Author: Baby Yit Lone

  • နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲ

    နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲ

    ဗန်း​မော်မှာ နာ​ရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်း​သေဆုံး အများအပြားဒဏ်ရာရ

    ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆု‌တောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ ဦး​မနည်း​ သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

    ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်​တွေကပြောပါတယ်။

    “ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။

    ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့​ပြောပါတယ်။

    ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေ​ပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ​ကျေးရွာမှာ​ဒေသခံ​တွေအပြင် စစ်​ဘေး​ရှောင်ပြည်သူ​တွေလာ​ရောက်ခိုလှုံ​နေကြတာလည်းရှိတယ်လို့သိရပါတယ်။

    ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

    စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ ပြုလုပ်မယ့်နာရေးအတွက် အိမ်နီးချင်းဒေသခံတွေက ဆုတောင်းပွဲပြုလုပ်နေတာလို့ သတင်းရရှိပါတယ်။

    ဗုံးကြဲခံရပြီး ​နောက်မြင်ကွင်းကို ပြည်သူအချို့ကို ဖုန်းကင်မရာနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်မှာမျှ​ဝေထားတာမှာ ပြည်သူအများအပြား​သွေးသံရဲရဲ​သေဆုံး​နေတာကို မြင်​တွေ့ရပါတယ်။တချို့ရုပ်အ​လောင်း​တွေက ရုပ်ပျက်ဆင်းပျက်ဖြစ်​နေပါတယ်။

    “ဘယ်လိုလုပ်ရမတုန်း ၊ ဘယ်လိုလုပ်ရမတုန်း ဘာမှမရှိတဲ့ ပြည်သူလူထု​ရှေ့မှာ။ …..။ဘယ်လိုလုပ်ကြမတုန်း” လို့ ​ဒေသခံတဦးက အခင်းဖြစ်တဲဲ​​နေရာကို ဖုန်းကင်မရာနဲ့ ဗီဒိုယိုရိုက်ကူးရင်း​ပြောတာကိုလည်း​တွေ့ရပါတယ် ။

    နေပြည်တော်နဲ့ရန်ကုန်မြို့ကလွဲလို့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေကိုစစ်တပ်ကဆက်တိုက်ပြုလုပ်​နေပါတယ်။

    စစ်တပ်က ပြည်သူ​တွေကိုပစ်မှတ်ထားပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၄ရက်အတွင်းနှစ်ကြိမ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

    ဇန်နဝါရီ၂၀ရက်ညကလည်းရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက် နေရာတချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ၂၁ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးထိခိုက်ခဲ့သူတွေဟာ မကြာခင်ပြန်လွှတ်ပေးဖို့စီစဉ်ထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုဝင်တွေဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။

    ဒီနေ့လည်း စစ်ကိုင်းတိုင်းကနီမြို့နယ်ကို လေကြောင်းကနေလေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

    ဗုံးကြဲခံရပြီး​နောက် ​သေဆုံးသူတဦး၏အ​လောင်းကို လူတစ်ဦးကကြည့်ရှုစဥ်နဲ့ ဗုံးကြဲခံပြီး​နောက်မြင်ကွင်း

  • အိုင်စီဂျေက ဘုန်းကြီးအမှု ရွာပတ်ခြင်း

    အိုင်စီဂျေက ဘုန်းကြီးအမှု ရွာပတ်ခြင်း

    ဘုန်းကြီးအမှု ရွာပတ် ဆိုသည့် စကားရှိသည်။ မြန်မာ့လူနေမှု ဓလေ့တွင် ဘုန်းကြီးသည် တိုက်ရိုက် အာဏာမရှိစေကာမှု ရပ်ရွာတခု၏ ဥသျှောင် သို့မဟုတ် ဩဇာလွှမ်းမိုးသူ ဖြစ်သည်။ ထိုဘုန်းကြီး ပြဿနာတခုခု ဖြစ်လျှင် ရပ်ရွာအတွင်း နေထိုင်သူမှန်သမျှ တိုက်ရိုက်ဆိုင်ဆိုင် မဆိုင်ဆိုင် ပါဝင်ပတ်ရသည့် သဘောကို စကားပုံက ရည်ညွှန်းလိုဟန်ရှိသည်။

    ယခုခေတ်တွင်တော့ ကိုယ်လည်း ဘာမှမလုပ်လိုက်ရ၊ မသိလိုက်ရပါဘဲ တယောက်ယောက်၏ အရှုပ်ထုပ် ပြဿနာထဲ ဝင်ပါနေသည့်အခါ ဘုန်းကြီးအမှု ရွာပတ်ဟု ငြီးတွားတတ်ကြသည်။

    ယခု အိုင်စီဂျေက အမှုသည်လည်း မြန်မာနိုင်ငံသူအများအဖို့ ဘုန်းကြီးအမှု ရွာပတ်ခြင်း သက်သက်သာ ဖြစ်လေသည်။

    ပြည်သူ့ မေးခွန်း

    လွန်ခဲ့သည့် ၂၀၁၆-၁၇ ခုနှစ်က မွှေးလိုက်သော မီးသည် ထပ်တလဲလဲ ပွဲဆူစေခဲ့ပြီးသား ဖြစ်သည်။ ယခုလည်း အိုင်စီဂျေတရားရုံးတွင် အမှုကို ဆက်လက် စစ်ဆေး တရားဆိုင်ကြသည့်အခါ ကမ္ဘာရော မြန်မာ့သတင်းရပ်ဝန်းတွင်ပါ ငြင်းကြခုံကြသည်။ တချို့က မိမိအမြင်အတိုင်း အကျိုးအကြောင်းရှင်းပြ၊ တချို့က စိုးရိမ်ပူပန်၊ တချို့က ပြည်သူကို ဆရာလုပ် ဝေဖန်ဆုံးမကြသည်။

    အမြင်အမျိုးမျိုး ပြောဆိုနေကြ၊ ငြင်းခုန်နေကြသဖြင့် အဓိက အချက်ကိုတော့ လက်လွတ်သွားမှာ စိုးရိမ်မိသည်။

    အခုလို အိုင်စီဂျေမှာ တရားစွဲ အမှုရင်ဆိုင်နေရတဲ့ ကိစ္စက သာမာန်ပြည်သူတွေအတွက် ဘာအဓိပ္ပါယ်ဆောင်သလဲ။ အထူးသဖြင့် ကိုယ်တိုင်က မိသားစု အသတ်ခံရ အိမ်ဗုံးကြဲခံထားရပြီး စစ်ဘေးရှောင် ဖြစ်နေရသည့် အညာသားတယောက်အတွက် ဆိုလျှင် ဘာအဓိပ္ပါယ် သက်ရောက်သနည်း။ မြောက်ဦးဆေးရုံအပါအဝင် နိုင်ငံအနှံ့က ဆေးရုံတွေ ဗုံးအကြဲခံရလို့ မိသားစု ဆုံးရှုံးသွားရသည့် သာမာန်ရပ်သူရွာသားများအတွက် ဆိုလျှင်ကော ဘာသဘော ဆောင်ပါသလဲ။ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဘာတွေ ဖြစ်လာမှာလဲ။

    နောက်ဆုံး တရားရုံး ဆုံးဖြတ်ချက်က မည်သို့ဖြစ်လာမည် မသိသေးသော်လည်း ဤအဖြေတွေကိုတော့ ကြိုတင်သိချင်မိသည်။ ရှုပ်ထွေးသည့် ဥပဒေရေးရာ တင်ပြချက်တွေကို ဆွေးနွေးငြင်းခုံဖို့ထက် လူတိုင်းနှင့် တိုက်ရိုက်သက်ဆိုင်သည့် မေးခွန်းကိုသာ မေးနေမိသည်။

    နာကျင်စရာ နိုင်ငံတော်

    အထက်က ပြောခဲ့သလို ဤကိစ္စက ဘုန်းကြီးအမှု ရွာပတ်ခြင်း ဖြစ်သည်။ လက်ရှိ အနေအထားတွင် စစ်တပ်၏ တရားမဲ့ ကျူးလွန်မှုများကို မီးမောင်းထိုး ပြောပြနေကြသော်လည်း တကယ်တမ်း တရားစွဲဆိုခံရခြင်းသည် “မြန်မာ” ဟု ထပ်တလဲလဲ သုံးသည့် နိုင်ငံတော်ကို ဖြစ်သည်။

    နိုင်ငံတော်ဆိုသည့်အတွက် တရားဝင် အစိုးရနှင့် ဖြစ်စေ၊ နိုင်ငံတော် အာဏာကို အတင်းလုယူထားသည့် စစ်တပ်နှင့်သာ ဖြစ်စေ သက်ဆိုင်သည်မဟုတ်။ မြန်မာနိုင်ငံသား အားလုံးလည်း မဆီမဆိုင် ရောအထောင်းခံရသလို ဖြစ်သွားသည်။ မြန်မာပြည်တွင်းမှာတော့ မင်းဘာလူမျိုး ငါဘာလူမျိုး ငြင်းခုန်နိုင်ကြသော်လည်း တိုင်းပြည်ပြင်ပထွက်လို့ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ထားရသရွေ့တော့ မြန်မာဟုသာ အမြင်ခံရဦးမည် ဖြစ်သည်။

    တရားဝင် နောက်ဆုံး အဖြေတွေ ဘယ်လိုပဲ ရှိပါစေ မြန်မာဆိုတဲ့ နိုင်ငံတခုဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်မဲ့သိရ်မဲ့ အရှက်ရစရာ ဖြစ်သည်။ ဖြစ်လည်း ဖြစ်ခဲ့ပြီးပြီ။ တကယ်တော့ ဒီဖြစ်ရပ်တွေ မတိုင်ခင်ကတည်းကရော၊ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်းမှာပါ မြန်မာဆိုတာ လူတိုင်းပါးစပ်ဖျားမှာ မကောင်းမှုတွေ၊ သတင်းဆိုးတွေနဲ့သာ အများစု လွှမ်းမိုးနေခဲ့ပြီးသား။

    ဤအမှုကြောင့် တိုင်းပြည်ပိုပြီး အထီးကျန်လာနိုင်တာ၊ နိုင်ငံတကာ အရေးယူမှုတွေကြောင့် တိုင်းပြည်စီးပွားရေး ပိုမှု ကြပ်တည်းလာနိုင်တာ၊ အာဏာကိုင်ထားသူတွေက သူတို့ရပ်တည်ရေးအတွက် တရုတ်အားကိုးပြီး နောက်မြှီးဆွဲ ပိုဖြစ်လာနိုင်တာ၊ မြန်မာဆိုရင် အထင်သေးခံရနိုင်တာ စတာတွေ ရှိလာနိုင်သည်ဟု ဆိုကြသည်။ သို့သော် သေချာကြည့်လျှင် ယခုလည်း မြန်မာနိုင်ငံ အနေအထားက ထိုအတိုင်းပဲ ဖြစ်နေသည် မဟုတ်ဘူးလား။ နောက်ထပ် ပြစ်မှုတခု ထပ်တိုးသွားရုံမျှနှင့်တော့ အနက်မှာ အမဲကွက် ပိုထင်သွားရုံသာ ရှိမည်။ ထူး၍တော့ ဆိုးစရာ မရှိတော့ဟုသာ ဆိုချင်သည်။

    ဘာကြောင့် ဒီလို ပြောတာလဲဆိုလျှင် အကြောက်လွန်မှာ၊ ထပ်ပြီး ဂျင်းထည့် (အလိမ်ခံရမှာ) စိုးရိမ်မိ၍ပင် ဖြစ်သည်။

    ဂျင်းတွေ ရောင်းကောင်းချိန်

    ပြည်သူတွေမှာ မဆီမဆိုင် “နိုင်ငံတော်” ကြီး တရားအစွဲခံရတော့ ပါရသလို ကျူးလွန်သူတွေက သူတို့ဘာသာ မဖြေရှင်းနိုင်တော့တဲ့အခါ ပြည်သူကို တဖက်လှည့်နဲ့ အသုံးချလာကြပြန်တော့ ခံရပြန်သည်။

    အထက်က ပြောခဲ့သလို နိုင်ငံတော်ကို တရားစွဲတာ ဖြစ်လို့ နိုင်ငံသားအားလုံးနဲ့ ဆိုင်တယ် ဒါကြောင့် မြန်မာတရားရင်ဆိုင်တာကို ထောက်ခံရမယ်ဟု လမ်းကြောင်းကြသည်။ စစ်တပ်ဘက်ကလည်း နိုင်ငံအတွက် သူတို့က ဦးဆောင် ဖြေရှင်းပေးနေသည်ဆိုသည့် သဘောကို ပုံစံမျိုးစုံဖြင့် တွင်တွင် ဝါဒဖြန့်သည်။

    ဝမ်းနည်းစရာ ကောင်းသည်က စစ်တပ်ကို ဆန့်ကျင်ပြီး မတရားမှုကို တွန်းလှန်ပါသည် ဆိုသည့် အင်အားစုတချို့တွင်ပါ ထိုသဘော ရှိနေသည်ကို ထင်ထင်ရှားရှား တွေ့ရသည်။ ထိုသို့ အမြင်ရှိသူများထဲတွင် ဗမာ၊ ဗုဒ္ဓဘာသာများသာမက တခြားလူမျိုးစုများ၊ ဗုဒ္ဓဘာသာ မဟုတ်သူများလည်း ပါဝင်သည်ကို စိတ်ဝင်စားစရာ တွေ့ရသည်။

