Author: Baby Yit Lone

  • ရန်ကုန်လေဆိပ်၌ ဝင်ရောက်လာသူများ၏ ခရီးဆောင်အိတ်များကို တင်းကျပ်စစ်ဆေးနေ

    ရန်ကုန်လေဆိပ်၌ ဝင်ရောက်လာသူများ၏ ခရီးဆောင်အိတ်များကို တင်းကျပ်စစ်ဆေးနေ

    ပြည်ပနိုင်ငံတွေကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ဝင်ရောက်လာသူတွေရဲ့ ခရီးဆောင်အိတ်တွေနဲ့ သယ်ယူလာတဲ့ တခြားအိတ်တွေကိုပါ လေဆိပ်က ဝန်ထမ်းတွေက တင်းကျပ် စစ်ဆေးနေကြောင်း လေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

    ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာပဲ လေဆိပ်က သယ်ခွင့်မရှိတဲ့ တားမြစ်ပစ္စည်းတွေနဲ့ အကောက်ခွန်ဦးစီးဌာနကို အခွန်ဆောင်ပြီး သယ်ယူခွင့်ရှိတဲ့ ပစ္စည်းတွေစာရင်း လူမှုကွန်ရက်တွေမှာ ပျံ့နှံ့လာပြီးနောက်မှာ အခုလို တင်းကျပ်စစ်ဆေးလာတာပဲ ဖြစ်ပါတယ်။

    ဩဂုတ်လ နောက်ဆုံးပတ်က ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို ပြန်လာခဲ့စဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကိုယ်တိုင်ကြုံခဲ့ရသူတယောက်က “အခု လိုင်းပေါ်ပျံ့နေတဲ့ တားမြစ်ပစ္စည်း ဘာညာနဲ့ တခြားရွှေထည်ပစ္စည်းတွေ ဝတ်သွားတဲ့အတိုင်း ပြန်ယူလာရမယ် ဆိုတာက အရင်ကတည်းက ကြေညာထားတာလို့ လေဆိပ်က ဝန်ထမ်းက ပြောတယ်။ ဒါပေမဲ့ ကိုယ်တွေကြုံခဲ့တာကတော့ ရန်ကုန်အဝင်လေဆိပ်မှာ အိတ်တွေ အကြီးတွေရော အိတ်အသေးတွေ အသေစစ်တယ်။ ပစ္စည်းအသစ်တွေ ဝယ်လာတာတွေ့ရင် အများကြီးပါလာတာဆိုရင် သူတို့ စကားအတော်ပြောယူရတယ်၊ တော်တော်လေးရစ်တယ်၊ ကိုယ်တွေ‌ရှေ့ကလူကိုဆိုရင် အလှကုန်ပစ္စည်းတွေ တခုချင်းစီ ထုတ်စစ်တယ် အကုန်။ သူများတွေတော့ မသိဘူး၊ ကိုယ်တွေလို ဆိုင်ရာပိုင်ရာမဟုတ်တဲ့ သာမန်ပြည်သူတွေ ကြုံနေရတဲ့ ဒုက္ခတွေပေါ့။ လေဆိပ်က ဝန်ထမ်းတွေအတွက်ကတော့ ငွေရပေါက်တခုလို ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

    ပြည်ပဆိုက်ရောက် ခရီးသည်တွေအပေါ် ဆောင်ရွက်နေတဲ့ တားမြစ်ပစ္စည်းတွေနဲ့ ကတိဝန်ခံချက်တွေအပြင် နိုင်ငံခြားသုံးငွေနဲ့ လက်ဝတ်ရတနာများ ယူဆောင်ခြင်းဆိုင်ရာ ခွင့်ပြုချက် စတဲ့ ကြေညာချက်တွေက လေဆိပ်မှာ ဟိုးအရင်တွေကတည်းက ကြေညာထားတာ ဖြစ်ကြောင်း လေဆိပ်ဝန်ထမ်းတွေဆီက စုံစမ်းသိရပါတယ်။

    ဒါပေမဲ့ ကြေညာချက်တွေကို လတ်တလော ထုတ်ပြန်ချက်ပုံစံဖြစ်အောင် ဆိုရှယ်မီဒီယာ အသုံးပြုသူတွေကြားမှာ မျှဝေနေကြတာလည်း ဖြစ်ပါတယ်။

    ဒီအတွက်ကြောင့် မကြာခင် မိသားစုနဲ့အတူ ပြည်ပထွက်ဖို့ ပြင်ဆင်နေသူတယောက်ကတော့ စိုးရိမ်ပူပန်နေကြောင်း ပြောပါတယ်။

    “အာဏာသိမ်းပြီးကတည်းက အခွင့်အရေးတွေ အားလုံးကို သူတို့စိတ်ကြိုက် လုပ်နေတာပဲလေ။ အခုလို ထုတ်ပြန်တာ လုပ်နေတာ သိပ်တော့လည်း မထူးဆန်းဘူး။ ဒါပေမဲ့ လူ့အခွင့်အရေးတွေကိုတော့ တအားချိုးဖောက်တာ အရမ်းများနေပြီ။ ကိုယ်ပိုင်တဲ့ ပစ္စည်းတွေကို ကိုယ့်စိတ်ကြိုက် လုပ်ပိုင်ခွင့် မရှိဘူး ဆိုတာကတော့ သိပ်တော့မဟုတ်တော့ဘူး။ ယူသွားတဲ့ လက်ဝတ်ရတနာအတိုင်း ပြန်မပါလာရင်ရော သူတို့က အရေးယူမှာလား။ ဒီဆွဲကြိုးလေးကြိုက်လို့ နားကပ်လေးကြိုက်လို့ ကိုယ်ဝယ်လာရင်ရော သူတို့က သိမ်းမှာလား။ အဓိက သူတို့က သိမ်းချင်တာ။ သူတို့ တခုခု ထုတ်ပြန်တယ် ဆိုကတည်းက ပြည်သူတွေဘက်ကတော့ အနေကျပ် အစားကျပ်နဲ့ ဒုက္ခရောက်သွားတာပဲ ရှိပါတယ်၊ အဆင်ပြေသွားတယ်လို့ တခါမှ မရှိပါဘူး။”

    ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အကောက်ခွန်ဦးစီးဌာနရဲ့ အမိန့်ကြေညာချက်အရ ပြည်ပထွက်ခွာမယ့်သူတွေ အနေနဲ့ အကောက်ခွန်က မျက်မြင် ဖွင့်ဖောက်စစ်ဆေးခွင့်ရှိတာ၊ တကိုယ်ရေသုံး ကင်းလွတ်ခွင့်ရှိမယ့် ပစ္စည်းတွေကအပ အခွန်ဆောင်ရမှာဖြစ်ကြောင်းနဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ထက် မပိုတဲ့ ငွေသား၊ မြန်မာကျပ်ငွေ သိန်း ၁၀၀ ထက်မပိုတဲ့ လက်ဝတ်ရတနာတွေကို လေဆိပ်က အကောက်ခွန်မှာ ကြေညာခဲ့ရမှာဖြစ်ပြီး ပြည်ပက ပြန်လည်ရောက်ရှိလာချိန်မှာ ကြေညာထားခဲ့တဲ့အတိုင်း ပြန်လည်ယူဆောင်လာရမှာ ဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

    ✍ဝေဝေ

  • ရေတာရှည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ရေတာရှည်မြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်

    ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မဟာမိတ်တွေနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဝရဇိန်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ယမန်နေ့ သြဂုတ် ၃၁ ရက်မွန်းတည့် ၁၂ နာရီလောက်က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပဒဲကျေးရွာအနီးစစ်ကြောင်းထိုးလာချိန် ဝရဇီန်တပ်ဖွဲ့နဲ့ မဟာမိတ်တွေဖြစ်တဲ့ ဖိုက်တာစားခဲ၊ ပုဝါနီစစ်ကြောင်း၊ သမန်း ကျား စတဲ့တပ်ဖွဲ့တွေက ၁နာရီကြာ ခုခံတိုက်ခိုက်ခဲ့တယ် လို့ ဖော်ပြပါတယ်။

    တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်စစ်ကြောင်းက ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ထိခိုက်သေဆုံးမှုအတိအကျကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

    အလားတူ သြဂုတ် ၂၇ ရက် ညပိုင်းကလည်း အထက်ပါ အင်အား ၁၅၀ပါစစ်ကြောင်းဟာ ပဒဲကျေးရွာဘက်ကို စစ်ကြောင်းသုံးကြောင်းခွဲပြီး စစ်ကြောင်းထိုးလာစဥ်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇီန်တပ်ဖွဲ့က အသိပေးပါတယ်။

    “၂၇ ရက်နေ့က သူတို့ညဘက်ပိုင်းလောက် စစ်ကြောင်းထိုးလာတာဗျ။ သူတို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ”လို့ တပ်ဖွဲ့တာဝန်ရှိသူတဦးက လူထုနွေဦးကို ပြောပါတယ်။

    ပဒဲကျေးရွာဘက် နှစ်ကြိမ်ဆက်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ တိုက် ခိုက်ခံရတာကြောင့် နှစ်ကြိမ်စလုံး တပ်ပြန်ဆုတ်သွားခဲ့ပြီး ဘယ်နေရာကို တပ်ပြန်ဆုတ်သွားတယ်၊ ဘယ်လိုစစ်ရေးပြင်ဆင်နေတယ်ဆိုတဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးဘူးလို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

    တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပဒဲကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းအသုံးပြု ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် နေအိမ်တွေထိခိုက်ပျက်စီးမှုရှိခဲ့သလို ပြည်သူထိခိုက်တာတွေလည်း ရှိခဲ့ဖူးပါတယ်။

    (ရေတာရှည်မြို့နယ်၊ ပဒဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးရဲဘော်တစ်ဦးက ပစ်ခတ်တိုက်ခိုက်နေစဉ်။ ဓာတ်ပုံ – ဝရဇိန်)

  • မဲဆောက်မြို့နယ်၌ တရားမဝင် မြန်မာလုပ်သား ၃၂ ဦးဖမ်းဆီးခံရ

    မဲဆောက်မြို့နယ်၌ တရားမဝင် မြန်မာလုပ်သား ၃၂ ဦးဖမ်းဆီးခံရ

    ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရွှေ့ပြောင်း အလုပ်သမား ၃၂ ယောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းစစ်တပ် အရာရှိတယောက်က ပြောပါတယ်။

    စက်တင်ဘာ ၁ ရက်က မြဝတီမြို့နယ်ကနေ မဲဆောက်ဘက်ကို တရားမဝင် ဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၃ ယောက်ကို ဖုတ်ဖရရွာမှာ ဖမ်းဆီးမိခဲသလို ဩဂုတ် ၃၁ ရက်ညကလည်း လှိုင်းဘွဲမြို့နယ်ကနေ ထိုင်းဘက်ကို တရားမဝင် ဝင်လာပြီး နွားတင်ကားနဲ့ သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသား ၁၉ ယောက်ကို ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

    ဖမ်းဆီးခံရတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃၂ ယောက်ဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ ကယ်ရီခ ဘတ်ငွေ ၁၅၀,၀၀ စီး ပွဲစားကို ပေးခဲ့ရတယ်လို့ ထွက်ဆိုခဲ့ကြပါတယ်။

  • တရုတ်၏ အကျပ်ကိုင်မှုနှင့် UWSA ၏ မလွှဲမရှောင်သာ ဆုံးဖြတ်ချက် နောက်ကွယ်

    တရုတ်၏ အကျပ်ကိုင်မှုနှင့် UWSA ၏ မလွှဲမရှောင်သာ ဆုံးဖြတ်ချက် နောက်ကွယ်

    ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ခေါင်းဆောင်ပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ခေါင်းဆောင်ပိုင်းများအား ခေါ်ယူတွေ့ဆုံပြီး လက်နက်နှင့်ငွေကြေးအကူအညီများ ရပ်တန့်ကြောင်း တရားဝင်ပြောကြားကာ အများပြည်သူသိရှိရန် ထုတ်ပြန်သည်ကို တွေ့ရ၏။ ဤအခြေအနေသို့ မည်သို့မည်ပုံ ရောက်ရှိခဲ့သည်ကို သုံးသပ်ရန် သမိုင်းကြောင်းကို ပြန်ကြည့်ပါက အောက်ပါအတိုင်းတွေ့ရသည်။

    ၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) မှခွဲထွက်ပြီး စစ်တပ်နှင့် UWSA အပစ်ရပ်ခဲ့၏။ ၁၉၉၁ မှ ၁၉၉၆ ခုနှစ်ကြား ထိုင်းနယ်စပ်ရှိ ခွန်ဆာ၏ မုံးတိုင်းတပ် (MTA) ကို တိုက်ခိုက်ရာတွင်လည်းကောင်း၊ ၂၀၀၂ မှ ၂၀၀၅ ခုနှစ်ကြား ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အား တိုက်ခိုက်ရာတွင်၎င်း UWSA သည် မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်။ စစ်တပ်ကလည်း ခွန်ဆာနှင့် RCSS ကို အနိုင်ယူနိုင်ရန် UWSA တပ်အင်အားကို အသုံးချသကဲ့သို့ UWSA ကလည်း ထိုင်းနယ်စပ်တွင် အခြေချလိုသည့်အတွက် ကိုယ့်ရည်ရွယ်ချက်နှင့်ကိုယ် ပူးပေါင်းခဲ့ကြသည်။

    ထိုကာလတွင် စစ်တပ်နှင့် UWSA ဆက်ဆံရေးကောင်းမွန်ခဲ့သည်ဟု ဆိုနိုင်သော်လည်း UWSA နှင့် ဆက်ဆံရေးကောင်းသည်မှာ ဗိုလ်ခင်ညွန့်ခေါင်းဆောင်သည့် စစ်ထောက်လှမ်းရေးနှင့်ဖြစ်၏။ UWSA ၏ တောင်းဆိုချက်များကို ဗိုလ်ခင်ညွန့်က သဘောတူပေးသဖြင့် အဆင်ပြေခြင်းဖြစ်ပြီး စစ်ဘက်ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မောင်အေးနှင့် အဆင်ပြေခြင်းမရှိပေ။

    ဗိုလ်မောင်အေးက UWSA အား တထီးတနန်းနေသည့် အဖွဲ့အစည်းဖြစ်၍ ကြည့်မရပေ။ UWSA အား လိုက်လျောမှု ပြုလုပ်လုပ်ခြင်းကို လက်မခံပေ။

    သို့ဖြစ်ရာ ရှမ်းအရှေ့ရှိ စစ်ဆင်ရေးတာဝန်ယူရသည့် ဗျူဟာမှူး၊ တပ်မမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး (ဒကစမှူး)၊ တိုင်းမှူးစသည့် စစ်ဘက်ခေါင်းများသည် ၂၀၀၅ ခုနှစ်အထိ UWSA နှင့်ပတ်သက်၍ မတူကွဲပြားသည့် ဗိုလ်ခင်ညွန့် အမိန့်နှင့် ဗိုလ်မောင်အေး အမိန့်ကြား ဗျာများခဲ့ကြသည်ကို ထိုစဉ်ကာလ အခြေအနေကို ထိတွေ့သူများ ကောင်းစွာသိရှိနိုင်သည်။

    UWSA နှင့် စစ်တပ်ကြား စတင် တင်းမာသည်မှာ ၂၀၀၅ ခုနှစ်တွင်ဖြစ်၏။ ပထမအချက်မှာ ထောက်လှမ်းရေး ဗိုလ်ခင်ညွန့် ပြုတ်သွားခြင်းဖြစ်သည်။ ဒုတိယအချက်မှာ UWSA တိုက်နေသည့် RCSS လွယ်တိုင်းလျန်တိုက်ပွဲတွင် UWSA က ဆက်မတိုက်ဘဲ ရပ်လိုက်ခြင်းဖြစ်၏။ စစ်တပ်က ဆက်တိုက်ခိုင်းသည်ကို UWSA က ငြင်းပယ်ခဲ့သည်။

    တတိယအချက်မှာ UWSA က တိုက်ပွဲရပ်လိုက်သဖြင့် စစ်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် လွယ်တိုင်းလျန်တိုက်ပွဲ ဆက်မတိုက်သည့် အထူးတပ်မဟာမှူး ပေါက်အိုက်ခမ်း ပန်ဆန်းမှ ပြန်အလာ ကျိုင်းတုံအနီးတွင် ထိုစဉ် တြိဂံတိုင်းမှူး မင်းအောင်လှိုင် ဦးစီး၍ မူးယစ်ဆေးဝါးအမြောက်များနှင့် ဖမ်းဆီးပြီး ထောင်နှစ်ရှည်ချလိုက်ခြင်း ဖြစ်သည်။

