ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ စစ်ကောင်စီက ချိတ်ပိတ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် မိသားစုရဲ့ နေအိမ်တစ်လုံးကို စစ်ကောင်စီခန့် ကြံ့ခိုင်ရေးပါတီဝင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က ဂရန်အတုပြုလုပ်ကာ (၄) ကြိမ်ထက်မနည်း လိမ်လည်ရောင်းစားခဲ့ကြောင်း AAMIJမှသတင်းရရှိပါတယ်။

အဲ့ဒီအိမ်ဟာ သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်၊ ဇောတရုံလမ်းရှိ ဦးဝင်းလွင်နဲ့ ဒေါ်စောမြင့်ကြည်တို့ ပိုင်ဆိုင်တဲ့ အိမ်အမှတ် (၆၈၀)၊ (၁၀) ပေ အကျယ်ရှိ နှစ်ထပ်တိုက် ဖြစ်ပါတယ်။

အဆိုပါ နေအိမ်ကို NLD ပါတီဝင်များရဲ့ အိမ်လို့ဆိုကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက စစ်ကောင်စီက ချိတ်ပိတ်ခဲ့တာဖြစ်ကြောင်း AAMIJ မှ စုံစမ်းဖော်ထုတ်ထားပါတယ်။

အိမ်ပိုင်ရှင်များဖြစ်ကြတဲ့ ဦးဝင်းလွင်ဟာ NLD ပါတီဝင်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်စောမြင့်ကြည်မှာလည်း NLD ပါတီရဲ့ ရပ်ကျေး အတွင်းရေးမှူးတစ်ဦးဖြစ်ပါတယ်။

သူတို့နှစ်ဦးရဲ့ သားဖြစ်သူမှာလည်း NLD ပါတီရဲ့ ရန်ကုန်တိုင်းလူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အာဏာသိမ်းချိန်အတွင်း ဆန္ဒပြသပိတ်များမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။

စစ်ကောင်စီတပ်က သူတို့ရဲ့နေအိမ်ကို ညအချိန် စစ်ကားနှစ်စီးနဲ့ လာရောက်ဝိုင်းဝန်းဖမ်းဆီးချိန်မှာ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး နောက်ပိုင်းမှာ‌တော့ လွတ်မြောက်နယ်မြေကို ရောက်ရှိသွားခဲ့ကြပါတယ်။

မိသားစုများ လွတ်မြောက်နယ်မြေကို မရောက်မီ ရန်ကုန်မှာ ပုန်းရှောင်နေရစဉ်အတွင်း နေအိမ်ရှိပစ္စည်းများကို သွားရောက်သိမ်းဆည်းချိန် ကြုံတွေ့ခဲ့ရတဲ့ ငွေညှစ်ခံရမှုနဲ့ ပတ်သက်ပြီး သားဖြစ်သူက အခုလို ပြောပြထားပါတယ်။

“အိမ်မှာရှိတဲ့ ပစ္စည်းတွေ သိမ်းနေတဲ့အချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လင်းနဲ့ သတင်းပေး အဲလစ်(စ်) လို့ခေါ်တဲ့လူတွေက လူအင်အားနဲ့ ကျွန်တော့်အမေကို လာဝိုင်းတယ်ဗျ။ ဒီအိမ်ကို ပြန်လိုချင်ရင် သိန်း ၃၀၀ ပေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်။ အဲ့ဒီရောင်းစားသွားတဲ့သူကလည်း သူတို့ဘာသာ လက်ဝါးချင်းရိုက်ထားတဲ့လူဗျ။ တကယ်တော့ ကျွန်တော်တို့က ၂၀၁၃၊ ၂၀၁၄ လောက်မှာ ဝယ်ပြီး ဆောက်ထားတာကို သူတို့က ၁၉၉၅ ကတည်းက ပိုင်တယ်ဆိုပြီး ဂရန်အတု၊ စာချုပ်အတုနဲ့ လုပ်ထားတာ”

Mm News.xyz 2026 03 07 164428

အဲ့ဒီနေအိမ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လင်းနဲ့ ပျူစောထီးအဖွဲ့က ဒေါ်သန္တာစိုးဆိုသူနဲ့ လက်ကြိတ်ထိုးပြီး ဒေါ်သန္တာစိုးကိုအိမ်ပိုင်ရှင်အမည်ခံကာ ကျပ်သိန်း ၃၀၀နဲ့ စစ်တပ်အသိုင်းအဝိုင်းမှ အရာရှိကတော်လို့ ယူဆရသူ ဒေါ်အေးလက်ခိုင်ဆိုသူထံ ရောင်းချခဲ့တာပါ။

အခုအခါမှာတော့ ၄ ကြိမ်ထက်မနည်း လက်လွှဲရောင်းချထားပြီး လူများတက်ရောက် နေထိုင်လျက်ရှိကြောင်း သိရပါတယ်။

ရပ်ကွက်ရုံးမှာ ပွဲစားဖြစ်သူ ဒေါ်စံပယ်ဆိုသူတို့မှတစ်ဆင့် စာချုပ်ချုပ်ဆိုကာ အဆင့်ဆင့် အရောင်းအဝယ် ပြုလုပ်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ နေအိမ်ကို ဂရန်အတုနဲ့ ကိုယ်ကျိုးရှာ ရောင်းစားနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဇော်လင်းမှာ NLD အစိုးရလက်ထက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ (USDP) ကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့‌ပေမယ့်လည်း ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

“စစ်တပ် တက်လာတဲ့အချိန်၊ NLD လက်ထက်က အုပ်ချုပ်ရေးမှူးတွေ အကုန်လုံး စစ်အာဏာရှင် လက်အောက်မှာ မလုပ်ဘူးဆိုပြီး နှုတ်ထွက်ကြတဲ့အချိန်မှာ စစ်တပ်ကနေ ခန့်လိုက်တဲ့ အုပ်ချုပ်ရေးမှူးဗျ။ သူက အာဏာသိမ်းကာလကတည်းက ရပ်ကွက်ထဲမှာရှိတဲ့ လူငယ်တွေကို ဖိနှိပ်ပြီး ခေါင်းပုံဖြတ်နေတာ ကြာပြီ။ တော်လှန်ရေး လူငယ်တွေရော၊ ဆန္ဒပြတဲ့ ကလေးတွေရော သူတို့တိုင်လို့ အဖမ်းခံရတာ အများကြီးရှိတယ်။ ပြီးတော့ သူ ချဲဒိုင် ကိုင်နေတယ်လို့လည်း ကြားတယ်” လို့ အဆိုပါလူငယ်က ဆက်လက်ပြောဆိုထားပါတယ်။

လက်ရှိမှာ အဆိုပါ NLD ပါတီဝင် မိသားစုဟာ လွတ်မြောက်နယ်မြေကို ဘေးကင်းစွာ ရောက်ရှိနေပြီဖြစ်ပါတယ်။

သူတို့ပိုင်ဆိုင်တဲ့ နေအိမ်ကို မတရားသဖြင့် အဆင့်ဆင့် လိမ်လည်ရောင်းစားနေမှုများနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့ လူ့အခွင့်အရေး မှတ်တမ်းတင်တဲ့ အဖွဲ့အစည်းများ (Human Rights Documentation) တို့ထံ အခိုင်အမာ အထောက်အထားများနဲ့တကွ တိုင်ကြားထားကြောင်း သိရပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုများကလည်း ပြည်သူပိုင်နေအိမ်များကို အခွင့်ကောင်းယူ လိမ်လည်ဝယ်ယူနေသူများအနေနဲ့ နောက်ဆက်တွဲ ပြဿနာများကို ရင်ဆိုင်ရမှာဖြစ်ကြောင်း သတိပေးထားပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *