Author: Baby Yit Lone

  • အစ္စရေး၏ တိုက်ခိုက်မှုများအပြီး တီဟီရန်မြို့တွင် မိုးမည်းများ ရွာသွန်း

    အစ္စရေး၏ တိုက်ခိုက်မှုများအပြီး တီဟီရန်မြို့တွင် မိုးမည်းများ ရွာသွန်း

    အီရန်မြို့တော်ရှိ ဆီသိုလှောင်ရာနေရာများကို အစ္စရေးက တိုက်ခိုက်ပြီးနောက်၊ တီဟီရန်မြို့ခံများသည် ထူထပ်သော မီးခိုးတိမ်မည်းကြီးများနှင့်အတူ မိုးမည်းများရွာသွန်းမှုကို ကြုံတွေ့ခဲ့ရကြောင်း စီအန်အန် သတင်းထောက် ဖရက်ဒ် ပလိုက်ဂျန်က သတင်းပေးပို့ခဲ့သည်။

    လူဦးရေ ၁၀ သန်းနီးပါး နေထိုင်သည့် တီဟီရန်မြို့တွင် တိုက်ခိုက်မှုများအပြီးတွင် ရေနံများနှင့် ရောနှောနေသည့် မိုးရေများ ရွာသွန်းခဲ့ခြင်းဖြစ်သည်။

    Mm News.xyz 2026 03 08 185512

    ရေနံများရောနှောနေသည့် မိုးမည်းရွာသွန်းမှုအကြောင်း သတင်းထောက်၏ ဖော်ပြချက်

    “မိုးရေတွေက တကယ်ကို မည်းနက်နေတာကို တွေ့နိုင်ပါတယ်။ ရေနံတွေလည်း ပျော်ဝင်နေပုံရတယ်” ဟု ပြောကြားခဲ့သည်။

    “ဒါက ဒီမနက်ခင်းမှာ ရွာသွန်းနေတဲ့ အခြေအနေပါ။ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အီရန်မြို့တော် မှာ အခုလို ရေနံတွေပါတဲ့ မိုးမျိုး ရွာသွန်းနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

    စက်သုံးဆီသိုလှောင်ကန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ် အတည်ပြု

    အစ္စရေးစစ်တပ်က ၎င်းတို့သည် စနေနေ့ညနေပိုင်းတွင် တီဟီရန်မြို့ရှိ စက်သုံးဆီဖြန့်ဖြူးရေးနေရာများကို တိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    ယင်းအဆောက်အအုံများသည် အီရန်ရှိ “စစ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများအပါအဝင် အမျိုးမျိုးသော စားသုံးသူများထံ” စက်သုံးဆီ ဖြန့်ဖြူးပေးနေသည့် နေရာများဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောကြားသည်။

    Mm News.xyz 2026 03 08 185533

    “ဒီတိုက်ခိုက်မှုက အီရန်အကြမ်းဖက်အစိုးရရဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အထိနာစေဖို့ လုပ်ဆောင်လိုက်တဲ့ နောက်ထပ်ခြေလှမ်းတခု ဖြစ်ပါတယ်” ဟု အစ္စရေးစစ်တပ်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    စစ်ပွဲအရှိန်မြင့်တက်လာသည်နှင့်အမျှ ထွက်ပေါ်လာသော နိုင်ငံတကာ တုံ့ပြန်မှုများ

    ယခုတိုက်ခိုက်မှုများသည် အီရန်၏ စွမ်းအင်အရင်းအမြစ်များကို ပစ်မှတ်ထားသည့် အစ္စရေး၏ အရှိန်အဟုန်မြှင့် တိုက်ခိုက်မှုအသစ်များ၏ အစိတ်အပိုင်းဖြစ်သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်၏ ထိပ်တန်းလုံခြုံရေးအရာရှိထံမှ ခြိမ်းခြောက်မှုများကို “ကျွန်တော် လုံးဝဂရုမစိုက်ဘူး” ဟု ဆိုကာ ပယ်ချလိုက်ပြီး၊ အီရန်အပေါ် တိုက်ခိုက်မှုများသည် ယခု သီတင်းပတ်ကုန်တွင် ပိုမိုပြင်းထန်လာမည်ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။

    တချိန်တည်းမှာပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက “စစ်မီး” များ ပြန့်နှံ့သွားနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးခဲ့ပြီး၊ ပဋိပက္ခများကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။

  • အီရန်ကို သင်ခန်းစာယူပြီး တပ်တွင်းသူလျှိုများ ဖော်ထုတ်ရန် စစ်တပ်လော်ဘီများ ဆော်ဩလာ

    အီရန်ကို သင်ခန်းစာယူပြီး တပ်တွင်းသူလျှိုများ ဖော်ထုတ်ရန် စစ်တပ်လော်ဘီများ ဆော်ဩလာ

    အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုနှင့် ထောက်လှမ်းရေးသတင်းပေါက်ကြားမှုဖြစ်စဉ်များကို သင်ခန်းစာယူ၍ မြန်မာနိုင်ငံအတွင်းရှိ စစ်ကော်မရှင်ထောက်ခံသူများနှင့် လော်ဘီများအကြား တပ်တွင်းသူလျှိုဖော်ထုတ်ရေးအတွက် တယ်လီဂရမ်ချန်နယ်များတွင် ဆော်သြမှုများ ပြုလုပ်လာကြောင်း သိရသည်။

    အဆိုပါ စစ်ကော်မရှင်ထောက်ခံသူများသည် အီရန်နိုင်ငံ၏ နျူကလီးယားအဆောက်အအုံများနှင့် စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရခြင်းမှာ အတွင်းသတင်းပေါက်ကြားမှုကြောင့်ဖြစ်သည်ဟု ယူဆနေကြပြီး မြန်မာနိုင်ငံတွင်လည်း တပ်မတော်၏ ထိပ်တန်းလျှို့ဝှက်ချက်များနှင့် စစ်ရေးလှုပ်ရှားမှု ကြေးနန်းစာများ ပေါက်ကြားနေခြင်းအပေါ် ပြာပြာသလဲ စိုးရိမ်မကင်း ဖြစ်နေကြခြင်းဖြစ်ပါသည်။

    ယင်းသို့ စိုးရိမ်မှုများ မြင့်တက်လာခြင်းနှင့်အတူ တပ်တွင်းသတင်းများကို ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်ဖြစ်စေ၊ ငွေကြေးမက်လုံးကြောင့်ဖြစ်စေ ပြည်ပမီဒီယာများနှင့် တော်လှန်ရေးအင်အားစုများထံ ပေးပို့နေသူများကို အရေးတကြီး စိစစ်ဖော်ထုတ်ရန် ၎င်းတို့၏ ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့် အပြိုင်အဆိုင် သတိပေးနှိုးဆော်လျက်ရှိသည်။

    အထူးသဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ခံဝန်ကတိဖြင့် လုပ်ငန်းခွင်ပြန်ဝင်လာသူများကို အဓိကထား စောင့်ကြည့်ရန် လော်ဘီများက တိုက်တွန်းနေကြသည်။

    ၎င်းတို့အား အရေးပါသည့် တာဝန်များနှင့် ဌာနဆိုင်ရာ လျှို့ဝှက်ချက်များကို သိရှိနိုင်သည့် နေရာများတွင် တာဝန်မပေးအပ်သင့်ဘဲ နောက်ကြောင်းရာဇဝင်ကို အနုစိတ်စစ်ဆေးရန် လိုအပ်ကြောင်း စစ်တပ်လော်ဘီများက ရေးသားထားကြသည်။

    ယင်းအခြေအနေအပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက “အီရန်မှာ ဖြစ်သွားတဲ့ ဖြစ်စဉ်တွေက စစ်ကော်မရှင်လော်ဘီတွေကို တော်တော်လေး ထိတ်လန့်သွားစေတာ အမှန်ပဲ။ သူတို့က သူတို့ရဲ့ အတွင်းစည်းထဲမှာ သူလျှိုတွေ ရှိနေနိုင်တယ်ဆိုတာကို အရင်ကထက် ပိုပြီး သံသယဝင်လာကြတာ။ ဒါဟာ တပ်တွင်းမှာ အချင်းချင်း မယုံကြည်မှုတွေကို ပိုပြီး ကြီးထွားလာစေနိုင်တယ်” ဟု သုံးသပ်ပြောကြားသည်။

    ထို့ပြင် လော်ဘီများက လုံခြုံရေးအတွင်းစည်းကို ပိုမိုကျပ်မတ်ရန်အတွက် သတင်းအချက်အလက် သိရှိနိုင်သည့် နယ်ပယ်ကို အတတ်နိုင်ဆုံး ကျဉ်းမြောင်းအောင် ပြုလုပ်ရန်နှင့် သစ္စာရှိမှုအပေါ် အခြေခံသည့် ဆုပေး၊ ဒဏ်ပေးစနစ်ကို အားကောင်းအောင် လုပ်ဆောင်သင့်ကြောင်းလည်း ဆိုကြသည်။

    “ဒီလိုမျိုး ဖိအားပေးတာတွေက တကယ်တမ်းမှာတော့ အောက်ခြေဝန်ထမ်းတွေနဲ့ တပ်ဖွဲ့ဝင်တွေကြားမှာ စိုးရိမ်ထိတ်လန့်မှုကိုပဲ ဖန်တီးပေးရာ ရောက်လိမ့်မယ်။ CDM ပြန်ဝင်လာသူတွေကို ရန်သူလို သဘောထားပြီး စောင့်ကြည့်နေမယ်ဆိုရင် အုပ်ချုပ်ရေးယန္တရားထဲမှာ အဆင်မပြေမှုတွေ ပိုများလာမှာပဲ” ဟု တက်ကြွလှုပ်ရှားသူတစ်ဦးက ထောက်ပြသည်။

    အခြားတစ်ဖက်တွင်လည်း တပ်မတော်၏ လျှို့ဝှက်ချက်များကို သိရှိနိုင်သည့် အဆင့်မြင့်အရာရှိကြီးများပင်လျှင် ငွေကြေး သောင်းဂဏန်း၊ သိန်းဂဏန်းအတွက်ဖြင့် သစ္စာဖောက်ဖျက်နိုင်သည်ဟု လော်ဘီများက ယူဆနေကြခြင်းမှာ စစ်ကော်မရှင်၏ လက်ရှိကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ပျက်ယွင်းမှုများကို ဝန်ခံရာရောက်နေကြောင်း ၎င်းက ဆိုသည်။

    ထို့ကြောင့် စစ်ကော်မရှင်အနေဖြင့် တပ်တွင်းနှင့် ဌာနဆိုင်ရာများတွင် ရှိနေနိုင်သည့် သစ္စာမဲ့သူများကို မျက်ခြေမပြတ် စောင့်ကြည့်ရန်အတွက် အချိန်ယူ စစ်ဆေးခြင်း၊ တာဝန်ပေးအပ်ပြီး ယုံကြည်မှု တည်ဆောက်ကြည့်ခြင်းနှင့် စနစ်တကျ စောင့်ကြည့်ခြင်းများ ပြုလုပ်ရန် လော်ဘီများက အပြင်းအထန် တောင်းဆိုနေကြခြင်း ဖြစ်သည်။

    နိုင်ငံရေးလေ့လာသူများ၏ အဆိုအရ အီရန်၌ ဖြစ်ပွားခဲ့သည့် ထိပ်တန်းခေါင်းဆောင်များ လုပ်ကြံခံရမှုသည် ကမ္ဘာတစ်ဝန်းရှိ အာဏာရှင်စနစ်ကျင့်သုံးသည့် နိုင်ငံများအတွက် စိုးရိမ်စရာဖြစ်လာစေပြီး မြန်မာနိုင်ငံရှိ စစ်ကော်မရှင်အတွက်လည်း လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ရင်ဆိုင်နေရကြောင်း ပြောကြားသည်။

    အကျိုးဆက်အနေဖြင့် စစ်ကော်မရှင်သည် ရှေ့လာမည့် ကာလများတွင် တပ်တွင်းလုံခြုံရေးနှင့် သတင်းအချက်အလက် စီးဆင်းမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်လာဖွယ်ရှိပြီး ယင်းသည်ပင်လျှင် အုပ်ချုပ်ရေးယန္တရားအတွင်း မလိုအပ်သည့် တင်းမာမှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက ခန့်မှန်းထားသည်။

  • ဆေးအိတ်တစ်လုံး၊ စက်ချုပ်သံတစ်ညံညံနဲ့ ယောတပ်တော်ရဲ့ နောက်ကွယ်က ခွန်အားများ

    ဆေးအိတ်တစ်လုံး၊ စက်ချုပ်သံတစ်ညံညံနဲ့ ယောတပ်တော်ရဲ့ နောက်ကွယ်က ခွန်အားများ

    “ပျူနွယ်တောင်သား ဓလေ့အကများနဲ့ ချည်ထည်ရက်ကန်းခတ်သံများ၊ ချည်ထည်ယောပုဆိုးများ ဝတ်ဆင်ကြီးပြင်းခဲ့တဲ့ ကျွန်တော်ယောသားတစ်ယောက်ပါ” ဆိုတဲ့ ယောဒေသခံ အဆိုတော် ကိုတောသားကြီးရဲ့ သီချင်းစာသားက ယောဒေသကို ကွက်ကွက်ကင်းကင်း မြင်ယောင်လာစေပါတယ်။

    Mm News.xyz 2026 03 08 183338

    ယောဒေသဆိုတာက ပုံတောင်ပုံညာတောင်တန်းကြီးနဲ့ ချင်းတောင်တန်းတွေကြားမှာ တည်ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတစ်ခုလည်း ဖြစ်တဲ့အတွက် ယော လို့ ပြောလိုက်ရင် လူသိနည်းကြပါတယ်။ ယောဒေသမှာ ဂန့်ဂေါ၊ ကျောက်ထု၊ ဆော၊ ကျော၊ လောင်းရှည်နဲ့ ထီးလင်းမြို့နယ်တို့ ပါဝင်ပြီး တောင်သား၊ ချင်းပုံ၊ ပျူနဲ့ ဗမာလူမျိုးတွေ စုပေါင်းနေထိုင်ကြပါတယ်။

    အဲ့ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် လူသိနည်းပါးပေမဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ယောဒေသမှာ စစ်အာဏာရှင်ကို တွန်းလှန်ဖို့ ရရာလက်နက်ကိုင်စွဲပြီးတော့ တိုက်ပွဲဝင်ကြတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အလျှိုလျှို ပေါ်ပေါက်လာကြပါတယ်။

    Mm News.xyz 2026 03 08 183352

    အဲ့ဒီတပ်ဖွဲ့တွေထဲကမှ စစ်သုံးစစ် အမြစ်ပြတ် တိုက်ဖျက်ရေး၊ ယောဒေသ၊ ယောပြည်သူလူထုရဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဦးတည်၍ အန္တိမပန်းတိုင် ၄ ရပ်ကို ဦးထိပ်ပန်ဆင်ကာ ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ယောတပ်တော် (Yaw Army) လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။

    တပ်တစ်ခု ဖြစ်လာတဲ့ နောက်မှာတော့ ရှေ့တန်းစစ်ဆင်ရေးနယ်မြေတွေမှာ တိုက်ပွဲများစွာ ဆင်နွှဲနေကြတဲ့ ရဲဘော်တွေအပြင် သူတို့ကို နောက်ကွယ်ကနေ ထောက်ပို့ပေးနေကြတဲ့ ရဲမေတွေရဲ့ အခန်းကဏ္ဍမှာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါတယ်။

    လက်ရှိမှာတော့ ယောတပ်တော် ဆေးတပ်ဖွဲ့မှာ ဒုတာဝန်ခံ ဆေးမှူးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ မအေးအေးငြိမ်း (ခ) မငြိမ်း မှာ အာဏာမသိမ်းခင်က ပခုက္ကူ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ဒုတိယနှစ် သူနာပြုကျောင်းသူတစ်ဦးပါ။

    “ယောတပ်တော် တည်ထောင်ပြီး သင်တန်းတွေ ရှိကတည်းက ဒီလေ့ကျင့်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးဌာနမှာ ဆေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လက်ရှိကတော့ ယောတပ်တော်မှာ ဆေးတပ်ဖွဲ့ ဒုတာဝန်ခံအနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်”လို့ မအေးအေးငြိမ်းက ပြောပါတယ်။

    Mm News.xyz 2026 03 08 183402

    အသက် ၂၅ နှစ်အရွယ် မအေးအေးငြိမ်းက ယောဒေသ၊ ထီးလင်းမြို့နယ်ဇာတိဖြစ်ပြီး ယောသူဖြစ်တဲ့အလျောက် စကားပြောတဲ့အခါမှာ ယောသံဝဲဝဲနဲ့ပဲ ပြောပါတယ်။ တပ်ကနေ ပေးအပ်တဲ့ ကျရာတာဝန်ကို မငြီးမငြူဘဲ ကျေပွန်စွာ လုပ်ဆောင်တဲ့ အမျိုးသမီးရဲမေတစ်ဦးပါ။ မအေးငြိမ်းကို ဘယ်အချိန်ပဲကြည့်ကြည့် အမြဲတမ်း ပြုံးနေတတ်ပါတယ်။

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကော်မရှင်တပ်က အာဏာသိမ်းလိုက်တဲ့နောက်မှာတော့ တက်ရောက်နေဆဲ ကျောင်းကနေ CDM လုပ်ခဲ့ပြီး ဇာတိအိမ်မှာပဲ တောင်သူလုပ်ကိုင်ရင်း ပြန်လည် နေထိုင်ခဲ့ပါတယ်။

    “အဲ့ဒီတုန်းက ကျောင်းကနေပြီးတော့ ကျောင်းတက်ဖို့ ဆက်သွယ်လာတာရှိတယ်။ ကျောင်းလာမတက်ရင် ကျောင်းထုတ်မယ်ဆိုပြီးတော့ပေါ့။ ကိုယ်ကလည်း လုံးဝကျောင်းမတက်ဘူး၊ CDM ပဲ လုပ်မယ်။ ဒါကြီးပြီးမှ ကျောင်းဆက်တက်မယ်ဆိုပြီး ကျောင်းမှာကျန်ခဲ့တဲ့ ပစ္စည်းတွေသွားသိမ်းတော့ CDM မလုပ်တဲ့ တီချယ်တွေ ကျောင်းမှာတွေ့တယ်” လို့ အာဏာသိမ်းလိုက်တဲ့အချိန် CDM Student လုပ်ခဲ့တုန်းက ကြုံတွေ့ခဲ့ရတာတွေကို မအေးအေးငြိမ်းက ပြောပြပါတယ်။

    အာဏာသိမ်းခံရပြီးတဲ့နောက် မအေးအေးငြိမ်းအနေနဲ့ မိဘတွေရဲ့ လက်ငုပ်လက်ရင်းဖြစ်တဲ့ တောင်သူအလုပ်ကို ဝင်ရောက်လုပ်ကိုင်ပေးနေပြီး တစ်ဖက်မှာလည်း မိုင်ပေါင်း ၃၀ ကျော်ခန့်ဝေးတဲ့ ထီးလင်းမြို့ပေါ်ထိ သွားပြီး ဆန္ဒပြတာတွေမှာလည်း ပါဝင်ခဲ့ပါသေးတယ်။

    Mm News.xyz 2026 03 08 183415

    “ဆန္ဒပြတဲ့လူငယ်ကိုဖမ်းပြီး ကတ္တရာလမ်းမပေါ်ကြီးမှာ တရွတ်တိုက်ဆွဲခေါ်သွားတဲ့ ရုပ်သံဖိုင်ကို ကြည့်လိုက်ရတဲ့ ညကတော့ တစ်ညလုံး အိမ်ကလူတွေမသိအောင် အံကြိတ်ပြီးငိုခဲ့ရတယ်။ ရင်ဘတ်တွေလည်း နာခဲ့ရတယ်။ အဲ့ဒီနေ့က ရင်ဘတ်ထဲ ဆို့ဆို့ကြီးနဲ့ အောင့်ခဲ့တာ၊ ခုထိမမေ့ဘူး။ အဲ့ဒီအချိန်ကတည်းက ဆုံးဖြတ်ခဲ့တာ ငါလည်း ငါတတ်နိုင်တဲ့ဘက်ကနေ အကောင်းဆုံးကြိုးစားပြီး တော်လှန်သွားမယ်လို့ပေါ့” လို့ လုံးဝသိကျွမ်းခြင်း၊ မြင်ဖူးခြင်းမရှိခဲ့တဲ့ လူတစ်ယောက်အတွက် မျက်ရည်ကျခဲ့ရပုံတွေ မအေးအေးငြိမ်း က ပြန်ပြောပြပါတယ်။

    စစ်ကော်မရှင်တပ် အာဏာသိမ်းချိန်တွင် အသက် ၂၀ နှစ်သာ ရှိနေသေးတဲ့ သမီးမိန်းကလေးကို မိဘတွေဘက်က တောထဲမှာ စစ်ပညာသင်ကြားတာမျိုးကို မလိုလားခဲ့ကြပေမဲ့ မအေးအေးငြိမ်းရဲ့ တော်လှန်စိတ်ကိုတော့ တားဆီးလို့ မရနိုင်ခဲ့ကြပါဘူး။

    “ကျွန်မတို့က မောင်နှမတစ်ဝမ်းကွဲလေးယောက် အတူတူအဖွဲ့ထဲလိုက်မယ်ဆိုပြီး ဘယ်သူမှမသိအောင် တိုင်ပင်ထားတာ။ ၂၀၂၁ ၊ ဒီဇင်ဘာလထဲမှာ အဲ့ဒီနေ့က အဖွဲ့က ကားနဲ့လာကြိုတယ်။ မြေပဲသိမ်းနေတဲ့ မေမေတို့ဆီမသွားဘဲ အဖွဲ့ထဲကိုခိုးပြီး လိုက်လာခဲ့တာ။ ထွက်လာခဲ့တော့ ကျောပိုးအိတ်သေးသေးလေးတစ်လုံးနဲ့ ဖုန်းပဲပါတာ၊ ပိုက်ဆံဆို တစ်သောင်းခွဲပဲပါတယ်။ မောင်နှမလေးယောက်မှာ အခုက တကွဲစီ။ အစ်ကိုနဲ့မောင်လေးကတော့ တပ်ရင်းတစ်ခုမှာ၊ အစ်မက CDM ဝန်ထမ်းဆိုတော့ ဒီတော်လှန်ရေးကာလ ဌာနတွေအသီးသီးလည်ပတ်တဲ့အထဲမှာပဲ တာဝန်ထမ်းနေတာ” လို့ စစ်ပညာသင်ကြားရန် အိမ်ကနေ ထွက်ခွာခဲ့ရပုံတွေကို ပြောပြပါတယ်။

    Mm News.xyz 2026 03 08 183426

    အဲ့ဒီနောက်မှာတော့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုကို ဝင်ရောက်ခဲ့ပြီး အရင်ကျောင်းတက်ခဲ့တုန်းက စာတွေ့ သင်ကြားထားတဲ့ ဆေးဝါးပညာရပ်တွေကို လက်တွေ့ကျကျ အသုံးချပြီး ရှေ့တန်းရဲဘော်တွေရဲ့ ကျန်းမာရေး၊ စစ်ရှောင်ပြည်သူတွေအတွက် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို တက်တက်ကြွကြွ ထမ်းဆောင်ခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ နှစ်စအထိ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတော့ အမျိုးသားရေးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ ယောတပ်တော် (Yaw Army) ကို ပြောင်းရွှေ့လာခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်မှာလည်း ယောတပ်တော် တည်ထောင်ခြင်း နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

    “အခုဆိုရင် ကျွန်မတို့ရဲ့ ယောတပ်တော်လည်း တပ်တည်ထောင်ခဲ့တာ ၂ နှစ် ပြည့်ခဲ့ပြီ။ ရဲဘော်တွေအားလုံး ကျရာတာဝန် အသီးသီးထမ်းဆောင်ရင်း YA အနေနဲ့ အများကြီး ခရီးရောက်လာပြီလို့ ခံစားရတယ်။ အားတွေလည်း တက်တယ်” လို့ မအေးအေးငြိမ်းက ပီတိတွေနဲ့ ပြောပြပါတယ်။

    Mm News.xyz 2026 03 08 183438

    တော်လှန်ရေးခရီးကြမ်း ဆိုတဲ့ နာမည်အတိုင်း ချောမွေ့မနေဘဲ မမျှော်လင့်ထားတဲ့ ကိစ္စရပ်တွေကိုလည်း မအေးအေးငြိမ်းတစ်ယောက် တခြားသော တော်လှန်ရေးသမားများနည်းတူ ကြုံတွေ့ခဲ့ရပါသေးတယ်။

    ပခုက္ကူ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း အတူတူတက်ရောက်ခဲ့ကြတဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ ဆေးတပ်ဖွဲ့မှာလည်း အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ ထီးလင်းမြို့နယ်ဇာတိ ရဲဘော် အစိုး က ၂၀၂၃ ခုနှစ်၊ မေလက တိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့ပြီး Dead Body (အလောင်း) ကိုတောင်မှ ပြန်မရခဲ့ပါဘူး။

    “အတူတူတာဝန်ထမ်းခဲ့တဲ့ ဆေးတပ်သား အစိုးက တိုက်ပွဲတစ်ခုမှာ ကျခဲ့တယ်၊ dead body တောင် ပြန်မရခဲ့ဘူး။ ကျွန်မတို့တစ်ဖွဲ့လုံးလေ မယုံနိုင်တာတွေရောနဲ့ ဆုံးရှုံးရလို့ ဝမ်းနည်းရတာတွေရောနဲ့ တအားခံပြင်းခဲ့ကြရတယ်။ ကျွန်မက အဲ့ဒီကတည်းက အစိုး… နင်ပေးဆပ်ခဲ့ရတာနဲ့ တန်အောင် ငါအမြဲတမ်း ကြိုးစားပြီး တော်လှန်သွားမယ်လို့ အစိုးကို ကတိပေးထားတယ်။ အဲ့ဒီလိုနဲ့ ပေးဆပ်ရတာများလေလေ ပိုခံယူချက်တွေ ပြင်းထန်လေဖြစ်ခဲ့တာပေါ့။ ကျွန်မတို့ ပေးဆပ်ထားရတာ အစိုးတစ်ယောက်တည်းမှ မဟုတ်တာ။ တောက်လျှောက်တွေးကြည့်လိုက်ရင် အမြင်သာကြီးလေ နာတတ်ဖို့ပဲလိုတာ” လို့ မအေးအေးငြိမ်း က သူ့ရဲ့ ခံစားချက်တွေကို ရင်ဖွင့်ရင်း ပြောပြပါတယ်။

    Mm News.xyz 2026 03 08 183449

    အဲ့ဒါအပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်တွင် ဂန့်ဂေါခရိုင်တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ ယောသားတစ်ဖြစ်လည်း မအေးအေးငြိမ်းရဲ့ ချစ်သူဖြစ်တဲ့ တပ်ကြပ်တပ်စု ရဲဘော်ဗညားက ပျူရွာသိမ်းတိုက်ပွဲတစ်ခုမှာ ကျဆုံးခဲ့ပါတယ်။

    ရဲဘော်ဗညား ကျဆုံးတဲ့အချိန်မှာတော့ အသက် ၂၂ နှစ်ပြည့်ဖို့ ငါးရက်သာလိုတော့ပြီး တော်လှန်ရေးကို မိဘနဲ့ ချစ်သူထက်ပင် ဦးစားပေးတယ်လို့ မအေးအေးငြိမ်းက ပြောပြပါတယ်။

    “သူလည်း ယောသားပဲ။ သူက ဂန့်ဂေါသား။ ကျသွားတဲ့အကြောင်းကို အစ်မတစ်ယောက်က ပြောလို့ သိရတာ။ မလေး (သမီး) ဗညားထိသွားတယ်တဲ့။ ကိုယ်ကလည်း ကျသွားတာမျိုးထိ မမျှော်လင့်ထားတော့ ဘယ်နားတွေထိတာတဲ့လဲ၊ ထိတာများတယ်တဲ့လား၊ အခြေအနေ ဘယ်လိုတဲ့လဲ ပြန်မေးတော့… အလေး စိတ်ကိုထိန်းနော် ကျသွားတော့တာတဲ့ ဆိုပြီးပြောတော့လေ ရင်ထဲမှာ ဗလာကြီး ဖြစ်သွားတယ်” လို့ ပြန်လည်ပြောပြပါတယ်။

    မအေးအေးငြိမ်းအနေနဲ့ အာဏာသာ မသိမ်းခဲ့ရင် ၂၀၂၃ ခုနှစ်မှာ ကျောင်းပြီးကာ ရှမ်းပြည်နယ် အနီးတစ်ဝိုက်ရှိ တောင်တန်းတွေနဲ့ နီးတဲ့ ဒေသတွေမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ အစိုးရဝန်ထမ်းတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိခဲ့ပေမဲ့ လက်ရှိမှာတော့ ချင်းတောင်တန်းတွေအောက်က သူ့ရဲ့ ဇာတိဖြစ်တဲ့ ယောဒေသမှာပင် တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ပြီး ဖြတ်သန်းနေပါတယ်။

    Mm News.xyz 2026 03 08 183549

    “မိဘကို ပြန်ကြည့်ရမယ့်အရွယ်မှာ မကြည့်ပေးနိုင်တဲ့အတွက် မိဘကို အားနာတာတွေ၊ ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်တာတွေနဲ့ စိတ်တွေလည်း အများကြီး ပင်ပန်းရတယ်။ ဒီတော်လှန်ရေးကြီး ပြီးသွားရင် မိဘတွေအနားကနေ ဘယ်မှမသွားတော့ဘဲ အနားမှာနေပြီး စိတ်ချမ်းသာအောင်ပဲ ထားတော့မှာပါ။ အခုအချိန်ကတော့ ကျွန်မကို နားလည်ပေးပါဦးနော် လို့ မေမေတို့ကို ပြောထားတယ်။ မေမေကတော့ ပြောပါတယ် ဒါ ကိုယ်ရွေးချယ်ထားတဲ့လမ်းပဲ ဆုံးအောင်လျှောက်ရမယ် လို့ ပြောတယ်” လို့ ရှေ့လာမယ့် အနာဂတ်နေ့ရက်တွေကို မျှော်ငေးပြီး ပြောပါတယ်။

    ဆေးမှူး မအေးအေးငြိမ်းလိုမျိုး ရှေ့တန်းရဲဘော်တွေရဲ့ အသုံးအဆောင်တွေဖြစ်တဲ့ ကျောပိုးအိတ်၊ အီကွပ် (Equipment) တွေ ချုပ်ပြီး နောက်ကွယ်ကနေ ထောက်ပို့ပေးနေတဲ့ ရဲမေ မဆွေမော်ဇင် (ခ) မိဝိုင်း မှာလည်း ယောတပ်တော် သန္ဓေတည်တဲ့အချိန်ကနေ စပြီး ပါဝင်ခဲ့တဲ့ ရဲမေတစ်ယောက်ပါ။

    ယောတပ်တော် (YA) ကို ဝင်ရောက်တဲ့အခါမှာ အမျိုးသမီးရဲမေများဖြစ်တဲ့ ရဲမေ မိဝိုင်း အပါအဝင် ဗိုလ်ကျား၊ ကျော့စိန်တို့နဲ့ အတူတူဖြစ်ပြီး လက်ရှိမှာတော့ သူတို့ သုံးဦးလုံးဟာ ကျရာတာဝန် အသီးသီးကို ထမ်းဆောင်နေကြပါတယ်။

    Mm News.xyz 2026 03 08 183604

    ကျောက်ထုမြို့နယ်မှာ နေထိုင်တဲ့ ယောသူ မိဝိုင်းမှာ စစ်ကော်မရှင်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာ အသက် ၁၈ နှစ်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း တက်ရောက်တဲ့ ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။

    ချင်းကာကွယ်ရေးတပ်ဖွဲ့တွေကို ထောက်ပို့လုပ်ပေးနေတဲ့သူ တစ်ဦးဖြစ်ပြီး စစ်ကော်မရှင်တပ် ထောက်တိုင်တစ်ဦးရဲ့ ခြိမ်းခြောက်မှုတွေကြောင့် အသက်အန္တရာယ် လုံခြုံရေးအပြင် စစ်အာဏာရှင်ကိုလည်း လက်နက်ကိုင်ပြီး တော်လှန်လိုစိတ်တွေကြောင့် ယောတပ်တော် (YA) ကို ဝင်ရောက်လာခဲ့သူဖြစ်ပါတယ်။

    မိဝိုင်းရဲ့ တာဝန်မှာ ယောတပ်တော်ရဲ့ ထောက် – ( ၁ ) / လက်နက်ခဲယမ်း စာရင်းကိုင်တစ်ဦးဖြစ်ပြီး ရှေ့တန်းအတွက် လိုအပ်တဲ့ ကျောပိုးအိတ်၊ အီကွပ်၊ သေနတ်၊ ကျည်၊ မိုင်းတွေကို နောက်တန်းကနေ ထောက်ပို့ပေးရတာပါ။