    ၂၀၀၅ ခုနှစ်တွင် ဤပြဿနာသုံးခု ဆက်တိုက်ဖြစ်ပွားပြီး စစ်တပ်နှင့် UWSA ကြား ဆက်ဆံရေးတင်းမာခဲ့၏။ ထိုအချိန်မှစ၍ UWSA က စစ်တပ်နှင့်ပူးပေါင်း၍ ရှမ်းတပ်များကို တိုက်ခိုက်ခြင်းအား ရပ်ဆိုင်းခဲ့သည်။ ဒုတိယပြဿနာမှာ ၂၀၀၉ ခုနှစ်မှစ၍ UWSA အား နယ်ခြားစောင့်တပ် အသွင်ပြောင်းခိုင်းခြင်းဖြစ်၏။ ဤအကြိမ်တွင် စစ်ရေးအရပါ တင်းမားခဲ့၏။

    ၂၀၁၀ ပြည့်နှစ်အတွင်း UWSA နယ်တွင်းရှိ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး အစီအစဉ်ဖြင့်ရောက်နေသည် ကျန်းမာရေး၊ ပညာရေးစသည့် နအဖ ဝန်ထမ်းများ ပြန်လည်ထွက်ခွာခဲ့ကြပြီး နှစ်ဖက်ရင်ဆိုင်ထားသည့် နေရာများတွင် စစ်ပြင်ခဲ့ကြ၏။

    ဤတင်းမာမှုအား သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်လက်မှတ် ပြန်လည်ရေးထိုပြီး တင်းမာမှု ပြန်လျှော့ချနိုင်ခဲ့၏။ သို့သော် ၂၀၁၅ ခုနှစ်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် ပါဝင်မှုမရှိသဖြင့် ပြန်လည်တင်းမာခဲ့ပြီး ဝဒေသသို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ကူညီထောက်ပံ့သည် ဆန်ရိက္ခာ၊ လောင်စာဆီ တင်ပို့မှုများကိုပါ ထပ်မံပိတ်ဆို့ခဲ့သည်။

    ၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးရာတွင် မပါဝင်၍ UWSA လည်း တရုတ်တို့၏ ဖိအားကို စတင်တွေ့ကြုံရ၏။ ထို့ဖိအားကို တုံ့ပြန်ရန် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FNPCC) မြောက်ပိုင်း ခုနစ်ဖွဲ့၏ နိုင်ငံရေးမဟာမိတ်အဖွဲ့ပေါ်လာပြီး NCA မဟုတ်သည့်လမ်းကြောင်းမှ သွားမည်ဟု ရပ်ခံခဲ့၏။

    UWSA တိုင်းရင်းသားတပ်ဖွဲ့များ

    တကယ်တမ်းတွင် UWSA သည် ဗကပမှ ခွဲထွက်ပြီးနောက် မည်သည့်တပ်ပေါင်းစုမှ ဖွဲ့စည်းပါဝင်ခြင်း မရှိပေ။ ဗကပ ခေတ်ကာလက လက်တွဲ့ခဲ့ဖူးသည့် တိုင်းရင်းသားအဖွဲ့များ၊ ဗကပမှ ခွဲထွက်ခဲ့ကြသည့်အဖွဲ့များနှင့် သာမန်မိတ်ဆွေဆက်ဆံရေးသာ ရှိသည်။

    ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ်ဖွဲ့ရေးနှင့် ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးရေးတို့နှင့် ပတ်သက်ပြီး စစ်တပ်နှင့် တရုတ်တို့၏ နှစ်ဖက်ညှပ်ဖိအားကို ရင်ဆိုင်လာရသောအခါမှ တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံရေးမဟာမိတ်ဖွဲ့မှု ရှိလာသည်။

    ထို့ပြင် ထိုအချိန်ကာလ၌ UWSA သည် လက်နက်အင်အား ဘဏ္ဍာအင်အား တောင့်တင်းသည့်အဖွဲ့ကြီးဖြစ်နေရာ ကျန်အဖွဲ့များဖြစ်သည့် SSPP, MNDAA, TNLA, အာရက္ခတပ်တော် (AA) စသည့် အဖွဲ့များကို အကူအညီပေးမှုများ ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ ဒေသတွင်း ရပ်တည်ခွင့်ပေးခဲ့သည်။

    ယခု ကြေညာချက်အရ ငွေကြေး၊ လက်နက်ခဲယမ်း ကူညီမှုများ ရပ်ဆိုင်းသည်ဟု ဆိုသဖြင့် ယခင်က ငွေကြေး၊ လက်နက်ခဲယမ်းပါ ကူညီခဲ့သည်ဆိုရမည်။ ထို့ပြင် နွေဦးတော်လှန်ရေးစကတည်းက UWSA သည် FNPCC မှ တိုင်းရင်းသားတပ်ဖွဲ့များအပြင် အခြားတိုင်းရင်းသားတပ်ဖွဲ့များ၊ အသစ်ပေါ်ပေါက်လာသည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များကို ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း စာနာမှုဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကူညီခဲ့သည်ဟု သိရသည်။

    UWSA နှင့် စစ်တပ်

    ၂၀၀၉ နှင့် ၂၀၁၅ ခုနှစ်တို့တွင် စစ်တပ်နှင့် ဆက်ဆံရေးမကောင်းခဲ့သော UWSA သည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်တွင် ဆက်ဆံရေး ပြန်ကျဲသွား၏။ အာဏာသိမ်းပြီး စစ်တပ်ကိုယ်စားလှယ်များ စေလွှတ်သည်ကို ပန်ဆန်းအထိ အဝင်မခံဘဲ နှစ်ဖက်တပ်များ ဆိုင်ထားသည့် လွယ်ပန်လုံတွင်သာ နှစ်ကြိမ်ခန့် တွေ့ဆုံခဲ့၏။

    ၂၀၂၂ ခုနှစ် နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခဲ့သော်လည်း UWSA အနေဖြင့် မူဝါဒပြောင်းလဲသည်ကို မတွေ့ရဘဲ စစ်တပ်နှင့် မည်သည်သဘောတူညီချက်မှ မရခဲ့ပေ။

    တဖက်တွင် စစ်တပ် အာဏာသိမ်းပြီးနောက် UWSA သည် မြောက်ပိုင်းအဖွဲ့များသာမက ကျန်ဒေသမှ တိုင်းရင်းသားအဖွဲ့များနှင့်ပါ ဆက်ဆံမှု၊ အကူအညီပေးမှုများ ရှိခဲ့၏။ ၁၀၂၇ စစ်ဆင်ရေးကာလတွင် ဟိုပန်ကို ဝင်ရောက်ထိန်းချုပ်ခဲ့သကဲ့သို့ တန့်ယန်းနှင့် မြောက်ဘက် မိုင်းကျက်၊ မိုင်းယော် ခွင်ကိုပါ စစ်တပ်၏ သဘောတူညီချက်ဖြင့် ထိန်းချုပ်ခွင့်ရခဲ့၏။

    စစ်တပ်က MNDAA မတိုက်နိုင်ရန် အကာကွယ်ယူခြင်း ဖြစ်သကဲ့သို့ UWSA အဖို့ပြောရလျှင် စစ်တပ်အင်အား ချိနဲ့မှုကြောင့် ထိုင်းနယ်စပ်တွင် ထိန်းချုပ်နယ်မြေတခု ရခဲ့သကဲ့ သံလွင်အနောက်ခြမ်းတွင် နယ်မြေတခု ထိန်းချုပ်ခွင့်ရခြင်းဖြစ်သည်။ အကျပ်အတည်းဆိုက်၍ UWSA ၏ အကာအကွယ် ပြန်ယူနေရသည့် စစ်တပ်သည် UWSA အတွက် အလေးထားစရာ မဟုတ်ပေ။

    တရုတ်နှင့် UWSA

    တရုတ်အတွက် UWSA ဒေသသည် သပိတ်ဝင် အိတ်ဝင် ခဲမဖြူလုပ်ကွက်ဖြစ်၏။ သို့သော် ပြဿနာမှာ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်မြို့များအား တိုင်းရင်းသားတပ်ဖွဲ့များက သိမ်းပိုက်ပြီးနောက် တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်သွားခြင်းသည် တရုတ်အတွက် ပြဿနာဖြစ်သည်။

    တရုတ်အတွက် မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခြင်း၊ မြန်မာစစ်တပ်က မြန်မာပြည်တွင် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေခြင်းတို့သည် တရုတ်တို့အတွက် အရေးမကြီးပေ။ တရုတ်တို့အတွက် အရေးကြီးသည့် နှစ်စဉ် ဒေါ်လာသန်း ၁ ထောင်ခန့် အရောင်းအဝယ်ရှိသည့် နယ်စပ်ကုန်သွယ်ရေး ပြန်ပွင့်ရေးဖြစ်၏။ ထိုအချက်သာမက မြန်မာပြည်ကိုဖြတ်မည့် ရပ်ဝန်းနှင့်လမ်း စီမံကိန်း (BRI) က တရုတ်အတွက် အရေးကြီးသည်။

    တဖက်က MNDAA နှင့် TNLA ကို ဖိအားပေးနေသော်လည်း MNDAA အား ဖိအားပေးခြင်းသည် တစုံတရာ ထိရောက်သည့်တိုင် အပြည့်အဝ မထိရောက်၊ TNLA အား ခြိမ်းခြောက်ဖိအားပေးခြင်းမှာလည်း မထိရောက်ပေ။ ဤသို့သော အခြေအနေတွင် MNDAA, TNLA တို့ စစ်ရေးအရ ခေါင်းမာနိုင်သည်မှာ UWSA ၏ အကူအညီရ၍ဖြစ်သည်ဟူသည့် ကောက်ချက်ဖြင့် UWSA ကို ဖိအားပေးခြင်းဖြစ်၏။

    တရုတ်တို့သည် တရုတ်ဘဏ်တွင် အပ်နှံထားသည် UWSA အဖွဲ့အစည်းပိုင် ငွေကြေးများ၊ တဦးချင်းပိုင် ငွေကြေးများအားလုံးကို ထိန်းချုပ်ထားရာ UWSA ခေါင်းဆောင်များ၏ အဆိုအရ ယွမ်ငွေ ဘီလီယံနှင့်ချီ၍ တရုတ်ဘဏ်များတွင် ထိန်းချုပ်ခံထားရ၏။ ထို့ပြင် UWSA တပ်ဖွဲ့မှ ဒုတိယ ဒုတပ်မှူး ပေါက်ကျွင်းဖုန်း (ခေါ်) အာချန်နှင့် အဖွဲ့အား တရုတ်ပြည်သို့ သွားရောက်စဉ် တရုတ်တို့က ဖမ်းဆီးထားခြင်းဖြစ်သည်။

    ပေါက်ကျွင်းဖုန်းသည် အသက် ၄၀ ခန့်ရှိပြီး ဝ အဓိကခေါင်းဆောင် ပေါက်ယူချမ်း၏ ညီဖြစ်သူ ပေါက်ယိုလျန်၏ သားကြီးဖြစ်သည်။ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွင်မှ UWSA ဒုတိယ ဒုတပ်မှူးအဖြစ် တာဝန်ပေးထားခြင်းဖြစ်၏။ UWSA ၏ တပ်မှူးကြီးမှာ ပေါက်ယူချမ်းဖြစ်ပြီး ဒုတပ်မှူးမှာ ကျောက်ကျုံးတန်းဖြစ်ကာ အသက် ၇၀ ကျော်တန်းများ ဖြစ်သည်။ ပေါက်ကျွင်းဖုန်းအား ဒုတိယ ဒုတပ်မှူး ခန့်အပ်လိုက်ခြင်းသည် UWSA အား ဆက်ခံသူ၊ မျိုးဆက်သစ်ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းဖြစ်၏။

    ယခုအခါ ပေါက်ကျွင်းဖုန်းသာမက သူနှင့်အတူ မွေးမြူထားသည့် အရာရှိအချို့ပါ တရုတ်တို့က ဖမ်းဆီးထားသဖြင့် UWSA အတွက် ခေါင်းဆောင်မှုဆက်ခံရေးအတွက်ပါ ထိခိုက်နေသည်။

    UWSA အနေဖြင့် ဤသို့ ငွေကြေးအပိတ်ခံရခြင်း၊ ပေါက်ကျွင်းဖုန်း အဖမ်းခံရခြင်းတို့အား နှစ်နှစ်ခန့် တောင့်ခံခဲ့သေး၏။ ထိုအခါ တရုတ်တို့က နောက်တဆင့်တက်၍ ခြိမ်းခြောက်အကျပ်ကိုင်လာသည်။

    ထိုအချက်အား UWSA ဘက်မှ မထုတ်ပြန်သော်လည်း မြေပြင်သတင်းများအရ UWSA ထိန်းချုပ်ရာဒေသကို တရုတ်က ဖြတ်ငါးဖြတ် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခြင်းဖြစ်၏။

    စစ်တပ်က ဝနယ်အား ပိတ်ဆို့ထားသည့်အပြင် တရုတ်ကပါ ရိက္ခာ၊ ဆေးဝါး၊ လူသုံးကုန်၊ လောင်စာဆီ၊ ဆက်သွယ်ရေးများ ဖြတ်တောက်ပါက လူဦးရေ ၅ သိန်းခန့်ရှိသည့် ဝဒေသအတွက် များစွာ အခက်အခဲကြုံရမည့်အခြေအနေ ဆိုက်သဖြင့် UWSA အဖို့ တရုတ်ဖိအား၊ ခြိမ်းခြောက် အကျပ်ကိုင်မှုကို နှစ်နှစ်ကျော် တောင့်ခံခဲ့ရာမှ အလျှော့ပေးလိုက်ရပုံရသည်။

    နိဂုံး

    ဤသို့ အလျှော့ပေးလိုက်ရခြင်းသည် တရုတ်၏ အကျပ်ကိုင် ခြိမ်းခြောက်မှုကြောင့်ဖြစ်၏။ အချို့ဆိုနေသကဲ့သို့ မြန်မာစစ်တပ်နှင့် ပူးပေါင်း၍ ဝနယ်တွင် ရွေးကောက်ပွဲလုပ်မည်ဟူသည့် စွပ်စွဲချက်များသည် အဓိပ္ပာယ်မရှိပေ။

    ပထမအချက်မှာ UWSA သည် ရှမ်းပြည်အစိုးရကဲ့သို့ အာဏာပါဝါ မရှိသည့် ခေါင်းဆောင်အဆင့်အား အလေးမထားပေ။ နေပြည်တော်ရှိ အဆုံးအဖြတ်ပေးနိုင်သည့်သူများသာ ဆွေးနွေးဆုံးဖြတ်လေ့ရှိ၏။

    ဒုတိယအချက်မှာ စစ်တပ်သည် တန့်ယန်း မကျအောင် UWSA ၏ အကာအကွယ် ယူထားနေရသည်ဖြစ်ရာ စစ်ရေးအရ စစ်တပ်သည် UWSA အတွက် မှုစရာလိုသည့် အခြေအနေတွင် မရှိပေ။

    တတိယအချက်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ UWSA ထိန်းချုပ်မှုအောက်ရှိ မြို့နယ်များအား ရွေးကောက်ပွဲနယ်မြေ ကြေညာသည်မှာ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ နှစ်များတွင်လည်း ကြေညာခဲ့ပြီး မည်သည့်အခါမှ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။

    ရွေးကောက်ပွဲနယ်မြေ သတ်မှတ်ခြင်းသည် မြန်မာပြည်ပိုင်နက်ဟု ကြေညာခြင်းမျှသာဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာခြင်း မဟုတ်ပေ။ UWSA နှင့် စစ်တပ်ကြား နိုင်ငံရေးသဘောတူညီမှု တစုံတရာမရရှိဘဲ ဝဒေသတွင် ရွေးကောက်ပွဲ ကျင်းပစရာ အကြောင်းမရှိပေ။

    UWSA သည် မြောက်ပိုင်းရှိ တိုင်းရင်းသားအဖွဲ့များကို ငွေအား၊ လက်နက်ခဲယမ်းအား ကူညီပေးခဲ့သကဲ့သို့ နွေဦးတော်လှန်ရေးနောက်ပိုင်း ပေါ်ပေါက်လာသည့် တိုင်းရင်းသားတပ်ဖွဲ့များ၊ နွေဦးအင်အားစုများနှင့် ကျန်တိုင်းရင်းသား အင်အားစုများကို တတ်နိုင်သရွေ့ ကူညီခဲ့သည့် တပ်ဖွဲ့တခုဖြစ်သည်။

    ယခုလည်း တရုတ်၏ဖိအားကို အချိန်အတန်ကြာ တောင့်ခံလာခဲ့ပြီး မတတ်သာသည့်အဆုံး သူ၏ကူညီမှုများကို ရပ်တန့်ခဲ့ရသော်လည်း UWSA အနေဖြင့် ညီနောင်တိုင်းရင်းသားတပ်ဖွဲ့များကို ကူညီမှု ရပ်တန့်ရခြင်းသည် နယ်စပ်ဒေသနှင့် ရှမ်းမြောက် တည်ငြိမ်ရေးအတွက်ဟု ကြေညာခြင်းမပြုဘဲ တရုတ်၏ ခြိမ်းခြောက် အကျပ်ကိုင်မှုကြောင့်ဟု ဗြောင်အတိအလင်း ထုတ်ဖော်ပြောဆိုသွားသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်၏။

    အကြောင်းရင်းမှန်ကို ထုတ်ဖော်ပြောဆိုသည့် UWSA ၏ ဤပြောဆိုချက်သည်ပင် တရုတ်တို့ ကျေနပ်ဖွယ်မရှိဘဲ အဖုအထစ် ဖြစ်နေလောက်သည်။

    ဤအချက်ကိုကြည့်ပါက UWSA အနေဖြင့် ၎င်းတို့အပေါ် တရုတ်တို့ စိတ်ကွက်သည်ထက် မြန်မာပြည်တိုင်းရင်းသားပြည်သူများ အထင်အမြင်လွဲမည်ကို ပို၍ မလိုလားဟု ယူဆရသကဲ့သို့ တရုတ်တို့ အလွန်အကျွံ ဖိအားပေးမှုကို မတတ်သာ၍ လက်ခံရသော်လည်း ကျေနပ်ပုံမရဟုလည်း တွက်ဆမှုများကို တွေ့ရ၏။

    တရုတ်တို့၏ အကျပ်ကိုင်မှုကြောင့် လက်နက်ခဲယမ်း၊ ငွေကြေးနှင့် နယ်မြေအသုံးပြုခွင့်စသည့် UWSA ၏ ကူညီမှုများ ရပ်တန့်ရခြင်းသည် တိုင်းရင်းတပ်သားဖွဲ့များနှင့် နွေဦးတော်လှန်ရေးအတွက် အနည်းနှင့်အများ ထိခိုက်မှုရှိရာ ထိုအခက်အခဲ အကျပ်အတည်းကို ကျော်လွှားနိုင်ရန် လိုအပ်ပေလိမ့်မည်။

    ✍ကိုဦး

  • နှစ်ဦးသဘောတူ လိင်ဆက်ဆံပြီးနောက် မိမိတောင်းသည့်ငွေကို အမျိုးသားက မပေးသဖြင့် အဓမ္မကျင့်ခံရဟု လိမ်လည်တိုင်တန်းခဲ့ဟု စင်္ကာပူအမျိုးသမီး ဝန်ခံ

    နှစ်ဦးသဘောတူ လိင်ဆက်ဆံပြီးနောက် မိမိတောင်းသည့်ငွေကို အမျိုးသားက မပေးသဖြင့် အဓမ္မကျင့်ခံရဟု လိမ်လည်တိုင်တန်းခဲ့ဟု စင်္ကာပူအမျိုးသမီး ဝန်ခံ

    စင်္ကာပူနိုင်ငံမှ အသက် ၁၉ နှစ်အရွယ် အမျိုးသမီးတဦးသည် သူ့အသက်ထက် နှစ်ဆကျော်ပိုကြီးသည့် အမျိုးသားတဦးနှင့် dating အက်ပလီကေးရှင်းတခုပေါ်တွင် သိကျွမ်းပြီး ယင်းနောက် အပြင်တွင် ချိန်းတွေ့ကာ ညစာစားသောက်ပြီးနောက် နှစ်ဦးသဘောတူမှုဖြင့် လိင်ဆက်ဆံခဲ့ကြသည်။

    ယင်းနောက် အမျိုးသမီးက သူ့အား စင်္ကာပူဒေါ်လာ ၁,၂၀၀ (အမေရိကန်ဒေါ်လာ ၉၃၅) ပေးရန် အသက် ၄၃ နှစ်အရွယ် အမျိုးသားကို တောင်းခဲ့ချိန် အမျိုးသားက ယင်းတောင်းသည့်ပမာဏအတိုင်းပေးရန် ငြင်းဆန်ပြီး စင်္ကာပူဒေါ်လာ ၅၀၀ သာ ပေးမည်ဟု ပြောခဲ့သည်။ ထိုအခါ စိတ်ဆိုးဒေါသထွက်သွားသည့် အမျိုးသမီးက ရဲခေါ်ကာ သူ အဓမ္မပြုကျင့်ခံရသည် ဆိုပြီး လိမ်လည်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

    အစိုးရဝန်ထမ်းတဦးထံ မမှန်မကန် သတင်းအချက်အလက်ပေးမှု စွဲချက်၊ အဓမ္မပြုကျင့်မှုဖြင့် ရဲထံ တိုင်တန်းမည်ဟု ခြိမ်းခြောက်မှု စွဲချက် စသည့် စွဲချက်နှစ်ခုအတွက် အပြစ်ရှိကြောင်း လင်မင်ရူ အမည်ရှိ အမျိုးသမီးက စက်တင်ဘာ ၁ ရက်တွင် ဝန်ခံခဲ့သည်။

    ဖြစ်စဉ်တွင် လင် သည် အသက် ၄၃ နှစ်ရှိ အမျိုးသားနှင့် dating ပလက်ဖောင်း Sugarbook ပေါ်မှတဆင့် သိကျွမ်းခဲ့ကြောင်း တရားရုံး၌ ကြားနာသိခဲ့ရသည်။ ၎င်းတို့သည် တယ်လီဂရမ်ဖြင့် အဆက်အသွယ် စလုပ်ခဲ့ပြီး ယခုနှစ် မတ်လ ၁၈ ရက်၌ အပြင်တွင် လူချင်းတွေ့ဆုံရန် သဘောတူခဲ့ကြသည်။ ထိုသို့ ချိန်းတွေ့ခြင်းအတွက်

    အမျိုးသားက မူလကနဦးတွင် လင်ကို စင်္ကာပူဒေါ်လာ ၂၀၀ ပေးမည်ဟု သဘောတူထားခဲ့သည်ဟု တရားရုံး၌ ကြားနာသည်။

    ၎င်းတို့ နှစ်ဦး ဘားတခုသို့ သွားပြီး ယင်းနောက် ဟိုတယ်တခုသို့ ဆက်လက်ဦးတည်ခဲ့ကြကာ ယင်းတွင် ၎င်းတို့ နှစ်ဦးသဘောတူ လိင်ဆက်ဆံခဲ့သည်။

    ယင်းနောက် လင်က သူ့ကို စင်္ကာပူဒေါ်လာ ၁,၂၀၀ ပေးပါ ဆိုပြီး ချိန်းတွေ့ဘက်ဖြစ်သည့် အမျိုးသားကို တောင်းခဲ့သည်။ အမျိုးသားက မပေးဘူးဆိုပြီး ငြင်းဆန်ခဲ့သည်။

    ထိုအခါ လင်က ဆူပူကြိမ်းမောင်းခဲ့ပြီးနောက် အသက် ၄၃ နှစ်ရှိ အမျိုးသားက စင်္ကာပူဒေါ်လာ ၅၀၀ ပေးမည် ဆိုပြီး ကမ်းလှမ်းသည်။ သို့သော် လင်က ထိုပမာဏကို လက်မခံခဲ့ပေ။

    ယင်းနောက် နောက်တနေ့ မတ်လ ၁၉ ရက်တွင် လင်က သူ အဓမ္မကျင့်ခံရသည် ဆိုပြီး ရဲထံ တိုင်တန်းမည်ဟု အမျိုးသားအား ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    အဓမ္မကျင့်ခံရသည် ဆိုပြီး ရဲထံ လှမ်းတိုင်တန်းပြီးနောက် လင်သည် အမျိုးသားထံ ရိုင်းပျခြိမ်း​​ခြောက်သည့် စာသားတခု ပေးပို့ခဲ့သည်။ အသက် ၄၃ နှစ်အရွယ် အမျိုးသားလည်း ထိတ်လန့်သွားခဲ့သည်။

    ရဲတဦး ဟိုတယ်သို့ ရောက်လာရာတွင် လင်က သူ အရက်မူးနေခဲ့စဉ် သူနှင့်ချိန်းတွေ့ခဲ့သည့် အမျိုးသားက မိမိကို အဓမ္မပြုကျင့်ခဲ့သည် ဆိုပြီး တိုင်တန်းပြောဆိုခဲ့သည်။

    ယင်းနေ့ မနက် ၂ နာရီခန့်တွင် နောက်ထပ် ရဲတဦး ထပ်ရောက်လာချိန်တွင်လည်း လင်က အလားတူအတိုင်း တိုင်တန်းခဲ့သည်။

    ရဲများက ဟိုတယ်မှ စီစီတီဗွီ ရုပ်သံမှတ်တမ်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လင် ပြောဆိုသည့် အဖြစ်အပျက်ပုံစံများနှင့် ရုပ်သံမှတ်တမ်းမှ မြင်ရသည်တို့နှင့်က အပ်စပ်ညီညွတ်မှုမရှိဟု ပြောခဲ့သည်။

    ယင်းနောက် အဆိုပါနေ့ မနက် ၂ နာရီ ၁၀ မိနစ်ခန့်တွင် လင်က သူ အဓမ္မကျင့်ခံရသည် ဆိုပြီး လိမ်လည်တိုင်တန်းခဲ့ခြင်း သာဖြစ်ကြောင်း၊ အကြောင်းမှာ သူနှင့် တွေ့ဆုံခဲ့သည့် အမျိုးသားက စင်္ကာပူဒေါ်လာ ၁,၂၀၀ ပေးရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဝန်ခံခဲ့သည်။

    ယခုအမှုတွင် မိမိ၏ အမှုသည်အတွက်က ခံဝန်ချုပ်ဖြင့် လွှတ်ခြင်းက သင့်တော်သည့် ပြစ်ဒဏ် ဖြစ်လိမ့်မည်ဖြစ်ကြောင်းနှင့် ဖြစ်စဉ်သည် လင်အတွက်က အလွန်နာကျင်ဖွယ် သင်ခန်းစာတခု ရခဲ့ခြင်းသာ ဖြစ်ခဲ့ကြောင်း တရားခံရှေ့နေ ရိုဟစ် ကူးမား ဆင်းဂ်က ပြောသည်။

    ခံဝန်ချုပ်ဖြင့်လွှတ်ခြင်းနှင့် ပြစ်ဒဏ်စီရင်မှု ရွှေ့ဆိုင်းခြင်းကို လင် ရထိုက်ခြင်းရှိမရှိ အကဲဖြတ်ရန် အစီရင်ခံစာတရပ် တင်သွင်းရန် တရားသူကြီးက တောင်းခံထားသည်။

    အစိုးရဝန်ထမ်းတဦးကို မမှန်ကန်သည့် သတင်းအချက်အလက်ပေးခြင်းအတွက် လင် အနေဖြင့် အများဆုံး ထောင်ဒဏ် နှစ်နှစ်၊ ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်ခံရနိုင်သည်။

    ထိတ်လန့်မှုဖြစ်စေရန် ခြိမ်းခြောက် စကားအသုံးအနှုန်း သုံးခြင်းအတွက်လည်း သူသည် အများဆုံး ထောင်ခြောက်လ၊ ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၅,၀၀၀ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်ခံရနိုင်သည်။

    (CNA မှ Woman admits making false rape report because man refused to pay her S$1,200 after sex အား ကိုလူအေး ဘာသာပြန်သည်)