ဟုမ္မလင်းမှာ စက်သုံးဆီတင်စက်လှေမီးလောင်မှုမှာ ခြောက်ယောက်လောက် သေဆုံးမှုရှိနေပြီး တရက်ကြာတဲ့အထိ မီးမငြိမ်းနိုင်သေး
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ရှိ ခိုပဲဝဆိပ်ကမ်းမှာ စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေသုံးစီးမီးလောင်မှု ဖြစ်ပွားပြီး ခြောက်ယောက်သေဆုံးမှု ရှိနေတယ်လို့ ကနဦးသတင်းအရ စုံစမ်းသိရှိ ရပါတယ်။
မနေ့က မတ် ၂၉ ရက်နေ့ ၊ နေ့လယ် ၁ နာရီကျော်လောက်မှာ စက်လှေတွေမီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တဲ့ စက်သုံးဆီတင်စက်လှေတစီးကတော့ ဒီနေ့ မတ် ၃၀ ရက်နေ့ ညနေအထိလည်း မီးလောင်နေဆဲဖြစ်တယ်လို့ သိရပါတယ် ။

” ခုညနေ ၅ နာရီ ၃၆ မိနစ်အထိတော့မီးကငြိမ်းမရသေးဘူး။ အသိထဲကတော့ခြောက် ယောက်လောက်ရှိတယ်ပါသွားတယ်။ အလောင်းတော့မရသေးဘူး ။ နောက်ဆုံးရတဲ့အလောင်း ကတော့ ပုံပျက်ပီးအရိုးကြီးပဲကျန်တော့ ဘယ်သူမှန်းမသိရတော့ဘူး။စက်လှေက စက်သုံးဆီတွေတင်တဲ့ ရေယာဥ်ပါ ။သူကမှ ဘေးစက်လှေကို ကူးတာ ။ စက်လှေနှစ်စီးကတော့ မီးငြိမ်းပြီး ဘေးလွတ်ရာကို ဆွဲနိုင်ခဲ့ကြတယ်။ ” လို့ ဒေသခံက ပြောပါတယ်။
လက်ရှိမှာ စက်လှေသုံးစီးအနက် နှစ်စီးကတော့ မီးငြိမ်းသွားကြောင်း ၊ ကျန်တစီးက မီးငြိမ်းသတ်ဖို့ခက်ခဲတဲ့အခြေအနေတွေကြောင့် ခုချိန်ထိ မီးလောင်နေဆဲ ဖြစ်လို့ ငြိမ်းသတ်နေရကြောင်းနဲ့ လတ်တလောမှာ ရုပ်အလောင်းတခုတော့ ရှာတွေ့ထားတယ်လို့ ဟုမ္မလင်း မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။
” တစီးက ခုထိ မငြိမ်းသေးဘူး ။ စက်သုံးဆီတွေေလာင်တာဆိုတော့ မီးမကူးအောင် သေချာလုပ်နေရတယ်။ လူတွေပျောက်တယ်လို့တော့ပြောတယ်။ ခုက မီးကလည်းငြိမ်းနေသေးဆိုတော့ ပြောဖို့က ခက်သေးတယ်။ခုထိ စက်လှေပိုင်ရှင်တွေနဲ့လည်း မတွေ့ရသေးတော့ အတိကျပြောဖို့ခက်တယ်။ စက်လှေကတော့ စက်သုံးဆီတွေရော တခြားကုန်ပစ္စည်းတွေလည်းပါတယ်။ ” လို့ ဟုမ္မလင်း မြို့နယ်မီးသတ်ဦးစီးအရာရှိက ပြောပါတယ်။

အဆိုပါ စက်သုံးဆီ စက်လှေဟာ မုံရွာကနေ ဟုမ္မလင်းမြို့ကို စက်သုံးဆီတင်ဆောင်လာတဲ့ စက်လှေဖြစ်ကြောင်းသိရပြီး မီးလောင်မှုအတွင်း ပေါက်ကွဲမှုတွေပါ ရှိခဲ့တယ်လို့ သိရပါတယ် ။
စက်လှေတွေက ခိုပဲဝ ဆိပ်ကမ်းရှိ ရေလယ်ထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်တဲ့အတွက် မီးသတ်ကားတွေလည်း.သွားရောက်နိုင်ဖို့ခက်ခဲတာကြောင့် မီးငြိမ်းသတ်ဖို့ရာ နှောင့်နှေးနေတာဖြစ်သလို စက်သုံးဆီ စက်လှေဖြစ်တာကြောင့်လည်း မီးလောင်မှုပြင်းပြီး ပေါက်ကွဲမှုတွေရှိနေတဲ့အတွက်လည်း ထိရောက်တဲ့ မီးငြိမ်းသတ်မှုမလုပ်နိုင်ဘဲ ဖြစ်နေတာ လို့ သိရပါတယ်။
လက်ရှိမှာတော့ ဟုမ္မလင်း မြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံစက်လှေလုပ်သားတွေ ပူးပေါင်းပြီး မီးငြိမ်းသတ်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒေသခံ


Leave a Reply