စစ်ကော်မရှင်နှင့် ပါတီများ မသိချင်ယောင်ဆောင်နေကြ
မွန်ပြည်နယ်၊မော်လမြိုင်နှင့် ချောင်းဆုံတို့တွင် ဆီဘေးဒုက္ခကြောင့် တန်းစီနေကြသူများကို ပြည်သူ – ပြည်သူချင်း ဖေးမကူညီကာ အလှူဒါနပြုနေကြကြောင်း သိရသည်။

ဓာတ်ဆီ တစ်လီတာရရန်အတွက် ပင်ပန်းကြီးစွာဖြင့် ညအိပ်တန်းစီရသည်အထိ ဒုက္ခရောက် နေသော ပြည်သူများကို ပြည်သူချင်းကပင် ရေသန့်ဗူးတိုက်ခြင်း၊အအေးတိုက်ခြင်း၊ ဓာတ်ဆားနှင့် ရေ သန့်ဗူး လှူဒါန်းပေးနေကြပြီး တရားမဝင်မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပါတီများကမူ မသိချင်ယောင် ဆောင်နေကြကြောင်း ဒေသခံအချို့ထံက သိရသည်။
“တန်းစီရတာ နေပူကြီးထဲလည်း ၄-၅နာရီ အနည်းဆုံးစီရတာလေ။နေကလည်း အရမ်းပူတော့ မူးလဲ တာတွေ၊ ချောင်းဆုံမှာဆို အပူရှပ်ပြီး သေတာတွေ ဖြစ်နေတော့ ပြည်သူချင်းပဲ တတ်နိုင်သလောက် ကူကြတာ တကယ်ကျေးဇူးတင်ရတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။

ဆီတန်းစီရာလမ်းမကြီးဘေးရှိ အိမ်အချို့က ရေသန့်ဗူးကြီးများ ချထားပေးသလို အပေါ့အပါးသွားခွင့် ပြုခြင်း၊ဆီတန်းစီရာနေရာ သို့လာကာ အအေးလိုက်ဝေခြင်း စသဖြင့် ကုသိုလ်ပြု ဖေးမကြကြောင်း ချောင်းဆုံမြို့နယ်၊ပလိုင်ဝမ်းရွာသားတစ်ဦးက ပြောသည်။
“ကျနော်တို့ ချောင်းဆုံမှာ ချောင်းဆုံကြက်ခြေနီအသင်းက ဆီတန်းစီတဲ့ နေရာမှာ ရေသန့်ဗူးကြီး လာလှူထားတာ တွေ့ရ တယ်။ တချို့အိမ်တွေက အိမ်ရှေ့မှာ ရေကုသိုလ်ပြုကြတယ်။ အပေါ့အပါး သွားခွင့်ပေးတယ်။လက်ဖက်သုတ်တို့ဘာတို့ ကျွေးတယ်။ တချို့လည်း ကားနဲ့ရောက်လာပြီး အအေး လာတိုက်တယ်။ ပြည်သူတွေပဲ လုပ်ပေးတယ်”ဟု ၎င်းက ပြောသည်။

ချောင်းဆုံမြို့၊အရှေ့ပိုင်းရပ်ကွက်ရှိ Puma ဆီဆိုင်တွင် နေ့စဉ် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စုံမ စနစ်ဖြင့် စက်သုံးဆီ ရောင်းချပေးလျက်ရှိပြီး ကားများကို ဓာတ်ဆီ ၂ သောင်းဖိုးနှင့် ဆိုင်ကယ် ၅၀၀၀ ဖိုး ဝယ်ခွင့်ပြုကြောင်းနှင့် ည ၇ နာရီခန့်ကတည်းက ဆီတန်းစီနေကြရကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း တရားမဝင်ရွေးကောက်ပွဲ အနိုင်ရပါတီများဖြစ်သော ကြံ့ဖွံ့ပါတီနှင့် မွန်ညီ ညွတ်ရေးပါတီတို့က မည်သို့သော အကူအညီများ ပေးသနည်းဟု မေးမြန်းခဲ့ရာ “သူတို့က အာဏာပဲရူးတတ်တာ၊ပြည်သူကို မကူညီတတ်ဘူး”ဟု ၎င်းက ပြန်လည် ဖြေကြားသည်။

မော်လမြိုင်မြို့တွင်လည်း စုံမစနစ်ဖြင့် တစ်ရက်လျှင် တစ်ကြိမ် ဆီရောင်းပေးနေပြီး ဆီရရန် အချိန် များစွာကြာ တန်းစီနေရဆဲဖြစ်သည်။




ပုံစာ- မော်လမြိုင်နှင့် ချောင်းဆုံတွင် ဆီတန်းစီသူများကို ဒါနပြုနေပုံ။


Leave a Reply