    ကောင်းသည့်ဘက်က တွေးကြည့်ရလျှင်တော့ “မြန်မာ” ဆိုသည့် အတူမျှဝေကြသည့် နိုင်ငံကို အရိုးခံ ချစ်မြတ်နှိုးမှုတွင် အခြေခံကြခြင်း ဖြစ်နိုင်သည်။ သို့သော် ချစ်နည်း လွဲနေသည်။

    နောက်ထပ် အုပ်စုတစုကတော့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေဟာ အဓိက ကျူးလွန်းသူတွေ ဖြစ်သည့်အတွက် တရားရုံးက အမိန့်ချပြီးပါက ဖမ်းဆီးအရေးယူမည့် သယောင် ပြောဆိုနေကြခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရန် မရေရာသည့် အနေအထားဖြစ်သလို ဖြစ်လာခဲ့လျှင်တောင် အချိန်ကြာဦးမည်။

    ထို့အတွက် မသေချာသည့် တပါးသူ အားကိုးလိုစိတ်ကို မျိုသိပ်ပြီး အရှိအတိုင်း ကြည့်ရန်လည်း လိုဦးမည်။

    လူကောင်းယောင် ဆောင်လွန်းကြသူတွေလည်း သတိထား

    ဤသို့ဆိုလျှင် မြန်မာပြည်သူတွေ အကုန်လုံးက မွတ်စလင် ရိုဟင်ဂျာတွေကို သဘောကျ လက်ခံကြသလား။ လူမျိုးရေး ခွဲခြားမှုတွေ ကင်းဆိတ်သွားပြီလား။ တာဝန်ယူ ပြုပြင်စရာ မရှိတော့ဘူးလား။

    လက်ရှိ ပဋိပက္ခတွေသည်ပင် အဖြေဖြစ်သည်။ မျက်ကန်းမျိုးချစ်ဟု ဆိုနိုင်သူများ၊ ဘာသာရေး လူမျိုးရေး အစွန်းရောက်သူများ တောင်ပုံရာပုံ ရှိသေးသည်မှာ အမှန်။ ကိန်းဂဏန်းအတိအကျ သိရန် ခက်သော်လည်း တိုင်းပြည်လူဦးရေ၏ ၁၀ ရာခိုင်နှုန်းနှင့် ခန့်မှန်းလျှင်ပင် အနည်းဆုံး ၅ သန်းခန့် ရှိနိုင်သေးသည်။

    လူနည်းစု ဖြစ်နေလျှင်တောင်မှ နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေ၊ လက်နက်အင်အားတွေနဲ့ ဆိုရင် လူအများစုကို ထိန်းချုပ်လို့ ရနေသည့် ပမာဏ ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း စစ်တပ်က အာဏာသိမ်းပြီး လုပ်လို့ ရနေသေးတာ ဖြစ်သည်။ ပျူစောထီးတွေ မွေးထားလို့ ရနေသေးတာ ဖြစ်သည်။

    အခြားတဖက်မှာလည်း မြန်မာပြည်သူတွေဟာ ပြစ်မျိုးမှဲ့မထင် အမှားမလုပ်ခဲ့ကြသူတွေလို့တော့ ဖြူစင်ပြချင်လို့ မရ။ ထိုအချိန်က စစ်တပ်နဲ့ ဘာသာရေးမှိုင်းတွေကြောင့် ရောယောင် ထောက်ခံခဲ့သူတွေလည်း ရှိကောင်းရှိနိုင်သည်။ သို့သော် ၎င်းတို့ထောက်ခံမှုသည် လက်တွေ့ပါဝင်မှုဟုတော့ ပြောမရ။ လူသတ်အုပ်စု စစ်တပ်အတွက် ပိုပြီး ရဲဆေးတင်ပေးလိုက်ခြင်းသာ ဖြစ်သည်။

    လူအများစု မထောက်ခံလည်း စစ်တပ်က မလုပ်ဘဲ နေမည်မဟုတ်။ ယခု မြန်မာပြည်အနှံ့အပြား လူသတ်မီးရှို့ ဗုံးကြဲလုပ်နေသည်များက မျက်မြင်သက်သေပင်။

    ထို့အပြင် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီးနောက် မြန်မာပြည် အခြားနေရာမှ ပြည်သူများအနေဖြင့် စစ်တပ်ကျူးလွန်ခဲ့သည့် ရာဇဝတ်မှု အတိုင်းအတာများကို နားလည်နေနိုင်ပြီ။ လူငယ်တို့၏ အားကြောင့် နွေဦးအလွန်ကာလ၌ ရိုဟင်ဂျာအပါအဝင် လူနည်းစုများအပေါ် ပို၍ နားလည်မှု၊ စာနာမှု ရှိလာတာ၊ သွေးစည်း ညီညွတ်ကြောင်း ပြလာတာတွေဟာ အကောင်းဘက်ကို ဦးတည်သည့် အလားအလာပင် ဖြစ်သည်။ ပို၍ ရွေ့အောင် တွန်းရမည်သာ ဖြစ်သည်။

    ဤသို့ အနေအထားတွင် တချို့သော တက်ကြွလှုပ်ရှားသူများ၏ အပြုအမှုတချို့သည်လည်း မေးခွန်းထုတ်စရာ ကောင်းသည်။ တခြားသူများထက် ပိုပြီး ခေါင်းတလုံးပိုမြင့်ပြပြီး လူထုကို ကြိမ်းလားမောင်းလား လုပ်သည့် တက်ကြွလှုပ်ရှားသူများလည်း မနည်းမနော တွေ့ရသည်။

    မြန်မာပြည်က လူတွေအားလုံး လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်သလိုမျိုး အားလုံးကို သိမ်းကျုံးစွပ်စွဲသည့် တက်ကြွလှုပ်ရှားသူလည်း ရှိသေးသည်။ သို့သော် မတရားမှုကို ဆန့်ကျင်ရင်း ကိုယ်တိုင်ပင် အလွန်အကျွံ “ရောချ” ပြစ်တင်ကာ၊ နောင်ဖြစ်လာနိုင်သည့် လူမှုရေး သဟဇတ ပတ်ဝန်းကျင်ကို မဖျက်စီးမိဖို့ လိုသည်။ ဆင်ခြင်အပ်သည်။ မြန်မာသည် လူမှုသဟဇာ ကောင်းမွန်သည့် လူမျိုးစုံ တိုင်းပြည်တခုကို ထူထောင်ရဦးမည် ဖြစ်သည်။

    တကယ်တော့ လူသားမှန်သမျှ အနည်းနဲ့အများ ကိုယ့်လူမျိုးဇာတိရပ်ရွာကို ချစ်စိတ်ရှိကြတာပဲ ဖြစ်သည်။ အလွန်အကျူး မဖြစ်စေရန် ချွန်းအုပ်နိုင်ဖို့သာ အဓိကဖြစ်သည်။ လူ့အခွင့်အရေးကို မြှင့်တင်ပါသည် ဆိုသည့် အမေရိကန်တွင်ပင် ယနေ့အချိန် ဘာတွေ ဖြစ်ပျက်နေသလဲ ကြည့်နိုင်သည်။ ထို့ကြောင့် အစွန်းနှစ်ဖက် လွတ်ရန်လိုသည်။

    စစ်တပ် ဘာကြောင့်လုပ်သလဲ

    စစ်တပ်အတွက်တော့ ဒီယုံမြင်၍ ဒီခြုံထွင်ခဲ့ခြင်း ဖြစ်မည်။ တရားရုံးက ဆုံးဖြတ်ချက် ဘယ်လိုပင် ချမှတ်ခဲ့စေ စစ်ခေါင်းဆောင်များအတွက်က သန်းခေါင်ထက် ညဉ့်နက်စရာ မရှိတော့။ တိုင်းပြည်အာဏာသိမ်းထားပြီး လူအစုအလိုက် အပြုံလိုက် သတ်ဖြတ်နေဆဲ ဖြစ်သည့် ၎င်းတို့အတွက် နိုင်ငံတော် ဆိုသည့် အကာအကွယ်ဖြင့် နိုင်ငံတကာ အရေးယူမှုမှ ကာကွယ်နိုင်မည်ဟု မျှော်လင့်ကောင်း မျှော်လင့်နေနိုင်သည်။

    ထိုသို့ မျှော်လင့်သည်ဖြစ်စေ၊ မမျှော်လင့်သည် ဖြစ်စေ အာဏာထိုင်ခုံမှ ဆွဲမချ မခံရမချင်း ဆင်းမည်မဟုတ်။ ၎င်းတို့ အာဏာကို ဖက်တွယ်ထားနိုင်လေလေ သာမာန်ပြည်သူများအတွက် ဒုက္ခတွင်း နက်လေလေ ဖြစ်မည်။

    လက်ရှိ အိုင်စီဂျေတွင် တရားရင်ဆိုင်ရင်း ဝါဒဖြန့်လုပ်ငန်းကို ကောင်းကောင်းကြီး လုပ်နေသည့် စစ်တပ်အတွက် အကျိုးအမြတ်ရှိနေသည်။ အထက်တွင် ဆိုခဲ့သလို စစ်တပ်က နိုင်ငံတော်ကို ဦးဆောင်တာကို ပြည်သူတွေက လက်ခံလာသည် ဆိုသည့် အမြင်ကို ပုံဖော်ခြင်းနှင့် တော်လှန်ရေး အင်အားစုများအကြား ဝိဝါဒကွဲပြားကာ အင်အားချိနဲ့စေနိုင်ခြင်း ဖြစ်သည်။

    အထူးသဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် သာမာန် အစိုးရိမ်လွန်သည့် ပြည်သူများအကြား၊ လက်တွေ့ပြဿနာအား နီးနီးကပ်ကပ် ရင်ဆိုင်နေရသည့် ရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား (အထူးသဖြင့် NUG ထောက်ခံသူများ) အကြား ပြဿနာများ ပိုကြီးလာနိုင်သည်။ စစ်တပ်လော်ဘီများကလည်း အကောင့်အတုများနှင့် မီးစာထိုးပေးနေသည်ကို သတိထားဖို့ တိုက်တွန်းချင်သည်။

  • အောင်ဇမ္ဗူ ဖြစ်စဉ်ကနေ မြန်မာ့အနုပညာလောကတခုလုံးကို သတိပေးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံ

    အောင်ဇမ္ဗူ ဖြစ်စဉ်ကနေ မြန်မာ့အနုပညာလောကတခုလုံးကို သတိပေးလိုက်တဲ့ အချက်ပေး ခေါင်းလောင်းသံ

    ဇာတ်မင်းသား အောင်ဇမ္ဗူနဲ့ လူပြက်အဖွဲ့ကတော့ ပရိသတ်ကို တရားဝင် တောင်းပန်လိုက်ပြီ ဖြစ်ပါတယ်။

    ဒါပေမယ့် ဥပဒေမှာ စကားတခွန်း ရှိပါတယ်။ “ကျွန်တော်၊ ကျွန်မ မသိလို့ ဥပဒေကို ချိုးဖောက်မိပါတယ်” ဆိုပေမယ့်လည်း ဥပဒေအရတော့ အပြစ်ပေးခံရမှာပါပဲ။

    မြန်မာ့အနုပညာလောက အထူးသဖြင့် ပရိသတ်နဲ့ အများဆုံး ထိတွေ့ရတဲ့ ရုပ်ရှင်နဲ့ ဇာတ်သဘင်လောကမှာ တဖက်သားကို ချိုးနှိမ်ပြီး ဟာသလုပ်နေကြတာဟာ နှစ်ပေါင်း များစွာရှိပါပြီ။

    အဝလွန်တဲ့သူ၊ အသားမည်းတဲ့သူ၊ သွားခေါတဲ့သူ၊ အရပ်ပုတဲ့သူ၊ စကားမပီတဲ့သူ၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်သည် စသဖြင့် ခန္ဓာကိုယ် ထူးခြားတဲ့သူတွေကို ပြင်းပြင်းထန်ထန် ဟာသ လုပ်ခဲ့ကြပါတယ်။

    ဒီလိုဟာသမျိုးကိုမှ နှစ်ခြိုက်တဲ့ ပရိသတ်တွေကလည်း အများအပြားပါပဲ။

    ဒါပေမယ့် ခေတ်တွေက ပြောင်းလဲသွားပါပြီ။

    ကမ္ဘာပေါ်မှာ ထိပ်ဆုံးရောက်နေတဲ့ ဟောလိဝုဒ်နဲ့ ကိုရီးယား ရုပ်ရှင်တွေမှာ ဒီလိုဟာသမျိုး လုံးဝ မရှိတော့ပါဘူး။

    ချွင်းချက်အနေနဲ့ ဘောလိဝုဒ်နဲ့ အိန္ဒိယတောင်ပိုင်း ရုပ်ရှင်တွေမှာတော့ အနည်းအကျဉ်း တွေ့ရပါသေးတယ်။

    ရွှေပြည်ကြီးမှာတော့ အခုနောက်ပိုင်းမှာ ဒီလို အဆင့်နိမ့်တဲ့ ဟာသပြက်လုံးတွေ အများကြီး ပြန်လည်ထွက်ပေါ်လာပါတယ်။

    အထူးသဖြင့် လူပြက် စိစိဆိုရင် အကြောလိုက်နေတဲ့ မသန်စွမ်းတွေကို ဟာသလုပ်ပြီး နာမည်ကြီးလာတာ ဖြစ်ပါတယ်။

    နိုင်ငံတကာမှာ အနုပညာကို အသက်အရွယ်လိုက် ခံစားဖို့ ပိုင်းခြားထားပေမယ့်လည်း မြန်မာပြည်မှာ အခုထက်ထိ အသက် ၃ နှစ်ကနေ ၇၀ ကျော်အထိ ကြမ်းတပြေးတည်းထိုင်ပြီး အရွယ်နဲ့ မလိုက်တဲ့ ခွဲခြားဆက်ဆံမှု ဟာသတွေကို ရယ်မောခံစားနေကြတုန်းပါပဲ။

    အဲဒါတွေရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာပြည်က လူတွေဟာ အပြင်မှာပါ မသန်စွမ်းသူတွေနဲ့ ကိုယ်နဲ့ မတူသူတွေကို ချိုးနှိမ်ဟာသ လုပ်လာကြပါပြီ။

    လက်ရှိ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာအများစုဟာ ဒီနေရာကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။

    အခု အောင်ဇမ္ဗူ ဖြစ်စဉ်မှာလည်း သူ့ရဲ့ အမာခံပရိသတ်တွေက ဘယ်လောက်ပဲ ကာပေးနေပေမယ့် အမြင်ကျယ်လာတဲ့ ပြည်သူတွေကြောင့် ထိုက်သင့်တဲ့ ပြ၊စ်ဒ၊ဏ်ကို ခံရမှာပဲ ဖြစ်ပါတယ်။

    အောင်ဇမ္ဗူရဲ့ အဖြစ်ကို သင်ခန်းစာယူပြီး တဖက်သားကို ချိုးနှိမ်တဲ့ ဟာသတွေကို မလုပ်သင့်တော့ကြောင်း မြန်မာ့အနုပညာရှင်များကို အသိပေးလိုက်ပါရစေ။

  • ဗိုလ်မှူးချုပ် သန့်ထင်စိုး ခြစားမှု၊ တရားမဝင်စီးပွားရှာမှု၊ တပ်တွင်း အနိုင်ကျင့်မှုများ ကျူးလွန်သော်လည်း အရေးယူမှုမရှိ

    ဗိုလ်မှူးချုပ် သန့်ထင်စိုး ခြစားမှု၊ တရားမဝင်စီးပွားရှာမှု၊ တပ်တွင်း အနိုင်ကျင့်မှုများ ကျူးလွန်သော်လည်း အရေးယူမှုမရှိ

    MNDAA စစ်သုံ့ပန်းဘ၀မှ ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ဖြစ်လာသူ ဗိုလ်မှူးချုပ် သန့်ထင်စိုး ခြစားမှု၊ တရားမဝင်စီးပွားရှာမှု၊ တပ်တွင်း အနိုင်ကျင့်မှုများ ကျူးလွန်သော်လည်း အရေးယူမှုမရှိ

    မင်းအောင်လှိုင်ကို ကစထမှူးဘ၀တွင် သူရှာကျွေးခဲ့၍ ကြိုက်ရာတိုင်နိုင်ဟုဆို

    ကိုးကန့် MNDAA ၏ စစ်သုံ့ပန်းဘ၀မှ လွတ်မြောက်ပြီး ဟိုပုန်းကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းအုပ်ဖြစ်လာသော ဗိုလ်မှူးချုပ် သန့်ထင်စိုး လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင်စီးပွားရှာမှု၊ တပ်တွင်း အနိုင်ကျင့်မှုများ အကြီးအကျယ် ကျူးလွန်သော်လည်း အရေးယူမှုမရှိကြောင်း တပ်တွင်းသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

    ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် စစ်သုံ့ပန်းဖြစ်ခဲ့သော ဗိုလ်မှူးချုပ် သန့်ထင်စိုးမှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုန်းအခြေစိုက် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း၊ ကျောင်းအုပ်ကြီးဖြစ်ချိန်မှစတင်ပြီး လာဘ်ပေးလာဘ်ယူမှု၊ တရားမဝင်စီးပွားရှာမှု၊ တပ်တွင်း အနိုင်ကျင့်မှုများ အကြီးအကျယ် ကျူးလွန်လျက်ရှိသော်လည်း အရေးယူမရှိဘဲ ထင်ရာစိုင်းလျက်ရှိကြောင်း သိရှိရသည်။

    တရားမဝင် ဂိတ်ဖွင့်စီးပွားရှာခြင်း

    ဟိုပုန်း ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သန့်ထင်စိုးက ၎င်းပိုင် တပ်စစ်ဆေးရေးဂိတ်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ယင်းဂိတ်ဖွင့်လှစ်ရန်အတွက် ဒုတိယဗိုလ်မှူး ကြီး ညွှန့်သွင်၊ ဗိုလ်မှူးမိုးမင်းကို၊ ဗိုလ်မှူးအေးမင်းထွန်း၊ ဗိုလ်မှူးတင့်သူထက်၊ ဗိုလ်မှူး အောင်မွန်ဝင်း၊ ဗိုလ်မှူးအာကာမြင့်မောင် အပါအဝင် စစ်အရာရှိများကို အစည်းအဝေးခေါ်ယူ ဂိတ်ဖွင့်ခိုင်းခဲ့ကြောင်း၊ ယင်းနောက် တရားဝင် ကုန်သည်ယူနေသော ကုန်ကားများကိုပါ ဖမ်းဆီးခြင်း၊ ငွေညှစ်ခြင်းများ အကြီးအကျယ် လုပ်ဆောင်ခဲ့ကြောင်း၊ ဗိုလ်မှူးချုပ် သန့်ထင်စိုး၏ တရားမဝင် ဂိတ်ဖွင့် စီးပွားရှာခြင်းကြောင့် ကုန်သည်များနှင့် လုပ်ငန်းရှင်များ၊ ကုန်ကားသမားများက နေပြည်တော်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ထံသို့ တိုင်စာများ ပို့ခဲ့ကြကြောင်း သိရှိရသည်။

    “သူက ဗိုလ်မှူးကြီးဘ၀တုန်းက လင်းခေးဗျူဟာမှူး။ လင်းခေးကို ဖြတ်ဖူးတဲ့ ကားသမားတိုင်း သိတယ်။ ဘာလဲဆိုရင် ကားဘီး ၁ ဘီးဆိုရင် အခွန် ၁ သိန်းတောင်းတာ။ ဘာပစ္စည်းမှ မပါလဲ ၆ ဘီးကားဆိုရင် ၆ သိန်းပေး။ ဘာမှ လာရှင်းမပြနဲ့။ ပရိုဘောက်ဆိုရင် ကားဘီး ၄ ဘီးဆိုတော့ ၄ သိန်းတောင်းတာ။ အခု ဟိုပုန်းကျောင်းအုပ်ကြီးဖြစ်တော့လည်း သူ့တပ်ရှေ့မှာ ဂိတ်ဖွင့်တယ်။ တကယ်က သူ့တပ်မရောက်ခင် ဘေးဘယ်ညာမှာ မိုင်းပွန်ဂိတ်နဲ့ တိုးဂိတ်တွေ ရှိပြီးသား။ ရတဲ့စောက်ဆံမ၀လို့ တပ်ရှေ့မှာ ဂိတ်ထပ်ဖွင့်တာ” ဟု တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

    အဆိုပါ ဂိတ်ဖွင့်လှစ်မှုကြောင့် စုံစမ်းစစ်ဆေး အရေးယူခံရသော ဗိုလ်မှူးချုပ် သန့်ထင်စိုးက ဝန်မခံဘဲ တပည့်အရင်းဖြစ်သူ ဗိုလ်မှူး အေးမင်းထွန်းကို တာဝန်ခံခိုင်းပြီး ထိုးကျွေးခဲ့ကြောင်း သိရှိရသည်။

    “အခုအချုပ်ထဲရောက်သွားတဲ့ ဗိုလ်မှူး အေးမင်းထွန်းဆိုတာ သူ့တပည့်အရင်း။ အရင် သူ့ဂိတ်မှာ ကုန်ကားတွေကို ဖမ်းပြီး ငွေရှာပေးနေတာ တပ်တစ်ခုလုံးသိတယ်။ ကျောင်းအုပ်ကြီးအနေနဲ့ ဗိုလ်မှူးက သေနတ်ထုတ်သွားတာ မသိဘူးလို့ ဖင်ပိတ်ငြင်းပြီး သူအရေးယူခံရမှာ ကြောက်လို့ အဲဒီဗိုလ်မှူးကို ထိုးကျွေးတာ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

    တပ်ထောက်ပံ့ကြေးများကို ဖြတ်တောက်ရယူခြင်း

    ယခင် ၂၀၂၅ ခုနှစ်အတွင်း တပ်တွင်းတွင် စစ်သည်၊ အရာရှိနှင့် အခြားအဆင့်ဇနီးများအတွက် စစ်တပ်က ထောက်ပံ့ကြေး ၁ သိန်း ထုတ်ပေးခဲ့ကြောင်း၊ သို့ရာတွင် ဗိုလ်မှူးချုပ် သန့်ထင်စိုးက ၎င်းတပ်အတွင်းရှိ စစ်သည်၊ အရာရှိနှင့် အခြားအဆင့်ဇနီးများကို ငွေကျပ် ၁ သိန်းမပေးဘဲ အသား။ ငါး၊ အသီးအရွက်များကို အပြင်ပေါက်စျေးထက် စျေးကြီးတင်၍ ပေးကြောင်း၊ တပ်မိသားစုများမှာ တပ်ထောက်ပံ့ကြေးငွေ မရခဲ့ကြကြောင်း သိရှိရသည်။

    ပြည်သူ့စစ်မှုထမ်းတပ်သားများကို စျေးရောင်း၍ တရားမဝင် စီးပွားရှာခြင်း

    ဗိုလ်မှူးချုပ် သန့်ထင်စိုး ကျောင်းအုပ်လုပ်နေသော ဟိုပုံး ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ကျောင်းမှာ လစဉ် ပြည်သူ့စစ်မှုထမ်း သင်တန်းသားများကို လေ့ကျင့်ပေးနေရသော သင်တန်းကျောင်းဖြစ်ရာ ယင်းသင်တန်းကျောင်းတွင် အစားအသောက် မုန့်၊ လူသုံးကုန်နှင့်ပစ္စည်းအမျိုးမျိုးကို မယူမနေရ စနစ်ဖြင့် ရောင်းချ၍ လစာများမှ ဖြတ်တောက်ရယူ ဝင်ငွေရှာကြောင်း သိရှိရသည်။

    “သူက ကျောင်းအုပ်ဆိုတော့ ကျောင်းမှာ ရောက်နေတဲ့ စစ်မှုထမ်းသင်တန်းသားတွေရဲ့ လစာကို အကြောင်းအမျိုးမျိုးပြ ဖြတ်တောက်တယ်။ သင်တန်းကာလ ၁၀ ပတ်လောက်အတွင်းမှာ အားကစားဝတ်စုံ၊ စတစ်ကော်လာ၊ ပုဆိုး၊ ရေချိုးစီးဖိနပ်၊ မုန့်နဲ့ အစား အသောက်တွေ ရောင်းတယ်။ မယူမနေရ စနစ်နဲ့ ပြီးရင် လစာထဲက ပြန်ဖြတ်တာ။ အဆိုးဆုံးကတော့ ကျောင်းအုပ်ကြီး မုန့်ဆိုင်ဆိုပြီး ဆိုင်ဖွင့်ပြီး စစ်မှုထမ်းသင်တန်းသားတွေကို အဲဒီဆိုင်ကပဲ မယူမနေရ ဝယ်ခိုင်းတယ်။ တစ်ခါက သင်တန်းမှူး ဗိုလ်မှူးတစ်ဦးက သင်တန်း သားတွေကို သူနဲ့အပြိုင် မုန့်ရောင်းမိတာ အဲဒီဗိုလ်မှူးကို ဗိုလ်မှူးချုပ် သန့်ထင်စိုးက ခုံနဲ့ပါ ရိုက်တယ်” ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

    တပ်တွင်း ကြီးနိုင်ငယ်ညှဉ်းဖြင့် အနိုင်ကျင့်ခြင်း

    ဗိုလ်မှူးချုပ် သန့်ထင်စိုးက ဟိုပုန်း ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းအတွင်း အစည်း အဝေးတစ်ခုတွင် ၎င်းထက် အသက်ကြီးရင့်နေသော စာပေညွှန်ကြားရေးမှူး (အပြင်တက္ကသိုလ်ရာထူးအရ ပါမောက္ခအဆင့်တူညီ)ကို ငါကိုင်တုတ်၍ ဆဲဆိုခဲ့ကြောင်း၊ ကြိုက်ရာတိုင်နိုင်သည်ဟုလည်း စိန်ခေါ်ခဲ့ကြောင်း သိရှိရသည်။

    မင်းအောင်လှိုင်နှင့်ရင်းနှီးသည်ဟု ကြွေးကြော်ခြင်း

    ဗိုလ်မှူးချုပ် သန့်ထင်စိုးက MNDAA ကိုးကန့်၏ စစ်သုံ့ပန်းဖြစ်ခဲ့ရာမှ ဟိုပုန်းကျောင်းအုပ်ကြီးအဖြစ် ခန့်အပ်ခံရမှုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ကစထမှူးဘ၀တွင် ငွေကြေးရှာဖွေကျွေးမွေးလာခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မည်သူကို့မှ ဂရုမစိုက်ဘဲ ကြိုက်ရာ သွားတိုင်နိုင်ကြောင်း အမြဲလိုလို ဆဲဆို အော်ဟစ်ပြောဆိုကြောင်း သိရှိရသည်။

    “သူအမြဲပြောတာ တစ်ခွန်းတည်း။ ကြိုက်တဲ့နေရာသွားတိုင် တပ်ချုပ်ကြီး ကစထမှူးက တည်းက ငါရှာကျွေးလာတာ။ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတာပဲ။ နောက်တစ်ခုက MNDAA ကိုးကန့် ရဲ့ စစ်သုံ့ပန်းဘ၀မှာလည်း သိန်း ၈၀၀၀ ပေးဦးချကန်တော့ပြီး လွတ်လာတယ် ဆိုတာလည်း တပ်ထဲမှာ အတောကို လူပြောများတယ်။ သူကလည်း ဘယ်လို MNDAA ကိုးကန့်ရဲ့ စစ်သုံ့ပန်း ဘ၀က လွတ်လာလဲ မပြောဘူး” ဟု တပ်တွင်းသတင်းရင်းမြစ်က ရှင်းပြသည်။

  • သမီးဖြစ်သူ ရွှေကြိုမယ် ဖြစ်တာနဲ့ NUG နဲ့ PDF တွေကို အကြမ်းဖက်တွေလို့ ပြောဆို

    သမီးဖြစ်သူ ရွှေကြိုမယ် ဖြစ်တာနဲ့ NUG နဲ့ PDF တွေကို အကြမ်းဖက်တွေလို့ ပြောဆို

    ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအတွက် ရွှေကြိုမောင်မယ်အဖြစ် ရွေးချယ်ခံရတဲ့ စာရင်းမှာ မဥမ္မာဖြိုး (ခ) အကြိုင် လည်း ပါဝင်ခဲ့ပါတယ်။

    ရွှေကြိုမောင်မယ် ရွေးချယ်တာကို ပြည်သူလူထုအများစုက စိတ်မဝင်စားကြပေမယ့် ရွှေကြိုမယ် အကြိုင် ရဲ့ အမေဖြစ်သူက “NUG နဲ့ PDF တွေကို အကြမ်းဖက်တွေ” လို့ ပြောဆိုခဲ့တာကြောင့် လူမှုကွန်ရက် စာမျက်နှာမှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

    “စင်္ကာပူမှာ နေတုန်းက ကျွန်မရဲ့ ပတ်ဝန်းကျင် အ‌ခြေအနေကို ကြည့်ပြီး နေရ၊ ထိုင်ရ၊ ပြောဆိုရတာတွေ ရှိပါတယ်။ မဟုတ်ရင် စင်ကာပူမှာ ဆက်နေလို့ရမှာ မဟုတ်ပါဘူး။ အကြမ်းဖက်မှုတွေကို ပြုလုပ်လျက်ရှိတဲ့ NUG နှင့် PDF အဖွဲ့တွေကိုလည်း ထောက်ခံ အားပေးခြင်း မရှိပါဘူး။ မြန်မာပြည်ကို ပြန်လာတုန်းကလည်း အဲ့ Post တွေကို ဖျက်ပြီးမှ ပြန်လာခဲ့တာပါ။ သမီးလေးရဲ့ အနုပညာ လမ်းကြောင်း ပိတ်သွားမှာကို စိုးရိမ်ပါတယ်” လို့ သူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ပြောဆိုခဲ့တာပါ။

    ရွှေကြိုမယ် အကြိုင် ရဲ့ အမေ ဟာ ယခင်က စင်္ကာပူမှာ နေထိုင်ခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကို တော်လှန်နေတဲ့ အင်အားစုတွေဘက်က ရပ်တည်ခဲ့သလို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင်၊ အာဏာသိမ်း စစ်အုပ်စုနဲ့ စစ်တပ်လော်ဘီတွေကိုလည်း မိန်းမအင်္ဂါနဲ့ နှိုင်းကာ ဆဲဆိုတဲ့ တစ်တော့ video ဆော့တာတွေလည်း ရှိခဲ့ပါတယ်။

    “Tiktok မှာ နိုင်ငံရေးနဲ့ ဆိုင်တာတွေ ဆော့ကြတယ်၊ မကြီးကို ဘယ်သူက နောက်ကျော ဓါးထောက်ပြီး ဆော့ခိုင်းနေလို့လဲ၊ နိုင်ငံရေးကလည်း ကိုယ်အသိတရားနဲ့ ကိုယ့်ဉာဏ်မှီသလို လုပ်နေကြတာ၊ ကျမက မကြီး Fan ပါ၊ သမီးလေး အကြိုင် အခုလို ဖြစ်ထွန်းတာလည်း မကြီးရဲ့ ပင်ပန်းမှုတွေအတွက် မျက်ရည်ကျပြီး ကြည်နူးနေရတဲ့ သူပါ၊ ဒါပေမယ့် မကြီး တယောက်တည်း ကောင်းစားဖို့ အတွက်တော့ မကြီးနဲ့ တချိန်က ရင်းနှီးခဲ့တဲ့ လူတွေကို မကြီး မစော်ကားသင့်ဘူး” လို့ မလှိုင်ရဲ့ မိတ်ဆွေတစ်ဦးက ထောက်ပြ ပြောဆိုထားပါတယ်။

    ရွှေကြိုမယ် အကြိုင်ရဲ့ အမေ မလှိုင် ဟာ ရန်ကုန်ကို ရောက်ရှိနေတဲ့ စစ်တပ်လော်ဘီ မော်ဒယ် ရွှေရူပါဦး ကို လူကိုယ်တိုင်သွားရောက်ကာ ယခင်က TikTok မှာ ဆဲဆိုခဲ့တာတွေအတွက် တောင်းပန်ခဲ့ကြောင်းနဲ့ ရွှေရူပါဦးကို ချီးမွမ်းခန်းတွေလည်း ဖွင့်ဆိုပြီး ပို့စ်တင်ခဲ့ပါသေးတယ်။

    “သမီးလေး ရွှေရူပါဦး ရန်ကုန်ရောက်တုန်း၊ ကိုယ်အရင်က သမီးလေးအပေါ် လွန်လွန်ကျူးကျူး ပြောဆိုထားတဲ့အပေါ် သွားရောက် တောင်းပန်ခဲ့ပါတယ်၊ အပြင်မှာလည်း သဘောကောင်းပြီး အသက်ငယ်ပေမယ့် နားလည်မှု အပြည့်နဲ့ ခွင့်လွှတ်ပေးတဲ့အတွက်လည်း အန်တီက ဒီကနေပဲ ကျေးဇူးတင်ပါတယ်နော်၊ အပြင်မှာ ပိုချစ်ဖို့​ကောင်း​သော ခ​လေး​လေး”ဆိုပြီး ပို့စ်တင်ခဲ့တာပါ။

    ရွှေကြိုမယ် အကြိုင်ရဲ့ အမေ မလှိုင် ဟာ မိုးကုတ်သူဖြစ်တာကြောင့် မိုးကုတ်က သူမရဲ့ မိတ်ဆွေကလည်း သူမရဲ့ ပြောဆိုမှုတွေနဲ့ လုပ်ရပ်တွေအပေါ် ခုလို ထောက်ပြထားပါတယ်။

    “လူတွေရဲ့ အသက်တွေကို အားနာပါအုံး အမရယ်၊ မိုးကုတ်သူ အချင်းချင်း လက်ရှိ မိုးကုတ်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူတွေရဲ့ခံစားချက်တွေကို အမက ပျက်ရယ်ပြုနေသလို မခံစားရဘူးလား၊ ဘဝတိုးတက်ရာ တိုးတက်ကြောင်းက တခြားနည်းနဲ့ လမ်းပြပေးရင် ရရဲ့သားနဲ့ သမီးအကြောင်းပြလိုက် နီရာက စိမ်းလိုက် မရှက်ဘူးလား” လို့ ပြောဆိုထားပါတယ်။

    အကြိုင် ရဲ့ အမေ ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်တူးကို လက်မောင်းမှာ ထိုးထားခဲ့တယ်လို့လည်း အကြိုင် ရဲ့ အမေကို သိသူတွေက ပြောဆိုနေကြပါတယ်။

    “အစ်မနဲ့ fri ဖြစ်တာ ကြာပြီ၊ ၂၀၂၂ ကတည်းက ထင်တယ်၊ စင်္ကာပူမှာ နေတုန်းက အမေစု အမေစုနဲ့ တက်တူးပါ အမေစုပုံ ထိုးထားတာ၊ အခုတော့ အကြမ်းဖက် NUG၊ PDF တဲ့လား၊ ကောင်းစားဖို့ တခုတည်းနဲ အလိုတော့ မပြောသင့်ပါဘူး၊ ကျမလည်း အစ်မ သမီး fan ပါ” လို့ အကြိုင် ရဲ့ အမေ့ပို့စ်အောက်မှာ မှတ်ချက်ပေးထားတာပါ။

    ၂၀၂၅ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ ရွှေကြိုမောင်မယ်အဖြစ် ရွေးချယ်ခံရဖို့အတွက် ဒါရိုက်တာ မောင်သီ ကို ကျပ်သိန်း (၃၀) ပေးရမယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါခဲ့တယ်လို့ သိရပါတယ်။

    Screenshot

    ရွှေရူပါဦးအပေါ် လွန်ကျူးစွာ ပြောဆိုခဲ့မိတာတွေကို သွားရောက်တောင်းပန်ခဲ့တဲ့ ရွှေကြို အကြိုင်ရဲ့မိခင်

    အကြိုင်ကတော့ လက်တလောမှာ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြိုအဖြစ်ရွေးချယ်ခံရတဲ့ ဆယ်လီတစ်ဦးလည်းဖြစ်ပါတယ်။

    အကြိုင်ရဲ့ မိခင်ကတော့ လက်ရှိ ရန်ကုန်ကိုရောက်ရှိနေတဲ့ မော်ဒယ်နှင့်သရုပ်ဆောင်ရွှေရူပါဦးကို လူကိုယ်တိုင် သွားရောက်တောင်းပန်ခဲ့ပါတယ်။

    နားလည်မှုအပြည့်နဲ့ ခွင့်လွှတ်ပေးတဲ့ ရွှေရူပါဦးကို ကျေးဇူးတင်ခဲ့ပြီး သူမဟာ စင်ကာပူမှာနေစဉ်ကာလက ကာလံဒေသံကြည့်ပြီး ပြောဆိုခဲ့ရတာတွေဖြစ်တယ်လို့ ရွှေရူပါဦးအပေါ်စော်ကားမိတာတွေနဲ့ပတ်သက်ပြီးပြောပါတယ်။

    မြန်မာပြည်ပြန်ရောက်တည်းက အဆိုပါပို့စ်တွေကို ဖျက်ခဲ့ပြီး အကြ၊မ်.ဖ၊က်ခြင်း တွေကို ထောက်ခံအားပေးခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။

    ယခုအချိန်သမီးလေးရွှေကြိုပါချိန်ကျမှ သူမရဲ့ ပို့စ်အဟောင်းတွေပြန်တက်လာတဲ့အတွက် သမီးလေးရဲ့ အနုပညာလမ်းကြောင်းအပေါ် အတားအဆီးဖြစ်မှာကို စိုးရိမ်မိတယ်လို့ ယခင်ကလုပ်ခဲ့တဲ့လုပ်ရပ်တွေအပေါ် နောင်တရစွာပြောလာပါတယ်

    “အကြိုင်ဆိုတဲ့ ရွှေကြို Ma ရဲ့ အမေ လက်မောင်းပေါ်က ဒေါ်အောင်ဆန်းစုကြည် ပုံရော တခုခု အုပ်ထားပီးပီလား မေးပေးဦး”

    လူဆိုတာ ယုံကြည်ရာလုပ်လို့ရပါတယ်။ ဒါပေမယ့်အချို့အရာတွေက EX ရဲ့အမည်ထိုးထားမိလို့ တွေ့တဲ့တက်တူးဆိုင်မှာ ကာဗာအုပ်သလို မလွယ်ဘူးဆိုတာ သင်ခန်းစာတခုပါပဲ။

    အကြိုင်ဆိုတဲ့ ရွှေကြိုရဲ့အမေ မလှိုင်လက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက်တူးကိုရော ကာဗာဖုံးပြီးသွားပြီလားမသိဘူး။

    တော်လှန်ရေးကို အကျိုးစီးပွါးအတွက် အသုံးချတယ်ဆိုတာ အချိန်တခုပဲ ရမှာပါ။ ပြီးရင်တော့မျက်နှာဖုံးတွေကွာကျတာပါပဲ။

    ရန်အောင်တို့ ခန့်စည်သူတို့ ခင်လှိုင်တို့ ဆန္ဒထွက်ပြသလိုပါပဲ ပေါ်ပင်မှာ လုပ်စားကြတာဟာ ကြာကြာမခံပါဘူး။

    T.H.A