Author: Baby Yit Lone

  • တော်လှန်ရေးခရီးလမ်းမှ အာဇာနည် အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

    တော်လှန်ရေးခရီးလမ်းမှ အာဇာနည် အိုးသူကြီး မာမီရွှေမန်း (ခ) မစန္ဒာ

    ရဲဘော်တိုင်းက “မာမီ” ဟု ချစ်ခင်လေးစားစွာ ခေါ်ဝေါ်ကြသော မာမီရွှေမန်း(ခ)မစန္ဒာသည် ၂၀၂၆ ခုနှစ် မတ်လ ၂၃ ရက်နေ့ ညပိုင်းက ကျဆုံးသွားခဲ့ပြီ ဖြစ်သည်။

    ၎င်းသည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်း လက်နက်ကိုင်တော်လှန်ရေးအစပိုင်းကာလများမှစ၍ ယနေ့အချိန်အထိ ရှေ့တန်းစစ်မျက်နှာပြင်မှ ရဲဘော်များအတွက် အရေးပါဆုံးသော အာဟာရချက်ပြုတ်မှုတာဝန်ကို မညည်းမညူ ထမ်းဆောင်ခဲ့သူဖြစ်သည်။

    မာမီရွှေမန်းသည် ၂၀၂၁ ခုနှစ် မေလခန့်က လေးကေ့ကော်ဒေသတွင် ဖွင့်လှစ်ခဲ့သော ကနဦး PDF စစ်သင်တန်းများမှစ၍ တော်လှန်ရေးထဲသို့ ဝင်ရောက်လာသူဖြစ်သည်။

    ယင်းအချိန်တွင် အသက် ၄၅ ဝန်းကျင် အရွယ်ရှိပြီဖြစ်သော်လည်း ခင်ပွန်းဖြစ်သူ ဦးလတ်နှင့်အတူ လူငယ်များနှင့်တန်းတူ စစ်သင်တန်းကို ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းခဲ့သည်။

    သင်တန်းဆင်းပြီးချိန်မှစ၍ တော်လှန်ရေးသက်တမ်း လေးနှစ်ကျော်ကာလပတ်လုံး Cobra စစ်ကြောင်း၏ စားဖိုဆောင်တွင် တာဝန်ယူကာ ရာနဲ့ချီသော ရဲဘော်များ၏ နေ့စဉ်စားသောက်ရေးကို စီမံခန့်ခွဲ ချက်ပြုတ်ပေးခဲ့သည်။

    ရှေ့တန်းစစ်မြေပြင်တွင် စစ်တိုက်ရန်အတွက် ပြင်ဆင်ရသည့် လုပ်ငန်းများစွာမှာ အလွန်ပင်ပန်းခက်ခဲလှသည်။

    မာမီရွှေမန်းသည် နေ့စဉ် ရဲဘော်များ ထမင်းမစားရဘူးဆိုသည်မျိုး မဖြစ်စေရန် မိုးလင်းမှမိုးချုပ် နေ့မအားညမနား ချက်ပြုတ်ကျွေးမွေးခဲ့သည်။

    ရဲဘော်များအပေါ် သားသမီးအရင်းများကဲ့သို့ သဘောထားကာ အစားအသောက်များကို ဂရုတစိုက် ခူးခပ်ကျွေးမွေးလေ့ရှိသည်။

    စကားပြောဆိုရာတွင် ပွင့်လင်းပြတ်သားပြီး အပြောအဆိုကြမ်းတမ်းတတ်သော်လည်း စိတ်ထားအလွန်နူးညံ့သူတစ်ဦးအဖြစ် ရဲဘော်များက အမှတ်ရနေကြသည်။

    တိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးပါက သို့မဟုတ် ထိခိုက်ဒဏ်ရာရပါက ရှေ့ဆုံးမှသွားရောက်ကာ လိုအပ်သည်များကို ဆေးခန်းတွင် ကူညီပေးခြင်း၊ အားပေးစကားပြောခြင်းများ ပြုလုပ်ပေးလေ့ရှိပြီး နာရေးကိစ္စများကိုလည်း အစအဆုံး တာဝန်ယူဆောင်ရွက်ပေးခဲ့သည်ဟု ရဲဘော်များက အမှတ်တရပြောဆိုခဲ့သည်။

    ခင်ပွန်းဖြစ်သူ ဦးလတ်သည်လည်း ရှေ့တန်းတွင် လက်နက်ကြီးထိမှန်၍ ဒဏ်ရာရရှိခဲ့ဖူးသော်လည်း ဇနီးမောင်နှံနှစ်ဦးစလုံးမှာ တော်လှန်ရေးအပေါ် ယုံကြည်ချက် ခိုင်မာစွာဖြင့် တာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့ကြသည်။

    မာမီရွှေမန်းသည် တော်လှန်ရေးမှ ထွက်ခွာသွားသော ရဲဘော်ဟောင်းများကိုပင် အစဉ်သတိရနေပြီး ပြန်လည်လာရောက်ရန် မျှော်လင့်နေတတ်သူဖြစ်သည်။

    “မာမီ” ဟူသော နာမည်နှင့်လိုက်ဖက်စွာ စစ်ကြောင်းမှသည် ဗျူဟာအဆင့်အထိ ရဲဘော်များအတွက် ချက်ပြုတ်ကျွေးမွေးရင်း စိတ်ပူပေးရင်းဖြင့် သူချစ်သော မိသားစုနှင့် ရဲဘော်များကို စွန့်ခွာကာ တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း စားဖိုအနီး၌ပင် အသက်ပေးလှူသွားခဲ့ပြီ ဖြစ်သည်။

    ယင်းနေ့တွင်ပင် တော်လှန်ရေးလူငယ်တစ်ဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ်ရဲဘော်ဘုန်းကြီးနှင့် အသက် ၂၇နှစ်အရွယ် ခင်မောင်တို့ ကျဆုံးခဲ့ရသည်။

    မာမီရွှေမန်းသည် မတ်လ ၂၄ ရက်တွင် ကျရောက်မည့် သူ၏မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ယခုကဲ့သို့ ကျဆုံးခဲ့ရခြင်းဖြစ်သည်။

    တော်လှန်ရေးအောင်မြင်ရန်အတွက် ရှေ့တန်းမှ လက်နက်ကိုင်တိုက်ပွဲဝင်နေသူများသာမက ကျရာနေရာမှ အသက်စွန့်ကာ အားဖြည့်ပေးနေသော မာမီရွှေမန်းကဲ့သို့သော အာဇာနည်များ၏ အခန်းကဏ္ဍသည်လည်း သမိုင်းတွင် အစဉ်အမြဲ မှတ်တမ်းဝင်နေမည် ဖြစ်သည်။

    ဓါတ်ပုံ – ကိုဏီတာ

  • ကန်ရဲ့ ၁၅ ချက်ပါတဲ့ အစီအစဥ်ကို အီရန်ကလက်ခံလိုက်ပြီလို့ ပါကစ္စတန်ပြောခွင့်ရပြော

    ကန်ရဲ့ ၁၅ ချက်ပါတဲ့ အစီအစဥ်ကို အီရန်ကလက်ခံလိုက်ပြီလို့ ပါကစ္စတန်ပြောခွင့်ရပြော

    အမေရိကန်နဲ့ အီရန်ကြားမှာ ကြားခံဝင်ရောက်‌ဆောင်ရွက်‌နေတဲ့ ပါကစ္စတန်ရဲ့ အရာရှိ ၂ ဦး ပြောဆိုချက်ကို ကိုးကားပြီး အမေရိကန်-အီရန် အပစ်ခတ်ရပ်စဲရေးပြုလုပ်ဖို့ အမေရိကန်ဘက်က အဆိုပြုထားတဲ့ အချက် ၁၅ ချက်ပါ အစီအစဉ်ကို အီရန်က လက်ခံလိုက်ပြီလို့ အေပီသတင်းဌာနက ဖော်ပြလာပါတယ်။

    ပါကစ္စတန်ဘက်ကပြောတဲ့ အဲဒီအဆိုပြုချက်တွေထဲမှာ …

    – ပိတ်ဆို့အရေးယူမှုတွေကို ဖြေလျှော့ပေးဖို့

    – အရပ်သားတွေပါဝင်တဲ့ နျူကလီးယားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု

    – အီရန်ရဲ့ နျူကလီယားအစီအစဉ်တွေကို နောက်ဆုတ်လိုက်ဖို့

    – နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီကနေ စောင့်ကြည့်ခွင့်ပေးဖို့

    – မစ်ဆိုင်း ကန့်သတ်ချက်တွေနဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောတွေ ပို့ဆောင်ဖြတ်သန်းခွင့်ပေးဖို့ ဆိုတဲ့အချက်တွေလို့ ပါကစ္စတန်ဘက်က ပြောပါတယ်။

    တစ်ချိန်တည်းမှာပဲ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ် ရှာရစ်ဖ် ကလည်း အမေရိကန်-အီရန် ပဋိပက္ခတွေကို ပါကစ္စတန်နိုင်ငံအနေနဲ့ လက်ခံပေးဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ပြောထားပါတယ်။

    အစ္စရေးရဲ့ ချန်နယ် ၁၂ သတင်းဌာနရဲ့ ဖော်ပြချက်မှာလည်း ‌စီမံချက်ပါ အချက်အလက်တွေထဲက အသေးစိတ်အချက်အလက်တချို့ကို ကောက်နုတ်ဖော်ပြထားပါတယ်။

    လက်ရှိအချိန်အထိ အိမ်ဖြူ‌တော်ဘက်က ဒီအဆိုပြုချက် ၁၅ ချက်နဲ့ပတ်သက်ပြီး အတည်မပြုသေးပါဘူး။ အီရန်စစ်တပ်ပြောခွင့်ရအပြင် ပါကစ္စတန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးကတော့ အမေရိကန်နဲ့ အီရန် စေ့စပ်ညှိနှိုင်းတာ မရှိသေးဘူးလို့ ငြင်းဆိုထားပါတယ်။

