Author: Baby Yit Lone

  • AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေ

    AA နှင့် တိုက်ပွဲပြင်းထန်နေသည့် နယ်မြေများတွင် စစ်ကော်မရှင် အင်အားအလုံးအရင်း ပြုန်းတီးနေပြီး တပ်သားသစ်များဖြင့် အစားထိုးနေရ

    အာရက္ခတပ်တော် (AA) နှင့် စစ်ဆိုင်ထားရသည့် နယ်မြေများကို စစ်ကော်မရှင်က အင်အားထောင်ချီ အသုံးပြုထားရပြီး စစ်ကူနှင့် ရိက္ခာများ အဆက်မပြတ် ပို့ဆောင်နေရသော်လည်း အင်အားပြုန်းတီးမှု အလွန်များပြားနေကြောင်း သိရသည်။

    ရခိုင်နှင့် ဧရာဝတီအစပ်ရှိ လေးမျက်နှာ၊ သာပေါင်း၊ အင်္ဂပူ မြို့နယ်များတွင် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကော်မရှင်တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည်။ စစ်ကော်မရှင်သည် အဆိုပါတိုက် ပွဲများအတွင်း စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးထားသော တပ်သားသစ်များကို အဓိကပို့ဆောင် နေရကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။



    “ရခိုင်အစပ်တိုက်ပွဲတွေမှာ စစ်တပ်က အင်အားပြည့်သုံးနေရတယ်။ ကျန်တဲ့နေရာတွေလည်း ပစ် ထားလို့မရတော့ အင်အားခွဲပို့နေရတာ မလောက်မငဖြစ်နေတာပေါ့။ စစ်မှုထမ်းဥပဒေနဲ့ လူသစ်တပ်သား တွေနဲ့ပဲ အသက်ဆက်နေရတာ မျက်မြင်ပဲ။ ကျောက်ဖြူဘက်ဆိုရင်လည်း ရေကြောင်းရော လေကြောင်း နဲ့ပါ အင်အားပို့နေရတယ်” ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

    လေးမျက်နှာနှင့် သာပေါင်းတိုက်ပွဲများမှ ဒဏ်ရာအပြင်းအထန်ရသည့် စစ်ကော်မရှင်တပ်သားများကို ပုသိမ်ရှိ စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၄) သို့ ပြန်လည်ခေါ်ယူလာနေရပြီး ဒဏ်ရာရအရာရှိများကိုမူ ရန်ကုန်သို့ ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။

    ပဲခူးနှင့် ရခိုင်အစပ်ရှိ ညောင်ကျိုးဒေသတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ၏ ကာကင်းစခန်းဖြစ်သော ပွိုင့်-၆၆၆ တွင် စစ်ကော် မရှင်တပ်ဖွဲ့များ ပိတ်မိနေသဖြင့် သောက်ရေမှအစ ဒရုန်းဖြင့် ပို့ဆောင်နေရသည်။ အဆိုပါစခန်းသို့ ရိက္ခာနှင့် ခဲယမ်းပို့သည့် စစ်ကြောင်းများမှာလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရသဖြင့် ကစဉ့် ကလျား ထွက်ပြေးနေရကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ညောင်ကျိုးနှင့် လေသာတောင်တစ်ဝိုက် စိုးမိုးမှုရရန် ရန်ကုန်မှ ထုတ်နုတ်တပ်များကို အင်အားအလုံးအရင်းဖြင့် ဥသျှစ်ပင်မှတစ်ဆင့် စစ်ယာဉ်တန်းများဖြင့် ထပ်မံဖြည့်တင်းနေရသည်။

    မကွေးအစပ် ပန်းဒါန်းတပ်နယ်ရှိ နတ်ရေကန် လေကြောင်းကာကွယ်ရေးစခန်းတွင် တပ်မ (၉၉) မှ အင်အား ၁,၅၀၀ ခန့် နေရာချထားခဲ့သော်လည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) နှင့် တပ်အပြောင်းအလဲလုပ်ချိန်တွင် အင်အား ၇၀၀ ခန့်သာ နောက်တန်းပြန်နိုင်ခဲ့သည်။

    ကျန်ရှိသည့် အင်အားများအနက် ၃၀၀ ခန့်မှာ ကာကင်းစခန်းများတွင် ဖြန့်ခွဲထားရပြီး ကျန်အင်အား ၅၀၀ ခန့်မှာ တိုက်ပွဲများအတွင်း သေဆုံးပျောက်ဆုံးကာ အင်အားပြုန်းတီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

    စစ်ကော်မရှင်သည် ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ယနေ့အထိ နတ်ရေကန်စခန်းသို့ နောက်ထပ် အင်အား ၈၀၀ ခန့်နှင့် ရိက္ခာခဲယမ်းများကို အဆက်မပြတ် ထပ်မံဖြည့်တင်းနေရသည်။

    စစ်သင်တန်းရက်တိုဖြင့် စစ်မြေပြင်စေလွှတ်ခံရသည့် ပြည်သူ့စစ်နှင့် စစ်မှုထမ်းတပ်သားသစ်များသည် ရခိုင်အစပ်တိုက်ပွဲများတွင် သေဆုံးမှုနှင့် ထွက်ပြေးမှုများပြားနေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

    ဓာတ်ပုံ-လူမှုကွန်ရက်

  • မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍

    မဲဆောက်တွင် လူမှောင်ခိုပို့ ကားတစ်စီးကို ထိုင်းရဲများ ပစ်ခတ်ဖမ်းဆီး၍ အများအပြားဒဏ်ရာရ

    ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁ နာရီကျော်အချိန်က လူမှောင်ခိုပို့သော Ford Ranger အမျိုးအစား ကားတစ်စီးကို ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ပစ်ခတ်ဖမ်းဆီးခဲ့၍ ယာဉ်တိုက်မှုဖြစ်ကာ အများအပြား ဒဏ်ရာရရှိသွားကြောင်း သိရသည်။

    မဲဆောက်မြို့ မယ်တောင်မီးပွိုင့်အနီးတွင် လူမှောင်ခိုပို့ ကားဟု သံသယရှိ၍ ထိုင်းရဲတပ်ဖွဲ့ဝင်များမှ ဟန့်တားခဲ့သော်လည်း ကားမှာ ရပ်တန့်ပေးခြင်းမရှိဘဲ မီးပွိုင့်ကို အရှိန်မြှင့်မောင်းနှင် ဖြတ်သန်းခြင်းကြောင့် ကားဘီးအား သေနတ်ပစ်ခတ် ဖမ်းဆီးခဲ့သည်။

    မဲဆောက်မြို့နေ မြန်မာတစ်ဦးက “မယ်တောင်မီးပွိုင့်အနီးမှာ ဒီနေ့ နေ့လယ်လောက်က ထိုင်းရဲတွေက ကားတစ်စီးကို ပစ်ခတ်ဖမ်းဆီးတယ်လို့ ကြားတယ်။ လူမှောင်ခိုပို့တဲ့ ကားရဲ့ ဘီးကို သေနတ်နဲ့ ပစ်ခတ်တာ။ အဲဒီမှာ ကားတိုက်မှုဖြစ်ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကြားတယ်” ဟု ပြောသည်။

    လူမှောင်ခိုပို့ ကားမှာ ရှေ့က တိုယိုတာကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပွားကာ ဒဏ်ရာရရှိသွားကြခြင်းဖြစ်သည်။

    “ဆိုင်ကယ်ပေါ်က အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး အဲနှစ်ဦးမှာ ဒဏ်ရာက တော်တော် ပြင်းတယ်လို့ ပြောတယ်။ ဦးခေါင်းရော၊ ခန္ဓာကိုယ်ရော သွေးတွေ အများကြီးထွက်နေတယ်။ တိုယိုတာ ကားက လူတွေလည်း ဒဏ်ရာရတယ်။ မှောင်ခိုပို့တဲ့ ကားတွင်းက လူတွေလည်း ဒဏ်ရာတယ်။ အခု ဆေးရုံပို့ထားတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံသားတစ်ဦးသည် အထောက်အထားမဲ့ဟု ယူဆရသူ တရုတ်လူမျိုး ၄ ဦးကို တင်ဆောင်လာကြောင်းလည်း သိရသည်။

    ယာဉ်မောင်း ထိုင်းနိုင်ငံသားနှင့် အထောက်အထားမဲ့ တရုတ်လူမျိုး ၄ ဦးအား ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရေး ထိုင်းရဲတပ်ဖွဲ့မှ ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

    မဲဆောက်မြို့တွင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ဖမ်းဆီးနေပြီး ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချနေသော မြန်မာဈေးသည်များကိုလည်း ဖမ်းဆီးနေသည်ဟု သိရသည်။

  • တရုတ်စပွန်ဆာ ရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင် ထွက်ပေါက်မရနိုင်

    တရုတ်စပွန်ဆာ ရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင် ထွက်ပေါက်မရနိုင်

    တိုင်းရေးပြည်ရာ အပြောင်းအလဲ မြန်ဆန်တတ်မှုနဲ့ ပတ်သက်လို့ ပြောဆိုလေ့ရှိတဲ့ စကားတခွန်း ရှိတယ်။

    ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်…တဲ့။

    ကမ္ဘာကြီးကို လှမ်းကြည့်လိုက်တဲ့ခါ ၂၀၂၆ ဟာ ၂၀၂၅ နဲ့မတူ ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။ ဘယ်သူထင်မလဲ။ အမေရိကန်က ဗင်နီဇွဲလားခေါင်းဆောင် အာဏာရှင် မာဒူရိုကို ဒီလိုနည်းလမ်းနဲ့ ဖယ်ရှားပစ်လိမ့်မယ်လို့။ ဘယ်သူထင်မလဲ။

    ဒေါ်နယ်ထရမ့် အစိုးရက ဗင်နီဇွဲလားကို စစ်ရေးအရ ဝင်ရောက်စီးနင်းပြီး အစိုးရအဖွဲ့ အပြောင်းအလဲ (Regime change) ပြုလုပ်လိမ့်မယ်လို့ ထင်မလဲ။ နိုင်ငံရေး အလှည့်အပြောင်းတွေဟာ မထင်မှတ်ချိန်မှာ မထင်မှတ်သလို ပြောင်းလဲ သွားတတ်တယ်။

    ဘယ်အရာမှ ပုံသေမရှိ။

    ဗင်နီဇွဲလား ကိစ္စကတော့ ရှင်းတယ်။ မာဒူရိုကို ဝင်ရောက်မဖမ်းဆီးခင် လအတန်ကြာကတည်းက ထရမ့်အစိုးရက ဝိုင်းပတ် ပိတ်ဆို့ထားတာ။

    ကာရစ်ဘီယံ ပင်လယ်ပြင်မှာ ဗင်နီဇွဲလား မူးယစ်ဆေးဝါး လှေတွေကို ပစ်ခတ် နှစ်မြှုပ်နေရာကအစ၊ ရေနံတင်သင်္ဘော တွေကို ဝင်ရောက်စီးနင်း ဖမ်းဆီးတာ၊ စစ်ပြင်နေတာဟာ ဗင်နီဇွဲလားကို ဝင်သိမ်းတော့မှာလားလို့ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။

    ကြိုတင် မျှော်လင့်ထားတဲ့အတိုင်းပဲ အမေရိကန်တပ်တွေဟာ ဗင်နီဇွဲလား နိုင်ငံထဲကို ဝင်ရောက်ခဲ့တယ်။

    ဒါပေမယ့် ကမ်းတက် မြေပြင်တပ်တွေ ဝင်ရောက်သွားတာ မဟုတ်ဘဲ အထူးစစ်ဆင်ရေး (Delta Force) တပ်တွေကသာ ဝင်ရောက်သွားတာဖြစ်တယ်။ စစ်ဆင်ရေး အချိန် ၂ နာရီအတွင်း မာဒူရို နဲ့ ဇနီးတို့ကို ဖမ်းဆီးခေါ်ဆောင်နိုင်ခဲ့တယ်။

    ဗင်နီဇွဲလား စစ်တပ်ဟာ အငိုက်မိသွားတယ်။ သတိလည်လာချိန်မှာ ခေါင်းဆောင် မာဒူရို နဲ့ ဇနီးတို့ အမေရိကန် လက်ထဲ ပါသွားပြီ။ ဒီလို ဖြစ်လာမယ်လို့ ဘယ်သူ ကြိုတင် ခန့်မှန်းနိုင်ခဲ့သလဲ။

    နိုင်ငံတနိုင်ငံရဲ့ ဦးခေါင်းကို ဖြတ်ယူလိုက်ခြင်းဟာ စစ်ပွဲကြီးတပွဲ ဆင်နွှဲစရာမလိုဘဲ အဲဒီနိုင်ငံကို သိမ်းပိုက်လိုက်တာပဲ ဆိုတာကို ခေတ်သစ် အမေရိကန် စစ်ရေး မဟာဗျူဟာက ပြသလိုက်တယ်။

    နိုင်ငံရေး ချိန်ခွင်လျှာဟာ ချက်ချင်း ပြောင်းလဲသွားတယ်။ ရန်သူပြိုင်ဘက်နိုင်ငံတွေ အထိတ်တလန့် ဖြစ်သွားတယ်။

    ရုရှား အလံတင် ရေနံတင် သင်္ဘောကို အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ ဖမ်းဆီးခဲ့တယ်။
    ဗင်နီဇွဲလားရဲ့ တရုတ်ရေနံတင်ပို့မှုကို ဖြတ်တောက်ပစ်လိုက်တယ်။ အင်အားပြိုင်ဘက် နှစ်နိုင်ငံ အငိုက်မိသွားတယ်။ နှုတ်အားဖြင့် ကန့်ကွက်ရုံမှတပါး၊ နှုတ်အားဖြင့် ပြစ်တင်ရှုတ်ချရုံမှတပါး လက်တွေ့တုန့်ပြန်မှုမှု မပြုနိုင်ဘဲ ငြိမ်ကုပ် နေကြတယ်။

    သိပ်မကြာခင်မှာပဲ ဂရင်းလန်းကျွန်းကို ဘယ်နည်းနဲ့ရရ ရအောင်ယူမယ်လို့ ဆိုလာပြန်တယ်။ ဒေါ်နယ်ထရမ့်က ပထဝီ နိုင်ငံရေးအရ မဟာဗျူဟာကျတဲ့ ဂရင်းလန်းကျွန်းကို အမေရိကန်က မထိန်းချုပ်နိုင်ရင် ရုရှား နဲ့ တရုတ်က ထိန်းချုပ် သွားမယ်လို့ ဆိုတယ်။

    ဒါက ဗင်နီဇွဲလားဖြစ်စဉ် အပြီးမှာ နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ အကြောင်းအရာတွေပါ။ ဒါတွေဟာ ၂၀၂၆ နှစ်ဆန်းပိုင်း ဇန်နဝါရီလထဲမှာ ဖြစ်သွားခဲ့တာ။ ဒီဖြစ်စဉ် ပေါ်ပေါက်လာမယ်လို့ ဘယ်သူမှ ထင်မထားခဲ့ဘူး။

    နိုင်ငံရေးဟာ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုတဲ့အတိုင်း ဘာမှ ကြိုတင် ခန့်မှန်းလို့မရ။ တရားသေ ပြောလို့ မရ။ ပိုင်ပြီဆိုပြီး လုပ်လို့မရ။

    အာဏာရှင် ခေါင်းဆောင်တဦးကို စစ်ရေးနည်းနဲ့ နိုင်ငံနယ်နိမိတ်ကို ကျော်လွန်ပြီး ဖမ်းဆီးပြလိုက်တဲ့ အခါ ကမ္ဘာမှာ အာဏာကို မတရားရယူထားတဲ့၊ လူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်ရေးနည်းနဲ့ လက်နက်အားကိုးပြီး အာဏာ ရယူထားတဲ့ ခေါင်းဆောင်တွေ တုန်လှုပ်သွားကြတယ်။
    စစ်အာဏာရှင်တွေ အထိတ်တလန့် ဖြစ်သွားကြတယ်။

