Author: Baby Yit Lone

  • ပုဗ္ဗသီရိမြို့နယ်၌ ၈ တန်းကျောင်းသား ၁ ဦး ဆွဲကြိုးချ သေဆုံး

    ပုဗ္ဗသီရိမြို့နယ်၌ ၈ တန်းကျောင်းသား ၁ ဦး ဆွဲကြိုးချ သေဆုံး

    နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာမှာ အောက်တိုဘာ ၁၆ ရက် မနက်အစောပိုင်းက အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသားတယောက် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

    တရွာတည်းနေ ကုန်စုံဆိုင်တဆိုင်ကနေ ပိုက်ဆံခိုးယူတဲ့ကိစ္စနဲ့ လူအများရှေ့မှာ မိဘဖြစ်သူက ပြောဆိုဆုံးမခဲ့တာကြောင့် အရှက်ရပြီး မိဘတွေ တောင်ယာထဲမှာ ငရုတ်သီးသွားခူးနေတဲ့အချိန် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေသွားတာလို့ မြို့ခံတယောက်က ပြောပါတယ်။

    “ပြီးခဲ့တဲ့တပတ်လောက်က ရွာထဲက ကုန်စုံဆိုင်ကနေ ပိုက်ဆံနှိုက်တယ်။ ပိုင်ရှင်က မိဘတွေ တိုင်တော့ လူအများရှေ့မှာ ဆုံးမတာပေါ့။ သားသမီးကို စိုးရိမ်ပြီး ဆုံးမတာ မှန်ပေမဲ့ လူပုံအလယ်မှာဆိုတော့ ရှက်တာပေါ့။ အိမ်ထဲက မထွက်ဘူး။ ဒီနေ့မနက် မိဘတွေ ငရုတ်သီး သွားခူးတဲ့အချိန် ဆွဲကြိုးချ သတ်သေသွားတာ။ မိဘတွေအနေနဲ့ သားသမီးတွေ ဆုံးမတဲ့အခါ သတိထားသင့်တယ်။”

    နေအိမ်မှာ ဆွဲကြိုးချသေဆုံးနေတာကို တောင်ယာထဲက ပြန်လာတဲ့ မိခင်ဖြစ်သူက အရင်တွေ့ခဲ့ပြီးနောက် ရပ်မိရပ်ဖတွေက သဗ္ဗသုခ လူမှုကူညီရေးအသင်းကို အကြောင်းကြားကာ ရုပ်အလောင်းကို နေပြည်တော် ခုတင် ၃၀၀ ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

    “ပုဗ္ဗသီရိမှာလည်း ဆွဲကြိုးချသတ်သေတာ ၂ ကြိမ်ရှိပြီ။ ၁၃ ရက်နေ့က ရွာတော်မှာ ကောင်မလေးတယောက် ဂိမ်းရှုံးပြီး အကြွေးတွေများနေလို့ သတ်သေသွားတယ်။ အခု ၈ တန်းကျောင်းသားလေး အဆင်မပြေမှုတွေပေါ့။ မိဘကလည်း တနေ့လုပ်မှ တနေ့စားဆိုတော့ သားသမီးကို မကြည့်နိုင်ဘူး။ စေတနာဇောနဲ့ ပြောလိုက်တာ ကိုယ့်သားသမီး အသက်ဆုံးရှုံးသွားတယ်။”

    အောက်တိုဘာ ၁၃ ရက်ကလည်း ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာမှာ အွန်လိုင်းဂိမ်းတွေ ရှုံးကာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက် မိမိကိုယ်ကိုယ် ဆွဲကြိုးချ သတ်သေခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်ကလည်း ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်မှာ အကြွေးတွေ ပြန်မဆပ်နိုင်လို့ အသက် ၅၇ နှစ်အရွယ် အမျိုးသားတယောက် မိမိကိုယ်ကို ဆွဲကြိုးချ သတ်သေသွားတဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

  • အာဏာရှင်တို့၏ လက်စွဲတော် လက်မရွံ့ ဦးခင်ရီ

    အာဏာရှင်တို့၏ လက်စွဲတော် လက်မရွံ့ ဦးခင်ရီ

    အာဏာပိုင်က အလိုရှိလျှင် ဘယ်အရာမှ နောက်မတွန့်သူ၊ ဒီမိုကရေစီရေး လှုပ်ရှားသူများအပေါ် ကောက်ကျစ်သည့် နည်းပေါင်းစုံသုံးလျက် အသက်ရန်ရှာရန် ဝန်မလေးသူ ဦးခင်ရီက စစ်ကောင်စီ ထောက်တိုင်ပါတီတွင် ဥက္ကဋ္ဌရာထူး ရလျှင်ရချင်း ဘီလူးဆိုင်းတီး၍ ထွက်လာသည်။

    ကြံ့ခိုင်ရေးပါတီဟု လူသိများသည့် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က သူ့ကို ခေါင်းဆောင်အဖြစ် အတည်ပြုပေးလိုက်သည့် နှစ်ရက်တာ နေပြည်တော်ညီလာခံအပြီး အောက်တိုဘာ ၅ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယခုလို ကြုံးဝါးသည်။

    “ကျွန်တော်တို့ လက်ထဲမှာ လက်နက်မရှိဘူး မှန်တယ်။ လက်နက်ရှိမှ တုံ့ပြန်လို့ရတာ မဟုတ်ဘူး။ ဒါ မိမိကိစ္စဆိုတော့ ကျွန်တော် အသေးစိတ်တော့ မပြောတော့ဘူး။ ကျွန်တော်တို့မှာ စီမံချက်တွေရှိတယ်”

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထပ်မံအနိုင်ရသည့် ၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီကတည်းက စစ်ခေါင်းဆောင်ကို အာဏာသိမ်းရန် မြှောက်ပင့်ပေး၊ နှတ်ကြောင်းမျိုးစုံပေးခဲ့သည့် USDP ပါတီဝင်များမှာ တစ်ကျော့ပြန် စစ်အာဏာသိမ်းမှုအပြီး တစ်နှစ်ခွဲကျော်အတွင်း ပြည်သူ့အမျက်ဒဏ်ကို ကြီးစွာခံနေရသည်။

    စစ်ကောင်စီက အာဏာကို မတရားရယူရုံမက ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်နေရာ နိုင်ငံအနှံ့ ခုခံမှုရေချိန် မြင့်သည်ထက်မြင့်လာသည်၊ ကြံ့ခိုင်ရေးပါတီကလည်း စစ်တပ်ထောက်တိုင်အဖြစ် ဆက်လက် အသုံးတော်ခံသည်။ အာဏာသိမ်းပြီး ၇ လအတွင်း အဖွဲ့ဝင်၂၀၀၀ ကျော် သေသည်ဟု ၂၀၂၁ စက်တင်ဘာတွင် ကြံ့ခိုင်ရေးက ထုတ်ပြန်ဖူးသည်။

    စစ်တပ်က အာဏာသိမ်းပြန်၍ ဗရုတ်သုတ်ခဖြစ်သည့်ထဲတွင် ကြံ့ခိုင်ရေးလည်း အပါအဝင်ဖြစ်ပြီး ပါတီတွင်း အကွဲအပြဲများရှိလာချိန်တွင် ထိုစဉ်က ဥက္ကဋ္ဌ ဦးသန်းဌေးကို ပါတီပိုင်ငွေများ အလွဲသုံးသည်၊ စည်းမျဉ်းများ ချိုးဖောက်သည်ဆိုသော ဝေဖန်ချက်များ ကျယ်ပြန့်လာသည်။

    စစ်တပ်သဖွယ် တစ်သွေး တစ်သံ တစ်မိန့်ပုံစံသာ အစဉ်တွေ့ရသည့် ကြံ့ခိုင်ရေးပါတီတွင် ခေါင်းဆောင်မှုအပေါ် နှုတ်လှန်ထိုး ကန့်ကွက်ရဲသည့် လုပ်ရပ်မှာ အံ့အားသင့်ဖွယ် ထွက်ပေါ်လာပြီးနောက် မရှေးမနှောင်းပင် ဦးသန်းဌေး ရာထူးမှ ဆင်းပေးရကာ ဦးခင်ရီ တက်လာသည်။

    ဦးခင်ရီသည် အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ်တွင် ရဲချုပ်ဟောင်းအဖြစ် တာဝန်ယူဖူးသူလည်း ဖြစ်သည်။ မဲလိမ်၊ မဲခိုးမှုများဖြင့် ကမ္ဘာကျော်ပြီး NLD ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ကြံ့ခိုင်ရေးအစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးအဖြစ် ဦးခင်ရီက တာဝန်ယူခဲ့သည်။

    NLD အစိုးရလက်ထက် ၂၀၁၅-၂၀၂၁ (ဇန်နဝါရီ) အထိ ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌတစ်ဦးအဖြစ် ဇာတ်မြှုပ်နေခဲ့သူ ဦးခင်ရီမှာ ထိုကာလအတွင်း အစိုးရကို သိက္ခာချသည့် ဆန္ဒပြပွဲများ၊ တပ်ထောက်ခံပွဲများကို ဦးဆောင် စီစဉ်သည်ဟု အတွင်းသိ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးသိန်းက ပေထက်အက္ခရာတင်ထားသည်။

    ဦးသိန်းစိန်အစိုးရအဖွဲ့တွင် သမ္မတရုံးဝန်ကြီးဟောင်းအဖြစ် တာဝန်ယူဖူးသော ရေတပ်ဦးစီးချုပ်ဟောင်း ဦးစိုးသိမ်း ရေးသားသည့် ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ (ဒုတိယတွဲ) စာအုပ်တွင် အာဏာမသိမ်းမီက ၁၁ ပွဲ၊ အာဏာသိမ်းပြီးနောက် ၁၁ ပွဲ တပ်ထောက်ခံပွဲ စုစုပေါင်း ၂၂ ပွဲကို ဦးခင်ရီ စီစဉ်သည်ဟု အသေးစိတ် ရေးသားထားသည်။

    ထိုသို့ “ဇ” ရှိသည့် ဦးခင်ရီက ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဖြစ်လာသလို ကြံ့ခိုင်ရေးခေါင်းဆောင် အပြောင်းအလဲမလုပ်မီ နှစ်လခန့်အလိုတွင် စစ်ခေါင်းဆောင်က သူ့ကို ရာထူးမှ နှုတ်ထွက်စေ၍ ပါတီသို့ ပြန်ပို့ထားခြင်းဖြစ်သည်။

    ယင်းသို့ အာဏာရှင်တို့ စေလိုရာစေ အရုပ်ကျရာ ဆေးစက်ထင်သူ ဦးခင်ရီက ကြံ့ခိုင်ရေးဥက္ကဋ္ဌတာဝန်ဖြင့် ပထမဆုံး လူသိရှင်ကြား ပြောဆိုသည့် စကားများထဲတွင် စစ်ကောင်စီကို ဆန့်ကျင်သည့် အင်အားစုများ၏ ခြိမ်းခြောက် အန္တရာယ်ပြုမှုများကို ခေါင်းငုံ့ခံမည်မဟုတ်ဟု အတိအလင်း ထုတ်ပြောသည်။

    နိုင်ငံရေးထွက်ပေါက်အလို့ငှာ စစ်အုပ်စု ခြေလှမ်းပြင်နေသည့် ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ပူးတွဲ အသက်သွင်းမည့် အကြောင်း ဦးခင်ရီက ခြေယောင်ပြသည်။ ပါတီဝင်များ သတ်ဖြတ်ခံနေရသည့် အန္တရာယ်ကို ဂရုစိုက်နေမည်မဟုတ်ဘဲ ရွေးကောက်ပွဲ အောင်နိုင်ရေး ကြိုးပမ်းမည်ဟုပင် သူက တစ်ပါတည်း အသိပေးသည်။

    လက်မရွံ့ ပါးကွက်သား

    စစ်အုပ်စု၏ လက်မရွံ့အာဏာ ပါးကွက်သားအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူ အသက် ၇၀ အရွယ် ဦးခင်ရီကို ဧရာဝတီတိုင်း မြောင်းမြမြို့နယ် ကွင်းပေါက်ကြီးကျေးရွာတွင် မွေးသည်။

    ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ၁၉၇၁ ပညာသင်နှစ်တွင် ရောက်ခဲ့သည်၊ ဗိုလ်သင်တန်း အပတ်စဉ် (၁၇) တွင် တက်ရောက်ခဲ့ပြီး စစ်တပ်တွင် ဗိုလ်မှုးချုပ်ရာထူးအထိ ထမ်းသည်။

    ကြံ့ခိုင်ရေး ဒုဥက္ကဋ္ဌ (၁) လေတပ်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မြတ်ဟိန်းမှာ ဦးခင်ရီနှင့်အတူ ရန်ကုန် စီးပွားရေးတက္ကသိုလ်နှင့် ဗိုလ်သင်တန်း အပတ်စဉ် (၁၇) တွင် တက်ရောက်ဖူးသဖြင့် ကာလရှည် သူငယ်ချင်းနှစ်ဦးဟု ဆိုနိုင်သည်။

    ဗိုလ်သင်တန်း အပတ်စဉ် (၁၇) ကို လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း တက်ရောက်ရန် ကြိုးပမ်းခဲ့ဖူးသည်။ သို့သော် ငြင်းပယ်ခံရ၍ မင်းအောင်လှိုင်က ရန်ကုန်တက္ကသိုလ် ဥပဒေဌာနတွင် ကျောင်းသွားတက်ခဲ့ရသည်။ ထို့နောက် ဗိုလ်လောင်း အပတ်စဉ် (၁၉) တွင်မှ မင်းအောင်လှိုင်က စစ်တပ်ထဲ ရောက်လာရသည်။

    ၎င်းတို့ ၃ ဦး၏ ရန်ကုန်တက္ကသိုလ်ကာလနှင့် စစ်တက္ကသိုလ်ဝင်ခွင့် ဖြေဆိုချိန်များကို အသေးစိတ် မသိရသေးပေ။ သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ချွေးမ မမျိုးရတနာထိုက်မှာ ဦးခင်ရီ၏ မွေးစားသမီးဖြစ်သည်ဟု စစ်တပ်အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

    ထိုသို့ ဆွေမျိုးမကင်းတော်စပ်မှု တစ်ခုတည်းကြောင့် မင်းအောင်လှိုင်က ဦးခင်ရီကို အရာပေးသည်ဟု ဆို၍ မရနိုင်ပါ။ စစ်အုပ်စုအလိုကျ မည်မျှ အသုံးတော်ခံဝံ့သည်ဆိုသော ဦးခင်ရီ၏ မှတ်တမ်း၊ မှတ်ရာများက ရှိနှင့်ပြီးဖြစ်သည်။

    အာဏာရှင်ဟောင်း ဦးသန်းရွှေခေတ် ၂၀၀၂ ခုနှစ်၊ ရဲချုပ်ဖြစ်ပြီး နောက်နှစ်နှစ် အကြာတွင် စစ်အုပ်စု၏ ထောက်လှမ်းရေးယန္တရားကို မောင်းနှင်နေသူ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် နိုင်ငံအနှံ့ အဖွဲ့ဝင်အများအပြားကို ဖယ်ရှားရန်၊ ဖမ်းဆီးရန်ကိစ္စ ပေါ်ပေါက်လာသည်။

    ထိုကာလအတွင်း ရဲချုပ်ခင်ရီက မည်မျှ တက်ကြွစွာ၊ တာဝန်ကျေစွာ၊ သပ်ရပ်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို Facebookမှ တစ်ဆင့် ပျံ့နှံ့လာသည့် ရုပ်သံဖိုင်တစ်ခုတွင် တွေ့ရသည်။ နေအိမ်အကျယ်ချုပ် ကျနေသည့် အထက်အရာရှိဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အလေးပြု၍ လာရင်းကိစ္စကို ဦးခင်ရီက တည်တည်ငြိမ်ငြိမ် သတင်းပို့သည်။

    ထို့နောက် မည်သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှုမျှ မဖြစ်ပေါ်စေဘဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ဇနီးကို နေအိမ်မှနေ၍ တစ်နေရာသို့ ဦးခင်ရီက ခေါ်ဆောင်သွားခဲ့သည်ကို ထိုရုပ်သံတွင် တွေ့ရသည်။

    “အထက်အရာရှိတောင်မှ လုပ်ဖို့ ဝန်မလေးတဲ့ လက်မရွံ့တပ်သားတွေပဲပေါ့။ သူတို့ လက်မရွံ့အဖွဲ့ဟာ ဦးခင်ညွန့် (ကိစ္စပြီး) နောက်မှာ ပိုပြီး အားကောင်းလာတယ်။ သူက လက်မရွံ့လုပ်ခဲ့တယ်။ ကျန်တဲ့ ထောက်လှမ်းရေးအဖွဲ့တွေကိုလည်း အပေါ်က အလိုကျပဲ ဆောင်ရွက်ခဲ့တယ်။ ထောက်လှမ်းရေးကို အဓိက ကိုင်သွားတာပေါ့။ သူရယ် မြင့်ဆွေရယ် မြင့်လှိုင်ရယ်ပေါ့” ဟု အငြိမ်းစားရဲအရာရှိတစ်ဦးက ပြောသည်။

    ဒုတိယဗိုလ်ချုပ်ကြီးဟောင်းများဖြစ်သည့် ဦးမြင့်ဆွေသည် လက်ရှိ စစ်ကောင်စီ၏ ယာယီသမ္မတဖြစ်နေပြီး ဦးမြင့်လှိုင်က ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ယူထားသည်။

    အာဏာရှင်ဟောင်းခေတ်တွင် လက်စွမ်းပြခဲ့ကြပြီး အာဏာရှင်ပေါက်စ လက်အောက်တွင် တာဝန်အသီးသီး ထမ်းနေကြသူ ထို ၃ ဦးအနက် ဦးခင်ရီမှာ အန္တရာယ်အရှိဆုံးသူ ဖြစ်သည်ဟု အထက်ပါ အငြိမ်းစားရဲအရာရှိက မှတ်ချက်ပြုသည်။

    ဦးသန်းရွှေလက်ထက် ၂၀၀၃ တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကိုင်းတိုင်း ဒီပဲယင်းတွင် လုပ်ကြံ သတ်ဖြတ်ရန် ကြိုးပမ်းမှု၊ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုတွင် သံဃာများနှင့် ကျောင်းသားပြည်သူများကို ပစ်ခတ်သတ်ဖြတ်မှုများနှင့် ပတ်သက်၍ အဓိကတာဝန်ရှိသူတစ်ဦးမှာ ဦးခင်ရီပင်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

    “၂၀၀၇ မှာလည်း ဦးဆောင်ပြီး နှိမ်နှင်းခဲ့တယ်။ သတင်းစာရှင်းလင်းပွဲတွေမှာလည်း သူကိုယ်တိုင် ထွက်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း သူကိုယ်တိုင်ပဲ ဦးဆောင်ပြီး လုပ်သွားတာပဲ” ဟု ၎င်းက ပြောသည်။

    ဦးခင်ညွန့်၏ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးသည့်နောက်တွင် ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တာဝန်ယူပြီး လက်ပတ်နီ၊ စွမ်းအားရှင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားသည့် လက်မရွံ့အဖွဲ့များကို ဦးခင်ရီကပင် ကိုင်တွယ်သည်ဟု ထိုခေတ်က ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဖူးသည့် အထက်ပါ အငြိမ်းစားအရာရှိက ဆိုသည်။

    “ထောက်လှမ်းရေး မရှိတဲ့ နောက်ပိုင်းမှာ ဦးခင်ရီက စည်းလွတ်ကမ်းလွတ် ကိုင်တွယ်တော့တာပဲ။

    သူ့လက်ထက်မှာက (ရဲတပ်ဖွဲ့ဝင်တွေ) Pressure (ဖိအား) အရမ်းများတယ်။ မနက်မိုးလင်းတာနဲ့ သူလိုချင်တဲ့ Guideline (ဦးတည်ချက်) တစ်ခုခုရအောင် Pressure ပေးတော့တာပဲ“ ဟု ၎င်းက ဆက်ပြောသည်။

    မ.ဘ.သ၊ စွမ်းအားရှင်နှင့် ဦးခင်ရီ

    ဦးခင်ရီ ရဲချုပ်တာဝန်ထမ်းဆောင်ခဲ့စဉ်က ဖြစ်ပွားခဲ့သည့် ၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းများတွင် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ရိုက်နှက် သတ်ဖြတ်ရာတွင် အရပ်ဝတ် လက်ပတ်နီ၊ စွမ်းအားရှင် လက်မရွံ့တပ်သားများကို သုံးခဲ့သည်။

    စွမ်းအားရှင်များကို လေ့ကျင့်သင်ကြားပေးသည့်အပြင် လက်နက်ပါ တပ်ဆင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ Tomas Ojea Quintana ကို ဦးခင်ရီက ဝန်ခံ ပြောဆိုထားကြောင်း ၂၀၀၉ ခုနှစ်က ပေါက်ကြားလာသည့် အမေရိကန်သံရုံး၏ ဖုန်းခေါ်ဆိုမှု မှတ်တမ်းတစ်ခုတွင် တွေ့ရသည်။

    ထို့အတူ ဦးစိုးသိန်း ထုတ်ဖော်ရေးသားထားသကဲ့သို့ အာဏာမသိမ်းခင်ကာလက တပ်မတော်ထောက်ခံပွဲများ၊ NLD အစိုးရကို ဆန္ဒပြပွဲများ၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ဖြုတ်ချရေး ဆန္ဒပြပွဲများကို ငွေပေးစီစဉ်သူမှာ ဦးခင်ရီပင်ဖြစ်သည်ဟု အမျိုးသားရေးအမည်ခံသည့် အဆိုပါ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ဖူးသည့် ကိုဟိဏ်းဝေယံက ပြောသည်။

    “အမျိုးသားရေးဆိုတဲ့ မ.ဘ.သက လူတွေကြားမှာတော့ ခင်ရီက ငွေရေးကြေးရေးအရ အကုန်လုံးကို ပေါက်ရောက်တယ်။ ဒီကောင်တွေ ခိုင်းစေထားတာတွေချည်းပဲ။ အမျိုးသားရေးလှုပ်ရှားမှု တော်တော်များများက ခင်ရီရဲ့ ခိုင်းစေမှုတွေပဲ” ဟု ၎င်းက ပြောသည်။

    ထို့ပြင် မ.ဘ.သ အဖွဲ့ဝင်များ၏ ထိပ်သီးအစည်းအဝေးများကိုလည်း သာကေတမြို့နယ်၊ ကမာကြည်အိမ်ရာရှိ ဦးခင်ရီ၏ နေအိမ်တွင် ပြုလုပ်လေ့ရှိပြီး အစည်းအဝေးများနှင့် တန်ပြန်ဆန္ဒပြပွဲများကို ရန်ကုန်တိုင်း စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ဝင် ဗိုလ်ကြီးသန့်ဇင်ကျော်က အဓိက ဦးဆောင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    “ဒီကစားကွက်တွေက (NLD အစိုးရလက်ထက်) ဟိုးအရင်ကတည်းကိုက သာ/ဝန် ပြုတ်ကျပွဲ၊ ဘာပွဲညာပွဲတွေအားလုံးက သူတို့ရဲ့ လက်စလက်နတွေပဲ။ သူတို့မှ မပံ့ပိုးရင် မ.ဘ.သ ဆိုတာ စားစရာမှ မရှိတာ။ ဒီအမျိုးသားရေးအဖွဲ့တွေက အငြိမ်းစားတွေ၊ ပြည်ခိုင်ဖြိုးတွေ၊ ဦးပိုင်တွေဆီက စပွန်ဆာနဲ့ပဲ လုပ်နေတာပဲ”

    ကိုဟိဏ်းဝေယံပြောပြသည့်အထဲ ဦးခင်ရီနှင့်အတူ ပါဝင်သည့် ဗိုလ်ကြီးသန့်ဇင်ကျော်မှာ OTS (ဗိုလ်သင်တန်းကျောင်း) အပတ်စဉ် (၁၁၁) တွင် တက်ရောက်ခဲ့သူ ဖြစ်သည်။

    ရန်ကုန် မင်္ဂလာဒုံရှိ အမှတ် (၁) စစ်ဘက်ရေးရာ လုံခြုံရေးအတတ်သင်ကျောင်း (ရေကြည်အိုင်စစ်ကြောရေး) တွင် ၂၀၁၉ ခုနှစ်အထိ နည်းပြတာဝန် ထမ်းဆောင်ခဲ့ကြောင်း စစ်တပ်အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။

    စစ်တပ်ထောက်ခံပွဲများ ပြုလုပ်နိုင်ရန် သန့်ဇင်ကျော်ကို စစ်တပ်က တရားဝင် တာဝန်ပေးထားခြင်း ဖြစ်ပြီး စစ်တပ်၏ စီးပွားရေးလုပ်ငန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ကြံ့ခိုင်ရေးပါတီတို့က အဓိက ငွေကြေးစိုက်ထုတ်ပေးကြောင်း အထက်ပါ အငြိမ်းစားရဲအရာရှိကြီးက ပြောသည်။

    “ခင်ရီတို့ရဲ့ ညွှန်ကြားချက်နဲ့ သွားတယ်လို့ ပြောလို့ရတာပေါ့။ အရှင်းဆုံးပြောရရင်တော့ သာဝန် (သူရဦးအောင်ကို) စွာနေတော့ သူ့ဖြုတ်ကျဖို့တို့ ကြေးသွန်းဘုရားရှေ့မှာ ဆန္ဒပြတဲ့ ကိစ္စတွေက သန့်ဇင်ကျော်တို့က ဦးစီးတာပဲ” ဟု ၎င်းက ပြောသည်။

    ထိုသို့ မှတ်တမ်းဆိုးများဖြင့် ကျော်ကြားသည့် ဦးခင်ရီက ယခုတွင် ကြံ့ခိုင်ရေးဥက္ကဋ္ဌဘဝ ရောက်လာပြန်သည်။ အမှန်စင်စစ်တွင်လည်း ကြံ့ခိုင်ရေးပါတီမှာ အရပ်ဘက်နိုင်ငံရေးသမားစစ်စစ်တို့ဖြင့် စုဖွဲ့ထားသည် မဟုတ်၍ ထူးဆန်းသည့် ကိစ္စတော့ မဟုတ်ပါ။

    ကြံ့ခိုင်ရေးပါတီမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ ဒီမိုကရေစီအတုအယောင်ရွေးကောက်ပွဲ ကျင်းပမည့် ၂၀၁၀ တွင်မှ လူမှုရေးအသင်းအဖြစ်မှ ပါတီအဖြစ် အသွင်ပြောင်းထားခြင်းဖြစ်သည်။ စစ်ဗိုလ်ချုပ်ဟောင်းများ အရပ်သားအသွင်ယူ ဦးဆောင်သည့် နေရာဌာနတစ်ခုအဖြစ်သာ နှစ်ရှည်လများ မြင်တွေ့ရသည်။

    ပါတီတွင်း အာဏာလွန်ဆွဲပွဲများလည်း စဉ်ဆက်မပြတ် တွေ့ရဖူးသည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် သမ္မတဖြစ်သွား၍ ကြံ့ခိုင်ရေးဥက္ကဋ္ဌတာဝန်လွှဲယူသည့် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းမှာ နောက် ၅ နှစ်အကြာတွင် ဖယ်ရှားခံရဖူးသည်။ ၂၀၁၅ ခုနှစ်တွင် ကြံ့ခိုင်ရေးပါတီတွင်း ဖြစ်ပွားသည့် ထိုဖြစ်ရပ်မှာ “သန်းခေါင်ယံ အာဏာသိမ်းပွဲ” အဖြစ် ကမ္ဘာကျော်သည်။

    ထိုသို့ ပါတီတွင်း အာဏာသိမ်းသည့်ညတွင် စစ်တပ်ယာဉ်တန်းများဖြင့် နေပြည်တော်တွင် လုံခြုံရေးရယူပေးခဲ့ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးသိန်းစိန်ဘက်မှ ရပ်တည်သည်။