    ထရမ့်က အီရန်ကိုပို့ထားတဲ့ အချက် ၁၅ ချက်ပါတဲ့ အစီအစဥ်ဆိုတာ ဘာလဲ

    သမ္မတထရမ့်ကနေ အီရန်ဘက်ကို ပို့ထားတယ်လို့ပြောတဲ့ အချက် ၁၅ ချက်ပါတဲ့ ညှိနှိုင်း‌ရေး အစီအစဥ်ကို လက်ရှိအချိန်အထိ သက်ဆိုင်ရာနိုင်ငံတွေဘက်က တိတိကျကျထုတ်ပြောတာ မရှိသေးပါဘူး။

    အဲဒီ ၁၅ ချက်ထဲမှာ ဘယ်လိုအချက်တွေပါလဲဆိုတာကိုလည်း ဘီဘီစီအနေနဲ့ သီခြားအတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ တချို့အချက်အလက်တွေကိုတော့ အမေရိကန်နဲ့ အစ္စရေးရဲ့ မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

    အစ္စရေးက ချန်နယ် ၁၂ သတင်းဌာနရဲ့ ဖော်ပြချက်အရ ‌စီမံချက်ပါ အချက်အလက်တွေထဲမှာ အောက်မှာဖော်ပြထားတဲ့ အမေရိကန်ဘက်က တောင်းဆိုချက်တွေ ပါဝင်နေပါတယ်။

    – နာတန့်ဇ်၊ အစ်ဖာဟန်နဲ့ ဖော်ဒိုးမှာရှိတဲ့ နျူကလီးယားစက်ရုံတွေကို အသုံးမပြုတော့ဘဲ ဖျက်သိမ်းရမယ်

    – အီရန်နိုင်ငံအတွင်း လုပ်ဆောင်မှုတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်အောင် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(IAEA) ကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ကြီးကြပ်ခွင့်ပေးရမယ်

    -အီရန်အနေနဲ့ ဒေသတွင်း လက်နက်ကိုင် proxy အဖွဲ့တွေ အသုံးပြုတာကို ရပ်တန့်ရမယ်၊ ငွေကြေးနဲ့ လက်နက်ပံ့ပိုးမှုတွေလည်း ရပ်တန့် စွ့န်လွှတ်ရမယ်

    -လက်ရှိစုဆောင်းထားပြီးသား နျူကလီးယားစွမ်းအင်တွေကို ဖျက်သိမ်းရမယ်

    -နောင်မှာ နျူကလီးယားဆိုင်ရာလက်နက်တွေရဖို့ ဘယ်တော့မှ ထပ်မကြိုးပမ်းဘူးဆိုတဲ့ ကတိပြုချက် ပေးရမယ်

    -အီရန်မှာ နျူကလီးယားပစ္စည်းတွေကို ကြွယ်ဝစေတာမျိုး ထပ်မရှိစေဘဲ နျူကလီးယားနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ ရှိရင်လည်း IAEA ထံ လွှဲပြောင်းပေးရမယ်

    -ဟော်မုဇ်ရေလက်ကြားကို အမြဲဖွင့်ထားပြီး “လွတ်လပ်စွာသွားလာနိုင်တဲ့ရေလမ်း” အဖြစ်ထားရမယ်

    – အီရန်ရဲ့ မစ်ဇိုင်း(ဒုံး)တွေကို အနာဂတ်မှာ သုံးစွဲမယ့်အပေါ် ဆုံးဖြတ်ချက်လိုမှာဖြစ်လို့ အရေအတွက်၊ အကွာအဝေးကန့်သတ်ချက်တွေရှိမှာဖြစ်ပြီး ခုခံကာကွယ်ဖို့အတွက်သာ ထားရှိရမယ်

    အီရန်ဘက်က လက်ခံထားတဲ့အချက်တွေ

    -လျှပ်စစ်ဓာတ်အားထုတ်ဖို့ ဘူရှာမှာရှိတဲ့ အရပ်သားနျူကလီးယားစီမံကိန်းတစ်ခုဖော်ဆောင်ဖို့ အမေရိကန်ရဲ့ အကူအညီရယူဖို့

    -ဒဏ်ခတ်ပိတ်ဆို့မှုတွေ အားလုံးကို ဖယ်ရှားပေးဖို့

    -ပိတ်ဆို့အရေးယူမှုတွေကို သက်တမ်းဆက်တိုးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ဖယ်ရှားဖို့

    နှစ်ဖက်ဆွေးနွေးမှုကနေ တစ်လကြာ အပစ်ခတ်ရပ်စဲရေးအတွက် ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အိမ်ဖြူတော်ဘက်ကတော့ အသေးစိတ်အချက်အလက်တွေကို အတည်မပြုသေးသလို သီးခြားအတည်မပြုနိုင်သေးပါဘူး။

  • စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အ​ရေးယူဖို့လိုအပ်

    စက်သုံးဆီထုတ်ယူပြီး မှောင်ခိုဈေးနဲ့ ပြန်ရောင်းစားသူတွေများလာလို့ အ​ရေးယူဖို့လိုအပ်

    စက်သုံးဆီ အရောင်းဆိုင်တွေမှာ လှည့်လည် ဆီ တန်းစီထုတ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်မှာ မတန်တဆ ‌အမြင့်ဈေးနဲ့ ပြန်လည် ရောင်းစားတဲ့သူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

    လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်းဆိုင်တွေမှာ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

    လက်ရှိမှာတော့ တချို့သော ယာဉ်မောင်းတွေဟာ ဆီဆိုင်တွေက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဘားကုဒ်ကို scan မဖတ်ဘဲ အကြိမ်ကြိမ် ဆီထုတ်ကာ မှောင်ခိုဈေးကွက်မှာ စီးပွားဖြစ် ရောင်းစားနေကြတယ်လို့ သိရပါတယ်။

    “အခုက တချို့ တက္ကစီသမားတွေက ကားမဆွဲကြတော့ဘူး။ ဆီတန်းစီပြီး ပြန်ရောင်းစားနေကြတာ။ အဲဒါက ကားဆွဲတာထက် ပိုပြီး တွက်ခြေကိုက်တယ်တဲ့။ ဆိုင်ဝန်ထမ်းကို ပိုက်ဆံ တသောင်း ပေးလိုက်ရင် ဘားကုဒ်ကို scan ဖတ်စရာ မလိုတော့ဘူး။ ဆီတန်းတာ ၄ နာရီလောက်ဆို တနေကုန် ကားဆွဲတာထက် သက်သာတယ်လို့ ပြောကြတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။

    ယာဉ်မောင်းတချို့ဟာ ဆီဆိုင်တွေမှာ ဆီထုတ်ယူပြီးနောက် ၎င်းတို့နဲ့ ရင်းနှီးမှုရှိတဲ့ ကားဝပ်ရှော့ဆိုင်တွေကို သွားရောက်ကာ ကားထဲကဆီကို ထုတ်ယူပြီး ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။

    ဒါကြောင့် စက်သုံးဆီ မှောင်ခိုဈေးကွက်အတွင်း ၉၂ ဓာတ်ဆီ တလီတာကို ၇၅၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာကို ကျပ် ၈၀၀၀ ၊ ၉၀၀၀ ကနေ ကျပ် တသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ၉၅ ဓာတ်ဆီက ပိုပြီး အဝယ်လိုက်နေတယ်လို့ သိရပါတယ်။

    “ဝပ်ရှော့လို နေရာမျိုးတွေမှာ စျေးကွက်ဖြစ်နေတာ။ ကားသမားတွေက စက်သုံးဆီဆိုင်မှာ ဆီသွားတန်း၊ ပြီးရင် သူတို့အသိ ဝပ်ရှော့တွေဆီမှာ ဆီသွားဖောက်၊ အဲဒီကနေ အလျဉ်းသင့်ရာ အချင်းချင်း ပြန်ရောင်းစားနေကြတာ။ တချို့က ပိုက်ဆံနဲ့မဝယ်ဘဲ လိုအပ်သူအချင်းချင်း ဒီဇယ်နဲ့ ဓာတ်ဆီကို တိုက်ရိုက် အလဲအလှယ် ပြန်လုပ်ကြတာရှိတယ်။ ဝပ်ရှော့မှာ ဆီသွားဖောက်ပြီးရင် ဆိုင်မှာ ဆီပြန်သွားတန်းနဲ့ အလုပ်ဖြစ်နေကြတာ။ တချို့ ကွမ်းယာဆိုင်တွေမှာလည်း ဆီပုံးတွေချည်းပဲ” လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။

    အဲဒီလို ဆီထုတ်ယူ ရောင်းစားသူတွေကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီတန်းစီနေရတဲ့ ကားတန်းကြီးတွေ ရှည်လျားများပြားနေပြီး အမှန်တကယ် လိုအပ်သူတွေအနေနဲ့ ဆီတခါထုတ်ယူနိုင်ဖို့ ​နေ့တဝက်​လောက်အချိန်ပေးပြီး စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

    “ဆီမှောင်ခိုသမားတွေကြောင့် ဆီတန်းရှည်တာ။ ဖမ်းဆီး အရေးယူသင့်နေပြီ။ ပုဇွန်တောင်က ၃၆၀ ဆီဆိုင်မှာ တန်းစီတာ၊ ဒေါပုံ ဂျပန်တံတားအဆင်းထိ ကားတန်းရှိတယ်။ တက္ကစီ ၁၀ စီးမှာ ရှစ်စီးလောက်က စီးပွားဖြစ် ထုတ်နေမှတော့ ဒီထက်ပိုဆိုးဖို့ပဲ ရှိတယ်။ တချို့ အိမ်စီးကားတွေလည်း ဆီထုတ်ပြီး ပြန်ရောင်းစားနေတာ တွေ့တယ်။ တက္ကစီတွေကတော့ အဆိုးဆုံးပဲ။ စုံ၊ မ မရှိ မောင်းခွင့် ပေးထားတာတောင် ဆီမှောင်ခိုထုတ်ရောင်းနေတာ အများကြီးပဲ။ ဆိုင်တွေမှာ scan မဖတ်ရတော့ လိုင်စင်မဲ့ကားတွေပါ ဆီထုတ်လို့ ရနေတာ” လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။

    အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီ ချွေတာရမယ်လို့ဆိုကာ အစိုးရက စုံ/မ ရက်ခွဲကာ ယာဉ်မောင်းနှင်ဖို့အပြင် QR ကုဒ်စနစ်နဲ့ပါ ဆီရောင်းချပေးနေတာဖြစ်ပြီး အဲဒီစနစ်အတွင်း တပတ်အတွင်း တကြိမ်တည်းဖြစ်စေ၊ အများဆုံး နှစ်ကြိမ်ခွဲပြီးဖြစ်စေ ဝယ်ယူနိုင်မယ့် စနစ်ကို ထည့်သွင်းကာ လာမယ့် ရက်သတ္တပတ်အတွင်း စတင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က အသိပေးချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။

    နိုင်ငံတော်အနေနဲ့ စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီး ဖြစ်သလို ပုံမှန်တင်သွင်းနေတဲ့ လမ်းကြောင်းတွေအပြင် တခြား လမ်းကြောင်းတွေကလည်း တင်သွင်းနိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ထားပြီး ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြပြီး ဝယ်ယူမှု မပြုလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။

    ဒါအပြင် စက်သုံးဆီရောင်းချခြင်းနဲ့ စပ်လျဉ်းပြီး မမှန်ကန်မှုတွေ တွေ့ရှိရပါကလည်း သက်ဆိုင်ရာ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကာ တိကျစွာ တိုင်ကြားမှုတွေ ပြုလုပ်ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေး မေတ္တာရပ်ခံထားပါတယ်။ ဒါ​ပေမယ့် တိုင်ကြားနိုင်တယ်ဆိုတဲ့ဖုန်းနံပတ်​တွေက ​ခေါ်ဆိုလို့မရဖြစ်​နေပါတယ်။

    အမှန်တကယ်အသုံးပြုသူ​တွေက​​တော့ အစိုးရရည်ညွှန်း​ဈေးအတိုင်း သတ်မှတ်အ​ရေအတွက်ဆီ​ရောင်း​မ​ပေးတဲ့ လုပ်ငန်းရှင်​တွေနဲ့ ​မှောင်ခိုသမား​​တွေကို အ​ရေးယူ​ပေး​စေချင်တယ်လို့ ​ပြောဆို​နေကြပါတယ်။

  • Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်

    Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်

    အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်

    အမေရိကန်ဒေါ်လာသန်း ၄၀၀ ချေးငွေဖြင့် ဝယ်ယူထားသည့် Su-30SME တိုက်လေယာဉ် ၆ စီးကို ရုရှားက မြန်မာစစ်တပ်ထံသို့ အပြီးသတ်လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း Defense Expressက သတင်းဖော်ပြသည်။

    ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် မြန်မာစစ်တပ်က လေယာဉ်အမှတ် ၁၉၀၁ နှင့် ၁၉၀၂ ပါရှိသော ရုရှား လုပ် Su-30SME တိုက်လေယာဉ် ၂ စီးကို လေတပ်အတွင်း ထည့်သွင်းသည့် တရားဝင်အခမ်း အနားတစ်ရပ်ကို ကျင်းပခဲ့သည်။

    ယင်းမှာ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိသော Su-30SME တိုက်လေယာဉ် ၆ စီး ပေးပို့ရေးအတွက် ရုရှားနှင့် မြန်မာတို့အကြား ချုပ်ဆိုထားသည့် သဘောတူညီချက်၏ နောက်ဆုံးအဆင့်လည်း ဖြစ်သည်။

    အဆိုပါတိုက်လေယာဉ် ၆ စင်း ဝယ်ယူရေး စာချုပ်မှာ ရုရှားနိုင်ငံ၏ ချေးငွေဖြင့် ငွေကြေးစိုက်ထုတ်ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဝယ်ယူမှုစာချုပ်မှာ ယူကရိန်းကို ရုရှားက အလုံးအရင်းနှင့် မကျူးကျော်မီကတည်းက ချုပ်ဆိုထားခဲ့သော ရုရှား၏ နောက်ဆုံး “တရားဝင် တိုက်လေယာဉ်တင်ပို့မှုစာချုပ်”လည်း ဖြစ်သည်။