    အလားတူ အင်အားပြိုင်ဘက် နိုင်ငံတွေလည်း ရှေ့ခြေတလှမ်းတိုးဖို့ တွန့်ဆုတ်သွားကြတယ်။ တရုတ်ဟာ BRI ခေါင်းစဉ်နဲ့ အနောက်ကမ္ဘာကို လွှမ်းမိုးဖို့ ခြေလှမ်းပြင်နေရာက တန့်သွားတယ်။

    အမေရိကန်ရဲ့ ဗင်နီဇွဲလား စစ်ဆင်ရေးဟာ တရုတ်နဲ့ ရုရှားကို Shock ရသွားစေတယ်။ အထူးသဖြင့် နိုင်ငံငယ်တွေ အပေါ် ဩဇာလွှမ်းမိုး ဖြန့်ကျက်လာတဲ့ တရုတ်ကို ဟန့်နိုင်ခဲ့တယ်။

    အမေရိကန်ရဲ့ ဗင်နီဇွဲလား စစ်ဆင်ရေးဟာ အာဏာကို မတရားရယူ သိမ်းပိုက်ထားတဲ့ မြန်မာ စစ်ခေါင်းဆောင် အတွက် အိပ်မက်ဆိုးတခု ဖြစ်သွားတယ်။

    မြန်မာ စစ်ခေါင်းဆောင်ဟာ ကျင်းပနေဆဲ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက်တခုလို့ ယူဆထားတယ်။ ကိုယ် လိုချင်သလို ပုံဖော်ထားတဲ့ ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီးလို့ ယူဆနေပုံရတယ်။

    မြန်မာ စစ်ခေါင်းဆောင်ဟာ ကျင်းပနေဆဲ ရွေးကောက်ပွဲကို နိုင်ငံရေး ထွက်ပေါက်တခုလို့ ယူဆထားတယ်။ ကိုယ် လိုချင်သလို ပုံဖော်ထားတဲ့ ရွေးကောက်ပွဲကြီး ပြီးတဲ့အခါ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီးလို့ ယူဆနေပုံရတယ်။

    ဒါပေမယ့် လက်ရှိ မြေပြင် အခြေအနေဟာ စစ်ခေါင်းဆောင် စိတ်ကူးယဉ်နေသလို ဖြစ်လာမယ့် အနေအထားကို ရောက်ဖို့ ဖြစ်နိုင်ခြေ မရှိသေးဘူးဆိုတာ တွေ့ရတယ်။

    ၂၀၂၄ ညီနောင် သုံးဖွဲ့နဲ့ မဟာမိတ်များရဲ့ ၁၀၂၇ စစ်ဆင်ရေး အပြီးမှာ လက်ရှိ စစ်ကော်မရှင်ရဲ့ အာဏာ သက်ရောက်မှုဟာ နေပြည်တော်၊ မန္တလေး နဲ့ ရန်ကုန်၊ ဧရာဝတီ လောက်ပဲ ကျန်ပါတော့တယ်။

    စစ်တိုင်း နှစ်တိုင်း ကျရှုံးသွားပြီး လားရှိုး၊ မိုးကုတ်၊ သီပေါ၊ နောင်ချို၊ မန္တလေးတိုင်း အတွင်းထိ တော်လှန်ရေး အဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တယ်။

    လားရှိုး၊ အနောက်မြောက်ပိုင်း စစ်ဌာနချုပ်၊ ရခိုင်ပြည်နယ် အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှစ်ခု ဖွဲ့စည်းပုံ ပျက်သွားတယ်။

    စစ်အာဏာသိမ်း ဆန့်ကျင်ရေး တော်လှန်ရေး အုပ်စုများနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ ထိုးစစ်အရှိန် အမြင့်ဆုံး အရောက်မှာ တရုတ်နိုင်ငံက ကြားဝင်လာပြီး မြောက်ပိုင်း ညီနောင်အဖွဲ့ထဲက ကိုးကန့် MNDAA ကို ဆွဲထုတ်သွားတယ်။

    ၂၀၂၅ ခုနှစ်အတွင်း ပလောင်အဖွဲ့ TNLA ကိုပါ ဆွဲထုတ်သွားတယ်။ လားရှိုး၊ မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ အဓိက မြို့ကြီးတွေကို ပြန်ပေးလိုက်ရတယ်။

    ကိုးကန့်၊ ပလောင် နှစ်ဖွဲ့အနေနဲ့ တရုတ်ရဲ့ ဖိအားကို မလွန်ဆန်နိုင်တဲ့အဆုံး သိမ်းပိုက်ပြီးသားမြို့ တချို့ကို ပြန်ပေး လိုက်ရတာ ဖြစ်တယ်။

    ဒါဟာ စစ်ကော်မရှင်ရဲ့ အောင်မြင်မှုတော့ မဟုတ်ဘူး။ တရုတ်ရဲ့ Blessing နဲ့ နယ်မြေတချို့ ပြန်ရခဲ့တာ ဖြစ်တယ်။ စစ်တိုက်ယူလို့ ပြန်ရခဲ့တာတော့ မဟုတ်ဘူး။

    လက်ရှိ ဖြစ်ပေါ်နေဆဲ ပြည်တွင်းစစ်မှာ စစ်ကော်မရှင်ရဲ့ တခုတည်းသော တိုက်နိုင်စွမ်းက လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု တခုတည်းသာ ဖြစ်တယ်။ မြေပြင်ထိုးစစ်တွေမှာ အရှုံးနဲ့သာ ရင်ဆိုင်နေရဆဲ ဖြစ်တယ်။ အကျအဆုံး များနေဆဲလည်း ဖြစ်တယ်။

    အခု ရက်ပိုင်းအတွင်း ပြည်တွင်း မြေပြင်အခြေအနေကို ကြည့်ရင် စစ်ကိုင်းတိုင်း ကသာမြို့ကို တော်လှန်ရေးတပ်တွေ ဝင်ရောက် နိုင်ခဲ့သလို စစ်ကော်မရှင်တပ်ဟာ ဗန်းမော်ကိုလည်း မထိန်းချုပ်နိုင်သေးဘူး။

    ရခိုင်ပြည် စစ်မျက်နှာမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာသလို စစ်ပွဲက စစ်တွေ၊ ကျောက်ဖြူ မြို့များနဲ့ ပိုမိုနီးကပ်လာတယ်။

    မြေပြန့်စစ်မျက်နှာမှာ ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်း၊ မကွေးတိုင်း အနောက်ဘက်ခြမ်းမှာ တော်လှန်ရေး အုပ်စုတွေ အရှိန်လျော့ကျသွားခြင်း မရှိသလို ချင်းပြည်နယ်ကိုလည်း ချင်းတော်လှန်ရေး တပ်တွေက ပြည်နယ် တခုလုံးနီးပါး ထိန်းချုပ် ထားတယ်။

    စစ်ကော်မရှင်ဟာ ဒီလိုအခြေအနေမှာ ရွေးကောက်ပွဲကို ကျင်းပနေတာဖြစ်တယ်။ အပိုင်း (၁) ကို ကျင်းပပြီးတဲ့အခါ သူတို့ ပုံဖော်ထားတဲ့ အတိုင်း ရလဒ်ထွက်လာတယ်။ အပိုင်း (၂)၊ အပိုင်း (၃) တွေကို ဆက်လက်ကျင်းပပြီးတဲ့အခါ သူတို့ ချမှတ်ထားတဲ့ အစီအစဉ်အတိုင်း အာဏာကို ပုံစံပြောင်း ရယူမယ်။

    ယူနီဖောင်းချွတ် အရပ်သားဟန်ဆောင် အစိုးရ ဖွဲ့လိုက်ပြီးရင် ကမ္ဘာက ငါတို့ကို လက်ခံပြီ။ တရားဝင်ဖြစ်ပြီလို့ ယူဆထားပုံ ရတယ်။

    ရွေးကောက်ပွဲ အပိုင်း (၂) မကျင်းပခင် အချိန်လေးမှာ တော်လှန်ရေးအဖွဲ့ အသီးသီးရဲ့ စစ်ရေး အရှိန်အဟုန် ရုတ်တရက် ပြန်လည် မြင့်မားလာတာ တွေ့ရတယ်။

    ရခိုင်ပြည်နယ် စစ်မျက်နှာမှာ စစ်မီးတောက် ပိုပြင်းထန်လာသလို မြေပြန့် ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ မကွေးတိုင်း အနောက်ပိုင်းတို့မှာ စစ်ရေး အရှိန်မြင့်မားလာတာဟာ စစ်ကော်မရှင်ရဲ့ အခြေအနေမှန်ကို ဖော်ပြနေတယ်။

    ဒါကတော့ စစ်ကော်မရှင်ဟာ မြေပြင် စစ်ပွဲတွေမှာ ၁၀၂၇ စစ်ဆင်ရေး ကနဦး ကာလတွေလို ကျရှုံးနေဆဲဖြစ်တယ် ဆိုတာကို ပြသနေတယ်။ ညီနောင်သုံးဖွဲ့နဲ့ မဟာမိတ်တပ်များရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တရုတ်ရဲ့ ကြားဝင်ဟန့်တားမှုသာ မပါခဲ့ရင် မန္တလေး၊ နေပြည်တော်အထိ ခြိမ်းခြောက်နေပြီဖြစ်တယ်။

    အခုတကြိမ် စစ်မျက်နှာ အသီးသီးရဲ့ ထိုးစစ်မှာ တရုတ် ကျောထောက်နောက်ခံ မပါတော့ဘူး။

    ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်ပြည်နယ်မှာ အခြေကျနေပြီ ဖြစ်သလို ကျန်စစ်မျက်နှာ အသီးသီးက တော်လှန်ရေး တပ်တွေ ကလည်း ပြီးခဲ့တဲ့ နှစ်များက အခြေအနေနဲ့ ကွာခြားသွားခဲ့ပြီ။

    တော်လှန်ရေး တပ်တွေ စစ်ရေးအတွေ့အကြုံ၊ စုဖွဲ့မှု အတွေ့အကြုံ ပိုမိုအားကောင်းပြီး ပိုမိုစနစ်ကျလာတာနဲ့အမျှ စစ်မှုထမ်း ဥပဒေ ပြဌာန်းပြီး လျော့တိလျော့လျဲ ဖွဲ့စည်းထားတဲ့ စစ်ကော်မရှင် တပ်ကို အလွယ်တကူ အသာစီး တိုက်ခိုက်နိုင်လို့ စစ်ကော်မရှင်ဘက်က ကျဆုံးမှုတွေဟာ ကြောက်ခမန်းလိလိ ဖြစ်လာတယ်။

    ရွေးကောက်ပွဲက ဥုံဖွ မန်းလို့ အရာရာ ပျောက်ကင်းမယ်လို့ စစ်ကော်မရှင်က မျှော်လင့်နေပုံရတယ်။

    တရုတ်ကလည်း ရွေးကောက်ပွဲကို ဆေးခါးကြီးလို ထင်မှတ်ထားပုံရတယ်။ ရွေးကောက်ပွဲပြီးရင် တော်လှန်ရေး အုပ်စုတွေ တဖြည်းဖြည်း ပြိုကွဲ၊ နောက်ဆုံးမှာ တရုတ်အလိုကျ ယူနီဖောင်းချွတ် ကြံ့ဖွံ့အစိုးရနဲ့ ပူးပေါင်းလို့ မြန်မာပြည်ကို စိတ်ကြိုက် ချယ်လှယ်ဖို့ ကြံရွယ်ထားတယ်။

    စစ်ကော်မရှင်က ရွေးကောက်ပွဲ အလွန်မှာ သူ့ရဲ့ တရားဝင်မှု ရရှိမယ်လို့ မျှော်လင့်ထားသလို တော်လှန်ရေး အုပ်စုတွေလည်း တဖြည်းဖြည်း ပြိုကွဲပြီး တသက်လုံး သူတို့ အုပ်ချုပ်သွားရလိမ့်မယ်လို့ မျှော်လင့်ထားတယ်။

    လက်တွေ့မှာ ဒီအခြေအနေတွေ ဖြစ်ပေါ်လာဖို့ ဖြစ်နိုင်ခြေ နည်းနေပြီဆိုတာ လက်ရှိမြေပြင် အခြေအနေ၊ နိုင်ငံတကာ အခြေအနေတွေက ပြသနေတယ်။

    စစ်ကော်မရှင်ရဲ့အတုအယောင် ရွေးကောက်ပွဲဟာ ကုလသမဂ္ဂရဲ့ ထောက်ခံမှု မရသလို၊ အာဆီယံ နိုင်ငံများရဲ့ ထောက်ခံမှုလည်း မရရှိခဲ့ဘူး။

    ဒီရွေးကောက်ပွဲ အလွန်မှာ တရုတ်၊ ရုရှား၊ ဘီလာရုစ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ နိုင်ငံအချို့က ထောက်ခံမှု ပေးနိုင်ပေမယ့် နိုင်ငံတကာ အသိအမှတ်ပြုမှုကတော့ ရနိုင်ဖွယ် မရှိဘူး။

    ရွေးကောက်ပွဲ တခြမ်းပဲ့နဲ့ ဖြစ်ပေါ်လာတဲ့ ယူနီဖောင်းချွတ် စစ်အသွင်ပြောင်း အစိုးရ အဖြစ်နဲ့သာ ဆက်ရှိနေဦးမှာ ဖြစ်တယ်။

    အာဆီယံအဖွဲ့ ဥက္ကဌသစ် ဖြစ်လာတဲ့ ဖိလစ်ပိုင်ကလည်း ယခင်ကတည်းက ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ် အတိုင်း ဆက်လက်ကိုင်စွဲထားမယ်လို့ ဆိုထားတဲ့အတွက် အာဆီယံရဲ့ နိုင်ငံရေး ပလက်ဖောင်း ကိုလည်း တက်ရောက်ခွင့် ရဦးမှာ မဟုတ်သလို လက်ရှိ ပြည်တွင်း တော်လှန်ရေး စစ်မျက်နှာ မှာလည်း စစ်ပွဲ အရှိန်အဟုန်က ဆက်ပြီး မြင့်မားနေဦးမယ့် အခြေအနေမှာ ရှိနေတယ်။

    ရွေးကောက်ပွဲအလွန်မှာ လက်ရှိ ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်မယ်လို့ စစ်ကော်မရှင်က ယူဆထားတယ်။ တရုတ်ကလည်း ရွေးကောက်ပွဲအလွန် တည်ငြိမ်တဲ့ မိမိစိတ်ကြိုက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မျှော်လင့်ထားတယ်။

    ဗင်နီဇွဲလား အာဏာရှင် မာဒူရိုကို စစ်ရေးနည်းနဲ့ ဖယ်ရှားလိုက်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်နဲ့အတူ ကမ္ဘာ့ အစီအစဉ်တွေဟာ ပြောင်းလဲလာနေတယ်။

    ဩဇာနယ်ပယ် ချဲ့ထွင်လာနေတဲ့ တရုတ်ဟာ ကမ္ဘာ့ အရေးတွေမှာ ထင်တိုင်းကြဲလို့ မရဘူးဆိုတာ ဒေါ်နယ်ထရမ့်က သတိပေးလိုက်တယ်။

    လတ်တလော ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ၊ ပြည်တွင်း တော်လှန်ရေး အုပ်စုများ အားကောင်းလာမှုနဲ့ ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေးဟာ စစ်ခေါင်းဆောင် မျှော်လင့်သလို ထွက်ပေါက် မဟုတ်ဘဲ ချောက်ကမ္ဘား ဖြစ်လာနေတာ မြင်တွေ့ နေရတယ်။

    ✍နွေနေ

  • ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ ယုဇနပလာဇာစျေးကြီးအနီး မီးလောင်

    ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က ယုဇနပလာဇာအနီးမှာ မီးလောင်မှုဖြစ်နေလို့ Level 2 အဆင့်နဲ့ ငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၁၉ ရက် မနက် ၁၀ နာရီခွဲအချိန်က ရန်ကုန်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်း မှာမီးလောင်ခဲ့တာဖြစ်ပါတယ်။

    ” မီးတအားများတယ်။ မီးသတ်ကား​တွေ အတော်များတယ်။ ပလာဇာရှေ့မှာ လမ်း​တွေလည်း ပိတ်နေတယ်။ မီးခိုးတွေလည်းတက်နေတုန်းပဲ” လို့ ယုဇနပလာဇာ အနီးမှာ ရှိနေသူတစ်ဦးက ပြောပါတယ်။

    နှင်းဆီလမ်းနဲ့ ကပ်လျက် စံပယ်လမ်းမှာနေထိုင်သူတစ်ဦးကတော့ မီးထိန်းနိုင်တဲ့ အခြေအနေဆိုပေမဲ့ မီးခိုးတွေဆက်ရှိနေတဲ့ အခြေအနေလို့ပြောပါတယ်။

    ” စံပယ်​လမ်း​မှာ​ဆို မီး​ခိုး​တွေ​နဲ့ ဖုံး​နေ​ပြီး လမ်း​တောင်​ မ​မြင်​ရ​တော့​ဘူး​။ မီး​ခိုး​တွေ​က တက်​နေ​တုန်း​ပဲ။ မီးခိုး​က မ​ဖြူ​သေး​ဘူး၊ မည်း​လိုက်၊ မီးခိုး​ရောင်​ ဖြစ်​လိုက်​နဲ့၊ လောင်​လို့​ ကောင်း​နေ​တုန်း” လို့ ပြောပါတယ်။

    လက်ရှိမှာ မီးငြှိမ်းသတ်နေဆဲဖြစ်လို့ ဆုံးရှုံးမှုနဲ့ ထိခိုက်မှုအခြေအနေတွေကို မသိရသေးပါဘူး။

    ယုဇနပလာဇာ အနီးမီးလောင်မှု Level 2 အဆင့်နဲ့မီးငြိမ်းသတ်ခဲ့ရပြီး မီးကြွင်းမီးကျန် ဆက်လက်ငြှိမ်းသတ်နေ

    ရန်ကုန် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာ စျေးကြီးအနီးရှိ သာယာကုန်းရပ်ကွက်၊ နှင်းဆီလမ်းထဲက တိုက်ခန်းတခုမှာ မီးလောင်မှု ဖြစ်ပွားနေပြီး Level 2 အဆင့်နဲ့ ငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

    မနက် ၁၀ နာရီ ၃၀ မိနစ်လောက်ကတည်းက မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုက ၁ နာရီကျော်လောက်ကြာမြင့်ခဲ့ပါတယ်။

    လက်ရှိမှာ မီးငြိမ်းသွားပေမယ့် မီးကြွင်းမီးကျန်တွေ ကျန်ရှိနေတဲ့အတွက် ဆက်လက် ငြှိမ်းသတ်နေရဆဲ ဖြစ် တယ်လို့ သိရပါတယ်။

    ” မီးကအထဲမှာ လှိိုက်လောင်တော့ ငြိမ်းသတ်နေရဆဲပါ။ မီးသတ်ကားတွေလည်း များပါတယ်။ယုဇနပလာဇာဘေး နှင်းဆီလမ်းထဲက တိုက်ခန်းမှာ လောင်တာပါ ။ ” လို့ မီးလောင်ပြင်မှာ ကူညီရေးလုပ်နေတဲ့ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။

    အဆိုပါ မီးလောင်မှုကို ၁၁ နာရီ ၄ မိနစ်မှာ မီးထိန်းနိုင်ပြီး ၁၁ နာရီ ၄၂ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။

    မီးလောင်မှုအတွင်း ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ မီးလောင်ရတဲ့ ဖြစ်စဥ်ကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး ။

    ဓာတ်ပုံ – မီးသတ်ဌာန

  • မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မိုးကုတ်မြို့နယ်ကို Non-CDM ဝန်ထမ်း ရာနဲ့ချီ စစ်အုပ်စုလုံခြုံရေးယူပြီး ခေါ်သွင်းလာ

    မန္တလေး – မိုးကုတ် လမ်းပိုင်းကို ထိန်းချုပ်ပြီးနောက် မြို့အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ဖို့ စစ်အုပ်စုကြိုးစားလာတာဖြစ်

    မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှာ မြို့အုပ်ချုပ်ရေးယန္တရားပြန်လည် အသက်သွင်းဖို့အတွက် တိုက်ပွဲဖြစ်ပွားနေချိန်မျာ ဌာနပေါင်းစုံကနေ ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ Non -CDM ဝန်ထမ်းတွေကို ဇန်နစစ်အုပ်စုတပ်က လုံခြုံရေးပေးပြီး ခေါ်ဆောင်လာတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

    ဌာနဆိုင်ရာမှာ လုပ်ကိုင်နေကြတဲ့ Non-CDMတွေ ရာနဲ့ချီလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာ မြို့အလည်က အောင်နန်းရပ်ကွက်က ကျောင်းကြီးအရှေ့ကို ရောက်ရှိနေတာလို့ မိုးကုတ်မြို့မှာ ဆက်လက်နေထိုင်နေတဲ့ အမျိုးသမီးဒေသခံတစ်ဦးက အတည်ပြု ပြောပါတယ်။

    “ရောက်နေပြီ ကျွန်မတို့ အိမ်နားက ကျောင်းကြီးရှေ့မှာ ကားတွေ အများကြီးပဲ ။ လမ်းမှာတော့ လူရှင်းသွားပြီ “

    အပစ်ရပ်ကမ်းလှမ်းချက်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထံကနေ မိုးကုတ်နဲ့မိုးမိတ်မြို့တို့ကို စစ်အုပ်စုတပ် လွဲပြောင်းယူပြီးနောက် မြို့အုပ်ချုပ်ရေး ယန္တရားပြန်လည်ပတ်နိုင်ဖို့အတွက် မန္တလေးမြို့မှာ ရောက်ရှိနေကြတဲ့ Non-CDM ဝန်ထမ်းတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက ခေါ်ဆောင်ဖို့ စီစဉ်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

    လက်ရှိရောက်ရှိလာတဲ့ ဌာနဆိုင်ရာ Non-CDMဝန်ထမ်းတွေဟာ ပထမတစ်သုတ်အနေနဲ့ ရောက်ရှိနေတာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေသူတွေကိုလည်း ထပ်မံခေါ်ဆောင်ဖို့ စီစဉ်နေတယ်လို့ နောက်ထပ် မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။

    “စတော့မှာပေါ့၊ အခုဆို မိုးကုတ်၊ ဖော့တော၊ မန်း လမ်းကို သူတို့အကုန်စီးမိပြီဆိုတော့ လမ်းပြန်ဖွင့်တော့မယ်ထင်တယ်”

    လက်ရှိ မိုးကုတ်–ဖော့တော–သပိတ်ကျင်း–စဉ့်ကူး–မန္တလေး ကားလမ်းတလျှောက်ကို စစ်အုပ်စုက ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ပြည်သူတွေ မြို့တွင်းကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့အတွက် အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်သွင်းနေတာလို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

    နောက်ထပ် အမည်မဖော်လိုတဲ့ မိုးကုတ်ဒေသခံတစ်ဦးကတော့ အခုရက်ပိုင်းအတွင်းမှာပဲ မိုးကုတ်မြို့ကို ပြန်လည်ဝင်ရောက်လာသူတွေ တဖြည်းဖြည်း များလာတယ်လို့ ပြောပါတယ်။

    “တခြားနေရာတွေမှာ နေရတာ စရိတ်ကြီးလာတော့ ကိုယ့်အိမ်ရှိတဲ့ မိုးကုတ်ကို ပြန်လာကြတာ များလာပါတယ်။ လူစည်လာသလို အလုပ်လုပ်နေတဲ့သူတွေလည်း တွေ့ရပါတယ်။ ဒါပေမယ့် ပစ်ခတ်သံတွေ၊ လေကြောင်းသံတွေ ကြားလိုက်ရင်တော့ တစ်ချိန်တည်းမှာ လူတွေ အကုန် ကိုယ့်အိမ်ကို ပြန်ဝင်သွားပြီး မြို့ထဲမှာ ခဏအတွင်း လူရှင်းသွားတတ်ပါတယ်”

    ဒါ့အပြင် မိုးကုတ်ကို လေကြောင်းတိုက်ခိုက်မှု ပြင်းထန်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ မန္တလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေကိုတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီး ဌာန(လဝက)ရုံးဆိုင်ရာတဲ့ ကိစ္စတွေကို မိုးကုတ်မြို့နယ်မှာ ပြန်လည်ဆောင်ရွက်ကြဖို့ ညွှန်ကြားနေကြောင်း သူကဆိုပါတယ်။

    ပြီးခဲ့တဲ့ ဇူလိုင်လမှာ သပိတ်ကျင်းမြို့ကို စစ်အုပ်စုက ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ဒီဇင်ဘာလမှာ စဉ့်ကူးမြို့ကိုပါ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အခုနှစ် ဇန်နဝါရီလမှာတော့ မန္တလေး–သပိတ်ကျင်း–ဖော့တော–မိုးကုတ် လမ်းကြောင်းတစ်လျှောက်က ကျေးရွာတွေကို ပြန်လည်ထိန်းချုပ်ပြီးနောက် ထိုးစစ်တွေဆက်တိုက်လုပ်ဆောင်ကာ မန္တလေး – မိုးကုတ် လမ်းပိုင်းတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်သွားခဲ့တာဖြစ်ပါတယ်။

    လတ်တလောမှာလည်း မိုးကုတ်မြို့အတွင်းမှာ စစ်အုပ်စုတပ်က လက်နက်ကြီးပစ်ခတ်တာကလွဲရင် တိုက်ပွဲငြိမ်သက်နေပြီး မြို့တွင်းလူသွားလူလာ ပြန်ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

    ဓာတ်ပုံ- TNLA၊ TNLA သိမ်းပိုက်အုပ်ချုပ်နေတဲ့ မိုးကုတ်မြို့ကို ၂၀၂၄ က တွေ့ရစဉ်

    ဓာတ်ပုံ – စစ်အုပ်စု၊ သပိတ်ကျင်းနယ် လိပ်ကျရွာကို ပြန်ရပြီးနောက် အောင်ပွဲခံနေတဲ့ စစ်အုပ်စု