ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ တိတ်တိတ်ပုန်းသမီးဖြစ်သည်ဟုဆိုသော မိန်းကလေးငယ်တဦးက အသိခက်သော ဆိုရှယ်မီဒီယာပို့စ်တခု၌ သူ့ဖခင်နှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ပြောပြီး ယင်းပို့စ်တွင် အမျိုးသားတဦးကြောင့် မိမိကို ဘဝပျက်စေခဲ့သလို ‘လူသန်းချီ၏ အသက်တို့လည်း ဆုံးရှုံးခဲ့ရသည်’ ဆိုပြီး ဝေဖန်ပြစ်တင်ထားသည်။
ပူတင်၏ အငယ်ဆုံး သမီးဖြစ်သည်ဟု ယုံကြည်ရသည့် ပါရီတွင် နေထိုင်လျက်ရှိသော အသက် ၂၂ နှစ်အရွယ် အနုပညာကျောင်းဆင်း အဲလစ်ဇာဗက်တာ ခရစ်ဗိုနိုဂစ်ခ်က တယ်လီဂရမ်တွင် မက်ဆေ့ချ်တို့ မျှဝေခဲ့ခြင်း ဖြစ်ပြီး သူသည် ယခုနောက်ပိုင်းအတွင်း အင်စတာဂရမ်ကဲ့သို့ ဆိုရှယ်မီဒီယာပေါ်တွင် ပိုမြင်တွေ့လာရပြီး သူ့ဓာတ်ပုံတို့ကို ပြန်လည် စတင်ဝေမျှလာခဲ့သည်။
‘အများအလယ်မှာ ပြန်ပြီး ကျွန်မ မျက်နှာပြနိုင်တဲ့အတွက် အခုတော့ လွတ်လပ်သွားသလို ခံစားရတယ်” ဟု သူက ရေးခဲ့ကြောင်း Bild က ဖော်ပြသည်။
“ဒါက ကျွန်မ ဘယ်သူလဲ ဆိုတာနဲ့ ဘယ်သူ့ကြောင့် ကျွန်မဘဝပျက်ခဲ့ရတယ်ဆိုတာကို ပြန်ပြီး အမှတ်ရစေတယ်” ဟု သူက ဆိုသည်။
သူ ပို့စ်တင်သည့် တယ်လီဂရမ် ချန်နယ်က ‘Art of Luiza’ ဟု ခေါ်ပြီး ယင်းချန်နယ်တွင် သူ၏ အွန်လိုင်းအနုပညာအမည်ကို လွီဇာ ရိုဇိုဗာ ဆိုပြီး ရည်ညွှန်းထားသည်။

ခရစ်ဗိုနိုဂစ်ခ်သည် သူ့ပို့စ်တို့တွင် ပူတင်ကို အတိအကျ အမည်တပ်ခြင်း မရှိခဲ့သော်လည်း သူ၏ အစစ်အမှန် မိဘ ဘယ်သူဖြစ်သလဲ ဆိုသည်နှင့်ပတ်သက်ပြီး အများ ထင်မြင်ယူဆချက်တို့ကို ဘယ်တုန်းအခါကမှ ငြင်းဆန်ပယ်ချခဲ့ခြင်း မရှိပေ။
တက်သစ်စ အနုပညာရှင် ခရစ်ဗိုနိုဂစ်ခ်ကို သူ့မိခင် ဆဗတ်လန်နာ (တချိန်က ရုရှားသမ္မတ၏ အိမ်စေ) နှင့် ပူတင်အကြား သံသယရှိဖွယ် အချစ်ဇာတ်ခင်းမှုနောက်ပိုင်း ၂၀၀၃ ခုနှစ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။
ပူတင်နှင့် ခရစ်ဗိုနိုဂစ်ခ် ‘အံ့ဖွယ် ရုပ်ချင်းဆင်နေမှု’ အချက်ကို ကိုးကားပြီး ခရစ်ဗိုနိုဂစ်ခ်သည် ပူတင်၏ သမီးဖြစ်သည် ဆိုသည့် တုန်လှုပ်အံ့ဩစေသော ဖြစ်ရပ်က ရုရှားသတင်းမီဒီယာဌာန Proekt ၏ ၂၀၂၀ ပြည့်နှစ် စုံစမ်းလေ့လာမှုတခုနောက်ပိုင်း ပထမဆုံး ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ခရစ်ဗိုနိုဂစ်ခ်၏ မွေးစာရင်းတွင် ပူတင်အမည် ပါဝင်ခြင်း မရှိသော်လည်း ‘ဗလာဒီမာ၏ သမီး’ ဆိုပြီး အဓိပ္ပါယ်ထွက်သည့် ‘ဗလာဒီမီရော့ဗ်နာ’ ဆိုပြီး ထည့်သွင်းပါရှိသည်။
၂၀၂၁ ခုနှစ်ကလည်း ရုရှားအတိုက်အခံ ခေါင်းဆောင် အလက်ဇီ နာဗယ်ညီက ခရစ်ဗိုနိုဂစ်ခ်၏ အင်စတာဂရမ်ကို ဖော်ထုတ်ခဲ့ပြီး ယင်းအင်စတာဂရမ်အရ ရုရှားသမ္မတနှင့် ဆက်နွယ်ပတ်သက်မှု ရှိသည်ဟု အများက မှတ်ယူခဲ့သည့် ခရစ်ဗိုနိုဂစ်ခ်၏ ဇိမ်ခံချမ်းသာသော ဘဝနှင့် သူ့မိသားစု၏ ကြွယ်ဝမှုတို့ကို တွေ့မြင်ခဲ့ရသည်။
ခရစ်ဗိုနိုဂစ်ခ်သည် မူလက လူအများအလယ် ထင်ပေါ်သည့် ဘဝဖြင့် နေထိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် သူသည် သိုသိပ်သည့် အခြေအနေသို့ ရောက်သွားပြီး သူအင်စတာဂရမ်အကောင့်လည်း ရုတ်ခြည်း ပိတ်သွားခဲ့သည်။ ယင်းနောက် တဖန် ဆိုရှယ်မီဒီယာ ပြန်သုံးသော်လည်း သတိဖြင့်ရှိနေခဲ့ပြီး မကြာခဏဆိုသလို ဓာတ်ပုံအများအပြားတွင် သူ့မျက်နှာကို ဖုံးကွယ်ထားခဲ့သည်။
သူသည် ယခုအခါ နေထိုင်ပုံ တဖန် ပြောင်းခဲ့ပြီး တချိန်က သူ့ဇာတိမြေ စိန့် ပီတာစဘာ့ဂ်ကို လွတ်လပ်စွာ မပြန်နိုင်ခြင်းအတွက် ဝမ်းနည်းကြောင်းနှင့် အတိတ်ကို လွမ်းဆွတ်ကြောင်း ထုတ်ဖော်ခဲ့ပြီးနောက် ယခုအခါတွင် အကြီးအကျယ် မွှေနှောက်ဖျက်စီးသော စစ်ပွဲ၌ တခြားတဘက်ကို လူသိရှင်ကြား စတင် ထောက်ခံလာခြင်း ဖြစ်သည်။
ခရစ်ဗိုနိုဂစ်ခ်သည် နောက်ပိုင်းတွင် သူ၏ ယခင်က Gucci အမှတ်တံဆိပ်တို့ ဝတ်ဆင်ခြင်းအပါအဝင် ဇိမ်ခံပစ္စည်းများဖြင့် ပြည့်ပြည့်စုံစုံ နေထိုင်မှုပုံစံကို ပယ်ချပြီး စစ်ဆန့်ကျင်ရေး အနုပညာလက်ရာတို့အပေါ် အထူးပြုသည့် ပါရီ အနုပညာ လက်ရာပြခန်းတခု၌ အလုပ်လုပ်ရင်း ဖခင်ဖြစ်သူကြောင့် ယူကရိန်း၌ လူအမြောက်အမြားသေစေမှုအပေါ် ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ရင်း ပြောဆိုလာခြင်း ဖြစ်သည်။
(New York Post မှ Putin’s ‘secret daughter’ laments father who killed ‘millions’ and ‘destroyed’ her life as she pivots to support Ukraine အား ကိုလူအေး ဘာသာပြန်သည်)


Leave a Reply