အများပြည်သူတွေ စိတ်ဝင်တစား သိချင်နေကြတဲ့ နတ်ရေကန်ဗျူဟာကုန်း အခြေအနေနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ဒီကနေ့ အောက်တိုဘာ ၁၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

နတ်ရေကန်ဗျူဟာကုန်းကို အပြီးသတ်သိမ်းပိုက်ရယူဖို့ အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေရဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ဖော်ပြရာမှာတော့ “ နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ် သိမ်းပိုက်ရယူရန်အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ ကစဉ့်ကလျား ထွတ်ပြေးနေကြသော ရန်သူများနှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်”လို့ ဖော်ပြထားပါတယ်။

လက်နက်ချ အလင်းဝင်ရောက်လာတဲ့ သူတွေကိုလည်း စစ်သုံ့ပန်းဥပဒေနဲ့ အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်

ဖက်ဆစ်အကြမ်းဖက် စစ်ကော်မရှင်သည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော စခန်းများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်များအပါအဝင် မြို့အချို့ကို ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားနေသကဲ့သို့ နောက်ထပ်စခန်းများထပ်မံ၍ လက်လွှတ်မဆုံးရှုံးရစေရန်အတွက်လည်း ထိုးစစ်၊ခံစစ်များကို မြန်မာ နိုင်ငံ၏ နေရာအနှံ့အပြား၌ ဆင်နွှဲလျှက်ရှိသည်။ ထို့ကြောင့် အာရက္ခတပ်တော်နှင့် ဖက်ဆစ်အကြမ်းဖက်စစ်ကော်မရှင်တို့ နှစ်ဖက်ရင်ဆိုင်ထားသော နေရာများတွင် တိုက်ပွဲများမှာ နေ့တိုင်းနီးပါး ဆက်လက်ပြင်းထန်လျက်ရှိသည်။

အထူးသဖြင့် အာရက္ခ-ပဲခူးတိုင်းအစပ်၊ အာရက္ခ-မကွေးတိုင်းအစပ်၊ အာရက္ခ-ဧရာဝတီတိုင်း အစပ်တို့တွင် ရန်သူ၏ ထိုးစစ်များကို အာရက္ခတပ်တော်၏ အကောင်းဆုံးခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် ဟန်ချက်ညီဆင်နွှဲလျက်ရှိသည်။

အာရက္ခတပ်တော်၏ တန်ပြန်ထိုးစစ်အနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလိုမီတာအကွာအဝေး၌ရှိသော ဖက်ဆစ်အကြမ်း ဖက်စစ်ကော်မရှင်၏ (၆၆၆) ပွိုင့်ကုန်းကို အောက်တိုဘာလ (၁၄) ရက်၊ နံနက် (၉) နာရီ (၀၅) မိနစ်အချိန်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ အဆိုပါ ပွိုင့်ကုန်းနှင့် ၎င်းပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှာ ကာလအတန်ကြာခဲ့ပြီဖြစ်သော်လည်း ယမန်နေ့မှစ၍ အာရက္ခတပ်တော်မှ ထိုးစစ်အရှိန်ကို မြှင့်၍တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ (၃) နာရီခန့် သုံးဖက်သုံးတန်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အဆိုပါစခန်းအား အာရက္ခတပ်တော်မှ သိမ်းပိုက်ရယူနိုင်ခဲ့သည်။

ပွိုင့် (၆၆၆) စခန်းတစ်ခုလုံး အား သိမ်းပိုက်ရယူခဲ့စဉ်အတွင်း ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရရှိခဲ့သည်။ ဤထိုးစစ်အတွင်း တိုက်ရည်ခိုက်ရည်ကောင်းမွန်သော အာရက္ခစစ်သည်တော်များနှင့်အတူ ပေးဆပ်စွန့်လွှတ်ခဲ့ရသော အာရက္ခစစ်သည်တော်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

စစ်တွေမြို့အနီးပတ်ဝန်းကျင်၌လည်း လက်နက်ကြီး၊ ဒရုန်း အပြန်အလှန်တိုက်ခိုက်မှုများမှာ ယခုရက်များ အတွင်း ပိုမိုပြင်းထန်လျက်ရှိသည်။

နတ်ရေကန်ဗျူဟာကုန်းအား အပြီးသတ်သိမ်းပိုက်ရယူရန်အတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသကဲ့သို့ ကစဉ့်ကလျား ထွတ်ပြေးနေကြသော ရန်သူများနှင့်လည်း နေရာအချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ လက်နက်ချ အလင်းဝင်ရောက်လာသောသူများကိုလည်း စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားသည်။

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင်လည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်၊ နေ့လယ် (၃) နာရီ (၅၅) မိနစ်မှစတင်၍ မိနစ်အနည်းငယ်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်းနှင့်ပြန်ကြားရေး

အာရက္ခတပ်တော်

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *