Author: Baby Yit Lone

  • ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများကို ပြတ်သားစွာ အရေးယူရန် အမေရိကန်သမ္မတထရမ့် အမိန့်ထုတ်

    ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများကို ပြတ်သားစွာ အရေးယူရန် အမေရိကန်သမ္မတထရမ့် အမိန့်ထုတ်

    မြန်မာ အပါအဝင် ကျားဖြန့်လက်ခံထားသော နိုင်ငံများအတွက် အမေရိကန်၏ ကြီးမား ပြင်းထန်သော သတိပေးချက်ဟုဆို

    နိုင်ငံဖြတ်ကျော် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို တိုက်ဖျက်ရန်နှင့် လက်ခံထားသည့်နိုင်ငံများအပေါ် ပိတ်ဆို့အရေးယူရန်၊ အကူအညီများဖြတ်တောက်ရန် အမေရိကန်သမ္မတထရမ့်က မတ်လ ၆ ရက်နေ့တွင် အမိန့်ထုတ်ပြန်သည်။

    အမေရိကန်မိသားစုများ၊ စီးပွားရေးလုပ်ငန်းများနှင့် အရေးကြီးသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေသည့် နိုင်ငံဖြတ်ကျော် ဆိုင်ဘာရာဇဝတ်မှုများနှင့် ကျားဖြန့် (Scam Centers) အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် သမ္မတ ဒေါ်နယ်ထရမ့်က အမှုဆောင်အမိန့် (Executive Order) တစ်ရပ်ကို မတ်လ ၆ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

    အဆိုပါအမိန့်တွင် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို မိမိတို့မြေပေါ်တွင် လက်ခံခွင့်ပြုထားသော နိုင်ငံများကို ပြတ်ပြတ်သားသား အရေးယူရန်နှင့် စီးပွားရေးပိတ်ဆို့မှု (Sanctions) ချမှတ်ရန် အပါအ၀င် နောက်ဆက်တွဲ အရေးယူမှုများစွာ လုပ်ဆောင်ရန် ပါဝင်သည်။

    ထို့ကြောင့် ကျားဖြန့်ဂိုဏ်းများ ထွန်းကားတွင်ကျယ်နေသော မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့ရှိ ကျားဖြန့်အခြေစိုက်ရာ နယ်မြေများနှင့် အဆိုပါဂိုဏ်းများကို အကာအကွယ်ပေးထားသည့် အာဏာပိုင်များအတွက် ကြီးမားသော သတိပေးချက် ဖြစ်လာကြောင်း နိုင်ငံတကာသတင်းများတွင် သုံးသပ်ရေး သားထားသည်။

    အမေရိကန်သမ္မတ ထရမ့်က ကျားဖြန့် ရာဇဝတ်ဂိုဏ်းများကို တိုက်ဖျက်ရန်အတွက် အမျိုးသားညှိနှိုင်းရေးဗဟိုဌာန (NCC) ကို အမျိုးသားအဆင့် ဦးဆောင်အဖွဲ့အဖြစ် သတ်မှတ်လိုက်ပြီး၊ ၎င်းတို့၏ လုပ် ငန်းများကို နှောင့်ယှက်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းနှင့် အမြစ်ပြတ်ဖြိုခွဲခြင်း (Dismantling) တို့ကို လုပ်ဆောင်မည့် လုပ်ငန်းစီမံချက် (Action Plan) တစ်ရပ်ကို ရေးဆွဲရန် ညွှန်ကြားထားသည်။

    ယင်းအပြင် ဆိုင်ဘာနည်းပညာသုံး လိမ်လည်မှုနှင့် လှည့်ဖြားမှုများကို ဦးစားပေး တရားစွဲဆိုရန် ရှေ့နေချုပ်ကို ညွှန်ကြားထားပြီး၊ လိမ်လည်သူများထံမှ သိမ်းဆည်းရမိသော ရန်ပုံငွေများကို နစ်နာသူများထံ တိုက်ရိုက်ပြန်လည်ပေးအပ်ရန် “နစ်နာသူများ ပြန်လည်ကုစားရေး အစီအစဉ်” (Victims Restoration Program) ကိုလည်း တည်ထောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

    အမေရိကန်သမ္မတထရမ့်၏ အမိန့်အရ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကျားဖြန့်များကို လက်ခံထားသော နိုင်ငံများကို ၎င်းတို့မြေပေါ်ရှိ ရာဇဝတ်ဂိုဏ်းများကို အရေးယူရန် သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများကို တောင်းဆိုရမည်ဖြစ်ကြောင်း၊ အဆိုပါ ကျားဖြန့်ဂိုဏ်းများကို လက်ခံခွင့်ပြုထားသော (Tolerate) နိုင်ငံများအပေါ် စီးပွားရေးပိတ်ဆို့မှုများ (Sanctions) ချမှတ်ခြင်း၊ ဗီဇာကန့်သတ်ခြင်း (Visa Restrictions)၊ နိုင်ငံခြားအကူအညီများ ကန့်သတ်ခြင်း (Foreign Assistance Limits) နှင့် ပါဝင်ပတ် သက်နေသော အရာရှိများကို နှင်ထုတ်ခြင်းတို့ ပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

    အမေရိကန်သမ္မတ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ Ransomware၊ Phishing၊ ဘဏ္ဍာရေးလိမ်လည်မှု၊ Sextortion (လိင်ပိုင်းဆိုင်ရာ ငွေညှစ်ခြင်း) နှင့် အယောင်ဆောင်လှည့်ဖြားမှုများသည် ခေတ်မီဆန်းပြားသော နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်း (TCO) များက လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အခြေ အနေများစွာတွင် နိုင်ငံခြားအစိုးရများသည် ၎င်းတို့ကို သွယ်ဝိုက်၍ ထောက် ခံပေးထားပြီး အဓမ္မလုပ် အားပေးခိုင်းစေမှုနှင့် လူကုန်ကူးမှုများဖြင့် လည်ပတ်နေသော အရိပ်အောက်ရှိ စီးပွားရေးလုပ်ငန်းစုကြီးကို ဖန်တီးနေကြကြောင်း သိရှိရသည်။

    ၂၀၂၄ ခုနှစ်တွင် အမေရိကန် ပြည်သူများထံမှ ဆိုင်ဘာနည်းပညာသုံး လိမ်လည်မှုကြောင့် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံကျော် ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

    လက်ရှိတွင် အမေရိကန် FBI က ထိုင်းနိုင်ငံတွင် အခြေစိုက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

  • ကနီနယ်တွင် သားရှင်ပြုအလှူပွဲ ဒရုန်းတိုက်ခိုက်ခံရပြီး မောင်ရင်လောင်း ၂ဦးအပါ ၇ ဦးသေဆုံး

    ကနီနယ်တွင် သားရှင်ပြုအလှူပွဲ ဒရုန်းတိုက်ခိုက်ခံရပြီး မောင်ရင်လောင်း ၂ဦးအပါ ၇ ဦးသေဆုံး

    စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ နတ်လာပို့ကျေးရွာရှိ သားရှင်ပြု အလှူပွဲကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းဖြင့် မတ်လ ၇ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မောင်ရင်လောင်း နှစ်ဦးအပါ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အသေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “အသေခံ ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးလာကြဲတာပါ။ ပထမအကြိမ်က အလှူမဏ္ဍပ် နေအိမ်ကို ဗုံးကြဲခံရတာ ဖြစ်ပါတယ်။ မောင်ရင်လောင်းအပါ သေဆုံးသူ ခုနစ်ဦး ရှိတယ်။ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးလောက်ရှိတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

    အဆိုပါ ဖြစ်စဉ်အတွင်း မောင်ရင်လောင်း နှစ်ဦး နှင့် အမျိုးသမီး ငါးဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး၊ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

    ထို့အပြင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ထွက်ခွါလာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းသည် ကနီမြို့နယ် တွင်းမကျေးရွာဘက်သို့ ရောက်ရှိလာပြီးနောက် အနီးအနားရှိ ဒေသခံထောင်ချီ စစ်ရှောင်နေရသကဲ့သို့ တချို့ ပိတ်မိနေကြောင်းလည်း သိရသည်။

    ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃,၄၃၆ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၁၀ ဦးသေဆုံးခဲ့ကြောင်း Spring Revolution database က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

  • လွတ်ငြိမ်းထောင်ကလွတ်လာသော သမီးကို သွားကြိုတဲ့ အမေအို ကားမှောက်၍ ဆုံးပါး

    လွတ်ငြိမ်းထောင်ကလွတ်လာသော သမီးကို သွားကြိုတဲ့ အမေအို ကားမှောက်၍ ဆုံးပါး

    လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာမယ့် သမီးအငယ်ဆုံးလေးကို သွားရောက်ကြိုဆိုဖို့ ပြင်ဆင်ခဲ့တဲ့ အသက် (၆၁) နှစ်အရွယ် မိခင်အိုကြီးတစ်ဦးဟာ ကံဆိုးမိုးမှောင်ကျမှုကြောင့် လမ်းခုလတ်မှာတင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတဲ့ ဝမ်းနည်းစရာ သတင်းတစ်ခု ထွက်ပေါ်လာပါတယ်။

    ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဖယ်ခုံမြို့နယ်အနောက်ခြမ်းကနေ တောင်ငူမြို့ဘက်ကို မောင်းနှင်လာတဲ့ ခရီးသွားမော်တော်ယာဉ်တစ်စီးဟာ လိပ်သိုမြို့၊ ကော်ပတ်ခြံရွာအနီး “သုံးထပ်ကွေ့” အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာပါ။

    ဤဖြစ်စဉ်ကြောင့် မျှော်လင့်ချက်ကြီးစွာနဲ့ သမီးဖြစ်သူကို ကြိုဆိုဖို့သွားတဲ့ မိခင်ကြီးမှာ ပြင်းထန်တဲ့ဒဏ်ရာတွေနဲ့ ဆုံးရှုံးခဲ့ရပါတယ်။

    ထောင်ကလွတ်လာသော သမီးကို သွားကြိုသည့် အမေအို ကားမှောက်၍ ဆုံးပါး

    Mm News.xyz 2026 03 07 183627

    စစ်တပ်လွတ်ငြိမ်းဖြင့် ထောင်က လွတ်လာသော သမီးကို သွားကြိုသည့် အသက် (၆၁) နှစ် အရွယ် အမေအို ကားမှောက်၍ ဆုံးပါးသွားကြောင်း မိသားစုဝင်များက ပြောသည်။

    ပြီးခဲ့သည့် မတ်လ ၄ ရက်နေ့ တွင် ဖယ်ခုံမြို့နယ် အနောက်ခြမ်းမှ တောင်ငူသို့ ဆင်းသည့် ခရီးသွားကားတစ်စီးသည် လိပ်သိုမြို့၊ ကော်ပတ်ခြံရွာ သုံးထပ်ကွေ့ အနီး ၌ အရှိန်လွန်၍ တိမ်းမှောက်ခဲ့ကြောင်း ဆိုသည်။

    ” အမေက သူ့ သမီးအငယ်ဆုံး ထောင်ကနေ ထွက်လာတာကို သွားကြိုတာ။ ကားကို ခေါင်းခန်းထဲ ဖြတ်ထားတာ လေဖြတ်လူနာပါတော့ အမေက အနောက်မှာထိုင်ပေးလိုက်တာ။ ကားမှောက်တော့ ခေါင်းကို ဒဏ်ရာရပြီးဆုံးသွားတာ ” ဟု သားဖြစ်သူက ပြောသည်။

    Mm News.xyz 2026 03 07 183636

    အဆိုပါ ကားပေါ်တွင် ကားသမားအပါအဝင် လူ (၁၇) ဦး ပါဝင်ပြီး အသက် (၆၁) နှစ် အရွယ် အဖွားအို ဆုံးပါးသွားကာ ကျန်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့တစ်ခု ကပြောသည်။

    ” ဒဏ်ရာ ပြင်းထန်တဲ့ လူတွေများတယ်။ ၁၄ ယောက်လောက်ရှိတယ်။ မျက်နှာတွေထိကြတာ” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

    ဆုံးပါးသွားသော အဖွားအိုသည် ဖယ်ခုံမြို့နယ်၊ လှဲဝှဲရွာဇာတိဖြစ်ပြီး (၄) နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေရသူ ဖြစ်သည်။

    မိသားစုနဲ့ ပြန်လည်ဆုံတွေ့ရမယ့်အချိန်လေးမှာမှ အခုလို ဝမ်းနည်းစရာ ဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရတာကြောင့် ကာယကံရှင် မိသားစုဝင်တွေနဲ့အတူ ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ရပါတယ်။

    ခရီးသွားပြည်သူများအနေနဲ့ အကွေ့အကောက်များတဲ့ တောင်ပေါ်လမ်းပိုင်းတွေမှာ ယာဉ်မောင်းနှင်တဲ့အခါ အထူးဂရုစိုက်ကြဖို့နဲ့ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ကြဖို့ ဆုတောင်းပေးလိုက်ရပါတယ်။ 🙏

  • အီရန်က အိမ်နီးချင်းနိုင်ငံများကို တောင်းပန်ကာ တိုက်ခိုက်မှုများ ရပ်တန့်မည်ဟု အီရန် သမ္မတ ကတိပြု

    အီရန်က အိမ်နီးချင်းနိုင်ငံများကို တောင်းပန်ကာ တိုက်ခိုက်မှုများ ရပ်တန့်မည်ဟု အီရန် သမ္မတ ကတိပြု

    အမေရိကန်၏ Operation Epic Fury စစ်ဆင်ရေးကြောင့် အီရန်ရှိ စစ်ရေးပစ်မှတ်များ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရစဉ်အတွင်း၊ အီရန်သမ္မတ မာဆူးဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) က အိမ်နီးချင်းနိုင်ငံများကို ပစ်မှတ်ထားတိုက်ခိုက်တော့မည်မဟုတ်ကြောင်းနှင့် ယခင်တိုက်ခိုက်မှုများအတွက် တောင်းပန်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

    အီရန်ကြားဖြတ်ဦးဆောင်မှုကောင်စီ (Interim Leadership Council) သည် အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရန် ယမန်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သမ္မတ ပီဇက်ရှ်ကီယန်က ပြောကြားခဲ့သည်။

    ၎င်းက လွန်ခဲ့သည့်ရက်ပိုင်းအတွင်း အီရန်၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်ခဲ့ရသည့် အိမ်နီးချင်းနိုင်ငံများကိုလည်း အီရန်မီဒီယာများမှတစ်ဆင့် တရားဝင်တောင်းပန်စကား ဆိုခဲ့သည်။

    သို့သော်လည်း အီရန်ဘက်က ကန့်သတ်ချက်တစ်ခုကို ထည့်သွင်းပြောကြားခဲ့သည်။ အကယ်၍ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများသည် အဆိုပါ အိမ်နီးချင်းနိုင်ငံများ၏ နယ်မြေမှတစ်ဆင့် မြစ်ဖျားခံလာပါက (သို့မဟုတ်) ထိုနိုင်ငံများကို အခြေပြု၍ တိုက်ခိုက်လာပါကမူ ပြန်လည်တုံ့ပြန်သွားမည်ဟု သတိပေးထားသည်။

    အမေရိကန်က တစ်ပတ်အတွင်း အီရန်ရှိ ပစ်မှတ်ပေါင်း ၃,၀၀၀ ကျော်ကို ချေမှုန်းပြီး စစ်ရှိန်မြှင့်မည်ဟု ကြေညာထားချိန်တွင် အီရန်ဘက်မှ ယခုကဲ့သို့ လေသံပျော့လာခြင်းဖြစ်သည်။

    ၎င်းသည် ဒေသတွင်းရှိ အခြားနိုင်ငံများ စစ်ပွဲအတွင်း ပါဝင်မလာစေရန်နှင့် အထီးကျန်မဖြစ်စေရန် အီရန်ဘက်က ကြိုးပမ်းသည့် နည်းဗျူဟာတစ်ခု ဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

  • သာကေတတွင် ချိတ်ပိတ်ခံထားရသည့် NLD ပါတီဝင်၏ နေအိမ်ကို စစ်ကောင်စီခန့် ကြံ့ဖွံပါတီဝင်အုပ်ချုပ်ရေးမှူးက ဂရန်အတုဖြင့် ၄ ကြိမ်တိုင်တိုင် ရောင်းစား

    သာကေတတွင် ချိတ်ပိတ်ခံထားရသည့် NLD ပါတီဝင်၏ နေအိမ်ကို စစ်ကောင်စီခန့် ကြံ့ဖွံပါတီဝင်အုပ်ချုပ်ရေးမှူးက ဂရန်အတုဖြင့် ၄ ကြိမ်တိုင်တိုင် ရောင်းစား

    ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ စစ်ကောင်စီက ချိတ်ပိတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မိသားစုရဲ့ နေအိမ်တစ်လုံးကို စစ်ကောင်စီခန့် ကြံ့ခိုင်ရေးပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ဂရန်အတုပြုလုပ်ကာ (၄) ကြိမ်ထက်မနည်း လိမ်လည်ရောင်းစားခဲ့ကြောင်း AAMIJမှသတင်းရရှိပါတယ်။

    အဲ့ဒီအိမ်ဟာ သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်၊ ဇောတရုံလမ်းရှိ ဦးဝင်းလွင်နဲ့ ဒေါ်စောမြင့်ကြည်တို့ ပိုင်ဆိုင်တဲ့ အိမ်အမှတ် (၆၈၀)၊ (၁၀) ပေ အကျယ်ရှိ နှစ်ထပ်တိုက် ဖြစ်ပါတယ်။

    အဆိုပါ နေအိမ်ကို NLD ပါတီဝင်များရဲ့ အိမ်လို့ဆိုကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီက ချိတ်ပိတ်ခဲ့တာဖြစ်ကြောင်း AAMIJ မှ စုံစမ်းဖော်ထုတ်ထားပါတယ်။

    အိမ်ပိုင်ရှင်များဖြစ်ကြတဲ့ ဦးဝင်းလွင်ဟာ NLD ပါတီဝင်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်စောမြင့်ကြည်မှာလည်း NLD ပါတီရဲ့ ရပ်ကျေး အတွင်းရေးမှူးတစ်ဦးဖြစ်ပါတယ်။

    သူတို့နှစ်ဦးရဲ့ သားဖြစ်သူမှာလည်း NLD ပါတီရဲ့ ရန်ကုန်တိုင်းလူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အာဏာသိမ်းချိန်အတွင်း ဆန္ဒပြသပိတ်များမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။

    စစ်ကောင်စီတပ်က သူတို့ရဲ့နေအိမ်ကို ညအချိန် စစ်ကားနှစ်စီးနဲ့ လာရောက်ဝိုင်းဝန်းဖမ်းဆီးချိန်မှာ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နောက်ပိုင်းမှာ‌တော့ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့ကြပါတယ်။

    မိသားစုများ လွတ်မြောက်နယ်မြေကို မရောက်မီ ရန်ကုန်မှာ ပုန်းရှောင်နေရစဉ်အတွင်း နေအိမ်ရှိပစ္စည်းများကို သွားရောက်သိမ်းဆည်းချိန် ကြုံတွေ့ခဲ့ရတဲ့ ငွေညှစ်ခံရမှုနဲ့ ပတ်သက်ပြီး သားဖြစ်သူက အခုလို ပြောပြထားပါတယ်။

    “အိမ်မှာရှိတဲ့ ပစ္စည်းတွေ သိမ်းနေတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လင်းနဲ့ သတင်းပေး အဲလစ်(စ်) လို့ခေါ်တဲ့လူတွေက လူအင်အားနဲ့ ကျွန်တော့်အမေကို လာဝိုင်းတယ်ဗျ။ ဒီအိမ်ကို ပြန်လိုချင်ရင် သိန်း ၃၀၀ ပေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်။ အဲ့ဒီရောင်းစားသွားတဲ့သူကလည်း သူတို့ဘာသာ လက်ဝါးချင်းရိုက်ထားတဲ့လူဗျ။ တကယ်တော့ ကျွန်တော်တို့က ၂၀၁၃၊ ၂၀၁၄ လောက်မှာ ဝယ်ပြီး ဆောက်ထားတာကို သူတို့က ၁၉၉၅ ကတည်းက ပိုင်တယ်ဆိုပြီး ဂရန်အတု၊ စာချုပ်အတုနဲ့ လုပ်ထားတာ”

    Mm News.xyz 2026 03 07 164428

    အဲ့ဒီနေအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လင်းနဲ့ ပျူစောထီးအဖွဲ့က ဒေါ်သန္တာစိုးဆိုသူနဲ့ လက်ကြိတ်ထိုးပြီး ဒေါ်သန္တာစိုးကိုအိမ်ပိုင်ရှင်အမည်ခံကာ ကျပ်သိန်း ၃၀၀နဲ့ စစ်တပ်အသိုင်းအဝိုင်းမှ အရာရှိကတော်လို့ ယူဆရသူ ဒေါ်အေးလက်ခိုင်ဆိုသူထံ ရောင်းချခဲ့တာပါ။

    အခုအခါမှာတော့ ၄ ကြိမ်ထက်မနည်း လက်လွှဲရောင်းချထားပြီး လူများတက်ရောက် နေထိုင်လျက်ရှိကြောင်း သိရပါတယ်။

    ရပ်ကွက်ရုံးမှာ ပွဲစားဖြစ်သူ ဒေါ်စံပယ်ဆိုသူတို့မှတစ်ဆင့် စာချုပ်ချုပ်ဆိုကာ အဆင့်ဆင့် အရောင်းအဝယ် ပြုလုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

    အဆိုပါ နေအိမ်ကို ဂရန်အတုနဲ့ ကိုယ်ကျိုးရှာ ရောင်းစားနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လင်းမှာ NLD အစိုးရလက်ထက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ (USDP) ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့‌ပေမယ့်လည်း ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

    “စစ်တပ် တက်လာတဲ့အချိန်၊ NLD လက်ထက်က အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး စစ်အာဏာရှင် လက်အောက်မှာ မလုပ်ဘူးဆိုပြီး နှုတ်ထွက်ကြတဲ့အချိန်မှာ စစ်တပ်ကနေ ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးဗျ။ သူက အာဏာသိမ်းကာလကတည်းက ရပ်ကွက်ထဲမှာရှိတဲ့ လူငယ်တွေကို ဖိနှိပ်ပြီး ခေါင်းပုံဖြတ်နေတာ ကြာပြီ။ တော်လှန်ရေး လူငယ်တွေရော၊ ဆန္ဒပြတဲ့ ကလေးတွေရော သူတို့တိုင်လို့ အဖမ်းခံရတာ အများကြီးရှိတယ်။ ပြီးတော့ သူ ချဲဒိုင် ကိုင်နေတယ်လို့လည်း ကြားတယ်” လို့ အဆိုပါလူငယ်က ဆက်လက်ပြောဆိုထားပါတယ်။

    လက်ရှိမှာ အဆိုပါ NLD ပါတီဝင် မိသားစုဟာ လွတ်မြောက်နယ်မြေကို ဘေးကင်းစွာ ရောက်ရှိနေပြီဖြစ်ပါတယ်။

    သူတို့ပိုင်ဆိုင်တဲ့ နေအိမ်ကို မတရားသဖြင့် အဆင့်ဆင့် လိမ်လည်ရောင်းစားနေမှုများနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်တဲ့ အဖွဲ့အစည်းများ (Human Rights Documentation) တို့ထံ အခိုင်အမာ အထောက်အထားများနဲ့တကွ တိုင်ကြားထားကြောင်း သိရပါတယ်။

    ဒါ့အပြင် တော်လှန်ရေးအင်အားစုများကလည်း ပြည်သူပိုင်နေအိမ်များကို အခွင့်ကောင်းယူ လိမ်လည်ဝယ်ယူနေသူများအနေနဲ့ နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရမှာဖြစ်ကြောင်း သတိပေးထားပါတယ်။