Author: Baby Yit Lone

  • စစ်တွေတိုက်ပွဲတွင် AA ၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးဒဏ်ရာရသူများပြားသဖြင့်စစ်တပ် ကာကင်းစခန်းအချို့နောက်ဆုတ်ရ

    စစ်တွေတိုက်ပွဲတွင် AA ၏ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးဒဏ်ရာရသူများပြားသဖြင့်စစ်တပ် ကာကင်းစခန်းအချို့နောက်ဆုတ်ရ

    ရခိုင်ပြည်မြို့တော်စစ်တွေ၏မြို့ပြင်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အာရက္ခတပ်တော် (AA)မှ လက်နက်ကြီးဖြင့်ပစ်ခတ်၍ အကြမ်းဖက်စစ်တပ်မှ အထိအခိုက် အကျအဆုံးများနေသဖြင့် ကာကင်းစခန်းအချို့ကို နောက်ဆုတ်ထားရသည်ဟု သတင်းရရှိသည်။

    စစ်တွေစစ်မြေပြင်အခြေအနေကို အနီးကပ်စောင့်ကြည့်နေသူတစ်ဦးက “အဓိက စစ်တပ်ပွိုင့်ကုန်းတွေနဲ့ကာကင်းစခန်းငယ်တွေရှိနေတဲ့ ဇော်မတက်၊ကြံတော၊ကံ့ကော်ကျွန်းဖက်မှာစစ်တပ်က တော်တော် အထိနာသွားတယ်။ AA က လက်နက်ကြီးပစ်တာ စခန်းတွေ ပြိုပျက်ပြီး သေတာတွေလည်း အရမ်းများတယ်လို့ သိရတယ်။ အဲဒီနောက် ကာကင်းစခန်းတွေကနေ နောက်ဆုတ်ထားရတယ်လို့ သိရပါတယ်”ဟု ၎င်းက ပြောကြားသည်။

    လွန်ခဲ့သည့်မတ်လ ၂၆၊၂၇၊၂၈ ရက်နေ့များအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်လက်နက်ကြီး၊လက်နက်ငယ်များဖြင့်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး AA က ပစ်ခတ်သော လက်နက်ကြီးကျည်များသည် စစ်တပ်စခန်းများကို တိုက်ရိုက်ထိမှန်ခဲ့သဖြင့်စစ်တပ်ဘက်က အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့သည်ဟု ဆိုသည်။

    “ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက်စစ်တပ်က ရှေ့တန်းပွိုင့်စခန်းငယ်တွေက ဒဏ်ရာရတဲ့တပ်ဖွဲ့ဝင်တွေကို သယ်ဆောင်ပြီး စခန်းငယ်တွေကပါ နောက်ဆုတ်လာရတယ်။ သူတို့ကိုတပ်မတော်ကုတင် ၁၀၀ ဆေးရုံနဲ့စစ်တွေဆေးရုံးကြီးကိုပို့ထားရတယ်လို့သိရပါတယ်”ဟု ပြောသည်။

    ဒဏ်ရာရတပ်ဖွဲ့ဝင်စစ်သည်များကိုစစ်တွေ-ရေချမ်းပြင်လမ်းပေါ်တွင်တည်ရှိသည့် တပ်မတော် ကုတင် ၁၀၀ ဆေးရုံကိုပို့ဆောင်ထားပြီး ဒဏ်ရာရသူများပြားပြီးစစ်ဆေးရုံတွင်မဆံ့ဖြစ်နေသဖြင့် အရာရှိပိုင်းကိုစစ်တွေပြည်သူ့ဆေးရုံကို မတ်လ ၂၉ ရက်နေ့ညအချိန်ကပို့ဆောင်ထားရသည်ဟု၎င်းက ပြောသည်။

    ရှေ့တန်းပွိုင့်စခန်းငယ်များကို ဒဏ်ရာရသူများပြားသဖြင့်နောက်ဆုတ်ထားရသော်လည်းတပ်ရင်များအနီးရှိ ဘန်ကာ၊ကတုတ်ကျင်း၊ဆက်သွယ်ရေးမြောင်းတို့ဖြင့်ခိုင်ခိုင်မာတည်ဆောက်ထားသည့်ရှေ့ထွက်အမာခံကာကင်းစခန်းများတွင်အင်အားများဖြည့်တင်းထားသည်ဟု သိရသည်။

    “အနီးအနားက အမာခံစခန်းတွေမှာ ဒဏ်ရာမရတဲ့ တပ်ဖွဲ့ဝင်တွေကျန်ခဲ့တယ်။သူတို့လူတွေထပ်ဖြည့်ပြီးအဲဒီနေရာတွေကို ပြန်ယူနိုင်တယ်”ဟုပြောသည်။

    လွန်ခဲ့သည့် တပတ်အတွင်း ပြင်းထန်ခဲ့သောနှစ်ဖက်တိုက်ပွဲအတွင်းစစ်ကော်မရှင်ဖက်က သေဆုံး၊ဒဏ်ရာရသူများပြားခဲ့သည့်အတွက် ဒရုန်း၊လက်နက်ကြီး၊ဂျက်တိုက်လေယာဉ်နှင့် Y-12 တို့ဖြင့် အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် နေရာများကို အကြိမ်ကြိမ် ဗုံးကြဲချခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် မြန်မာစစ်တပ်ဘက်က ဗိုလ်မှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် အရာရှိတချို့နှင့် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ကျော် သေဆုံးခဲ့သည်ဟုခိုင်လုံသော စစ်တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

    နိရဉ္စရာ

  • မော်လမြိုင်နှင့် ချောင်းဆုံတွင် ဆီတန်းစီနေသူများကို ပြည်သူချင်း ကူညီ ဒါနပြု

    မော်လမြိုင်နှင့် ချောင်းဆုံတွင် ဆီတန်းစီနေသူများကို ပြည်သူချင်း ကူညီ ဒါနပြု

    စစ်ကော်မရှင်နှင့် ပါတီများ မသိချင်ယောင်ဆောင်နေကြ

    မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်းဆုံတို့တွင် ဆီဘေးဒုက္ခကြောင့် တန်းစီနေကြသူများကို ပြည်သူ – ပြည်သူချင်း ဖေးမကူညီကာ အလှူဒါနပြုနေကြကြောင်း သိရသည်။

    ဓာတ်ဆီ တစ်လီတာရရန်အတွက် ပင်ပန်းကြီးစွာဖြင့် ညအိပ်တန်းစီရသည်အထိ ဒုက္ခရောက် နေသော ပြည်သူများကို ပြည်သူချင်းကပင် ရေသန့်ဗူးတိုက်ခြင်း၊အအေးတိုက်ခြင်း၊ ဓာတ်ဆားနှင့် ရေ သန့်ဗူး လှူဒါန်းပေးနေကြပြီး တရားမဝင်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပါတီများကမူ မသိချင်ယောင် ဆောင်နေကြကြောင်း ဒေသခံအချို့ထံက သိရသည်။

    “တန်းစီရတာ နေပူကြီးထဲလည်း ၄-၅နာရီ အနည်းဆုံးစီရတာလေ။နေကလည်း အရမ်းပူတော့ မူးလဲ တာတွေ၊ ချောင်းဆုံမှာဆို အပူရှပ်ပြီး သေတာတွေ ဖြစ်နေတော့ ပြည်သူချင်းပဲ တတ်နိုင်သလောက် ကူကြတာ တကယ်ကျေးဇူးတင်ရတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။

    ဆီတန်းစီရာလမ်းမကြီးဘေးရှိ အိမ်အချို့က ရေသန့်ဗူးကြီးများ ချထားပေးသလို အပေါ့အပါးသွားခွင့် ပြုခြင်း၊ဆီတန်းစီရာနေရာ သို့လာကာ အအေးလိုက်ဝေခြင်း စသဖြင့် ကုသိုလ်ပြု ဖေးမကြကြောင်း ချောင်းဆုံမြို့နယ်၊ပလိုင်ဝမ်းရွာသားတစ်ဦးက ပြောသည်။

    “ကျနော်တို့ ချောင်းဆုံမှာ ချောင်းဆုံကြက်ခြေနီအသင်းက ဆီတန်းစီတဲ့ နေရာမှာ ရေသန့်ဗူးကြီး လာလှူထားတာ တွေ့ရ တယ်။ တချို့အိမ်တွေက အိမ်ရှေ့မှာ ရေကုသိုလ်ပြုကြတယ်။ အပေါ့အပါး သွားခွင့်ပေးတယ်။လက်ဖက်သုတ်တို့ဘာတို့ ကျွေးတယ်။ တချို့လည်း ကားနဲ့ရောက်လာပြီး အအေး လာတိုက်တယ်။ ပြည်သူတွေပဲ လုပ်ပေးတယ်”ဟု ၎င်းက ပြောသည်။

    ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်ရှိ Puma ဆီဆိုင်တွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စုံမ စနစ်ဖြင့် စက်သုံးဆီ ရောင်းချပေးလျက်ရှိပြီး ကားများကို ဓာတ်ဆီ ၂ သောင်းဖိုးနှင့် ဆိုင်ကယ် ၅၀၀၀ ဖိုး ဝယ်ခွင့်ပြုကြောင်းနှင့် ည ၇ နာရီခန့်ကတည်းက ဆီတန်းစီနေကြရကြောင်း သိရသည်။

    ချောင်းဆုံမြို့နယ်အတွင်း တရားမဝင်ရွေးကောက်ပွဲ အနိုင်ရပါတီများဖြစ်သော ကြံ့ဖွံ့ပါတီနှင့် မွန်ညီ ညွတ်ရေးပါတီတို့က မည်သို့သော အကူအညီများ ပေးသနည်းဟု မေးမြန်းခဲ့ရာ “သူတို့က အာဏာပဲရူးတတ်တာ၊ပြည်သူကို မကူညီတတ်ဘူး”ဟု ၎င်းက ပြန်လည် ဖြေကြားသည်။

    မော်လမြိုင်မြို့တွင်လည်း စုံမစနစ်ဖြင့် တစ်ရက်လျှင် တစ်ကြိမ် ဆီရောင်းပေးနေပြီး ဆီရရန် အချိန် များစွာကြာ တန်းစီနေရဆဲဖြစ်သည်။

    ပုံစာ- မော်လမြိုင်နှင့် ချောင်းဆုံတွင် ဆီတန်းစီသူများကို ဒါနပြုနေပုံ။

  • ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်သူ့တပ်အား PLA မှ တိုက်ခိုက်

    ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်သူ့တပ်အား PLA မှ တိုက်ခိုက်

    ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု ရဲ ၁၀ ဦးသေဆုံး

    မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီးရှိ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ရဲယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲ ၁၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ သတင်းနှင့် ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

    ယနေ့ မတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၅၃ အနီးတွင် ကင်းလှည့်လာသော ရဲကား ၄ စီး၊ အင်အား ၂၀ ခန့် ပါဝင်သော ယာဉ်တန်းကို PLA က ကင်းပုန်းဝပ်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

    ထိုထိတွေ့တိုက်ပွဲသည် ၂၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ထိုတိုက်ခိုက်မှုအတွင်း ရဲ ၁၀ ဦးသေဆုံးကာပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိကာ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

    “ရဲခွေး အင်အား ၂၀ ခန့်ပါတဲ့ ကား ၄ စီးကို တိုက်ခိုက်ခဲ့တာ ရဲ ၁၀ ကောင်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ ထပ်တိုးသေဆုံးတာတော့ မသိရသေးပါဘူး။ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာမျိုးတော့ မရှိဘူး” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ သတင်းနှင့် ပြန်ကြားရေးက တာဝန်ရှိသူက ပြောဆိုသည်။

    အဆိုပါ ရဲယာဉ်တန်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကင်းလှည့်ခြင်း၊ ဂိတ်ထိုးပြီး ပိုက်ဆံ ကောက်နေသော ရဲကားယာဉ်တန်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်ကိုလည်း အကြမ်းဖက် စစ်တပ်က ရှင်းလင်းရေး လုပ်ဆောင်နေကာ အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း သိရှိရသည်။

    နေပြည်တော်အနီး ရမည်းသင်းမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရန်သူ့တပ်အား PLA မှ တိုက်ခိုက်

    နေပြည်တော်အနီးရှိ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ ကျော်ကြားရွာအနီး ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၅၃) ဝန်းကျင်တွင် ရန်သူ့ယာဉ်တန်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ ယနေ့ မတ်လ (၃၀) ရက်နေ့ နေ့လယ်ပိုင်းက စောင့်ကြိုတိုက်ခိုက်ရာ ရန်သူ့တပ်သား (၁၀) ဦး ကျဆုံးခဲ့သည်။

    ရန်သူ့လုံခြုံရေးတင်းကျပ်ထားသော ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကင်းလှည့်လာသော အင်အား (၂၀) ဝန်းကျင်ခန့် နှင့် ကား (၄) စီးပါ ရဲကားယာဉ်တန်းအား နေ့လယ် (၁၂း၀၀) နာရီ ဝန်းကျင်တွင် PLA မှ ကင်းပုန်းဝပ် နေရာယူကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    ထိတွေ့တိုက်ပွဲကြာမြင့်ချိန် (၂၅) မိနစ်ခန့် ရှိခဲ့ပြီး ရန်သူ (၁၀) ဦး ကျဆုံးကြောင်း PLA ရဲဘော်များမှ မျက်မြင်အတည်ပြုနိုင်ခဲ့သည်။

    ရန်သူ့ထိခိုက်ဒဏ်ရာရရှိမှု စာရင်းကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

    အဆိုပါ ရန်သူ့ယာဉ်တန်းသည် ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကင်းလှည့်၊ ဂိတ်ထိုးကာ ပိုက်ဆံကောက်နေသော ရဲကားယာဉ်တန်းဖြစ်သည်။

    နောက်ဆက်တွဲအနေဖြင့် တိုက်ပွဲဖြစ်ပွားရာ ပတ်ဝန်းကျင်တွင် ရန်သူ့တပ်မှ ရှင်းလင်းရေး လုပ်ဆောင်နေပြီး အင်အားအလုံးအရင်းဖြည့်တင်းနေကြောင်း သိရသည်။

    “ရန်သူတကာကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်းရွှင်လန်းအားတက်ပါစေ”

    “ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ခြေတလှမ်းတိုင်းသည် အဖိနှိပ်ခံပြည်သူလူထု၏ အကျိုးစီးပွားမှတပါး အခြားမရှိ”

    PLA

  • တပ်ချုပ် ရာထူးစွန့် မင်းအောင်လှိုင် သမ္မတဖြစ်ရေး နီးစပ်လာနေသော်လည်း ဒုတပ်ချုပ်ရာထူးစွန့်ရသည့် စိုးဝင်း နေရာပျောက်နေ

    တပ်ချုပ် ရာထူးစွန့် မင်းအောင်လှိုင် သမ္မတဖြစ်ရေး နီးစပ်လာနေသော်လည်း ဒုတပ်ချုပ်ရာထူးစွန့်ရသည့် စိုးဝင်း နေရာပျောက်နေ

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) ရာထူးစွန့်ပြီး ၎င်း၏ သမ္မတဖြစ်ရေး အိပ်မက်အတွက် နီးစပ်လာနေသော်လည်း ဒုတပ်ချုပ်ရာထူးစွန့်ရသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ မည်သည့်နေရာမှ ထပ်အပေးခံရခြင်းမရှိသေးဘဲ နေရာပျောက်နေသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၁၅ နှစ်အကြာ ရယူခဲ့သည့် တပ်ချုပ်ရာထူးစွန့်ပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ယနေ့ (မတ် ၃၀) နံနက်ပိုင်းက တပ်ချုပ်ရာထူး လွှဲပြောင်းပေးခဲ့သည်။

    အလားတူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ၎င်း၏ ဒုတပ်ချုပ် ရာထူးကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို လွှဲအပ်ခဲ့ကြောင်း ၊ စစ်တက္ကသိုလ် အပတ်စဉ် (၃၈) ဆင်း အမှတ်( ၅ )စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးသည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) ဖြစ်လာကြောင်း သိရသည်။

    တရက်တည်းမှာပင် စစ်အုပ်စု ရွေးကောက်ပွဲအပြီး ကျင်းပသည့် ၂၀၂၆ ပြည်သူ့လွှတ်တော်တွင် ကြံ့ဖွံ့အမတ်တဦးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) မှ တောင်တွင်းကြီးအမတ် ဒေါက်တာကျော်ဆွေနှင့် အပြိုင် ဒုတိယသမ္မတလောင်းအဖြစ် အဆိုတင်သွင်းခဲ့သည်။

    စစ်အုပ်စု ဆက်လက်ကိုင်ဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်ကိုယ်စားလှယ်များစသည့် အစုအဖွဲ့သုံးဖွဲ့မှ ဒုတိယသမ္မတ တဦးစီ တင်မြှောက်ရမည်ဖြစ်ပြီး ယင်းတို့ထဲမှ တဦးကို သမ္မတအဖြစ် ရွေးချယ်ရမည်ဖြစ်သည်။

    ထို့ကြောင့် ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံထားရသည့် စစ်ခေါင်းဆောင်သည် သမ္မတဖြစ်ရန် နီးစပ်လာနေသည်။

    တဖက်တွင်လည်း စစ်ခေါင်းဆောင်နှင့်အတူ ၁၅ နှစ်ကြာ ဒုတပ်ချုပ်ဖြစ်ခဲ့သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းမှာ လက်ရှိ မည်သည့်နေရာမှ ထပ်မံပေးအပ်ခံရခြင်း မရှိသေးပေ။

    သို့သော် ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြဋ္ဌာန်းခဲ့သည့် “ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ” ဥပဒေအရ ပေါ်ပေါက်လာမည့် ကောင်စီတွင် တာဝန်ပေးခံရနိုင်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)က သုံးသပ်သည်။

    ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် စစ်ခေါင်းဆောင်အတွက် အားဖြည့်ဒေါက်တိုင်တခုဖြစ်ခဲ့ပြီး လက်ရှိအပြောင်းအလဲ အခင်းအကျင်းတွင်လည်း စစ်ခေါင်းဆောင်က ၎င်း၏ အာဏာအားပြုရန် လိုအပ်သည့် လမ်းကြောင်းပေါ်တွင် ပင်မအားဖြည့်သူအနေဖြင့် ဆက်ခေါ်သွားလိမ့်မည်ဟု ယူဆကြောင်း MDSI မှ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးက မဇ္ဈိမကို ပြောသည်။

    “တပ်ထဲမှာလည်း အခု အဲ့ဒီလိုပဲ ကြားပါတယ်။ တပ်ထဲက အခုကြားတာတော့ တပ်ချုပ်အတိုင်း အတာတခုလောက်အထိ ဖြစ်စေချင်တဲ့ ဆန္ဒတွေကြားရတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ တပ်ထဲကလာတဲ့သတင်းတွေမှာတော့ (ဒုတိယ) ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အတိုင်ပင်ခံကော်မရှင်ဥက္ကဋ္ဌနေရာကို ရမယ်လို့ ကျွန်တော်တို့ ကြားသိရတယ်။ ဒါက ဖြစ်နိုင်ခြေအများကြီးရှိတယ်” ဟု ဆိုသည်။

    ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၂ )ဆင်း ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တပ်ချုပ် ဖြစ်လာနိုင်ကြောင်း ရေပန်းစားခဲ့သူများထဲတွင် ပါဝင်ခဲ့သော်လည်း ယခုမူ တပ်ချုပ်ရာထူးနှင့် လွဲချော်ပြီး ဗိုလ်သင်တန်း – OTS (၇၇) ဆင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက တပ်ချုပ်ဖြစ်လာခြင်းဖြစ်သည်။

    တပ်ချုပ်ရာထူးစွန့် မင်းအောင်လှိုင်သည် လက်ရှိတွင် စစ်ကော်မရှင် ဥက္ကဋ္ဌ၊ ယာယီသမ္မတဆိုသည့် ရာထူးများရယူထားပြီး ဒုတပ်ချုပ်ရာထူးစွန့် စိုးဝင်းမှာ စစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌရာထူးတခုသာ ကျန်ရှိတော့သည်။

  • ဟုမ္မလင်းမှာ စက်သုံးဆီတင်စက်လှေမီးလောင်

    ဟုမ္မလင်းမှာ စက်သုံးဆီတင်စက်လှေမီးလောင်

    ဟုမ္မလင်းမှာ စက်သုံးဆီတင်စက်လှေမီးလောင်မှုမှာ ခြောက်ယောက်လောက် သေဆုံးမှုရှိနေပြီး တရက်ကြာတဲ့အထိ မီးမငြိမ်းနိုင်သေး

    စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရှိ ခိုပဲဝဆိပ်ကမ်းမှာ စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေသုံးစီးမီးလောင်မှု ဖြစ်ပွားပြီး ခြောက်ယောက်သေဆုံးမှု ရှိနေတယ်လို့ ကနဦးသတင်းအရ စုံစမ်းသိရှိ ရပါတယ်။

    မနေ့က မတ် ၂၉ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ စက်လှေတွေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ စက်သုံးဆီတင်စက်လှေတစီးကတော့ ဒီနေ့ မတ် ၃၀ ရက်နေ့ ညနေအထိလည်း မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ် ။

    ” ခုညနေ ၅ နာရီ ၃၆ မိနစ်အထိတော့မီးကငြိမ်းမရသေးဘူး။ အသိထဲကတော့ခြောက် ယောက်လောက်ရှိတယ်ပါသွားတယ်။ အလောင်းတော့မရသေးဘူး ။ နောက်ဆုံးရတဲ့အလောင်း ကတော့ ပုံပျက်ပီးအရိုးကြီးပဲကျန်တော့ ဘယ်သူမှန်းမသိရတော့ဘူး။စက်လှေက စက်သုံးဆီတွေတင်တဲ့ ရေယာဥ်ပါ ။သူကမှ ဘေးစက်လှေကို ကူးတာ ။ စက်လှေနှစ်စီးကတော့ မီးငြိမ်းပြီး ဘေးလွတ်ရာကို ဆွဲနိုင်ခဲ့ကြတယ်။ ” လို့ ဒေသခံက ပြောပါတယ်။

    လက်ရှိမှာ စက်လှေသုံးစီးအနက် နှစ်စီးကတော့ မီးငြိမ်းသွားကြောင်း ၊ ကျန်တစီးက မီးငြိမ်းသတ်ဖို့ခက်ခဲတဲ့အခြေအနေတွေကြောင့် ခုချိန်ထိ မီးလောင်နေဆဲ ဖြစ်လို့ ငြိမ်းသတ်နေရကြောင်းနဲ့ လတ်တလောမှာ ရုပ်အလောင်းတခုတော့ ရှာတွေ့ထားတယ်လို့ ဟုမ္မလင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။

    ” တစီးက ခုထိ မငြိမ်းသေးဘူး ။ စက်သုံးဆီတွေ​ေလာင်တာဆိုတော့ မီးမကူးအောင် သေချာလုပ်နေရတယ်။ လူတွေပျောက်တယ်လို့တော့ပြောတယ်။ ခုက မီးကလည်းငြိမ်းနေသေးဆိုတော့ ပြောဖို့က ခက်သေးတယ်။ခုထိ စက်လှေပိုင်ရှင်တွေနဲ့လည်း မတွေ့ရသေးတော့ အတိကျပြောဖို့ခက်တယ်။ စက်လှေကတော့ စက်သုံးဆီတွေရော တခြားကုန်ပစ္စည်းတွေလည်းပါတယ်။ ” လို့ ဟုမ္မလင်း မြို့နယ်မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။

    အဆိုပါ စက်သုံးဆီ စက်လှေဟာ မုံရွာကနေ ဟုမ္မလင်းမြို့ကို စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေဖြစ်ကြောင်းသိရပြီး မီးလောင်မှုအတွင်း ပေါက်ကွဲမှုတွေပါ ရှိခဲ့တယ်လို့ သိရပါတယ် ။

    စက်လှေတွေက ခိုပဲဝ ဆိပ်ကမ်းရှိ ရေလယ်ထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက် မီးသတ်ကားတွေလည်း.သွားရောက်နိုင်ဖို့ခက်ခဲတာကြောင့် မီးငြိမ်းသတ်ဖို့ရာ နှောင့်နှေးနေတာဖြစ်သလို စက်သုံးဆီ စက်လှေဖြစ်တာကြောင့်လည်း မီးလောင်မှုပြင်းပြီး ပေါက်ကွဲမှုတွေရှိနေတဲ့အတွက်လည်း ထိရောက်တဲ့ မီးငြိမ်းသတ်မှုမလုပ်နိုင်ဘဲ ဖြစ်နေတာ လို့ သိရပါတယ်။

    လက်ရှိမှာတော့ ဟုမ္မလင်း မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံစက်လှေလုပ်သားတွေ ပူးပေါင်းပြီး မီးငြိမ်းသတ်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

    ဓာတ်ပုံ – ဒေသခံ