စက်သုံးဆီ အရောင်းဆိုင်တွေမှာ လှည့်လည် ဆီ တန်းစီထုတ်ယူ စုဆောင်းပြီး မှောင်ခိုဈေးကွက်မှာ မတန်တဆ ‌အမြင့်ဈေးနဲ့ ပြန်လည် ရောင်းစားတဲ့သူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

လက်ရှိ နိုင်ငံရဲ့ စက်သုံးဆီ ချွေတာရေးစနစ်အရ ပြီးခဲ့တဲ့ မတ် ၁၂ ရက်မှစတင်ကာ Wheel Tax (ယာဉ်သက်သေခံလက်မှတ်) ပါ ဘားကုဒ်/QR ကုဒ်နဲ့ စစ်ဆေးပြီး စက်သုံးဆီတွေကို အရောင်းဆိုင်တွေမှာ အရေအတွက် အကန့်အသတ်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တချို့သော ယာဉ်မောင်းတွေဟာ ဆီဆိုင်တွေက ဝန်ထမ်းတွေကို ငွေကြေးပေးပြီး ဘားကုဒ်ကို scan မဖတ်ဘဲ အကြိမ်ကြိမ် ဆီထုတ်ကာ မှောင်ခိုဈေးကွက်မှာ စီးပွားဖြစ် ရောင်းစားနေကြတယ်လို့ သိရပါတယ်။

“အခုက တချို့ တက္ကစီသမားတွေက ကားမဆွဲကြတော့ဘူး။ ဆီတန်းစီပြီး ပြန်ရောင်းစားနေကြတာ။ အဲဒါက ကားဆွဲတာထက် ပိုပြီး တွက်ခြေကိုက်တယ်တဲ့။ ဆိုင်ဝန်ထမ်းကို ပိုက်ဆံ တသောင်း ပေးလိုက်ရင် ဘားကုဒ်ကို scan ဖတ်စရာ မလိုတော့ဘူး။ ဆီတန်းတာ ၄ နာရီလောက်ဆို တနေကုန် ကားဆွဲတာထက် သက်သာတယ်လို့ ပြောကြတယ်” လို့ ယာဉ်မောင်းတယောက်က ပြောပါတယ်။

ယာဉ်မောင်းတချို့ဟာ ဆီဆိုင်တွေမှာ ဆီထုတ်ယူပြီးနောက် ၎င်းတို့နဲ့ ရင်းနှီးမှုရှိတဲ့ ကားဝပ်ရှော့ဆိုင်တွေကို သွားရောက်ကာ ကားထဲကဆီကို ထုတ်ယူပြီး ရောင်းချနေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် စက်သုံးဆီ မှောင်ခိုဈေးကွက်အတွင်း ၉၂ ဓာတ်ဆီ တလီတာကို ၇၅၀၀ ကျပ်၊ ၉၅ ဓာတ်ဆီ တလီတာကို ကျပ် ၈၀၀၀ ၊ ၉၀၀၀ ကနေ ကျပ် တသောင်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ၉၅ ဓာတ်ဆီက ပိုပြီး အဝယ်လိုက်နေတယ်လို့ သိရပါတယ်။

“ဝပ်ရှော့လို နေရာမျိုးတွေမှာ စျေးကွက်ဖြစ်နေတာ။ ကားသမားတွေက စက်သုံးဆီဆိုင်မှာ ဆီသွားတန်း၊ ပြီးရင် သူတို့အသိ ဝပ်ရှော့တွေဆီမှာ ဆီသွားဖောက်၊ အဲဒီကနေ အလျဉ်းသင့်ရာ အချင်းချင်း ပြန်ရောင်းစားနေကြတာ။ တချို့က ပိုက်ဆံနဲ့မဝယ်ဘဲ လိုအပ်သူအချင်းချင်း ဒီဇယ်နဲ့ ဓာတ်ဆီကို တိုက်ရိုက် အလဲအလှယ် ပြန်လုပ်ကြတာရှိတယ်။ ဝပ်ရှော့မှာ ဆီသွားဖောက်ပြီးရင် ဆိုင်မှာ ဆီပြန်သွားတန်းနဲ့ အလုပ်ဖြစ်နေကြတာ။ တချို့ ကွမ်းယာဆိုင်တွေမှာလည်း ဆီပုံးတွေချည်းပဲ” လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။

အဲဒီလို ဆီထုတ်ယူ ရောင်းစားသူတွေကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီတန်းစီနေရတဲ့ ကားတန်းကြီးတွေ ရှည်လျားများပြားနေပြီး အမှန်တကယ် လိုအပ်သူတွေအနေနဲ့ ဆီတခါထုတ်ယူနိုင်ဖို့ ​နေ့တဝက်​လောက်အချိန်ပေးပြီး စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

“ဆီမှောင်ခိုသမားတွေကြောင့် ဆီတန်းရှည်တာ။ ဖမ်းဆီး အရေးယူသင့်နေပြီ။ ပုဇွန်တောင်က ၃၆၀ ဆီဆိုင်မှာ တန်းစီတာ၊ ဒေါပုံ ဂျပန်တံတားအဆင်းထိ ကားတန်းရှိတယ်။ တက္ကစီ ၁၀ စီးမှာ ရှစ်စီးလောက်က စီးပွားဖြစ် ထုတ်နေမှတော့ ဒီထက်ပိုဆိုးဖို့ပဲ ရှိတယ်။ တချို့ အိမ်စီးကားတွေလည်း ဆီထုတ်ပြီး ပြန်ရောင်းစားနေတာ တွေ့တယ်။ တက္ကစီတွေကတော့ အဆိုးဆုံးပဲ။ စုံ၊ မ မရှိ မောင်းခွင့် ပေးထားတာတောင် ဆီမှောင်ခိုထုတ်ရောင်းနေတာ အများကြီးပဲ။ ဆိုင်တွေမှာ scan မဖတ်ရတော့ လိုင်စင်မဲ့ကားတွေပါ ဆီထုတ်လို့ ရနေတာ” လို့ နောက်ထပ် ယာဉ်မောင်းတယောက်က ပြောပါတယ်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီ ချွေတာရမယ်လို့ဆိုကာ အစိုးရက စုံ/မ ရက်ခွဲကာ ယာဉ်မောင်းနှင်ဖို့အပြင် QR ကုဒ်စနစ်နဲ့ပါ ဆီရောင်းချပေးနေတာဖြစ်ပြီး အဲဒီစနစ်အတွင်း တပတ်အတွင်း တကြိမ်တည်းဖြစ်စေ၊ အများဆုံး နှစ်ကြိမ်ခွဲပြီးဖြစ်စေ ဝယ်ယူနိုင်မယ့် စနစ်ကို ထည့်သွင်းကာ လာမယ့် ရက်သတ္တပတ်အတွင်း စတင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြီးခဲ့တဲ့ မတ် ၂၂ ရက်နေ့က အသိပေးချက် ထပ်မံ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အနေနဲ့ စက်သုံးဆီဖူလုံမှု ရက် ၅၀ စာ သိုလှောင်ထားရှိပြီး ဖြစ်သလို ပုံမှန်တင်သွင်းနေတဲ့ လမ်းကြောင်းတွေအပြင် တခြား လမ်းကြောင်းတွေကလည်း တင်သွင်းနိုင်ဖို့ ချိတ်ဆက် ဆောင်ရွက်ထားပြီး ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ကြောင့်ကြပြီး ဝယ်ယူမှု မပြုလုပ်ကြဖို့ကိုလည်း အသိပေးထားပါတယ်။

ဒါအပြင် စက်သုံးဆီရောင်းချခြင်းနဲ့ စပ်လျဉ်းပြီး မမှန်ကန်မှုတွေ တွေ့ရှိရပါကလည်း သက်ဆိုင်ရာ ဖုန်းနံပါတ်တွေကို ဆက်သွယ်ကာ တိကျစွာ တိုင်ကြားမှုတွေ ပြုလုပ်ခြင်းဖြင့် ပူးပေါင်း ဆောင်ရွက်ပေးကြဖို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေး မေတ္တာရပ်ခံထားပါတယ်။ ဒါ​ပေမယ့် တိုင်ကြားနိုင်တယ်ဆိုတဲ့ဖုန်းနံပတ်​တွေက ​ခေါ်ဆိုလို့မရဖြစ်​နေပါတယ်။

အမှန်တကယ်အသုံးပြုသူ​တွေက​​တော့ အစိုးရရည်ညွှန်း​ဈေးအတိုင်း သတ်မှတ်အ​ရေအတွက်ဆီ​ရောင်း​မ​ပေးတဲ့ လုပ်ငန်းရှင်​တွေနဲ့ ​မှောင်ခိုသမား​​တွေကို အ​ရေးယူ​ပေး​စေချင်တယ်လို့ ​ပြောဆို​နေကြပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *