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Jamie Campbell Bower နဲ့ Emily in Paris စီးရီးထဲက မင်းသမီး Lily Collins တို့ကအဓိကပါဝင်ထားတဲ့ ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။

    ဒီရုပ်ရှင်က Cast line တောင့်ရုံတင်မကဘဲ နာမည်ကျော် Fantasy ဝတ္ထုစီးရီးဖြစ်တဲ့ The Mortal Instruments ဝတ္ထုတွဲတွေထဲက ပထမဆုံးစာအုပ် “City of Bones” ကို ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

    အဓိကဇာတ်ကောင် ကလယ်ရီဟာ သာမန်နေ့စဉ်ဘဝမှာ နေထိုင်ရင်းကနေ ထူးဆန်းတဲ့အမှတ်အသားတွေ ပုံတွေကို ရေးဆွဲမိလာပြီး အဲဒီအမှတ်အသားတွေကို တဖြည်းဖြည်း သတိပြုလာမိပါတယ်။

    ဒီလိုနဲ့ မွေးနေ့မှာ ကလပ်ကိုသွားရာကနေ ထူးဆန်းတဲ့လူသတ်မှုတစ်ခုကို မျက်မြင်တွေ့လိုက်ရပြီး မကြာခင်မှာပဲ ကလယ်ရီရဲ့အမေဟာလည်းပျောက်ဆုံးသွားပါတယ်။

    ပျောက်ဆုံးသွားတဲ့အမေကိုရှာဖို့နဲ့ သူကြုံနေရတဲ့ ပဟေဠိဆန်ဆန် အရာတွေကို အဖြေရှာဖို့ ကြိုးစားနေတဲ့ ကလယ်ရီဆီကို ဂျေ့စ်ဆိုတဲ့ လူတစ်ယောက်ကရောက်လာခဲ့ပြီး ကလယ်ရီဟာ သာမန်လူသားမဟုတ်ဘဲ သူတို့လိုမျိုး နတ်ဆိုးတွေကို နှိမ်နင်းသုတ်သင်ရတဲ့ Shadowhunter တစ်ဦးဖြစ်ကြောင်းကို ပြောပြပါတော့တယ်။

    အဲဒီကနေတစ်ဆင့် ကလယ်ရီဟာ သူမကြုံဖူးမတွေ့ဖူးခဲ့တဲ့ သဘာဝလွန် မှော်လောကကြီးထဲ စတင်ခြေလှမ်းမိပြီး လျှို့ဝှက်ချက်တွေကနေတစ်ဆင့် အမေဖြစ်သူကိုရှာဖို့ကြိုးစားပါတော့တယ်။

    ဒီရုပ်ရှင်ဟာ Twilight တို့ Harry Potter တို့လိုမျိုး Fantasy ကားတွေကို ကြိုက်နှစ်သက်သူတွေအနေနဲ့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။

    Stranger Things ပြီးသွားလို့ ဗက်ဂနာ/No.1 ကိုကြည့်မဝသေးဘူးဆိုတဲ့သူတွေအတွက်လည်း ဒီကားထဲမှာ Jamie ကို အလန်းစား ခပ်မိုက်မိုက်ပုံစံနဲ့မြင်တွေ့ရဦးမှာပဲဖြစ်ပါတယ်။

  • The Anacondas

    The Anacondas

    The Anacondas (2025)

    မက္ကဆီကိုရဲ့ဝေးလံခေါင်သီတဲ့ ချိုင့်ဝှမ်းတစ်ခုမှာ ရှေးဟောင်းသုတေသနပညာရှင်နဲ့ စူးစမ်းရှာဖွေသူတစ်စုဟာ မြွေကိုကိုးကွယ်တဲ့ ရှေးခေတ်ယဉ်ကျေးမှုတစ်ခုရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

    ဒီတွေ့ရှိမှုကြောင့် သူတို့ဟာ စိတ်လှုပ်ရှားခဲ့ကြရပါတယ်။ ဒီအောင်မြင်မှုဟာ မကြာခင်မှာပဲ ကြောက်လန့်စရာအဖြစ်အပျက်တစ်ခုကို ဦးတည်သွားခဲ့ပါတယ်။

    သူတို့ဟာ ပိတ်လှောင်ထားတဲ့ ဗိမာန်တစ်ခုကို ဖွင့်မိခဲ့ကြပြီး ရာစုနှစ်ပေါင်းများစွာ လူသားစားသောက်ရခြင်းမရှိဘဲ ငတ်မွတ်နေတဲ့ ဧရာမမြွေကြီးတစ်ကောင်ကို နှိုးဆွလိုက်မိခဲ့ကြပါတယ်။

    ဒီမြွေကြီးဟာ သာမန်မြွေမျိုးမဟုတ်ဘဲ ရှေးခေတ်က ပူဇော်သက္ကာဘုရားကျမ်းတွေမှာ ဖော်ပြထားတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတစ်ကောင်ဖြစ်ပြီး လူသားတွေကို စားသောက်တိုင်း ပိုကြီးလာသလို ပိုရန်စလာတတ်ပါတယ်။

    မြွေကြီးနိုးလာချိန်မှာ ထွက်ပေါက်တွေပျောက်ကွယ်သွားပြီး အဖွဲ့ဝင်တွေရဲ့ကိုယ်ပိုင်အကြံအစည်တွေလည်း ပျက်ပြားသွားပါတယ်။

    လက်နက်နည်းပါးပြီး အချင်းချင်းယုံကြည်မှု ပျက်ပြားလာချိန်မှာ ကျန်ရှိတဲ့လူတွေဟာ နည်းအမျိုးမျိုးနဲ့မြွေကြီးကို ကာကွယ်ဖို့ ကြိုးပမ်းကြရပါတယ်။

    ဇာတ်လမ်းရဲ့အဆုံးမှာ စူးစမ်းရှာဖွေရေးအဖွဲ့ဟာ အရိုးစုတွေအဖြစ် ပြောင်းလဲသွားမလား ဒါမှမဟုတ် အသက်ရှင်ကျန်ရစ်သူတွေ ရှိမလား ဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။

    ဒီရုပ်ရှင်ဟာ The Asylum ကုမ္ပဏီရဲ့ရိုက်ကူးမှုဖြစ်ပြီး လူနဲ့သတ္တဝါယှဉ်ပြိုင်မှုဆိုတဲ့ ဇာတ်လမ်းမျိုးကို အဓိကထားပါတယ်။

    ဇာတ်လမ်းတစ်လျှောက်မှာ ရှေးဟောင်းကျမ်းဂန်တွေ၊ ကပ်ပါးဂူတွေ၊ စိတ်လှုပ်ရှားစရာရှောင်တိမ်းမှုတွေနဲ့ သတ္တဝါကြီးရဲ့ကြောက်မက်ဖွယ်ဖျက်ဆီးမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

  • October Sonata

    October Sonata

    October Sonata (2009)

    ရက်စွဲ​တွေပါတဲ့အမှတ်တရဇာတ်လမ်း​တွေဟာ ဇာတ်သိမ်းမလှတာ​တွေများပါတယ်။

    “အမှတ်တမဲ့မှအမှတ်တရများသို့ “ဆိုတဲ့စကားအတိုင်း အမှတ်တမဲ့ဖြစ်ရပ်​သေး​သေး​လေးကစတင်ခဲ့တဲ့ “ဆဲန်ကျန်”ဆိုတဲ့​စာမဖတ်တတ်တဲ့​ကောင်မ​လေးတစ်​ယောက်နဲ့ နိုင်ငံခြားမာစတာတန်းပညာ​တော်သင်​ကျောင်းသားဖြစ်တဲ့ “ရာဝီ” တိုရဲ့အချစ်​ရေး​​အ​ကြောင်းရိုက်ကူးထားတဲ့ဇာတ်လမ်း​လေးဖြစ်ပါတယ်။

    “ဆဲန်ကျန်”ဟာ ​​မထင်မှတ်ထားတဲ့ နှစ်တစ်နှစ်ရဲ့ ​အောက်တိုဘာလမှာ “ရာဝီ”ဆိုတဲ့​​​ကောင်​လေးနဲ့​တွေ့ခဲ့ကြပါတယ်။ တစ်ညတာအတွင်း ရင်းနှီးခဲ့ကြတဲ့သူတို့နှစ်​ယောက်ကြားကဆက်ဆံ​ရေးဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲကုန်ဆုံးသွားခဲ့ပါတယ်။

