ဗန်းမော်မှာ နာရေးအိမ်ကို စစ်တပ်ဗုံးကြဲပြည်သူ ၂၀ ဦးထက်မနည်းသေဆုံး အများအပြားဒဏ်ရာရ
ဗန်းမော်မြို့ရဲ့ဧရာဝတီမြစ်တစ်ဘက်ကမ်းမှာ ဒေသခံပြည်သူတွေက နာရေးအခမ်းအနားတစ်ခုအတွက် ဆုတောင်းပွဲလုပ်နေစဉ် အာဏာသိမ်းစစ်တပ်က ဗုံးကြဲလို့ ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင်ပြည်သူ ၂၀ ဦးမနည်း သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ပါတယ်။

ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ကောင်ဂျာရွာအုပ်စု၊ ထီးလင်းကျောင်းရှေ့မှာ ဇန်နဝါရီ ၂၂ ရက်ညနေပိုင်းပြုလုပ်နေတဲ့ဆုတောင်းပွဲကို ညနေ ၄နာရီ ၃၀မိနစ်ခန့်မှာ စစ်တပ်ကဗုံးကြဲသွားတာလို့ ကချင်သတင်းရင်းမြစ်တွေကပြောပါတယ်။
“ဗန်းမော်နယ်ကိုဒီနေ့၄ကြိမ် ဗုံးကြဲတာပါ။ထီလင်းကျောင်းရှေ့မှာက ဒေသခံတွေ ဆုတောင်းပေးလုပ်နေတာ။အဲဒီနေရာကိုကြဲသွားတာ။ ရုပ်အလောင်း တချို့တစ်စစီပဲ။ သေဆုံးတာ ၂၀ထက် မနည်းပါဘူး။ စိစစ်နေဆဲပါပဲ”လို့ ၎င်းကပြောပါတယ်။
ဒါအပြင်ဒဏ်ရာရသူအရေအတွက်လည်းများပြားပြီး အရေးပေါ်ဆေးကုသမှုတွေပြုလုပ်နေတယ်လို့ဒေသခံအချို့ပြောပါတယ်။

ဗန်းမော်မြို့ပေါ်မှာတိုက်ပွဲပြင်းထန်နေပေမယ့် စစ်ကောင်စီဗုံးကြဲတဲ့ကောင်ဂျာကျေးရွာအုပ်စုမှာ တိုက်ပွဲလုံးဝရှိမနေဘူးလို့ ဆိုပါတယ်။ ကျေးရွာမှာဒေသခံတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေလာရောက်ခိုလှုံနေကြတာလည်းရှိတယ်လို့သိရပါတယ်။
ထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ အသေးစိတ် မသိရသေးဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ထံလည်း ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီ ဗုံးကြဲတဲ့နေရာဟာဒေသခံတစ်ဦးကွယ်လွန်လို့ မနက်ဖြန်မှာ ပြုလုပ်မယ့်နာရေးအတွက် အိမ်နီးချင်းဒေသခံတွေက ဆုတောင်းပွဲပြုလုပ်နေတာလို့ သတင်းရရှိပါတယ်။

ဗုံးကြဲခံရပြီး နောက်မြင်ကွင်းကို ပြည်သူအချို့ကို ဖုန်းကင်မရာနဲ့ ဗီဒီယိုရိုက်ပြီး လူမှုကွန်ယက်မှာမျှဝေထားတာမှာ ပြည်သူအများအပြားသွေးသံရဲရဲသေဆုံးနေတာကို မြင်တွေ့ရပါတယ်။တချို့ရုပ်အလောင်းတွေက ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါတယ်။
“ဘယ်လိုလုပ်ရမတုန်း ၊ ဘယ်လိုလုပ်ရမတုန်း ဘာမှမရှိတဲ့ ပြည်သူလူထုရှေ့မှာ။ …..။ဘယ်လိုလုပ်ကြမတုန်း” လို့ ဒေသခံတဦးက အခင်းဖြစ်တဲဲနေရာကို ဖုန်းကင်မရာနဲ့ ဗီဒိုယိုရိုက်ကူးရင်းပြောတာကိုလည်းတွေ့ရပါတယ် ။
နေပြည်တော်နဲ့ရန်ကုန်မြို့ကလွဲလို့ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုတွေကိုစစ်တပ်ကဆက်တိုက်ပြုလုပ်နေပါတယ်။
စစ်တပ်က ပြည်သူတွေကိုပစ်မှတ်ထားပြီး အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၄ရက်အတွင်းနှစ်ကြိမ်ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ၂၀ရက်ညကလည်းရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာအနောက်ဘက် နေရာတချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲလို့ ၂၁ဦး သေဆုံးပြီး ၃၀ကျော် ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးထိခိုက်ခဲ့သူတွေဟာ မကြာခင်ပြန်လွှတ်ပေးဖို့စီစဉ်ထားတဲ့ စစ်သုံ့ပန်းတွေနဲ့ သုံ့ပန်းမိသားစုဝင်တွေဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့လည်း စစ်ကိုင်းတိုင်းကနီမြို့နယ်ကို လေကြောင်းကနေလေးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။
ဗုံးကြဲခံရပြီးနောက် သေဆုံးသူတဦး၏အလောင်းကို လူတစ်ဦးကကြည့်ရှုစဥ်နဲ့ ဗုံးကြဲခံပြီးနောက်မြင်ကွင်း

Leave a Reply