    Mm News.xyz 2026 03 08 183638

    “ပထမဆုံး ခံစားချက်ကတော့ ပီတိဖြစ်ရတာပေါ့။ ကိုယ့်ရဲဘော်တွေကို ကျွန်မတို့ ကိုယ်တိုင်ချုပ်လုပ်ပေးတဲ့ စစ်ဝတ်တန်ဆာတွေ ဆင်ရတော့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရတယ်။ ဒီစစ်ဝတ်တန်ဆာတွေဖြစ်တဲ့ ကျောပိုးအိတ်၊ အီကွပ်တွေက ကျွန်မတို့ရဲဘော်တွေအတွက် မရှိမဖြစ်ပဲလေ။ ကျွန်မတို့ ဒီချုပ်လုပ်ရေးကနေ ထုတ်တဲ့ ကျောပိုးအိတ်က ရဲဘော်တွေအတွက် တော်တော်လေး အသုံးဝင်ပါလားဆိုပြီး ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိတယ်” လို့ ရဲမေ မိဝိုင်းက ကြည်နူးစွာ ပြောပြပါတယ်။

    စစ်မြေပြင်မှာ ဝတ်ဆင်အသုံးချရတဲ့ စစ်ဝတ်တန်ဆာ၊ အသုံးအဆောင်တွေ ဖြစ်လို့ တပ်ကနေပြီး ကိုယ်တိုင်ကိုယ်ကျ ချုပ်လုပ်ရတဲ့အခါမှာ ချုပ်ရိုးချုပ်သား ကျစ်လစ်တဲ့အတွက် အကြမ်းခံခိုင်ခံ့ပြီး တပ်ရဲ့ ကုန်ကျစရိတ်မှာလည်း အင်မတန်သက်သာပါတယ် လို့ ရဲမေ မိဝိုင်းက ရှင်းပြပါတယ်။

    Mm News.xyz 2026 03 08 183650

    ရှေ့တန်းရဲဘော်တွေအတွက် စက်ချုပ်သံတညံညံနဲ့ ချုပ်လုပ်နေရတဲ့အတွက်လည်း ကြည်နူးမိတယ် လို့ မိဝိုင်းက ပြောပါတယ်။

    ယောတပ်တော် (YA) မှာ ဆေးမှူး မအေးအေးငြိမ်းနဲ့ ရဲမေ မိဝိုင်းတို့လိုမျိုး ယောဒေသ လွတ်မြောက်ပြီး ယောအမျိုးသားရေးကို အခြေခံတဲ့ ယောပြည်သူလူထုရဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရရှိရေးကို ကျရာကဏ္ဍ အသီးသီးကနေ ကြိုးပမ်းနေကြတဲ့အထဲမှာ ယောဒေသဌာနေ အမျိုးသမီးရဲမေ တွေကလည်း အမျိုးသားရဲဘော်တွေနဲ့ တန်းတူ ပါဝင်နေကြပါတယ်။

    Mm News.xyz 2026 03 08 183743

    Mm News.xyz 2026 03 08 183734

    Mm News.xyz 2026 03 08 183724

    Mm News.xyz 2026 03 08 183714

    Mm News.xyz 2026 03 08 183705

    Mm News.xyz 2026 03 08 183657

  • ယင်းမာပင်မြို့နယ်အတွင်းရှိ ရှင်ပြုပွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

    ယင်းမာပင်မြို့နယ်အတွင်းရှိ ရှင်ပြုပွဲအား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရပြီး အများအပြားသေဆုံး (ရုပ်/သံ)

    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်း ရှင်ပြုပွဲလုပ်နေတဲ့နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မောင်ရင်လောင်းနှစ်ဦးအပါအဝင် အရပ်သား ၇ ဦးကို သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

    မတ်လ ၈ ရက်၊ ဒီနေ့နံနက်ပိုင်းက ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူရွာကနေ အင်အား ၃၀၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်သားတွေ စစ်ကားတွေနဲ့ ပြန်လည်ဆုတ်ခွာနေချိန် ချင်းတွင်း တံတားအနောက်ဘက်က အောင်ဇေယျကုန်းနားမှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    ဒီတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ULF စစ်ကြောင်းနဲ့ 9+ စစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

    မတ်လ ၇ရက်၊ မနေ့ မနက်ပိုင်းက အကြမ်းဖက်စစ်တပ်စစ်ကြောင်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ကနီမြို့နယ်၊ နတ်လာပို့တောင်ကျေးရွာက ရှင်ပြုပွဲလုပ်ဆောင်နေတဲ့နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး မောင်ရင်လောင်းနှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

    ရှင်သာမဏေနှစ်ပါးကို လက်နက်ကြီးနှင့်ထုပြီး သတ်ခဲ့သော အင်အား၃၀၀ ကျော်ပါသည့် စစ်မိစ္ဆာများအား ULF စစ်ကြောင်းမှ တိုက်ခိုက်ခဲ့သော ရုပ်သံ။

    Video – Union Liberation Front – ULF V 02

  • နတ်ရေကန်၏ နောက်ဆုံးကာကင်းစခန်းကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ် အပြင်းအထန် ပစ်ကူ

    နတ်ရေကန်၏ နောက်ဆုံးကာကင်းစခန်းကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ် အပြင်းအထန် ပစ်ကူ

    မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်း၏ နောက်ဆုံးကာကင်းစခန်းကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းမှ နေ့စဥ်အပြင်းအထန် တိုက်ခိုက်ကာ ပစ်ကူပေးနေကြောင်း စစ်ရေးသတင်းအရင်းမြစ်များက ဆိုသည်။

    နတ်ရေကန်ဗျူဟာကုန်း မကျစေရေး ထိုသို့ အပြင်းအထန် ပစ်ကူပေးနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း AA တပ်ဖွဲ့ဘက်မှ အကျအဆုံးရှိသော်လည်း စစ်ရေးအရ အသာစီးရနေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

    AA 646758679 1291309289763341 5672870575272908313 N

    “ကိုယ့်ဘက်ကအကျအဆုံးရှိသလို အောင်ပွဲလည်းရှိပါတယ်။ ခွာစစ်ဆင်နိုင်မယ့် လမ်းက ကာကင်းကို AA က သိမ်းပိုက်လိုက်လို့ စစ်ကူပေးတာ၊ ခွာစစ် ဆုတ်တာ လုပ်ဖို့ စကစက ခက်ခဲနေလို့ တန်ပြန်ရအောင် ကြိုးစားမှုတွေ လုပ်ဆောင်လာနိုင်ပါတယ်။ လေကြောင်း ပစ်ခတ်မှုတွေ နေ့စဥ် လုပ်လာပါတယ်။ မနေ့က အမ်းမြို့နယ်၊ တလိုင်းတောင် ရွာအနီးကိုလည်း လေကြောင်းက ဂျက်ဖိုက်တာနဲ့ လာပစ်ခတ်ပါတယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် နတ်ရေကန်ရိုး၏ အောက်ဘက်၌ စစ်ကော်မရှင်က မြေပြင်စစ်ကြောင်းထိုးနေ၍ ယမန်နေ့ (မတ်လ ၇ ရက်) အထိ ငဖဲမြို့နယ် ကျောက်ဆုံကျေးရွာ၌ တိုက်ပွဲအရှိန်အားကောင်းနေပြီး စစ်ကော်မရှင်ဘက်က အထိနာနိုင်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။

    စစ်ကော်မရှင်၏ တိုက်လေယာဉ်များဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်မှုများကြားက AA နှင့် ပူးပေါင်းမဟာမိတ်တပ်များသည် ယင်းကာကင်းစခန်း ဒေသအခေါ် မျှော်စင်ကြက်ခြံကုန်းကို ခက်ခက်ခဲခဲသိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

    “ပြောရမယ်ဆိုရင် နတ်ရေကန်စခန်းကုန်းတခုပဲ ကျန်တော့မယ်။ AA အနေနဲ့တိုက်မယ်ဆိုရင်တော့ တိုက်လို့ရသွားပြီ။ ဘာလို့လည်းဆိုတော့ ရှေ့က တာဝါတိုင်ကုန်းရော၊ မျှော်စင်ကုန်းရောရသွားပြီ ဆိုတော့ ။ ဒါပေမဲ့ အာရက္ခတပ်တော်ကတော့ နတ်ရေကန်ကမ္ဘာလုံးစခန်းကို အပြီးပြတ်မတိုက်လောက်ဘူး။ တိုက်ပြီးရင် သူတို့ထိန်းရမှာပေါ့နော် ။ ထိန်းရင်လည်း လေကြောင်းပစ်မှတ်ကြီးက ပေါ်လွင်ထင်ရှားနေတော့ သူတို့အတွက် အခက်အခဲဖြစ်နိုင်တယ်”ဟု ၎င်းက ယူဆသုံးသပ်သည်။

    နတ်ရေကန် ကမ္ဘာလုံး ဗျူဟာစခန်းမှာ ရခိုင်ရိုးမဘက်မှ ပဒါန်းစစ်မျက်နှာသို့ ဝင်လာမည့် တိုက်စစ်အတွက် အချက်အချာကျကြောင်း သိရသည်။ ထိုစခန်းကို အဓိက ကာပေးထားသည့် နတ်ရေကန်၏ နောက်ဆုံး ကာကင်းစခန်းကို မတ်လ ၃ ရက်တွင် AA က သိမ်းပိုက်ခဲ့သည်။

    နတ်ရေကန်ဗျူဟာကုန်းအနီးရှိ MPT တာဝါတိုင်ကုန်းနှင့်မိုးလေဝသ စင်တာရေဒါစခန်းတို့ကို အာရက္ခတပ်တော်(AA)ကပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလဆန်းပိုင်းတွင်သိမ်းပိုက်ခဲ့သည်။

    ကာကွယ်ရေးပစ္စည်း လက်နက်ထုတ်လုပ်ရေးစက်ရုံ (ကပစ – ၁၄) အတွက် အရေးပါသည့် ရခိုင်ရိုးမပေါ်ရှိ အကြီးဆုံးခံစစ်စခန်းဖြစ်သော အဆိုပါ နတ်ရေကန်စခန်းတခုလုံးကို AA သိမ်းပိုက်နိုင်ပါက စစ်ကော်မရှင်၏ ပဒါန်းမှ အမ်းမြို့ဘက်သို့ တိုက်စစ်မှာပျက်ပြယ်သွားမည်ဖြစ်ပြီး ကပစ(၁၄) ၏ ထုတ်လုပ်မှုလုပ်ငန်းမှာ ရာနှုန်းပြည့်ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ထို့အတူ အမှတ်(၉၀၅) အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်(မစခ)နှင့် ကျန်အမြောက်တပ်နှစ်တပ်မှာလည်း အထိနာသွားနိုင်ကြောင်း စစ်ရေးသတင်းအရင်းမြစ်များက တွက်ချက်ထားကြသည်။

    အာရက္ခတပ်တော်(AA)အနေဖြင့် ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီအစပ်၊ ရခိုင်- ပဲခူးအစပ်တို့၌ စစ်မျက်နှာများဖွင့်၍ တိုက်စစ်ကို ဆက်လက်အရှိန်မြင့်တင်နေဆဲဖြစ်သည်။