    ကြံ့ခိုင်ရေးမှ ဖြုတ်ချခံရသည့် သူရဦးရွှေမန်းက ပြည်ထောင်စုကောင်းကျိုးဆောင်အမည်ဖြင့် ပါတီသစ်ထောင်ခဲ့သေးသော်လည်း အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာ ယခုလအတွင်း နိုင်ငံရေးနှင့် ဝေးဝေးနေတော့မည်ဆိုကာ ဖျက်သိမ်းသွားပြီဖြစ်သည်။

    ပြည်သူပိုင်ငွေနှင့် လုပ်ငန်းများစွာ ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ရသည့် ထိုပါတီ၏ ဥက္ကဋ္ဌထိုင်ခုံလုပွဲမှာ ၂၀၂၂ တွင် တစ်ကျော့ပြန်ပေါ်လာပြီးနောက်တွင်မူ ပထမအကြိမ်ကဲ့သို့ ဟိုးလေးတကျော် ဖြစ်မလာတော့။ လက်စလက်နပြင်းသည့်၊ အာဏာရှင်တိုင်း ကြိုက်သည့် ဦးခင်ရီက ဦးသန်းဌေးကို ကျန်းမာရေးအကြောင်းပြ၍ နုတ်ထွက်သွားစေရန် မည်သည့်နည်းလမ်း သုံးလိုက်သည်ကိုမူ ရှင်းလင်းစွာ မသိရသေးပါ။

    သို့သော် ဦးခင်ရီ၏ ပါတီရာထူးရယူမှု၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (CEC) ခန့်အပ်မှုတို့မှာ နိုင်ငံရေးပါတီတို့ ကျင့်သုံးရမည့် ဒီမိုကရေစီနည်းဖြင့် မဟုတ်ဘဲ စစ်ခေါင်းဆောင်တို့၏ အမိန့်အာဏာကြောင့်သာ ဖြစ်သည်ဟု အငြိမ်းစား တပ်အရာရှိကြီးတစ်ဦးက ပြောသည်။

    “အခု ဖြစ်ရပ်တွေက USDP ကို နိုင်ငံရေးသေတွင်းထဲ ပို့လိုက်သလိုပါပဲ။ ပါတီဥက္ကဋ္ဌနဲ့ CEC မှာ ဘယ်သူတွေပဲပါပါ၊ အရေးကြီးတဲ့ကိစ္စရပ်နဲ့ မူဝါဒတွေကို သူတို့ ဆုံးဖြတ်ခွင့် လုပ်ပိုင်ခွင့် မရှိဘဲ တပ်ချုပ်ကို တင်ပြ အတည်ပြုချက် ယူနေရတာပါ” ဟု ၎င်းက ပြောလိုက်သည်။

    မည်သို့ဆိုစေ သမ္မတဖြစ်လိုကြောင်း ကမ္ဘာသိ ထုတ်ဖော်ပြောဆိုထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်၏ နိုင်ငံရေးစင်မြင့် ကြံ့ခိုင်ရေးကို မောင်းနှင်ရန် ပါတီတွင်း ရှိရင်းစွဲ စစ်ဗိုလ်ချုပ်ကြီးများကို ကျော်လွန်၍ ၎င်းတို့ထက် ရာထူးနိမ့်သည့် ဦးခင်ရီကို အမည်ခံညီလာခံမှတစ်ဆင့် ဥက္ကဋ္ဌတာဝန်ကို အောင်မြင်စွာ အပ်နှင်းနိုင်ခဲ့သည်။

    “ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေကို ကျော်ခွပြီးတော့ ခင်ရီကို ဆွဲထုတ်လိုက်တဲ့ သဘောပဲပေါ့။ ဒီလူနဲ့ ကစားဖို့ ကြံစည်တာပေါ့။ (ဦးသန်းရွှေလက်ထက်က) တစ်ကမ္ဘာလုံးကို ခင်ရီလိမ်တုန်းက ပိပိရိရိ လိမ်ခဲ့တာလေ။ ခင်ရီသည် အခု စစ်အုပ်စုရဲ့ လူတွေထဲမှာ အဆိပ်အပြင်းဆုံးလူပဲ” ဟု အငြိမ်းစားရဲအရာရှိက ဆိုလိုက်သည်။

  • စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်

    စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နတ်ရေကန်ဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ

    စစ်တွေမြို့အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်

    ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်တပ်၏ ပွိုင့် ၆၆၆ စခန်းကုန်းကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နတ်ရေကန်ဗျူဟာကုန်းကိုလည်း အပြီးသတ် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေကြောင်း AA က ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်သည်။

    အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်အချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာတောင်ဘက်အနီးတွင် ရှိနေသော စစ်တပ်၏ ၆၆၆ ပွိုင့်ကုန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ၃ နာရီခန့်အကြာ သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အဆိုပါ ၆၆၆ ပွိုင့်ကုန်းစခန်းကို AA က သိမ်းပိုက်ရရှိယူနိုင်ခဲ့ကြောင်း သိရှိရသည်။

    AA က သိမ်းပိုက်ရရှိသွားသော ပွိုင့် ၆၆၆ စခန်းကုန်းနှင့် ပတ်ဝန်းကျင်တွင် နှစ်ဖက် တိုက်ပွဲများဖြစ်ပွားနေသည်မှာ ကာလအတန် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် AA က ထိုးစစ်အရှိန်ကို မြှင့်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ပွိင့် ၆၆၆ စခန်းသိမ်းပိုက်ခဲ့စဉ် စစ်သား အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း၊ အဆိုပါ ထိုးစစ်အတွင်း AA စစ်သည်တချို့လည်း ကျဆုံးခဲ့ကြောင်း သိရှိရသည်။

    အလားတူ AA က စစ်တပ်၏ နတ်ရေကန်ဗျူဟာစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် အနည်းငယ်သော လက် ကျန်နေရာ အချို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို ကစဉ့်ကလျား ထွတ်ပြေးနေကြသော စစ်တပ်နှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း၊ လက်နက်ချ အလင်းဝင်ရောက်လာသောသူများကိုလည်း စစ်သုံပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားကြောင်း သိရှိရသည်။

    AA က သိမ်းပိုက်ရန် ကျန်ရှိနေသော ရခိုင်ပြည်၊ စစ်တွေမြို့အနီး ပတ်ဝန်းကျင်တွင်လည်း လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုများမှာ ယခုရက်များ အတွင်း ပိုမိုပြင်းထန်လျက်ရှိကြောင်း၊ ထို့ပြင် အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တိုတွင် စစ် တပ်၏ ထိုးစစ်များကို အာရက္ခတပ်တော်၏ အကောင်းဆုံးခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် ဟန်ချက်ညီဆင်နွှဲလျက်ရှိကြောင်း သိရှိရသည်။

    ယင်းအပြင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်အချိန် ဧရာဝတီတိုင်း၊ ရေကြည်မြိုနယ်၊ စက်စက်ယိုကျေးရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲမှာ မိနစ်အနည်းငယ် ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

  • ထင်တဲ့အတိုင်းအနံထွက်လာပီ

    ထင်တဲ့အတိုင်းအနံထွက်လာပီ

    မိသားစု ၅ ယောက်
    ၁၀၂၇ ဒုတိယလှိုင်းစခါနီး
    အချိန်မှာ မိသားတစုလုံး
    အသတ်ခံရတာရယ်။

    မအလတပ်မှာ
    သားအကြိီးဆုံးကဗိုလ်မှူး

    ရပ်ကွက်ထဲမှာ
    ခြံအကျယ်ကြီးနဲ့
    စာသောက်ဆိုင်ကြီး
    ဟန်ပြဖွင့်ထားတယ်

    တကယ်တမ်းက
    လောင်းကစားဒိုင်လုပ်တာ။

    သူတို့နေတဲ့
    အိမ်နဲ့သိပ်မဝေးတဲ့
    တောင်ကုန်းလေးမှာ
    စခတွေထိုင်တဲ့
    ကာကင်းစခန်းကုန်းရှိတယ်။

    စစ်ငွေ့ကသန်းတော့
    သူခိုးကပူ
    သူခိုးပူလို့ဆိုပီး
    ဗိုလ်မှူးအဖေဆိုတဲ့သူက
    စခန်းကုန်းပေါ်ကို
    သွားတိုင်တယ်တဲ့။

    တချို့ပြောတာတော့
    သူတို့အိမ်ကိုလုံခြုံရေးပေးဖို့
    သွားပြောတာတဲ့။

    ဗိုလ်မှူးအဖေက
    စခန်းပေါ်ကအရာရှိကို
    ဘာသွားပြောခဲ့တယ်မသိဘူး
    အကြီးအကျယ်
    စကားများကြတယ်လို့
    ကြားတာပဲ။

    ညပိုင်းမှာသူတို့အိမ်ထဲ
    သေနတ်ပစ်သံတွေ
    အော်ဟစ်ငိုယိုသံတွေ
    ကြားတာပါပဲ။

    ဘယ်သူမှ
    မသွားကြည့်ရဲဘူး။

    နောက်ရက်လည်းကြရော
    ၁၀၂၇မြို့သိမ်းတိုက်ပွဲကြီး
    စပါရောလား။

    စစ်ပွဲက
    ၁၀ရက်ကျော်လောက်
    ကြာတော့အဲ့မိသားစုအိမ်က
    အပုတ်နံ့တွေ
    တစ်ထောင်းထောင်းထွက်။

    စစ်ဖြစ်နေတော့
    ဘယ်သူမှအလောင်းတွေကို
    မကောက်ရဲဘူးလေ။

    စစ်ပီးသွားတော့မှ
    အလောင်းတွေကို
    နာရေးအသင်းက
    ကောက်သဂြိုလ်
    ပေးရတယ်။

    အားလုံး၅လောင်းနဲ့
    ခွေး၁ကောင်တဲ့။
    အငယ်ဆုံးမိန်းကလေးကို
    မုဒိန်းကျင့်ပီးသတ်တာတဲ့။

    အပုတ်နံကတော့
    ၃လလောက်ထိ
    အိမ်ဘေးကဖြတ်သွားတိုင်း
    ရနေတုန်း။

    အပေါ်စခန်းကုန်းက
    ဆင်းသတ်သွားတာလို့
    ရပ်ကွက်ထဲက
    လူတွေပြောကြတာပဲ။

    ထားတော့။
    စဥ့်ကူးဖြစ်စဥ်မှာ
    PDFကလေးတွေ
    ပြောရရင်
    တော်လှန်ရေးလူငယ်တွေ
    အမှားမရှိဘူး။

    အင်မတန်ကိုစိတ်ထိန်းပြီး
    လုပ်ကိုင်ဆောင်ရွက်သွားကြတာ။

    ၃ကြိမ်မြောက်လာတယ်
    စခန်းကတာဝန်ရှိသူနဲ့
    တွေ့ဖို့ခေါ်တယ်။
    စကားကိုချိုချိုသာသာနဲ့
    ကောင်းကောင်းမွန်မွန်ပြောတယ်။

    ဒါကို မှ
    အသက်ကြီးတဲ့
    အမျိုးသမီးကြီးနဲ့
    မျက်မှန်တပ်ထားတဲ့
    အမျိုးသမီးငယ်က
    ရန်တွေ့လွှတ်နေတာ
    မြင်ရတာပဲ။

    အဲ့မှာမှ
    လက်နက်ကိုင်အားကြီးတိုင်း
    ကြောက်နေရတာပဲဆိုတဲ့
    စကားလည်းပြောခံရရော
    ကလေးတွေပေါက်ကွဲ
    ထွက်တာတွေ့လိုက်ရတယ်။

    သို့ပေသည့်
    ဒေါသကိုထိန်းပီး
    ကိုယ့်လူကိုယ်ထိန်းလို့
    ကောင်းကောင်းမွန်မွန်ပဲ
    ထွက်သွားကြတာပါပဲ။

    PDFကလေးတွေအင်မတန်
    တော်ပါတယ်။

    အိမ်ရှင်ရဲ့ မိုက်ရိုင်းမှူ့နဲ့
    ပူးပေါင်းဆောင်ရွက်ခြင်းမရှိမှူ
    တို့ကြောင့်သာ
    ဒီပြသနာဖြစ်သွားရတာ။

    စဥ်းစားကြည့်ဗျာ။
    ဒီလိုဖြစ်စဥ်မှာ
    PDFကလေးတွေ
    မဟုတ်ပဲ စကစတွေဆိုရင်
    ဘာဖြစ်သွားမလဲဆိုတာ။

    တချို့တွေက စစ်ဖိနပ်နဲ့နင်းမှ
    ပိချင်တာ။

    စစ်ဖိနပ်နဲ့ထောင်းမှ
    ပြောင်းချင်တာ။

    စစ်ဖိနပ်နဲ့ထိုးမှ
    အချိုးပြေချင်ကြတာရယ်။
    ထွီးးးး

    ထပ်ပြောမယ်။
    လေးစားတယ်။

    Naung

  • လူအများသိချင်နေကြတဲ့ နတ်ရေကန်ဗျူဟာကုန်းအခြေအနေ AA ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ

    လူအများသိချင်နေကြတဲ့ နတ်ရေကန်ဗျူဟာကုန်းအခြေအနေ AA ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ

    အများပြည်သူတွေ စိတ်ဝင်တစား သိချင်နေကြတဲ့ နတ်ရေကန်ဗျူဟာကုန်း အခြေအနေနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ဒီကနေ့ အောက်တိုဘာ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

    နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ရယူဖို့ အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေရဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

    ထုတ်ပြန်ချက်ထဲမှာတော့ ဖော်ပြရာမှာတော့ “ နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ ကစဉ့်ကလျား ထွတ်ပြေးနေကြသော ရန်သူများနှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်”လို့ ဖော်ပြထားပါတယ်။

    လက်နက်ချ အလင်းဝင်ရောက်လာတဲ့ သူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့ အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

    တိုက်ပွဲသတင်းထုတ်ပြန်ချက်

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်

    ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော စခန်းများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်များအပါအဝင် မြို့အချို့ကို ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားနေသကဲ့သို့ နောက်ထပ်စခန်းများထပ်မံ၍ လက်လွှတ်မဆုံးရှုံးရစေရန်အတွက်လည်း ထိုးစစ်၊ခံစစ်များကို မြန်မာ နိုင်ငံ၏ နေရာအနှံ့အပြား၌ ဆင်နွှဲလျှက်ရှိသည်။ ထို့ကြောင့် အာရက္ခတပ်တော်နှင့် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တို့ နှစ်ဖက်ရင်ဆိုင်ထားသော နေရာများတွင် တိုက်ပွဲများမှာ နေ့တိုင်းနီးပါး ဆက်လက်ပြင်းထန်လျက်ရှိသည်။

    အထူးသဖြင့် အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တို့တွင် ရန်သူ၏ ထိုးစစ်များကို အာရက္ခတပ်တော်၏ အကောင်းဆုံးခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် ဟန်ချက်ညီဆင်နွှဲလျက်ရှိသည်။

    အာရက္ခတပ်တော်၏ တန်ပြန်ထိုးစစ်အနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလိုမီတာအကွာအဝေး၌ရှိသော ဖက်ဆစ်အကြမ်း ဖက်စစ်ကော်မရှင်၏ (၆၆၆) ပွိုင့်ကုန်းကို အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၀၅) မိနစ်အချိန်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ အဆိုပါ ပွိုင့်ကုန်းနှင့် ၎င်းပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း ယမန်နေ့မှစ၍ အာရက္ခတပ်တော်မှ ထိုးစစ်အရှိန်ကို မြှင့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (၃) နာရီခန့် သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အဆိုပါစခန်းအား အာရက္ခတပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။

    ပွိုင့် (၆၆၆) စခန်းတစ်ခုလုံး အား သိမ်းပိုက်ရယူခဲ့စဉ်အတွင်း ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။ ဤထိုးစစ်အတွင်း တိုက်ရည်ခိုက်ရည်ကောင်းမွန်သော အာရက္ခစစ်သည်တော်များနှင့်အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

    စစ်တွေမြို့အနီးပတ်ဝန်းကျင်၌လည်း လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုများမှာ ယခုရက်များ အတွင်း ပိုမိုပြင်းထန်လျက်ရှိသည်။

    နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ ကစဉ့်ကလျား ထွတ်ပြေးနေကြသော ရန်သူများနှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ လက်နက်ချ အလင်းဝင်ရောက်လာသောသူများကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသည်။

    ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင်လည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်၊ နေ့လယ် (၃) နာရီ (၅၅) မိနစ်မှစတင်၍ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

    သတင်းနှင့်ပြန်ကြားရေး

    အာရက္ခတပ်တော်