    ထို့အပြင် Su-30SME တိုက်လေယာဉ် ၆ စီးမျှသာရှိသော ပေးပို့မှုအတွက် ၈ နှစ်အပြည့် အချိန်ယူခဲ့ရသည်မှာလည်း သတိပြုဖွယ်ရာ ဖြစ်သည်။ အဆိုပါ လေယာဉ်ဝယ်ယူရေး သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ဖိုးရှိသည့် အဆိုပါ စာချုပ်ထဲတွင် Su-30SME ၏ ဝေဟင်မှ ဝေဟင်ပစ် လက်နက်တပ်ဆင်မှုများ ပါဝင်ခြင်းမရှိဟု သိရှိရသည်။

    ထူးခြားချက်မှာ မြန်မာနိုင်ငံသည် ရုရှားလုပ် Su-30SM ၏ ပြည်ပပို့ကုန်ဗားရှင်းဖြစ်သော Su-30SME ကို တစ်နိုင်ငံတည်းသော ဝယ်ယူအသုံးပြုသူအဖြစ် ရှိနေခြင်းဖြစ်သည်။

    သို့သော်လည်း ပြီးခဲ့သည့်နှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် စာရင်းအရ တိုက် လေယာဉ် စုစုပေါင်း ၆၃ စီး ရှိနေပြီး ၎င်းတို့ထဲတွင် MiG-29 ၃၁ စီး၊ F-7 ၂၁ စီး နှင့် တရုတ်နိုင်ငံထုတ် FT-7 ၁၁ စီးတို့ ပါဝင်နေသည်။

    SU 30 တိုက်လေယာဉ်များကို ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တစ်ကြိမ်လျှင် ၂ စီးနှုန်းဖြင့် အသုတ်လိုက်ခွဲ၍ ပေးပို့ခဲ့ပြီး ပထမအသုတ်အဖြစ် လေယာဉ် အမှတ် ၁၉၀၅ နှင့် ၁၉၀၄ လေယာဉ် ၂ စီးမှာ ၂၀၁၉ ခုနှစ်၊ ဧပြီလတွင် အဆင်သင့်ဖြစ်နေသော်လည်း မြန်မာနိုင်ငံသို့ လက်တွေ့လွှဲပြောင်းမှုကိုမူ ၂၀၂၂ ခုနှစ်၊ မတ်လတွင်မှသာ လုပ်ဆောင်နိုင်ခဲ့သည်။

    အဆိုပါလေယာဉ်များကို ၂၀၂၂ ဇူလိုင်လတွင် စတင်ပျံသန်းနိုင်ခဲ့ပြီး လေတပ်အတွင်း တရားဝင်ထည့်သွင်း သည့် အခမ်းအနားကို ၂၀၂၂ ဒီဇင်ဘာလတွင် ကျင်းပခဲ့ပါသည်။

    ဒုတိယအသုတ်အဖြစ် Su-30SME ၂ စီးကြား အချိန်ကာလမှာ သိသိသာသာ ပိုမိုတိုတောင်းပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အမှတ် ၁၉၀၆ နှင့် ၁၉၀၇ လေယာဉ်များကို စတင်ထုတ်လုပ်နေပြီဖြစ်ကာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် လေတပ်အတွင်း ထည့် သွင်းသည့် တရားဝင်အခမ်းအနားကို ကျင်းပခဲ့သည်။

    တတိယအသုတ် (နောက်ဆုံးအသုတ်)အဖြစ် မြန်မာစစ်တပ်က နောက်ဆုံး ၂ စီးဖြစ်သော Su-30SME လေယာဉ်များကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ခံရရှိခဲ့ပြီး လေယာဉ် အမှတ် ၁၉၀၁ နှင့် ၁၉၀၂ လေယာဉ်များပင် ဖြစ်သည်။

    လေယာဉ်ရောက်ရှိချိန်မှ လေတပ်အတွင်း တရားဝင်ထည့်သွင်းသည့်အချိန်အထိ အဘယ်ကြောင့် ၁ နှစ်ခွဲနီးပါး ကြာမြင့်ခဲ့ရသနည်းဟူသော အကြောင်းရင်းမှာ ရှင်းလင်းစွာ မသိရသေးပေ။

    ယူကရိန်း မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့ ၄၁၃ ရဲရင့်တပ်ရင်းမှ စစ်မှုထမ်းနှင့် Defense Express ၏ လက်နက်ကျွမ်းကျင်သူ အိုင်ဗန် ကီရီချက်ဗ်စကီး (Ivan Kyrychevskyi) ကမူ​ ထိုကဲ့သို့ ကြန့်ကြာရခြင်းမှာ လေယာဉ်မှူးများနှင့် နည်းပညာဝန်ထမ်းများကို လေ့ကျင့်ပေးရန် အချိန်ယူနေရခြင်းကြောင့်ဖြစ်စေ၊ သို့မဟုတ် မြန်မာနိုင်ငံအတွက် ပေးပို့မည့် ရုရှား Su-30SME လေယာဉ်များတွင် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်များကို ပြန်လည်ပြုပြင်နေရခြင်းကြောင့်ဖြစ်စေ ဖြစ်နိုင်သည်ဟု သုံးသပ်သည်။

  • မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ်

    မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ်

    မင်းအောင်လှိုင်မိသားစု၏ ဒေါ်လာသန်းချီတန် “အလွန်ခမ်းနားသော” ဘန်ကောက်အိမ်ခြံမြေဝယ်ယူမှုကို JFM ဖော်ထုတ်

    ပိတ်ဆို့မှုရှောင်ရန် ချွေးမအမည်ဖြင့် အမည်ခံကုမ္ပဏီသုံး၍ ဝယ်ယူခဲ့

    ကြူကြူလှ နှင့် ချွေးမ မျိုးရတနာထိုက် တို့ကို နိုင်ငံတကာက ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆို

    တရားမဝင် မြန်မာစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် ချွေးမဖြစ်သူတို့သည် ဘန် ကောက်မြို့ရှိ တန်ဖိုးကြီး ဇိမ်ခံအိမ်ရာတစ်ခုကို ထိုင်းဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ဖြင့် ဝယ်ယူခဲ့ကြောင်း Justice For Myanmar က ဖော်ထုတ်လိုက်သည်။

    အဆိုပါဝယ်ယူမှုကို မင်းအောင်လှိုင်မိသားစု၏ အတွင်းလူဖြစ်သူ မြန်မာစစ်အုပ်စုခရိုနီ ထွန်းမင်းလတ် က ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ထွန်းမင်းလတ်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါးမှောင်ခိုမှုတို့ဖြင့် မဖမ်းဆီးခံရမီ လများကတည်းက ဤလုပ်ငန်းစဉ်ကို စီမံပေးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းဖမ်းဆီးခံထားရစဉ် ကာလအတွင်းမှာပင် ဝယ်ယူမှုကို အပြီးသတ်နိုင်ခဲ့သည်။

    ယင်းဝယ်ယူမှုအတွက် စာချုပ်ကို Charn Issara ကုမ္ပဏီနှင့် မင်းအောင်လှိုင်၏ ချွေးမ မျိုးရတနာထိုက် တို့ ချုပ်ဆိုခဲ့ကြသည်။ ၎င်း၏ခင်ပွန်းဖြစ်သူ အောင်ပြည့်စုံမှာ အမေရိကန်နှင့် ကနေဒါတို့၏ ပိတ်ဆို့မှုခံထားရသူဖြစ်သော်လည်း၊ မျိုးရတနာထိုက်မှာ ယနေ့အထိ မည်သည့်နိုင်ငံ၏ ပိတ်ဆို့မှုကိုမျှ မခံရသေးသည့်အတွက် ၎င်းကို ကယ်ပေါက် (Loophole) တစ်ခုအဖြစ် အသုံးပြုကာ ပိတ်ဆို့မှုများကို ရှောင်လွှဲခဲ့ခြင်းဖြစ်သည်။

    အဆိုပါ ဇိမ်ခံအိမ်မှာ Issara Residence, Rama 9 စီမံကိန်းရှိ မြေကွက် 7C ပေါ်တွင် တည်ရှိသည်။ စာရွက်စာတမ်းများအရ ယင်းကို Emerald Princess Co., Ltd. က ပိုင်ဆိုင်သည်ဟု ဖော်ပြထားသော်လည်း ယင်းကုမ္ပဏီသည် ပိုင်ဆိုင်မှုမလွှဲပြောင်းမီ တစ်ပတ်အလို ၂၀၂၂ ဒီဇင်ဘာ ၁ ရက်နေ့တွင်မှ တည်ထောင်ခဲ့ခြင်းဖြစ်သည်။

    ယင်းကုမ္ပဏီ၏ဒါရိုက်တာမှာ Charn Issara မှ အမှုဆောင်ဒုတိယဥက္ကဌ Krit Hongjanya ဖြစ်သည်။
    ကုမ္ပဏီလိပ်စာမှာလည်း Charn Issara ၏ ရုံးချုပ်လိပ်စာပင်ဖြစ်သည်။ ယင်းကုမ္ပဏီသည် အိမ်ခြံမြေလုပ်ငန်းအတွက်မဟုတ်ဘဲ “လက်ကားရောင်းဝယ်ရေး” အတွက် မှတ်ပုံတင်ထားပြီး ယနေ့အထိ ဘဏ္ဍာရေးအစီရင်ခံစာ တင်သွင်းထားခြင်းမရှိပေ။

    ထွန်းမင်းလတ်သည် အောင်ပြည့်စုံနှင့် မျိုးရတနာထိုက်တို့ကို ကိုယ်စားပြု၍ Charn Issara နှင့် တိုက်ရိုက် ညှိနှိုင်းခဲ့သည်။ ၂၀၂၂ မေလမှစတင်ကာ ၃၀ ရာခိုင်နှုန်း ကနဦးပေးချေမှုအပါအဝင် အဆင့် ဆင့်ပေးချေခဲ့ရာတွင် Siam Commercial Bank, Kasikorn Bank နှင့် Bangkok Bank အစရှိသော ထိုင်းဘဏ်ကြီးသုံးခုကို အသုံးပြုခဲ့သည်။ ၂၀၂၂ ဩဂုတ်လတွင် အောင်ပြည့်စုံနှင့် မျိုးရတနာထိုက်တို့ကိုယ်တိုင် ဘန်ကောက်ရှိ Charn Issara ရုံးသို့ သွားရောက်ကာ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံခဲ့ကြသည်။

    မင်းအောင်လှိုင်မိသားစုသည် ယခုအိမ်ရာအပြင် အခြားသော ဇိမ်ခံပိုင်ဆိုင်မှုများလည်း ရှိနေသေးသည်။ Belle Grand Rama 9 ကွန်ဒိုတွင်လည်း အောင်ပြည့်စုံက ၂၀၁၇ ခုနှစ် (ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်နေသည့်ကာလ) တွင် ဘတ် သန်း ၂၀ ဖြင့် ဝယ်ယူခဲ့သည်။ ယင်းအခန်းမှာ လက်ရှိတွင် အခွန်မပေး၍ ထိုင်းအာဏာပိုင်များ၏ ထိန်းချုပ်မှုအောက် ရောက်နေသည်။

    မင်းအောင်လှိုင် သမီး ခင်သီရိသက်မွန်တွင် ထိုင်းဘဏ်စာအုပ်များရှိနေပြီး မင်းအောင်လှိုင်၏ သမီးဖြစ်သူ၏ ဘဏ်စာအုပ် ၂ အုပ်ကိုလည်း ထွန်းမင်းလတ်၏ နေအိမ်အား ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းစဉ် သိမ်းဆည်းရမိခဲ့သည်။

    ထွန်းမင်းလတ်နှင့် ဇနီး ဝင်းမင်းစိုးတို့သည် Belle ကွန်ဒိုတွင်ပင် တိုက်ခန်း ၃ ခန်း ထပ်မံပိုင်ဆိုင်ထားပြီး စင်ကာပူရှိ UOB ဘဏ်အကောင့်များမှတစ်ဆင့် ငွေလွှဲပေးချေခဲ့သည်။ ထွန်းမင်းလတ်သည် စင်ကာပူဘဏ်အကောင့်များသုံး၍ မြန်မာစစ်တပ်အတွက် တရုတ်နှင့် အစ္စရေးတို့ထံမှ လက်နက်ဝယ်ပေးသည့် ပွဲစားဖြစ်သည်။

    ၎င်း၏ Star Sapphire Group သည် စစ်ထောက်ချုပ်ရုံး၊ ဦးပိုင် (MEHL) တို့နှင့် နက်ရှိုင်းစွာ ပတ်သက်နေပြီး တာချီလိတ်ရှိ Allure ကာစီနိုကိုလည်း ပူးပေါင်းလုပ်ကိုင်နေသည်။ ပိတ်ဆို့မှုများကြောင့် ၎င်း၏ ကုမ္ပဏီအမည်အချို့ကို Shwe Ati နှင့် Hotel Dawei အဖြစ် အမည်ပြောင်းလဲ၍ လုပ်ငန်းများ ဆက် လက်လုပ်ဆောင်နေသည်။

    JFM က ထိုင်းအစိုးရသို့ တိုက်တွန်းရာတွင် ထိုင်းနိုင်ငံ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ မင်းအောင်လှိုင်မိသားစုပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်နှင့် စုံစမ်းစစ်ဆေးရန်၊ ပိုင်ဆိုင်မှုများ ထိန်းသိမ်းရန်: သိမ်းဆည်းရမိသော ပိုင်ဆိုင်မှုများကို မြန်မာနိုင်ငံတွင် တရားဝင် ဖက်ဒရယ်ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ထွန်းလာမှသာ ပြန်လည်ပေးအပ်ရန်၊ နိုင်ငံတကာသို့ ယနေ့ထိ ပိတ်ဆို့မှုမခံရသေးသော မင်းအောင်လှိုင်၏ဇနီး ကြူကြူလှ နှင့် ချွေးမ မျိုးရတနာထိုက် တို့ကိုပါ အမြန်ဆုံး ဒဏ်ခတ်ပိတ်ဆို့ရန် တောင်းဆိုသည်။

    စစ်အုပ်စုနှင့် ၎င်းတို့၏ ခရိုနီများက ပြည်သူ့ဘဏ္ဍာများကို အသုံးပြု၍ ပြည်ပတွင် ဇိမ်ခံပိုင်ဆိုင်မှုများ ရယူနေခြင်းကို ဟန့်တားရန် ထိုင်းအစိုးရ၊ ဘဏ်များနှင့် အိမ်ခြံမြေကုမ္ပဏီများတွင် တာဝန်ရှိကြောင်း Justice For Myanmar က ထောက်ပြ ဝေဖန်ထားသည်။