Mm News.xyz 2026 03 08 091404

ကနီနယ်တွင် သားရှင်ပြုအလှူပွဲ ဒရုန်းတိုက်ခိုက်ခံရပြီး မောင်ရင်လောင်း ၂ဦးအပါ ၇ ဦးသေဆုံး

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ နတ်လာပို့ကျေးရွာရှိ သားရှင်ပြု အလှူပွဲကို စစ်ကော်မရှင်တပ်က အသေခံဒရုန်းဖြင့် မတ်လ ၇ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းကြောင့် မောင်ရင်လောင်း နှစ်ဦးအပါ ခုနစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၁၁ နာရီ ဝန်းကျင်အချိန်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ အသေခံဒရုန်းဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အသေခံ ဒရုန်းနဲ့ နှစ်ကြိမ်ဗုံးလာကြဲတာပါ။ ပထမအကြိမ်က အလှူမဏ္ဍပ် နေအိမ်ကို ဗုံးကြဲခံရတာ ဖြစ်ပါတယ်။ မောင်ရင်လောင်းအပါ သေဆုံးသူ ခုနစ်ဦး ရှိတယ်။ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးလောက်ရှိတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်အတွင်း မောင်ရင်လောင်း နှစ်ဦး နှင့် အမျိုးသမီး ငါးဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး၊ အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀ ဦးခန့် ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးကျေးရွာမှ ထွက်ခွါလာသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းသည် ကနီမြို့နယ် တွင်းမကျေးရွာဘက်သို့ ရောက်ရှိလာပြီးနောက် အနီးအနားရှိ ဒေသခံထောင်ချီ စစ်ရှောင်နေရသကဲ့သို့ တချို့ ပိတ်မိနေကြောင်းလည်း သိရသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ လအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၃,၄၃၆ ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၄၁၀ ဦးသေဆုံးခဲ့ကြောင်း Spring Revolution database က ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *