Author: Baby Yit Lone

  • သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရ

    သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံရ

    ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဇူလိုင် ၅ ရက်က နိုင်ငံရေးအကျဉ်းသားတွေကို နာမည်ကြီး လူမိုက်အကျဉ်းသား ဦးဆောင်တဲ့အဖွဲ့က ဝိုင်းဝန်းရိုက်နှက်ခဲ့တာကြောင့် တချို့ ထိခိုက်ဒဏ်ရာရပြီး နိုင်ငံရေးအကျဉ်းသားတယောက် အပြင်ဆေးရုံထုတ်ကာ အရေးပေါ် ဆေးကုသပေးနေရတယ်လို့ အကျဉ်းဦးစီး ဝန်ထမ်းအသိုက်အဝန်းဆီက သိရပါတယ်။

    ထောင်ဝန်ထမ်းတယောက်က “အဓိက ရိုက်တဲ့ကောင်က အရင်တုန်းကလည်း ခဏခဏ နိုင်ကျဉ်းတွေကို ပြဿနာရှာတယ်၊ ခဏခဏ အနိုင်ကျင့်တယ်၊ ရိုက်တာတွေ လုပ်လွန်းလို့ ဝိုင်းတိုင်ထားတာ။ အခုကတော့ တော်တော်ကို ဆိုးလာတာ။ မနေ့ (ဇူလိုင် ၅ ရက်) က သူနဲ့ သူ့တပည့်တွေ နိုင်ကျဉ်းတွေကို ဝိုင်းရိုက်လိုက်တာ၊ နိုင်ကျဉ်းတယောက် သာယာဝတီဆေးရုံကြီးကို တင်လိုက်ရတယ်။ ထောင်ထဲမှာ တော်ရုံတန်ရုံနဲ့ အပြင်ဆေးရုံထွက်ရလေ့မရှိဘူး။ သေခါနီးမှသာ ထုတ်တာ။ အခုက ဒဏ်ရာ ဘယ်လောက်ပြင်းလဲမသိ၊ ဒါကြောင့် အပြင်ဆေးရုံအထိ ပို့လိုက်ရတာ။ ရိုက်တဲ့သူက ထောင်ပိုင်နဲ့ ဝန်ထမ်းတွေ မွေးထားတဲ့ကောင်ဆိုတော့၊ ထောင်ပိုင်တို့ ဘာတို့က သူတို့ကိုယ်တိုင် မရိုက်ချင်ရင် ဒီကောင့်ကိုပဲ ရိုက်ခိုင်းနေကြပဲ။ ဝိုင်းတိုင်လိုက်ရင်လည်း အရေးယူသလိုလို ဘာလိုလို လုပ်ပြီး ဒီအဆောင်ကနေ နောက်တဆောင်ကို သူ့ကို ပြောင်းလိုက်တာပဲ။ နောက် သူပြောင်းသွားတဲ့အဆောင်မှာ ထပ်ပြီး နိုင်ကျဉ်းတွေကို နှိပ်စက်တော့တာပဲ။ သူက အပြင်မှာလည်း လူမိုက်ဆိုတော့ ထောင်ထဲမှာလည်း တပည့်တွေက အများကြီးရှိပြီး အဖွဲ့တောင့်တယ်။ ထောင်ဝန်ထမ်းတွေကိုလည်း အကျဉ်းသားတွေထံက အနိုင်ကျင့်ပြီး ငွေရှာပေးနေတော့၊ ထောင်ပိုင်ကိုယ်တိုင်က သူ့ကို ဖူးဖူးမှုတ်ထားတာ” လို့ ပြောပါတယ်။

    သာယာဝတီထောင်အနီးမှာ နေထိုင်သူတယောက်က “မနေ့ (ဇူလိုင် ၅ ရက်) က နေ့လယ် ၂ နာရီ လောက်က ထောင်ထဲမှာ ဆူပူမှုဖြစ်တယ်ကြားလို့ ထောင်နားကို သွားနားထောင်တာ၊ ထောင်ထဲမှာ ဆန္ဒပြနေတဲ့ အသံတွေ ကြားရတယ်။ ဝန်ထမ်းတွေကတော့ တုတ်တွေကိုင်ပြီး ထောင်ထဲ ပြေးဝင်သွားကြတယ်။ နောက်တော့ ဝန်ထမ်းမိန်းမတယောက်ကို မေးကြည့်တော့မှ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်လူမိုက်တွေက ဝိုင်းရိုက်နေလို့ တခြားနိုင်ကျဉ်းတွေက အော်ပြီး ဆန္ဒပြကြတယ်ဆိုတာ သိရတာ” လို့ ပြောပါတယ်။

    ရိုက်တဲ့ လူမိုက်အကျဉ်းသားက စိုးမင်း ဖြစ်ပြီး ပြီးခဲ့တဲ့ ၂ လကျော်လောက်ကလည်း အင်းစိန်ထောင်ကနေ ထောင်ပြောင်းရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဝိုင်းရိုက်တဲ့ အထဲမှာ ဦးဆောင်သူတယောက် ဖြစ်တယ်လို့ မကြာခင်ကလွတ်လာတဲ့ အကျဉ်းသားတယောက်က ပြောပါတယ်။

    လက်ရှိမှာတော့ သူ့ကို ထောင်အာဏာပိုင်တွေက အကျဉ်းထောင် စည်းကမ်းထိန်းသိမ်းရေးရာထူး ပေးပြီး အကျဉ်းသားဝန်ထမ်းအဖြစ် ခန့်အပ်ထားတယ်လို့ ဆိုပါတယ်။

    သာယာဝတီထောင်တွင် ရာဇဝတ်အကျဉ်းသားလူမိုက်က နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်ခြိမ်းခြောက်

    သာယာဝတီထောင်တွင် လူသတ်ဓားပြမှုနှင့် နှစ်ကြီးထောင်ကျနေသည့် ရာဇဝတ် အကျဉ်းသားလူမိုက်က နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက် ခြိမ်းခြောက်နေကြောင်း စုံစမ်း သိရသည်။

    ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင် အတွင်းရှိ သီးသန့်တိုက်(က/ခ) အတွင်းမှ နိုင်ငံရေးအကျဉ်းသားများကို ထိုနှစ်ကြီးကျနေသည့် ရာဇဝတ် အကျဉ်းသား ပြူးကြီးဆိုသူသည် အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ရိုက်နှက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း ယမန်နေ့( ဩဂုတ် ၅ )တွင် ထုတ်ပြန်ထားသည်။

    “အဓိကကတော့ ထောင်ပုံစံ ၁/၂/၃/၄/၅ မောင်းရင်း ရိုက်နှက်တယ်။ ထောင်ပြောင်းလာတဲ့သူတိုင်း အနည်းဆုံး ၁၅ရက်ကနေ တလအထိ ခြေချင်းခတ်ပြီး ပုံစံမောင်းတာ ခံရတယ်။ အဲ့အခါမှာ အရိုက် မခံနိုင်တဲ့သူတွေ ၊အပင်ပန်း မခံနိုင်တဲ့သူတွေဆီက ငွေညှစ်ယူပြီး ထောင်ပိုင်လေး ၊ဦးစီးနဲ့ သူတို့ ခွဲယူကြတယ်”ဟု သာယာဝတီအကျဉ်းထောင်မှ မကြာသေးမီက နိုင်ငံရေးအမှုဖြင့် လွတ်လာသူတဦးက ပြောသည်။

    ပြူးကြီးသည် လူသတ်ဓားပြမှုဖြင့် သေဒဏ်ကျခဲ့ပြီး ထောင်ထဲတွင် အခြားအမှုဖြစ်ကာ နောက်တိုးထောင်ဒဏ်များကိုလည်း ဂရုမစိုက်ဘဲ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်လေ့ရှိသည့်အတွက် သာယာဝတီအကျဉ်းထောင် တိုက်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအတွက် အထူးစိုးရိမ်ပူပန်‌ရသည့် အခြေအနေရှိကြောင်း PPNM ကဆိုသည်။

    ၂၀၂၄ ခုနှစ်အတွင်း သီးသန့် (ခ)တိုက် ၊အခန်းနံပါတ် (၁၁) တွင် LGBT နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်ကို (ခ)ရဲရဲကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန် ကြိုးပမ်းခဲ့သည့်အပြင် ခေါင်းကွဲသည်အထိ ရိုက်နှက်ခဲ့သူဖြစ်ပြီး ထိုဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားမျှတမှုရရှိရန် တောင်းဆိုခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများကို အငြှိုးထားကာ ၎င်းတာဝန်ယူထားသော ပြစ်ဒဏ်ကျအကျဉ်းသားများအား ပုံစံမောင်း၍ ရိုက်နှက်သည့်နေရာသို့ နိုင်ငံ‌ရေးအကျဉ်းသားများအား ထောင်ဝန်ထမ်းများနှင့်ပူးပေါင်း၍ ခေါ်ဆောင်ရိုက်နှက်နှိပ်စက်မှုများပြုလုပ်လျက်ရှိခြင်း ဖြစ်ကြောင်း PPNM ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

    သာယာဝတီထောင်သို့ ထောင်ပြောင်းပါက တသုတ်ကို အကျဉ်းသား ၂၀၀ ဝန်းကျင်ရှိပြီး ထိုထဲကမှ ထောင်ပုံစံမောင်းပြီး အရိုက်ခံရသည့် နိုင်ငံရေးအကျဉ်းသား ဦးရေမှာ ၃၀ အထက်ရှိကြောင်း သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအမှုဖြင့် လွတ်လာသူက ပြောသည်။

    ထိုကိစ္စနှင့်ပတ်သက်ပြီး သူပြောတာက “ခေါင်းကွဲတဲ့အထိ အရိုက်ခံရတာဆိုရင် နိုင်‌ကျဉ်း ကိုရဲရင့်ကိုရှိတယ်။ သူအရိုက်ခံရတဲ့အချိန်မှာ တခန်းတည်းအတူရှိနေပြီး ဝင်ဆွဲတဲ့ နိုင်ကျဉ်း ကိုပြည့်စုံအောင်ကိုလည်း ပုခုံးနဲ့ လက်ဖျံမှာ အညိုအမည်းစွဲအောင် ရိုက်ပစ်လိုက်တာရှိတယ်။ အဆောင်က နိုင်ကျဉ်း နှစ်ဦးကို သူရိုက်ပြီးနောက်ပိုင်း တလအတွင်း ဒဏ်ရာမပေါ်ဘဲ ဆုံးသွားဖူးတယ်” ဟုဆိုသည်။

    လက်ရှိ သာယာဝတီ၏ ထောင်ပိုင်ကြီး ဦးရဲရင့်နိုင်သည် ယခင်က မန္တလေးထောင်တွင် ထောင်ပိုင်လေးဖြစ်ခဲ့ကာ ထိုအချိန်တွင် ပြူးကြီးသည် လက်ရုံးလူယုံအဖြစ် မူးယစ်ဆေးရောင်းခြင်း၊ လောင်းကစားဒိုင်ကိုင်ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများကို တာဝန်ယူပေးခဲ့ပြီး ယခုသာယာဝတီထောင်ကို ပြောင်းသည့်အချိန်တွင် တပါတည်း ပါလာခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

    “သူ့အပြောအရတော့ သူလုပ်သမျှ ထောင်ပိုင်ကြီး ၊ထောင်ပိုင်လေးခိုင်းလို့ လုပ်တာချည်းပဲ။ အဲ့အတွက် ထောင်ပိုင်တွေ အခြားကိုပြောင်းရတဲ့အခါ သူ့ကိုပါ တပါတည်း ထောင်ပြောင်းပြီးခေါ်သွားပေးရမယ်။ မဟုတ်ရင် သူ့ကိုကာကွယ်မယ့်သူ မရှိတော့တာနဲ့ ဝန်ထမ်းတွေကအစ ရွံမုန်း‌နေကြတော့ သူဘယ်လိုမှ အသက်မရှင်နိုင်ဘူးဆိုတာ သူသိတယ်။ အဲ့တော့ ထောင်ပိုင်က ရိုက်ဆို သူရိုက်မှာပဲ ၊ထောင်ပိုင်က သတ်ဆို သူသတ်မှာပဲ”ဟု ထောင်မှလွတ်လာသူနိုင်ကျဉ်းက ဆက်လက်ရှင်းပြသည်။

    ထို့အပြင် နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက် ခြိမ်းခြောက်နေသည့် ပြူးကြီးအား ထောင်အာဏာပိုင်များမှ ရိုက်နည်းသင်တန်း သီးသန့်ပေးကာ မည်သည့်နေရာကို ရိုက်ပါက ဘယ်နှစ်လအတွင်းသေအောင် ရိုက်လို့ရကြောင်းလည်း ပြူးကြီးကိုယ်တိုင်ပြောကြောင်း ထိုသာယာဝတီ အကျဉ်းထောင်က နိုင်ငံရေးအမှုဖြင့် လွတ်လာသည့် သူက ပြောသည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကလည်း သာယာဝတီထောင်တွင်း လူ့အခွင့်အရေးနှင့် အကျဉ်းသားအခွင့်အရေးချိုး‌ဖောက်မှုဖြစ်စဥ်များတွင် တာဝန်ရှိသူများမှာ ထောင်ပိုင် ရဲရင့်နိုင်၊ ဒုထောင်ပိုင် ဦးဖြိုးဝေဦး၊ ဦးစီး ဦးသန်းဝင်း၊ အကျဉ်းဦးစီး လက်ကိုင်တုတ် အခြားရာဇဝတ်အကျဉ်းသား ပြူးကြီးတို့ဖြစ်ပြီး အခြားပါဝင်သူများကိုလည်း ထပ်မံစိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၉,၄၉၉ ဦးရှိပြီး ထိုထဲမှ ၂၂,၂၆၃ ဦး ထိန်းသိမ်းခံထားရကာ ထိန်းသိမ်းခံနေရသူတွေထဲ ၁၀,၉၄၉ ဦးသည် ထောင်ဒဏ်များ ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဩဂုတ် ၅ ရက်နေ့စာရင်းများ အရသိရသည်။

    သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းဦးစီးဌာနက လက်သပ်မွေးထားသော ရာဇဝတ်အကျဉ်းသား လူသတ်တရားခံ ပြူးကြီးက ခြိမ်းခြောက်ရိုက်နှက်နေ

    ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ သီးသန့် (က/ခ)တိုက်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများကို နှစ်ကြီးကျရာဇဝတ် အကျဉ်းသား လူသတ်တရားခံ ပြူးကြီးဆိုသူက အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ ရိုက်နှက်မှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောကြားသည်။

    အကျဉ်းသား ပြူးကြီးသည် ထောင်အာဏာပိုင်များနှင့်ပူးပေါင်းပြီး နိုင်ငံ‌ရေးအကျဉ်းသားများအား ရိုက်နှက်ခြင်း၊ အသက်အန္တရာယ်ထိခိုက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် နှိပ်စက်အနိုင်ကျင့်ခြင်းများ ပြုလုပ်လျက်ရှိပြီး ထောင်အာဏာပိုင်များအတွက် ၎င်းက လူသတ်ပေးရန်ပင် အသင့်ရှိသည်ဟု ကြွေးကြော်နေကြောင်း၊ လက်ရှိအချိန်တွင် ထောင်အာဏာပိုင်များ၏ ဖိနှိပ်မှုကို ဆန့်ကျင်ရင်ဆိုင်ကြသည့် နိုင်ငံရေးအကျဉ်းသားများကို အသက်ရှင်သန်ခွင့် မရ‌နိုင်စေရန်အထိ ပြုလုပ်မည်ဟု ပြူးကြီးက ခြိမ်းခြောက်လျက်ရှိကြောင်း PPNM ထံမှ သိရှိရသည်။

    ထို့ပြင် ရာဇဝတ်အကျဉ်းသား ပြူးကြီးက ထောင်ထဲတွင် အခြားအမှုဖြစ်၍ နောက်တိုးထောင်ဒဏ်များကိုလည်း ဂရုမစိုက်ဟုဆိုကာ နိုင်ငံရေးအကျဉ်းသားများကို ရိုက်နှက်လေ့ရှိသည့်အတွက် သာယာဝတီအကျဉ်းထောင် တိုက်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအတွက် အထူးစိုးရိမ်ပူပန်‌ရသည့် အခြေအနေရှိကြောင်း သိရှိရသည်။

    “ခြိမ်းခြောက်ခြင်းဆိုတာ လူတိုင်း လုပ်နိုင်တဲ့ အရာဖြစ်ပါတယ်။ အပြင်မှာ ရှိတဲ့ လူတွေဟာ အများကြီး စုံစမ်းဖို့ လိုအပ်တယ်။ ပြူးကြီးရဲ့ နောက်ကြောင်းရာဇဝင်က အစ စနစ်တကျလိုတာမျိုး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ အဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့်အခြေအနေနဲ့ မှတ်တမ်းဌာနကတော့ မှတ်တမ်းရဲ့တာဝန်တွေကို စနစ်တကျနဲ့ ပြည့်စုံတဲ့ အချက်အလက်တွေ ရရှိဖို့တော့ ကြိုးစားဆောင်ရွက်နေတာတွေတော့ ရှိပါတယ်။ ကျူးလွန်သူတွေ မလွတ်မြောက်ရေး၊ လွတ်မြောက်မှုကနေ ကင်း လွတ်တာမျိုး ၊ သေချာပေါက်ကိုမှ သူတို့ရဲ့ ကျူးလွန်မှုအလိုက် ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရတဲ့ လူမျိုးတွေ မဖြစ်သွားစေဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

    ရာဇဝတ် အကျဉ်းသားပြူးကြီးက ၂၀၂၄ ခုနှစ်အတွင်း သီးသန့် ခ တိုက် ၊အခန်းနံပါတ် ၁၁ တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သော ကိုရဲရင့်ကို ခေါ် ရဲရဲကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ရန် ကြိုးပမ်းခဲ့သည့်အပြင် ကိုရဲရင့်ကို ခေါင်းကွဲသည်အထိရိုက်နှက်ခဲ့သူဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်အတွက် တရားမျှတမှုရရှိရန် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများအား အငြှိုးထားကာ ၎င်းတာဝန်ယူထားသော ပြစ်ဒဏ်ကျအကျဉ်းသားများအား ပုံစံမောင်း၍ ရိုက်နှက်သည့်နေရာသို့ နိုင်ငံ‌ရေးအကျဉ်းသားများအား ထောင်ဝန်ထမ်းများနှင့်ပူးပေါင်း၍ ခေါ်ဆောင်ရိုက်နှက်နှိပ်စက်မှုများပြုလုပ်လျက်ရှိခြင်း ဖြစ်ကြောင်း PPNM ထံမှ သိရှိရသည်။

    ရာဇဝတ်အကျဉ်းသား ပြူးကြီးသည် လူသတ်ဓါးပြမှုဖြင့် သေဒဏ်ကျထားသူတစ်ဦးဖြစ်ပြီး မန္တလေးအိုးဘိုထောင်တွင်အကျဉ်းကျခဲ့ဖူးကြောင်း၊ သာယာဝတီအကျဉ်းထောင်သို့ ထောင်ပြောင်းဖြင့်ရောက်ရှိပြီး‌နောက်တွင်လည်း သာယာဝတီထောင်ပိုင်ရဲရင့်နိုင်၏ တပည့်အဖြစ် ခံယူကာ ထောင်ပြောင်းအကျဉ်းသားများနှင့် ပြစ်ဒဏ်ကျအကျဉ်းသားများကို လူမဆန်စွာ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ သိရှိရသည်။

    “အာဏာသိမ်းပြီးနောက်ပိုင်း ထောင်အာဏာပိုင်တွေ ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားတွေကို ပေါ်ပေါ်ထင်ထင်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိူဖောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ရှိခဲ့သလို အခုနောက်ပိုင်းမှာ ထောင်အာဏာပိုင်တွေဟာ သူတို့ရဲ့ အမည်မပေါ်ဖို့အတွက် နောက်ကွယ်ကနေပဲ အမိန့်ပေးစေခိုင်းတဲ့ လူအနေနဲ့ ပါဝင်လာတာ တွေ့ရတယ်။ အသုံးချခံအနေနဲ့ အကျဉ်းဦးစီးရဲ့ လက်ကိုင်တုတ်တွေ ဖြစ်တဲ့ တခြားရာဇဝတ်အကျဉ်းသားတွေဟာ အကျဉ်ဦးစီးဌာနရဲ့ အသုံးချခံတွေ ဖြစ်ပြီးမှ သူတို့ကိုယ်တိုင်ကလည်း လိုက်လိုက်လှဲလှဲကိုမှ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်လာတာ တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ခိုင်းစေသူတွေရော ပါဝင်ပတ်သက်သူ‌ရော ကိုယ်တိုင်ကျူးလွန်သူရော တရားမျှတမှုပြန်လည်ရရှိအောင်အထိ ကျွန်တော်တို့ ပြင်ဆင်သွားမှာ ဖြစ်တယ်ဆိုတာ အသိပေးလိုပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောကြားသည်။

    သာယာဝတီထောင်တွင်း လူ့အခွင့်အရေးနှင့်အကျဉ်းသားအခွင့်အရေးချိုး‌ဖောက်မှုဖြစ်စဥ်များတွင် တာဝန်ရှိသူများမှာ ထောင်ပိုင် ရဲရင့်နိုင်၊ ဒု ထောင်ပိုင် ဦးဖြိုးဝေဦး၊ ဦးစီး ဦးသန်းဝင်း၊ အကျဉ်းဦးစီး လက်ကိုင်တုတ် အခြားရာဇဝတ်အကျဉ်းသား ပြူးကြီးတို့ဖြစ်ပြီး အခြားပါဝင်သူများကိုလည်း ထပ်မံစိစစ်ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    ဓာတ်ပုံ- အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ။ (ပုံအဟောင်းဖြစ်ပါသည်။)

  • အင်းတော်မြို့ထဲက ဂျပန်လိုဏ်ဂူမှာ တမခ (၇၇)စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့အဖြစ်ဆိုးများ

    အင်းတော်မြို့ထဲက ဂျပန်လိုဏ်ဂူမှာ တမခ (၇၇)စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့အဖြစ်ဆိုးများ

    “အင်းတော်မြို့ထဲက ဂျပန်လိုဏ်ဂူမှာ တမခ (၇၇)စစ်ကောင်စီတပ်ရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ မိန်းကလေးတွေရဲ့အဖြစ်ဆိုးများ”

    (more…)

  • ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးစစ်ဆေး

    ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးစစ်ဆေး

    ထိုင်း-မြန်မာနယ်စပ်မှ ဝင်လာသော ကုန်ကားများကို မဖမ်းဘဲ လာဘ်ငွေယူ လွှတ်ပေးမှုဖြင့် ရတခ ဒုတိုင်းမှူး ဗိုလ်မှူးကြီး ဗညားဝင်း၊ အကောက်ခွန်ညွှန်မှူး စိုးညွန့်အောင် အပါအဝင် ဌာနဆိုင်ရာ အရာရှိ ၁၅ ဦးတို့ကို စိုးဝင်းအမိန့်ဖြင့် ဖမ်းဆီးစစ်ဆေး

    (more…)

  • ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အခွင့်ရေးသမား မင်းသား နေအောင် အကြောင်း

    ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အခွင့်ရေးသမား မင်းသား နေအောင် အကြောင်း

    ကျွန်တော်သည် ပုဂ္ဂိုလ်ရေးဆန်သည့် စာများကို မရေးလို။

    ရေးခဲ့လျှင်လည်း ထူးထူးခြားခြား လေးစားရသည့် မိတ်ဆွေများ၏ ကောင်းကွက် အကြောင်းများကိုသာ ရေးဖြစ်သည်။

    သို့သော် မအလ အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံနေကြသည့် လူများကိုတော့ မိတ်ဆွေရင်း ဖြစ်နေပါစေ ဘာမျက်နှာမှ မထောက်ရေးသင့်တာကို ရေးမည်ဖြစ်သည်။

    သူတို့သည် အကြမ်းဖက်စစ်အုပ်စုကို အသက်ဆက်ပေးနေကြသော ဒေါက်တိုင်များဖြစ်ကြသည်။

    ထိုလူများကို မိတ်ပျက်သွားလည်း ကိစ္စမရှိ။ သူတို့နဲ့ ထိုက်တန်သော ပြစ်ဒဏ်ကို ပေးရမည်ဖြစ်သည်။

    ရုပ်ရှင်မင်းသားနေအောင်သည် နှစ်ပေါင်းများစွာကထဲက အကြမ်းဖက်စစ်အုပ်စုကို အရိုးစွဲအောင် အားပေးထောက်ခံ ကူညီခဲ့သောလူဖြစ်သည်။

    ပြည်တွင်းရှိ အနုပညာသမားများ ထဲတွင် စစ်အုပ်စု နဲ့ပတ်သက်၍ ၃ မျိုး ၃ စားရှိသည်။

    ၁- စစ်အုပ်စုကို ကြိုက်၍ အားပေးထောက်ခံနေကြပြီး စစ်အုပ်စုအလိုကျ ဖိတ်သမျှ ပွဲတိုင်း တက်တက်ကြွကြွ တက်၍ အားပေးကူညီနေကြသူများ။

    ၂- စစ်အုပ်စုကို ကြိုက်တော့မကြိုက်။ သို့သော် ဖိတ်သမျှ ပွဲတိုင်းကို ကြောက်လို့ တက်ရောက်နေကြသူများ။

    ၃- စစ်အုပ်စုကို လုံးဝမကြိုက်သလို ပွဲတက်ဘို့ ဖိတ်ကြားလာခဲ့လျှင်လည်း အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆန် မတက်ရောက်ကြသောသူများ။ ( ထိုလူများကို လေးစားသည် )

    ထိုအုပ်စု ၃ စုထဲတွင် နေအောင် သည် နံပတ် ၁ အုပ်စုဝင် ဖြစ်သည်။

    သူနဲ့ တစ်အုပ်စုထဲ ခံယူချက်တူ လူတွေက စိုးမြတ်သူဇာတို့ညီအမ၊ ရန်အောင် ၊ ခန့်စည်သူ ၊ မေသဉ္စာဉီး ၊ ဒိန်းဒေါင် ၊ ငြိမ်းချမ်း ၊ ခင်လှိုင် ၊ မိုးဒီ ၊ ယုန်လေး တို့ဖြစ်သည်။ အခြားလူတွေလည်း များစွာရှိကြသေးသည်။

    စစ်အုပ်စုကို ကြောက်လို့ ဆက်ဆံ နေရသူ နဲ့ ကြိုက်လို့ဆက်ဆံနေကြသူများ ထဲတွင် နေအောင်သည် ကြိုက်လို့ကို အားပေးထောက်ခံ ကူညီနေသူဖြစ်သည်။

    အရင်ရက်က ကြံ့ဖွတ်ပါတီခေါင်းဆောင် ခင်ရီ နဲ့ နေအောင်ဉီးဆောင်တဲ့ ဖက်ခွက်စား ရေပေါ်စီ ရုပ်ရှင်အုပ်စု တွေ့ခဲ့ကြသည်။

    ရွှေးကောက်ပွဲမှာ ကြံံဖွတ်ပါတီ အောင်နိုင်ရေးအတွက် ကူညီပေးရန် တွေ့ဆုံကြခြင်းဖြစ်သည်။

    အရင်က နေအောင့်စိတ်ဓါတ် ဘယ်လိုအောက်တန်းကျကျ ရေးဘို့အစီအစဉ်မရှိ။

    အခုနောက်ပိုင်း မအလ စစ်အုပ်စု နဲ့ ခပ်စိတ်စိတ် ပူးတွဲပြီး ပွဲတိုင်းကျော် လုပ်လာသောကြောင့် ပြည်သူကို ဒုက္ခပေးမည့် ဆူးတစ်ချောင်း ဟုမြင်လာ၍ ယခုစာကို ရေးခြင်းဖြစ်သည်။

    ၂၀၁၄ ခုနှစ်ကသီတဂူဆရာတော် ဖလော်ရီဒါပြည်နယ်ရှိ သီတဂူဘုန်းကြီးကျောင်းသို့ ကြွလာသည်။

    သူနဲ့အတူ မြန်မာပြည်မှ လုပ်ငန်းရှင် အမာခံ ဒကာအရင်းများကို ခေါ်လာခဲ့သည်။

    ထိုခရီးစဉ်၌ မြန်မာပြည်မှ ပါလာကြသည့် ဒကာ အုပ်စုက လူတော်တော်များသည်။

    ပါလာကြသည့် လူများကို တိတိကျကျ ပြောရလျှင် –

    အောင်သောင်း ကုမ္ပဏီ နှင့် ရန်ကုန် ထရန်စဖေါ်မာ ကုမ္ပဏီပိုင်ရှင် ဉီးမောင်သောင်း နှင့် ဇနီး နဲ့ သမီး အပါအဝင် ၃ ဉီး။

    ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် ဉီးတင်အေး။

    ရုပ်ရှင်မင်းသား နေအောင် ။

    ထိုစဉ်က ရန်ကုန် သီတဂူအဖွဲ့ အတွင်းရေးမှုး လှဆန်းယဉ် ကိုမြင့်အောင် ( ရုပ်ရှင်မင်းသမီး စိုးမိုးကြည် ၏ ခင်ပွန်း ) ။

    ရန်ကုန် သီတဂူ အဖွဲ့ ဘဏ္ဏာရေးမှုး ကိုဘာဘူ ( ရွှေဘုံသာလမ်းရှိ ဆင်းဘရားသား ဆေးဆိုင် ပိုင်ရှင် ) ။

    သီလရှင် ဆရာလေး တစ်ပါး အပါအဝင် စုစုပေါင်း ၈ ဉီးကို သီတဂူက အမေရိကသို့ ရောက်ဘူးစေရန်အတွက် မြန်မာပြည်မှ အလည်ခေါ်လာခဲ့ခြင်းဖြစ်သည်။

    ထိုစဉ်က သီတဂူဆရာတော် နှင့်ကျွန်တော်သည် ဆရာ / ဒကာ ထက်ပိုသော ချစ်ခင် ရင်းနှီးသည့် ဆက်ဆံရေးမျိုးဖြစ်သည်။

    ယခုတော့ နိုင်ငံရေး ခံယူချက် မတူမှု့ကြောင့် ဆရာ တပည့် လမ်းခွဲခဲ့သည်။

    ထိုအဖွဲ့ကြီး ဖလော်ရီဒါသို့ စရောက်လာသောနေ့တွင် ကျွန်တော်က လေဆိပ်သို့ သွားကြိုသည်။

    သီတဂူဆရာတော်အပါအဝင် ပါလာသည့် လူအုပ်စုက များသည့်အတွက် ကျွန်တော်အပါအဝင် နယ်ခံမိတ်ဆွေ ၃ ဉီးက ကား ၃ စီးဖြင့် သွားကြိုသည်။

    တည်းခိုမည့် ဘုန်းကြီးကျောင်းသို့ ရောက်သည့်အခါ သီတဂူဆရာတော်က ကျွန်တော့်အား

    “ စိန်မြင့်အောင် မြန်မာပြည်က ပါလာတဲ့ ငါ့တပည့်တွေကို မင်းတို့ဖလော်ရီဒါမှာ နေရာစုံ ရောက်အောင် မင်း တာဝန်ယူ လိုက်ပို့ပေးလိုက်ကွာ “

    ဟု ပြောသည်။

    လေယဉ်ကွင်းမှ ကြိုဆိုလာပြီး တည်းခိုမည့် ဘုန်းကြီးကျောင်းရောက်သည်နှင့် အခွင့်ရေးသမား ကိုနေအောင်က ဇာတိ စပြတော့သည်။

    “ ညီလေး မြန်မာပြည်က အကို့အိမ်နဲ့ စကားပြောချင်လို့ ဖုန်းခေါ်ပေးပါလား “

    “ ရပါတယ်အကို ဘိုက်ဗာနဲ့ လား ? နံပတ်ပြောလေ “

    “ ဘိုက်ဘာနဲ့ မဟုတ်ဘူး အကို့အိမ်က ကြိုးဖုန်းနံပတ်ကို ခေါ်ချင်တာ “

    “ ဟာ – မြန်မာပြည်က ကြိုးဖုန်းကို ကျွန်တော့် ဒီကဖုန်းနဲ့ တိုက်ရိုက်ခေါ်ရင် တစ်မိနစ်ကို ၂ ဒေါ်လာလောက် ယူတယ်အကို စျေးအရမ်းကြီးတယ် “

    ထိုစဉ်က အမေရိကမှ မြန်မာပြည်ရှိအိမ်ဖုန်း ကြိုးဖုန်းများကိုတိုက်ရိုက်ခေါ်လျှင် ယူသည့်စျေးဖြစ်သည်။

    “ ခဏလေးဘဲ ပြောမှာပါ ညီလေးရာ လုပ်ပါ။ ဖလော်ရီဒါကိုရောက်ပြီဆိုတာ မြန်မာပြည်က မိသားစုတွေကို အသိပေးရုံလေးပါ ။ အလွန်ဆုံးကြာ ၁ မိနစ် ၂ မိနစ်လောက်ပါဘဲ “

    “ OK အဲဒါဆို အကို့အိမ်ဖုန်းနံပတ်ပေး “
    ကျွန်တော့်ဖုန်း နဲ့ ခေါ်ပေးလိုက်သည်။

    သူ့မိန်းမ နဲ့ ပြောသည်။ သူ့သမီးနဲ့ပြောသည်။ သူ့သမက် နဲ့ပြောသည်။ သူ့မြေး နဲ့ ပြောသည်။

    စုစုပေါင်း ၂၅ မိနစ်ခန့်ကြာအောင်ပြောသည်။ လုံးဝ အားနာမှု့မရှိ။

    နောက်ဆုံး ဘေးမှာရှိနေသည့် အကိုကြီး ကိုမြင့်အောင်က

    “ ဟေ့လူ တော်ပြီလေ – သူများဖုန်းကို အားနာ မှပေါ့ “ ဟု ဝင်ပြောလိုက်တော့မှ ရပ်သွားသည်။

    ကျွန်တော် ဒေါ်လာ ၅၀ ခန့်ထွက်သွားသည်။

    ဖုန်းပြောပြီးသည့်အခါ နောက်ထပ် အခွင့်အရေးတစ်ခု ဆက်ပြီးတောင်းဆိုလာပြန်သည်။

    “ ညီလေး အကို့ရဲ့ Cross ဘောပင် မှင်ချောင်းလဲချင်လို့ ဝယ်လို့ရမယ့်ဆိုင် လိုက်ပို့ပေးပါလား ။ မြန်မာပြည်မှာ အဲဒီ Cross မှင်ချောင်းက ဝယ်လို့မရလို့ “

    “ ရပါတယ် အကို ကျွန်တော်လိုက်ပို့ပေးမယ် “

    Cross မှင်ချောင်းရနိုင်မည့် Office Depot ဆိုင်သို့ ကားမောင်း၍ လိုက်ပို့ပေးလိုက်သည်။

    သူလိုချင်သည့် မှင်ချောင်းရပြီး၍ ငွေရှင်းကောင်တာသို့ ရောက်သည့်အခါ
    ဟိုလိုလို ဒီလိုလို နဲ့ မယောင်မလည်လုပ်၍ ငွေကို ချက်ချင်းမထုတ်ဘဲ ကျွန်တော့်အပေးကို စောင့်နေသည်။

    ငွေရှင်းကောင်တာမှ အမျိုးသမီးက ဘာလုပ်မှာလဲ ဆိုသည့်အကြည့်နဲ့ စောင့်နေသည်။

    သူ့အစား ကျွန်တော်ရှက်သွားသည်။ နောက်ဆုံး မနေနိုင်သည့် ကျွန်တော်က ဝင်ရှင်းပေးလိုက်ရသည်။

    Cross မှင်ချောင်း ဘယ်လောက်တန်မှာလဲ ? ၄/၅ ဒေါ်လာပေါ့။

    ဒါပေမယ့် သူ စီးပိုးသည်။ ရသမျှ အခွင့်အရေးအကုန်ယူသည်။

    မှင်ချောင်း ဝယ်ပြီး၍ ဘုန်းကြီးကျောင်း ပြန်ရောက်လာသည့်အခါ

    “ ညီလေး အကို ဗိုက်ဆာလာလို့ စားစရာ တစ်ခုခု ကျွေးပါလား “

    “ ရတယ် အကို “

    ဟု ပြောပြီး ဘုန်းကြီးကျောင်း ရှိ ကွက်ကီး မုန့်ထုပ် တစ်ထုပ်ကို ယူပေးလိုက်သည်။

    ခဏနေလျှင် သူတို့ဧည့်သည်အုပ်စုအားလုံးကို စားသောက်ဆိုင်တွင် ညစာ လိုက်ကျွေးရန် ကျွန်တော်တို့နယ်ခံတွေက စီစဉ်ထားပြီးဖြစ်သည်။

    ကျွန်တော်ပေးလိုက်သည့် ကွက်ကီးမုန့်ကို စားပြီးသည့်အခါ ကိုနေအောင်က

    “ ညီလေး အဲဒီမုန့် အရမ်းကောင်းတယ်ကွာ အကို မြန်မာပြည်ကို ယူသွားချင်လို့ နည်းနည်းလောက် ထပ်ပေးပါအုံး လား “

    ကျွန်တော် တော်တော် အံ့ဩသွားသည်။

    “ အကို အဲဒီမုန့်တွေက ကျောင်းက ဘုန်းကြီးတွေ အတွက် သူများ လာလှုထားတာ ။ အကို ဗိုက်အရမ်းဆာနေတယ်ဆိုလို့ ကျွန်တော်က အဆာပြေစားရအောင်လို့ တစ်ထုပ် ယူပေးလိုက်တာ ။
    မြန်မာပြည်သယ်သွားဘို့အထိတော့ ပေးလို့မရဘူး။ မုန့်အလှု့ရှင် သိရင် မကောင်းဘူးလေ “

    “ အေးပါကွာ အဲဒါဆိုလည်း ဝယ်လို့ ရမယ့်ဆိုင်ကို ပြန်ခါနီးကြရင် လိုက်ပို့ပေးနော် “

    ဟု အရှက်ပြေစကားပြန်ပြောသည်။

    ရုပ်ရှင်မင်းသားနေအောင်ဆိုတာ ဒီလိုမျိုးပါလား ဟု ကျွန်တော် မှတ်မှတ်ထင်ထင် သိလိုက်ရသည်။

    အခုမှ စရောက်လာပြီး အခုမှ စတွေ့ဘူးသည့် လူတွေအပေါ်တွင် သူမျက်နှာမပူ။ အားမနာတတ်။

    ရောက်ရောက်ခြင်း ဆောက်နဲ့ထွင်းသည်။

    သီတဂူဆရာတော်၏ တာဝန်ပေးမှု့အရ
    နောက်တနေ့ မနက်ပိုင်းမှစပြီး ကျွန်တော်၏ ဆိုင်အလုပ်များကို အလုပ်သမားများနှင့် ထားခဲ့ပြီး ဧည့်သည်များကို ဖလော်ရီဒါ ဒေသန္တရ ပို့ဆောင်ရေးကို အကျိုးဆောင်ရသည်။

    ပထမဆုံး လိုက်ပို့မည့်ခရီးက ဖလော်ရီဒါ ပြည်နယ်ရှိ နာမည်ကြီး Key West ကျွန်းမြို့ လေးသို့ဖြစ်သည်။

    ဘုန်းကြီးကျောင်းကနေ ကား ၄ နာရီခန့် မောင်းရမည်ဖြစ်သည်။

    ဧည့်သည်များကို ခေါ်ရန် မနက် ၆ နာရီခန့် အိမ်ကနေ ဘုန်းကြီးကျောင်းသို့ပြန်ရောက်သည်။

    ဧည့်သည်များသည့်အတွက် SUV ကား ၂ စီး ဖြင့် ပို့သည်။

    တစ်စီးက ကျွန်တော့်ကား ကျွန်တော်မောင်းသည်။ နောက်
    တစ်စီးက ဘုန်းကြီးကျောင်းပိုင်ကား ။ ကျောင်း ရှိ ဉီးဇင်း တစ်ပါးက မောင်းသည်။

    ကျွန်တော့်ကားပေါ်တွင် ကိုမြင့်အောင် ကိုဘာဘူ နဲ့ ကို နေအောင် တို့က လိုက်ကြမည်ဖြစ်သည်။

    ကျန်သည့်လူများက ဘုန်းကြီးကျောင်း ကားပေါ်တွင် လိုက်ကြမည်။

    ဘုန်းကြီးကျောင်းမှ စထွက်ခါနီးအချိန် ကျွန်တော့်ကား ခေါင်းခန်းတံခါးကို နေအောင်က စဖွင့်သည်။ သူခေါင်းခန်းမှာထိုင်မည်ပေါ့။

    ထိုအခါ ကိုမြင့်အောင်က ခေါင်းခန်းတံခါးကို ဖွင့်နေသည့် နေအောင့် လက်ကို တွန်းဖယ်လိုက်သည် ။

    “ သွား ခင်ဗျား နောက်ခန်းမှာ သွားထိုင် “
    ကျွန်တော် မျက်နှာပူသွားသည်။

    နေအောင် ခပ်ကုတ်ကုတ် နဲ့ ထွက်သွားပြီး ကျွန်တော့်ကား နောက်ခန်းတွင် ကိုဘာဘူ နဲ့အတူ သွားထိုင်သည်။

    နောက်မှ ကျွန်တော် သဘောပေါက်သွားသည် ။ သူတို့ မြန်မာပြည်က စထွက်လာကထဲက နေအောင်ရဲ့ အခွင့်အရေးယူမှု့ အမြတ်ထုတ်မှု့ စီးပိုးမှု့ အားမနာတတ်မှု့ အလိုက်မသိမှု့တွေကို ရက်ရှည် အတူထွက်လာကြသည့် ကိုမြင့်အောင် ကိုဘာဘူ နဲ့ အခြားလူများက မြင်ပြင်းကတ် ကြည့်မရ ဖြစ်နေကြခြင်း ဖြစ်သည်။

    Key West သို့သွားရန် ကား စထွက်သည်နှင့် ပြသနာက စပါတော့သည်။

    ကိုမြင့်အောင်က စကားကို ဘွင်းဘွင်းရှင်းရှင်းပြောတတ်သည်။ သူမှန်သည်ထင်လျှင် ဘယ်မျက်နှာမှမထောက်။ ဒဲ့ဒိုးအိုးပေါက် ပြောတတ်သည်။ အားမနာတတ်။

    “ ကိုနေအောင် ခင်ဗျား အချောင်နှိုတ် ဒိုင်ပင်ထိုး ဂုန်းဆင်းနေတာ များနေပြီ။

    အစကထဲက ဒီခရီးစဉ်မှာ ခင်ဗျားပါတာမဟုတ်ဘူး။ သီတဂူ အဖွဲ့ နဲ့ ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူး။ US ဗီဇာ တင်တုန်းကလည်း ခင်များနာမည် ပါတာမဟုတ်ဘူး။

    သွားခါနီးကြတော့မှ ဆရာတော်ကို ခင်ဗျား အတင်း ဝင်လုံးပြီး အမေရိကကို ရောက်ဖူးချင်လို့ပါဆိုပြီး ခွေးတိုးပေါက်က လိုက်လာတာ ။

    ပြီးတော့ ဖလော်ရီဒါ ဘုန်းကြီးကျောင်း မရောက်ခင် တခြားပြည်နယ်တွေက ဘုန်းကြီးကျောင်းတွေ ရောက်ခဲ့စဉ်တုန်းကလည်း ပြန်ခါနီးမှာ လူတွေအားလုံးက နိုင်သလောက်လှုခဲ့ကြတယ်။

    ခင်ဗျားတစ်ယောက်ထဲဘဲ အရှုးကွက်နင်းပြီး တစ်ပြားမှ မလှုခဲ့ဘူး။

    စားစရာရှိတော့ ဘုန်းကြီးကျောင်းက ဟာတွေကို အားမနာတမ်း နင်းကန် စားတယ် ။

    ခင်ဗျား မရှက်ပေမယ့် ခင်ဗျား အစား ကျုပ်ရှက်တယ် “

    ဒဲ့ဒိုး အိုးပေါက် အားမနာတမ်း ပြောတတ်သည့် ကိုမြင့်အောင်သည် နေအောင့် အပေါ် တစ်လမ်းလုံး အစာမကြေဖြစ်ခဲ့သည်များကို ပေါက်ကွဲ ရင်ဖွင့်ပါတော့သည်။

    ကိုဘာဘူကလည်း ကိုမြင့်အောင်ဘက်က ဝင်၍ ထောက်ခံသည့်စကားများဝင်ပြောသည်။

    နေအောင်ကလည်း ဒီလိုမဟုတ်ပါဘူး။ ဟိုလိုမဟုတ်ပါဘူး ဆိုပြီး လေပျော့လေးနဲ့ ပြန်ရှင်းပြသည်။

    နေအောင်က ဆင်ချေတွေပေးပြီး ပြန်ရှင်းလေ ကိုမြင့်အောင် နဲ့ ကိုဘာဘူ တို့က ပိုပေါက်ကွဲပြီး ပိုပြောလေ ဖြစ်နေကြသည်။

    ကားထဲမှာ သူတို့၏ အခြေအတင် ငြင်းခုန် သံများက ပွက်လောရိုက် ဆူညံနေသည်။

    ကားမောင်းနေသည့် ကျွန်တော့်ကို နေအောင်က အားကိုးသည့် မျက်နှာလေးနဲ့ စစ်ကူလှမ်းတောင်းသည်။
    ဝင်တား ဝင်ဟန့်ပေးဘို့ ဖြစ်သည်။

    ထိုစဉ်က နေအောင် ဖြစ်နေသည့် မျက်နှာငယ်လေးကို ကျွန်တော် ဘယ်တော့မှ မမေ့။ ယခုအချိန်ထိ မှတ်မိနေဆဲဖြစ်သည်။

    သူတို့ ဖလော်ရီဒါ မရောက်ခင်က ဖြစ်လာခဲ့ကြသည့် ပြသနာ အတိမ်အနက် အစ အဆုံးကို ကျွန်တော်လည်း လိပ်ပတ်လည်အောင် နားမလည်။ မသိပါ။

    ကျွန်​တော် သိလိုက်သည်က​တော့ နေ​အောင်သည် အ​မေရိကကို သီတဂူအဖွဲ့နဲ့ အတူလိုက်ရလျှင် အ​မေရိကမှာ ဟိုတည်ခ စားစရိတ် သွားလာစားရိတ် ပြန်သည်အထိ အားလုံး Free ဖြစ်မည်။ သူ့အိပ်ထဲက တစ်ပြားမှ ကုန်စရာမလို ။

    ဒီအကွက်ကို မြင်သည့်အတွက်
    ဂုန်းဆင်းသမားပီပီ သီတဂူအဖွဲ့နဲ့ အတူ အပါ လိုက်လာခဲ့ခြင်းဖြစ်သည်။

    ကျွန်တော့်ကို မျက်နှာငယ်လေးနဲ့ အားကိုးတကြီး ကြည့်၍ စစ်ကူတောင်းနေသော နေအောင် ထွက်ပေါက်ရ သက်သာ စေရန်အတွက်

    “ အကိုတို့ရာ တော်ကြပါတော့ — နားတွေလည်းငြီးလှပါပြီ– ပျော်စရာခရီးက ပျော်စရာ မကောင်းဘဲ စိတ်ညစ်စရာတွေဖြစ်နေပြီ “

    ဟု ကျွန်တော်က ဝင်ပြောလိုက်သည့်အခါ ကိုမြင့်အောင် နဲ့ ကိုဘာဘူတို့လည်း ကျွန်တော့်ကို အားနာသောကြောင့် ဆက်မပြောတော့ပါ ။

    ကျွန်တော်လည်း သူတို့ အာရုံ ပြောင်းစေရန်အတွက် တခြားအကြောင်းအရာများကို စကားမရှိ စကားရှာပြီး ပြောရပေတော့သည်။

    ထိုအခါမှ ဂုန်းဆင်းကြီး နေအောင်လည်း စိတ်သက်သာရာ ရသွားပြီး ကျွန်တော့်ကို ကျေးဇူးတင်သည့် မျက်နှာငယ်လေး နဲ့ နောက်ခန်းကနေ လှမ်းကြည့်နေတာကို ကား ဘက်မှန်ထဲက လှမ်းမြင်နေရသည်။

    နေအောင် ၏ အချောင် ဂုန်းဆင်းမှု့တွေများမှု့ကြောင့် ကားပေါ်မှာ တစ်
    လမ်းလုံး ပြသနာတွေ ဖြစ်လာလို့မှ မကြာခင် ဗီဇစွဲနေသည့် နေအောင် ၏ ဇာတိရုပ်က ထပ်ပေါ်လာပြန်သည်။

    သူတို့ စကားတွေများပြီးမကြာခင် လမ်းဘေး ဓါတ်ဆီဆိုင် တစ်ဆိုင်သို့ ဝင်၍ ကျွန်တော့်ကားကို ဆီဝင်ဖြည့်သည်။

    သူတို့လည်း ခြေဆန့် လက်ဆန့် အပေါ့အပါး သွားကြသည်။

    ထိုစဉ် နေအောင်က ဓါတ်ဆီဆိုင်အတွင်းရှိ ကော်ဖီဘားမှ ကော်ဖီတစ်ခွက် သွားယူသည်။ မုန့်တစ်ခုယူသည်။

    ငွေပေးကောင်တာ အရောက်တွင် သူယူထားသည့် ကော်ဖီခွက်နဲ့ မုန့်ကို ကျွန်တော့်လက်ထဲသို့ လာထိုးပေးသည်။

    ဆိုလိုသည်က ကျွန်တော် ငွေ ပေး ပေါ့။

    ဪ ဒီလူနဲ့တော့ ဒုက္ခပါဘဲ။

    ကော်ဖီတစ်ခွက် ၂ ဒေါ်လာလောက်ကိုတောင် ဂုန်းလာဆင်းနေပြန်ပြီ။
    စောစောကမှ ဒီအပြုအမူတွေကြောင့် ဟိုလူတွေနဲ့ ပြသနာဖြစ်ထားကြတာ ပူပူနွေးနွေး ။ ဒါလည်း မမှတ်သေးပါလား ။

    ထိုမြင်ကွင်းကို ဟိုလူတွေမမြင်လို့ပေါ့ ။ မြင်ရင် ပြသနာတွေ ထပ်ဖြစ်ကြလိမ့်အုံးမည်။

    ကိုမြင့်အောင်တို့ ကိုဘာဘူတို့ မမှားပါလား ဆိုတာ ကျွန်တော် ပို၍ သိလိုက်ရသည်။

    Key West ရောက်သည့်အခါ ကိုနေအောင်က ကျွန်တော့်ကို

    “ ညီလေးရယ် အကို့ကို ကာကွယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ကွာ ။
    ညီလေးရဲ့ ကူညီ စောင့်ရှောက် ကျွေးမွေး မှု့တွေကို အကို ဘယ်တော့မှ မမေ့ပါဘူး “

    ဟု ပြောသည်။

    ထိုစကား ကြားတော့ ကျွန်တော် ပြုံးမိသည်။

    ရုပ်ရှင်လောက လူတွေ ။ အထူးသဖြင့် နာမည်ကြီး ဆယ်လီဆိုသည့် လူတွေအကြောင်းကို ကောင်းကောင်းသိနေလို့ဖြစ်သည်။

    တော်တော်များများက စားပြီး နားမလည်တွေ များသည်။

    ရောက်တဲ့ နေရာတိုင်းမှာ မင်းသား မင်းသမီး ဆိုပြီး လူတွေက သူတို့ကို ဝိုင်းမ ။ ဝိုင်းဖား ။ ကျွေးချင် ပေးချင်ကြတဲ့ လူတွေကများသည်။

    ဒီနေရာမှာ စားပြီး ၍ နောက်နေရာ ရောက်ရင် နောက်ထပ် မ မယ့် ဖားမယ့် ကျွေးချင်တဲ့ လူတွေများစွာက စောင့်နေကြအုံးမည်။

    ထိုအခါ အရင် ဖားခဲ့ မ ခဲ့ ကျွေးခဲ့တဲ့လူတွေဆိုတာ သူတို့ခေါင်းထဲမှာ မရှိတော့ပါ ။

    မင်းသား/ မင်းသမီးရှုး တွေကသာ ဒီသဘောတွေကိုမသိ၍ ဖားနေ မ နေ ကြခြင်းဖြစ်သည်။

    ဒီသဘော ဒီအထာတွေကို သိနေသည့်ကျွန်တော့်အတွက် ကိုနေအောင် ပြောလာသည့်

    “ ညီလေး ကျေးဇူး ဘယ်တော့မှ မမေ့ပါဘူး “ ဆိုသည့်စကားကို စိတ်ထဲက ပြုံးမိပြီး လေထဲမှာ ဖျောက်ဖျက်ပြစ်လိုက်သည်။

    ကိုနေအောင်သည် မသိမသာ နဲ့ တစ်မျိုး သိသိသာသာတစ်မျိုး အလွန်ကြွားတတ်သည်။

    “ ညီလေး အကိုက ရန်ကုန်မှာ ဆူနီယံပတ်မှာ နေတာကွ ။ သမက်က ဆရာဝန်လေ ။ ကို့ညီ မြန်မာပြည်ပြန်ရောက်ရင် အကို့ဆီဖုန်းဆက်နော် — ကို့ညီ ဘာဖြစ်ချင်လည်းပြော — အကို အကုန်ကူညီပေးမယ် “

    ဆိုသည့်စကားကို ဖလော်ရီဒါက မပြန်ခင် မကြာမကြာ ကျွန်တော့်ကို ပြောခဲ့သည်။

    ဆူနီယံပတ် ဆိုသည့်စကားကိုလည်း အပ်ကြောင်းထပ်အောင်ပြောသည်။

    ကျွန်တော်က ပြုံး၍ဘဲနေလိုက်သည်။

    သူနဲ့တွေ့ပြီး နောက်ပိုင်း ကျွန်တော် မြန်မာပြည်မကြာခဏ ပြန်ရောက်သည်။

    ယနေ့အချိန်ထိ ဘယ်တော့မှ သူ့ဆီ ဖုန်းမခေါ်။ မဆက်သွယ်ခဲ့ပါ။

    သူနဲ့တွေ့စဉ်မှာ သတိထားမိလိုက်သည့် အဓိက အချက်ကတော့

    တပ်မတော်တို့ ။
    နိုင်ငံတော်အကြီးအကဲတို့ ။
    တပ်ချုပ်ကြီး တို့။
    ပြည်ခိုင်ဖြိုးပါတီတို့။
    “ အမျိုးဘာသာ သာသနာ “ ဆိုသည့်စကားလုံးတွေကို သူ့ပါးစပ်ကတွင်တွင်ပြောခြင်းဖြစ်သည်။

    နားကြားပြင်းတော်တော်ကပ်စရာ ကောင်းသည်။

    ထိုစဉ်ကထဲက ဒီလူဟာ အကြမ်းဖက် စစ်တပ်ကို အားပေးထောက်ခံနေတဲ့ ကြံ့ဖွတ်ပါတီဝင် မဘသ လူတစ်ဉီး ဖြစ်ကြောင်း ကောင်းကောင်းသိလိုက်ရသည်။

    နဂိုကမှ ဂုန်ဆင်း အခွင့်အရေးသမားမှန်းသိလိုက်ရ၍ လေးစားမှု့ပျောက်ကွယ်နေသည့်အချိန်တွင်

    အကြမ်းဖက်စစ်တပ်ကို အားပေးထောက်ခံနေသည့် ကြံ့ဖွတ်ပါတီဝင် မဘသ တစ်ဉီးမှန်း သိလိုက်ရသည့်အခါ ပို၍ ရွံရှာ မုန်းတီးသွားမိပါတော့သည်။

    နောက်တစ်ရက် ဖလော်ရီဒါရှိ နာဆာ Space Center သို့ သွားသည့်အခါ ကိုမြင့်အောင် နဲ့ ကိုဘာဘူတို့ကို ကြောက်၍ ကျွန်တော့်ကားပေါ်တွင် မလိုက်ရဲတော့ပါ။

    အနှစ်ချုပ် ပြောပါမည်။

    ကျွန်တော့် မိတ်ဆွေများထဲက အကြမ်းဖက်စစ်အုပ်စုကို အားပေးထောက်ခံနေကြသော အောက်တန်းစား စိတ်ဓါတ်ပိုင်ရှင် လူတွေအကြောင်းကို ဆက်လက်ပြီး ဖေါ်ထုတ် ရေးသားသွားမည်ဖြစ်သည်။

    ထိုသို့သော လူများနဲ့ မိတ်ဆွေအဖြစ်လည်း မပေါင်းသင်းလို။ ဘာမျက်နှာမှလည်း ထောက်ထားစရာ အကြောင်းမရှိပါ။

    ဒါသည်ပင် တော်လှန်ရေးအတွက် ဆူးညှောင့် ခလုတ်တွေကို ရှင်းနေခြင်း ဖြစ်သည်ဟု မှတ်ယူသည်။

    Henry Aung ( Florida )

    August, 05, 2025