    အ​ကြောင်းက​တော့ “ရာဝီ”ဟာ နိုင်ငံခြားပညာ​တော်သင်သွားဖို့ဖြစ်လာခဲ့လိုပါ။ ဒါ​ပေမဲ့ သူတို့နှစ်​ယောက်ရဲ့ဆက်ဆံ​ရေးဟာ အဆုံးသတ်မသွားခဲ့ပါဘူး။

    နှစ်တိုင်းရဲ့ ​အောက်တိုဘာလ ၈ ရက်​နေ့မှာ နှစ်​ယောက်သားရဲ့အမှတ်တရ​နေရာ​လေးဆီပြန်လာကြဖို ကတိ​ပေးခဲ့ပါတယ်။

    ဒီလိုနဲ့ “ဆဲန်ကျန်”ဟာ ​အောက်တိုဘာလ ၈ရက်​နေ့​ရောက်တိုင်း အမှတ်တရ​တွေရှိခဲ့တဲ့​နေရာ​လေးမှာ အမြဲတမ်း​စောင့်​မျှော်​နေခဲ့ပါတယ်။

    “ရာဝီ”က​ရော ကတိအတိုင်းပြန်လာပါ့မလား။ သူတိုနှစ်​ယောက်ရဲ့အချစ်​ရေးက​​ရော ​ဖြောင့်ဖြူးနိုင်ပါ့မလား။ “ဆဲန်ကျန်”က​​ရော ရာဝီတစ်​ယောက်တည်းကိုပဲ ​စောင့်စားပါ့မလား။

    အချစ်နဲ့ဘဝ​ရွေးချယ်ဖို့ဖြစ်လာတဲ့အခါ လူ​တွေဟာဘယ်အရာကို ဦးစား​ပေးသွားကြမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

  • ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်လာတယ်လို့ ယုံကြည်ရတဲ့ ရုရှား ရေနံတင်သင်္ဘောကို အမေရိကန် ကြားဖြတ် ဖမ်းဆီး

    ဗင်နီဇွဲလား ရေနံတွေ တင်ဆောင်သွားတယ်လို့ စွပ်စွဲခံရတဲ့ ရုရှား ရေနံတင် သင်္ဘောတစ်စီးကို အမေရိကန်က ကြားဖြတ် ထိန်းချုပ်ခဲ့ပြီးတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်ဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။

    Marinera ရေနံတင် သင်္ဘောဟာ ဗင်နီဇွဲလား ကမ်းလွန်ရေပြင်မှာ အမေရိကန် စစ်တပ်ရဲ့ ကြားဖြတ် ဖမ်းဆီးမယ့် အခြေအနေကနေ ရှောင်တိမ်းလာနိုင်ခဲ့ပြီး ရုရှားဆီ အသည်းအသန် ပြန်လည် ခုတ်မောင်းလာချိန် အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဇန်နဝါရီ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ မဟာမိတ် နိုင်ငံတွေရဲ့ အကူအညီကိုပါ အသုံးပြုပြီး အဲဒီသင်္ဘောရဲ့ ခရီးစဉ်ကို တောက်လျှောက် စောင့်ကြည့်နေခဲ့တဲ့နောက် အိုက်စ်လန်ကျွန်းနဲ့ ဗြိတိန်နိုင်ငံကြားမှာ ကြားဖြတ် ဖမ်းဆီးခဲ့တာပါ။ Marineraဟာ အစောပိုင်းတုန်းက Bella 1ဆိုတဲ့ နာမည်ကိုလည်း အသုံးပြုခဲ့ဖူးပါတယ်။

    အမေရိကန် အစိုးရက ဗင်နီဇွဲလား ရေနံတင် သင်္ဘောတွေကို ပစ်မှတ်ထား စီးနင်းမှုတွေ စတင်လာတဲ့နောက် Marineraဟာလည်း အမေရိကန် ကမ်းခြေစောင့်တပ်ရဲ့ ပစ်မှတ်ထားမှုကို ခံလာရပါတယ်။ ဒါပေမဲ့ အမေရိကန် ကမ်းခြေစောင့်တပ်က ရေယာဉ်ပေါ် တက်ရောက်ခွင့် တောင်းဆိုတာကို Marineraက ငြင်းဆိုပြီး ရုရှားဆီ ပြန်သွားဖို့ ကြိုးစားခဲ့တာပါ။

    ရုရှားအလံ လွှင့်ထူထားတဲ့ ရေနံတင် သင်္ဘောကို ကြားဖြတ် ဖမ်းဆီးတဲ့ မစ်ရှင်ကို အမေရိကန် ကမ်းခြေစောင့်တပ်နဲ့ စစ်တပ်တို့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့တယ်လို့ အမည်မဖော်လိုတဲ့ အစိုးရ သတင်းရင်းမြစ် တစ်ဦးက ပြောကြားခဲ့ပါတယ်။

    အမေရိကန်ဟာ ဗင်နီဇွဲလား ရေနံတွေနဲ့ ပတ်သက် ဆက်စပ်နေတဲ့ M/T Sophiaဆိုတဲ့ နောက်ထပ် သင်္ဘောတစ်စီးကိုလည်း ကာရေဘီယန် ပင်လယ်ပြင်မှာ ထိန်းသိမ်းထားခဲ့ပါတယ်။

    Marinera သင်္ဘောနောက်ကို အမေရိကန်က အပူတပြင်း ခြေရာခံ လိုက်နေကြောင်း သိရှိခဲ့တဲ့နောက် ရုရှားဟာ အဲဒီ ရေယာဉ်ကို လုံခြုံရေး ကူညီ စောင့်ကြပ်ပေးဖို့ ရေငုပ်သင်္ဘော တစ်စီးနဲ့ စစ်သင်္ဘောတွေ စေလွှတ်ခဲ့ပေမယ့် အချိန်မမီလိုက်ဘဲ အမေရိကန်က ကြားဖြတ် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

    ရုရှား အစိုးရကတော့ Marineraကို စီးနင်း ဟန့်တားခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    ရုရှား ရေနံတင် သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်း ကြေညာဖို့ အိမ်ဖြူတော်က ပြင်ဆင်နေပြီး မကြာခင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပဖို့ ရှိနေပါတယ်။

    ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားရေယာဉ်ကို ကြားဖြတ် ဖမ်းဆီးခဲ့တဲ့ အမေရိကန်ရဲ့ စစ်ဆင်ရေးမှာ ဗြိတိန် လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း ပူးပေါင်း ကူညီပေးခဲ့ကြောင်း အတည်ပြု ကြေညာထားပါတယ်။

    ကိုးကား: Independent

  • ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ  ၂၀ ဦးခန့်ဖမ်းမိ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ

    ကနေဒီတောင်စခန်းသိမ်းတိုက်ပွဲ ဗိုလ်မှူးအပါအဝင် စစ်ကောင်စီ ၂၀ ဦးခန့်ဖမ်းမိ

    ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ ကနေဒီတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ချင်းညီနောင်နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီအရာရှိ အပါအဝင် သုံ့ပန်း ၂၀လောက် ဖမ်းမိပြီး လက်နက် အလက် ၃၀ ကျော် ရရှိခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

    PDF ဇိုလဲန်းက အရင်ကတည်းက သိမ်းပိုက်ထားတဲ့ တီးတိန်မြို့နယ် ကနေဒီတောင် အပါအဝင် ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ စစ်ကောင်စီတပ်က ၂၀၂၅ အောက်တိုဘာလကုန်မှာ တီးတိန်မြို့ကို ရဟတ်ယာဉ်နဲ့ ၂၆ ကြိမ် စစ်အင်အားဖြည့်တင်းထိုးစစ်ဆင်လာလို့ ကနေဒီတောင် အပါအဝင် နေရာအချို့ကို ယာယီလက်လွှတ်ခဲ့ရပါတယ်။

    ၂၀၂၅ နိုဝင်ဘာ ၁၉ရက်မှာလည်း ချင်းညီနောင်တပ်ဖွဲ့က ကနေဒီတောင်ကို ပြန်သိမ်းပိုက်ခဲ့ပေမယ့် တပ်စွဲခြင်းမပြုတဲ့ အခြေအနေမှာ စစ်ကောင်စီက အင်အား ၆၀ ကျော်နဲ့ တပ်စွဲလာလို့ ဒီဇင်ဘာ ၂၆ရက်မှာ PDF ဇိုလဲန်းက ဦးဆောင်ပြီး ချင်းဒေသကာကွယ်ရေးတပ် CDF စီးယင်းနဲ့ အတူ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

    အဲဒီစစ်ဆင်ရေး ၁၀ရက်ကြာမြင့်ခဲ့ပြီး ၂၀၂၆ ဇန်နဝါရီ ၄ရက်မှာ ကနေဒီတောင်ကို ပြန်သိမ်းပိုက်နိုင်ခဲ့တယ်လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ကိုဂိဒွန်က ပြောပါတယ်။

    ကနေဒီတောင်ကို စစ်ကောင်စီ ရဲ့ ခလရ(၈၇)နဲ့ ခလရ(၂၆၉) တပ်က ဗိုလ်မှူး ၂ဦး ဦးစီးတဲ့ စစ်အင်အား ၆၄ ဦး အထိုင်ချတပ်စွဲထားတာလို့ အသိပေးပါတယ်။

    “စစ်သုံ့ပန်းကတော့ ဗိုလ်မှူး အပါအဝင် ၂၀ လောက်ကို ဖမ်းဆီးရမိတယ်။ လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိတယ်ပေါ့။ နယ်မြေရှင်းလင်းရေး အသေးစိတ် မပြီးသေးတဲ့အခါကျတော့။ လက်နက်ငယ် အလက် ၃၀ ကျော် အဲဒီလောက်ရရှိတယ်”လို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ်က ပြောပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၅ နိုဝင်ဘာ ၁၉ရက် ကနေဒီတောင်ကို နယ်မြေရှင်းလင်းစဉ်ကလည်း ခဲယမ်းအချို့ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

    ကနေဒီတောင် စခန်းသိမ်းတိုက်ပွဲမှာ PDF ဇိုလဲန်းနဲ့အတူ တိုက်ပွဲဝင်ခဲ့တာက ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF စီးယင်းတပ်ဖွဲ့ဖြစ်ပါတယ်။

    ချင်းညီနောင်နဲ့ ချင်းပြည်ကောင်စီ တပ်ဖွဲ့တွေက စစ်ကောင်စီရဲ့ ချင်းပြည်မြောက်ပိုင်းထိုးစစ်ကို အတူပူးပေါင်းပြီး ခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။ ဖလမ်းမြို့နယ် တိုက်ပွဲတွေမှာဆိုရင်လည်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်ဖွဲ့တွေ အတူလက်တွဲ တိုက်ခိုက်လျက်ရှိရာ ဖလမ်းမြို့နယ် ခွန်လီရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားလျက်ရှိပါတ်ယ။ ဇန်နဝါရီ ၅ရက်မှာ ခွန်လီရွာအနီး စစ်ကောင်စီတပ်နေရာအချို့ကို ချင်းပူးပေါင်းတပ်က ပြန်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ စစ်သုံ့ပန်းတွေလည်း ရရှိခဲ့ပါတယ်။

    စစ်ကောင်စီဟာ ချင်းမြောက်ပိုင်းက ဆုံးရှုံးဒေသတွေ ပြန်ရဖို့ ၂၀၂၅ နှစ်လယ်ပိုင်းကတည်းက ကလေးဘက်ကနေ စစ်အင်အားအများအပြားနဲ့ မြေပြင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး ချင်းပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ဇူလိုင်လမှာ တပ်လှန် ဆုတ်ခွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၅ အောက်တိုဘာ လကုန်မှာ မြေပြင်နဲ့ လေကြောင်းက စစ်အင်အား ထပ်မံ ဖြည့်တင်း ထိုးစစ်ဆင်နေလို့ တီးတိန်၊ ဖလမ်းနဲ့ ဆက်စပ်နယ်မြေဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

    (စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတချို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်မေးနေစဥ်။ ရုပ်သံ – Cin Pii/FB)